← Chapters

ပြန်ရောက်လာခြင်း

Vol. 35 Ch. 481

ပြန်ရောက်လာခြင်း

Vol. 35 Ch. 481

“ဖူး…” မန်ဟုဇီသည် ကျယ်လောင်စွာ အော်သံ ပြု၍ သွေးနီရောင်အလင်းတန်းတစ်ခုကို သွေးကျောက်စိမ်းပင့်ကူထံ ထွေးထုတ်သည်။ ထိုအလင်းတန်းကား ပင့်ကူကို ချက်ခြင်း ခြုံလွှမ်းသွား၏။ သွေးကျောက်စိမ်းပင့်ကူသည် မြည်သံ ထုတ်ဖော်လျက် ပို၍ ကြမ်းတမ်းလာသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏စိတ်ထဲ ဒေါသပုန်ထသွားသည်။

ဒေသပုန်ထခြင်းပညာရပ်ဟူသော အမည်ကို ကြားသည်နှင့် ၎င်းအမည်မှာ မိစ္ဆာတာအိုလျှို့ဝှက်ပညာရပ်တစ်ခုမှန်း သူ သေချာ သိလိုက်သည်။ ထိုမိစ္ဆာအိုကြီးများသည် ၎င်းပညာရပ်ကို အသုံးပြုမည်ဟု သူ့ကို ပြောပင်မပြော သို့မဟုတ် သွေးကျောက်စိမ်းပင့်ကူ နောက်ဆက်တွဲ ခံစားရမည့်အပေါ်လည်း ထည့်မတွက်ခဲ့ကြပေ။ ကြည့်ရတာ သူတို့သည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကို ထည့်တွက် စဉ်းစား၍ မထိုက်တန်ဟု ယူဆထားကြပုံ ရသည်။ ဤသို့ဖြစ်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သော်လည်း အခုကဲ့သို့ အမှန်တကယ် ပြုမူဆက်ဆံခံရသည့်အခါ သူ့စိတ်ထဲ မငြိုငြင်ဘဲ မနေနိုင် ဖြစ်ရသည်။

ထိုအခိုက်တွင် သွေးကျောက်စိမ်းပင့်ကူသည် သွေးနီရောင်အလင်းများ အားလုံးနီးပါးကို စုပ်ယူပြီး ဖြစ်သည်။ ထိုပင့်ကူ၏ မူလတုန်းက တောက်ပထွင်းဖောက်၍ မြင်ရသော ခန္ဓာကိုယ်သည် လုံးဝသွေးနီရောင် ဖြစ်သွားလေ၏။

“ဒါက…” ထိုသို့ အသွင်ပြောင်လဲသွားတာ မြင်သည့်အခါ ဟန်လိသည် တောင်ပိုင်းဒေသအတွင်၊ မြေအောက်လှိုဏ်ဂူထဲ၌ သွေးကျောက်စိမ်းပင့်ကူ၏ ဒေါသပုန်ထသော အသွင်အပြင်ကို ချက်ခြင်း ပြန်စဉ်းစားမိသွားသည်။

သူသည် ပင့်ကူ၏ စိတ်ကို ပူပန်တကြီး စစ်ဆေးကြည့်ချိန်တွင် သူ့ပင့်ကူမှာ အသိဉာဏ်လွတ်မတတ် ရူးသွပ်စွာ သောင်းကြမ်းသလို ဖြစ်လာပြီဟု အာရုံခံစားမိသည်။

ထိုစဉ် သူ့ဘေးမှ မန်ဟုဇီ၏ အော်သံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်း ကြောင်ငေးနေတာလဲ။ မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူကို မြန်မြန် ဆွဲယူခိုင်းတော့။ ဒီဒေါသပုန်ထခြင်းပညာရပ်ဟာ အကန့်အသတ် ရှိတယ်…”

သူက ဟန်လိကို ကြမ်းကြုတ်စွာ လှမ်းကြည့်သည်။ ဒေါသထွက်သွားသော်လည်း ဟန်လိသည် သွေးကျောက်စိမ်းပင့်ကူကို ထပ်မံ ဆွဲငင်ဖို့ အမိန့်ပေးရန်ကလွဲ၍ သူ့၌ အခြား ရွေးချယ်စရာ မရှိလေပေ။

ကံကောင်းသည်မှာ သွေးကျောက်စိမ်းပင့်ကူသည် ဒေါမာန်ထနေသော်လည်း သူ့အမိန့်ကို နာခံနေဆဲ ဖြစ်နေခြင်းပင်။ ၎င်း၏ အစိမ်းရောင်မျက်လုံးထဲ၌ သွေးနီရောင်လင်းလက်တောက်ပပြီး ၎င်း၏ ခြေတံလက်တံများက မြေပြင်သို့ ကုပ်တွယ်သည်။ ထို့နောက်တွင် ၎င်း၏ တင်းရင်းနေသော ပင့်ကူမျှင်များကို တဖြည်းဖြည်းချင်း ဆွဲယူ၏။

မြေပြင်ထက်တွင် တုန်ခါသံများ ပိုကျယ်လောင်လာပြီး ခဏအကြာတွင် အပေါက်ထံမှ အသံဗလံများ မြည်ဟိန်းထွက်လာ၏။ ထိုသို့ တိုးတက်လာမှုကြောင့် မန်ဟုဇီနှင့် အခြားသူများသည် ကျေနပ်အားရကုန်သည်။ အပေါက်ဝထံမှ အပြာရောင်အလင်းက ရုတ်တရက် ပေါက်ကွဲထွက်ကာ ပလ္လင်အထက်ရှိ မီတာသုံးဆယ်ကျော်ထိ ရောက်ရှိလာ၏။

ဟန်လိသည် သူ့ခန္ဓာကိုယ်မှာ ထိုခဏ၌ ပိုအေးစက်လာသည်ဟု ခံစားမိလိုက်ရပြီးနောက်မှာ တစ်ဖန် ပြန်နွေးထွေးသွားသည်။ အပြာရောင်မိုးပြာအလင်းတစ်ခုက သူ့ကို လာ၍ ကာကွယ်ပေးသည်။ သူ ခဏတော့ ကြောင်သွား၏။ ပြီးမှ ချင်းယီက သူ၏ အလင်းအကာအရံကို ဆထက်ချဲ့ကားလိုက်တာမှန်း ဟန်လိ သဘောပေါက်သွား၏။

အဘိုးအိုချင်းယီက အလေးအနက်ဟန်ဖြင့် ပြောလာသည်။

“ဂရုစိုက်ပါ။ ကောင်းကင်လေဟာနယ်ဒယ်စောက် မြင့်တက်လာတာနဲ့အမျှ အအေးဓာတ်လှိုင်းလည်း ပိုတိုးလာလိမ့်မယ်။ ဒီအအေးဒဏ်ကြောင့် မထင်မှတ်တာ ကြုံရပြီး နာကျင်စွာ သေဆုံးသွားရတဲ့ ကျင့်ကြံသူ အရေအတွက်က မနည်းလှဘူး…”

ထိုသို့ ပြောပြီးနောက်မှာ ချင်းယီ၏အကြည့်က ဒယ်စောက်ရှိနေသော အပေါက်ဝထံ ထပ်မံ ကျရောက်သွားသည်။ သူက စိုးရိမ်ပူပန်နေဟန် ပေါ်၏။

ထိုစကားကို ကြားသည့်အခါ ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွားသည်။ ဒယ်စောက်ကို ရွှေ့လျားလာစေရန် အရင်တုန်းက အကြိမ်မည်မျှ ကြိုးစားခဲ့ကြသနည်း။ သူတို့အားလုံးက မည်သို့မည်ပုံ ကျရှုံးခဲ့ရသနည်း။ သူ့စိတ်ထဲ သံသယများ ဖြစ်လာသော်လည်း ဟန်လိသည် အခုက သည်မေးခွန်းများ မေးနေရမည့် အချိန်အခါ မဟုတ်မှန်း သိ၏။ သူက သူ့ကိုယ်သူ ပြန်ထိန်းချုပ်ကာ ပလ္လင်၏ ဗဟိုချက်၌ အခြေအနေ တိုးတက်လာပုံကို လှမ်းကြည့်သည်။

ကောင်းကင်လေဟာနယ်ဒယ်စောက်သည် အလွန်အမင်း လေးလံလှတာ အခုအခါ၌ ပို၍ ထင်ရှားနေလေပြီ။ စိတ်ဝိညာဉ်သားရဲများက အသကုန် ဆွဲငင်ယူသည့်တိုင် ၎င်းကို အပ်ချည်မျှင်မျှသာ ရွှေ့လျားစေနိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ပလ္လင်၏ ဗဟိုချက်ရှိ အပြာရောင်အလင်းသည် ဒုတိယကြိမ်မြောက် ပို၍ တောက်ပလာပြန်သည်။

ကျိနစ်ယင်နှင့် အခြားသူများ မဆိုနှင့် အောက်ဘက်ရှိ ဝူချောင်နှင့် အရိုးသခင်တို့သည် ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။ သို့သော် ဝူချောင်က သူ့လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် စိတ်လှုပ်ရှားဟန်နှင့် လောဘကြီးသည့်ဟန်အမူအရာ ဖြစ်ပေါ်နေ၏။ အရိုးသခင်၏ မျက်လုံးထဲ၌မူ မျှော်လင့်ဟန်၊ တွေဝေဟန်တို့ ပါဝင်သော စိတ်ရှုပ်ထွေးဟန်အမူအရာတစ်ခု ဖြစ်ပေါ်လျက် ရှိသည်။

ကောင်းကင်လေဟာနယ်ဒယ်စောက် ဖြည်းဖြည်းချင်း မြင့်တက်လာခြင်းကြောင့် ခပ်နှေးနှေး ထုတ်လွှတ်နေသော အသံကလွဲ၍ သည်နေရာ၌ တိတ်ဆိတ်လို့နေသည်။ လူတိုင်း၏အကြည့်က ဒယ်စောက်ရှိနေသော အပေါက်ဝထံသို့သာ ကျရောက်နေကြသည်။

ဟန်လိကမူ ခြွင်းချက်ပင်။ သူသည် သူ့သွေးကျောက်စိမ်းပင့်ကူကိုသာ ပူပန်တကြီးဖြင့် စိုက်ကြည့်နေသည်။ ကောင်းကင်လေဟာနယ် ဒယ်စောက်အပေါ် သူ စိတ်မဝင်စား။ သူက သွေးကျောက်စိမ်းပင့်ကူထံသို့ မော့ကြည့်လိုက်သည်။

အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခုကို သူ တွေ့လိုက်ရသည်။ မူလတုန်းက နို့နှစ်ရောင်ရှိသည့် ပင့်ကူမျှင်များကို အခုအခါ ခပ်ဖျော့ဖျော့ အပြာရောင်အလင်းလွှာတစ်ခုက ခြုံလွှမ်းလို့ထားနေခြင်းပင်။ ထိုပြောင်းလဲမှုက မသိသာလှသော်လည်း ၎င်း၏ မူလအရောင်၌ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတာကတော့ သံသယရှိရန် မလိုပေ။

ဟန်လိသည် ထိုပြောင်းလဲမှုအပေါ် စဉ်းစားနေစဉ် သူ့နောက်မှ ရုတ်တရက် တဝီဝီမြည်သံကို ကြားလိုက်ရသည်။ ထိုအသံသည် တိုးညင်းသော်လည်း တိတ်ဆိတ်နေသော ကျောက်ဖျာဝန်းကျင်တွင်မူ သိသာလှသည်။

ဟန်လိသည် ထိုအသံကို ကြားကြားရချင်း၌ တုန်လှုပ်သွားသေး၏။ ထို့နောက်တွင်မူ သူသည် ကျေနပ်ပျော်ရွှင်စွာဖြင့် ခေါင်းလှည့်ကြည့်သည်။ ၎င်းမှာ ကျောက်ဖျာဝင်ပေါက်ရှိ အလင်းအရံအတား ဆုတ်ဖြဲခံရသည့်အသံပင်။ ကျိနစ်ယင်နှင့် အခြားသူများလည်း ထိုအသံကို ကောင်းကောင်း ကြားကြသည်။

မျက်နှာအပျက်ပျက်ဖြစ်ကာ မန်ဟုဇီသည် အဆက်မပြတ် ဆဲရေးတိုင်းထွာလေသည်။ ပြီးမှ သူ့ခါးရှိ သားရဲသိုလှောင်အိတ်ကို ထိပုတ်သည်။ အဝါရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်ပြီး အဝါရောင်အစပ်အပြောက်များဖြင့် သစ်နက်တစ်ကောင် ပေါ်လာသည်။

ထိုသစ်နက်၏ ခန္ဓာကိုယ်သည် ပုံမှန်သစ်နက်များထက် အဆများစွာ ပိုကြီးမားရုံသာမက ၎င်း၏ဦးခေါင်းထိပ်တည့်တည့်တွင် တတိယမြောက်မျက်လုံးတစ်လုံးလည်း ရှိနေသေးသည်။ ထိုတတိယမြောက်မျက်လုံးထံမှ အဝါရောင်တလက်လက် ဖြစ်နေတာကို ဝိုးတဝါး မြင်ရနိုင်သည်။

ချင်းယီ၏မျက်လုံးထဲ၌လည်း အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက အေးစိမ့်လှသော လေသံဖြင့် ပြောလိုက်သည်။

“ဝမ်ထျန်မင်နဲ့ အခြားသူတွေ ရောက်လာကြပြီ။ ကျုပ်ရဲ့ မိုးပြာစူးငှက်နဲ့ ရောင်းရင်းဝူရဲ့ နတ်ဆိုးအလောင်းနှစ်ကောင်တော့ ရှင်းထုတ်ခံလိုက်ရပြီ။ ဒီကောင်တွေက ကျုပ်တို့ကို ရတနာ ရသွားမှာ ခွင့်ပြုမယ့် ကောင်တွေ မဟုတ်ဘူး။ ကျုပ်တို့ကို ပြန်လာတိုက်ခိုက်ကြတာပဲ…”

“ကျုပ်တို့ တတ်နိုင်သမျှ သူတို့ကို အချိန်ဆွဲထားရမယ်။ ကောင်းကင်လေဟာနယ်ဒယ်စောက်ဟာ လမ်းတစ်ဝက် ရောက်နေပြီ။ ဒါပေမဲ့လို့ ဒယ်စောက်အပေါ်မှာ ရှိတဲ့ ဆွဲအားဟာ မျက်နှာပြင်နဲ့ နီးလာတာနဲ့အမျှ ပိုအားကောင်းလာနေတယ်။ အချိန်တိုအတွင်း ဆွဲထုတ်နိုင်လိမ့်မှာတော့ မဟုတ်ဘူးး…”

ကျိနစ်ယင်၏ မျက်နှာသည် အေးစက်နေ၏။ သို့သော် သူသည် ထိတ်ပျာလန့်သည့်ဟန် မပြပေ။ ကြည့်ရတာ လမ်းမှန်တာအိုမှ ကျင့်ကြံသူများ ပြန်လာလိမ့်မည်ဟု သူ မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။

“အစ်ကိုဝူ(ကျိနစ်ယင်) ပြောသလိုပါပဲ…” ချင်းယီသည် တိုက်ပွဲကြီး ဖြစ်လာတော့မည်ကို သိ၍ အလျင်အမြန် တုန့်ပြန်တော့သည်။ သူ့အင်္ကျီလက်အိုးကို ခါထုတ်ပြီး မိုးပြာစက်ဝန်းမြောက်များစွာကို တရကြမ်း ထိုးထွက်လာစေသည်။ ၎င်းတို့သည် မိုးပြာစူးငှက်တစ်ရာကျော် ဖြစ်ကြလေ၏။

ထိုငှက်များသည် လက်သီးဆုပ်ခန့်အရွယ်မျှသာ ရှိကြသော်လည်း ၎င်းတို့သည် အမွှေးတောင်များနှင့် သံမဏိကဲ့သို့ နှုတ်သီးများ ပိုင်ဆိုင်ထားသည်။ ၎င်းတို့သည် အဘိုးအိုချင်းယီအထက်၌ လွင့်မြောလျက် အထင်ကြီးဖွယ် ကောင်းလှသည်။

ကျိနစ်ယင်ကမူ သူ့လက်နှစ်ဖက်ကို ပူး၍ မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးသည်။ သူ့ခန္ဓာကိုယ်ထံမှ အနက်ရောင်မြူထုတစ်ခု ဖြည်းဖြည်းချင်း ကြွတက်လာသည်။ ထိုမိစ္ဆာမြူသည် လေထဲ ရွှေ့လျား၍ သူ့ဘေးပတ်ပတ်လည်၌ အစိမ်းရင့်ရောင် ချပ်ဝတ်နှင့် နတ်ဆိုးအလောင်းများအသွင် ဖြစ်ပေါ်သည်။

မန်ဟုဇီသည် အခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်ထံ အေးတိအေးစက် တချက် လှမ်းကြည့်သည်။ ဝူချောင်ကမူ ဂနာမငြိမ်သောဟန်ဖြင့် ပလ္လင်ထံ ခြေလှမ်းအနည်းငယ် တိုးလှမ်း၏။ အရိုးသခင်ကတော့ သူ့မျက်လုံးကို လေးငါးကြိမ်လောက် ကစားကြည့်သည်။ သို့သော် သူက နေရာတွင်သာ ရပ်နေသည်။ သူ့၌ မည်သည့်ရည်ရွယ်ချက် ရှိနေသလဲ မသိရပါ။

အရိုးသခင် မလှုပ်ရှားတာ မြင်သည့်အခါ ဟန်လိသည် ခဏတော့ မျက်မှောင်ကြုတ်သွားသည်။ သည့်နောက်မှာ အံ့အားသင့်ဖွယ်ကောင်းလှသော အမြန်နှုန်းဖြင့် အလင်းတန်းများက ပလ္လင်ရှေ့တွင် ပေါ်လာကြသည်။

ထိုအလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် လမ်းမှန်တာအိုမှ ကျင့်ကြံသူ သုံးယောက်အုပ်စုတို့ ပေါ်လာကြသည်။

ဝမ်ထျန်မင်၏ အကြည့်က ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ဆွဲငင်ယူနေသော သွေးကျောက်စိမ်းပင့်ကူထံ ကျရောက်သွားပြီး သူက တည်ငြိမ်စွာ ပြောလာသည်။

“ကောင်းတယ်…သိပ်ကောင်းတယ်…”

မိစ္ဆာတာအိုကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြ၏။ သူ့စကားလုံးများ၏ အဓိပ္ပာယ်က မည်သည်နည်း။ မန်ဟုဇီက သူ့ကို လှမ်းကြည့်၍ ပြောလာသည်။

“ကောင်းတယ် ဟုတ်လား။ ကျုပ်လည်း ခံစားရတာ အတော်လေး ကောင်းမွန်နေတယ်။ ဒါပေမဲ့ မင်းတို့ ရောက်မလာခဲ့ရင် ပိုပြီး စိတ်ခံစားချက် ကောင်းမှာ…”

ဝမ်ထျန်မင်သည် မထူးခြားနားစွာဖြင့် ပြောသည်။

“ကျုပ်လည်း မလာချင်ပါဘူး။ ဒါပေမြ့လို့ ကျုပ် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဒီကောင်လေးက မျိုးတုန်းပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ သွေးကျောက်စိမ်းတစ်ကောင်ကို ထုတ်ယူခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…”

မန်ဟုဇီနှင့် အခြားသူများသည် မင်သက်ကုန်ကြသည်။ သူတို့သည် ရန်သူက သူတို့၏ အခြေအနေကို မည်သို့ သိသွားသနည်းဟု စဉ်းစားနေစဉ် ဝမ်ထျန်မင် ရပ်နေသော နေရာ၌ အဖြူရောင်လင်းလက်သွား၏။ ထိုသို့ လင်းလက်မှုနှင့်အတူ ကြွက်သဏ္ဍာန်သားရဲတစ်ကောင်က သူ့လက်ထဲ အံ့အားသင့်ဖို့ ကောင်းသော အမြန်နှုန်းနှင့်အတူ ပေါ်လာသည်။

ထိုအခိုက်တွင် ဉာဏ်အလင်းအသင်္ချေဂိတ်တံခါးများ၏ ဂိုဏ်းခေါင်းဆောင် ဝမ်ထျန်မင်က မိစ္ဆာတာအိုကျင့်ကြံသူများကို လှောင်ပြောင်သည့်ဟန်ဖြင့် ကြည့်နေလေ၏။

“ကျောက်အသွင်ရွှေ့ပြောင်းခြင်းသားရဲ…” ထိုသားရဲကို မြင်သည့်အခါ ချင်းယီသည် ၎င်း၏အမည်ကို အော်မပြောမိဘဲ မနေနိုင် ဖြစ်ရသည်။

“ဟားဟား…ကျုပ်က မင်းတို့ကို စောင့်ကြည့်ဖို့ ဒီသားရဲကောင်ကို မချန်ထားခဲ့ရင် ဘယ်လိုလုပ် အချိန်မှန် ပြန်ရောက်လာနိုင်မှာလဲ။ ဒီကျောက်အသွင်ရွှေ့ပြောင်းခြင်းသားရဲဟာ ကျောက်သားအဖြစ် လျှို့ဝှက်အသွင်ပြောင်းလဲခြင်းကလွဲလို့ သူ့မှာ ထူးခြားတဲ့ အခြားစွမ်းရည်ရယ်လို့ မရှိနေဘူး။ ဒီကောင်ကို ချန်ထားခဲ့တာ ကျုပ်အတွက် မှန်တယ်လို့ ပြောရမယ်…”

ဝမ်ထျန်မင်သည် သူ့လက်ထဲရှိ ကျောက်အသွင်ရွှေ့ပြောင်းခြင်းသားရဲကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး သွေးကျောက်စိမ်းပင့်ကူထံ ထပ်မံ ကြည့်နေသည်။ သူက ပျင်းရိပျင်းတွဲလေသံဖြင့် ပြော၏။

“အခု ကျုပ် ခင်ဗျားတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ တစ်ခုကတော့ ကျုပ်က သွေးကျောက်စိမ်းပင့်ကူကို သတ်ပြီး ကောင်းကင်လေဟာနယ်ဒယ်စောက်ကို အပေါက်ဝထဲ ပြန်မြှုပ်နှံ့ပစ်မယ်။ နောက်တစ်ခုကတော့ ခင်ဗျားတို့က ကျုပ်တို့နဲ့ ရတနာကို တဝက်စီ ခွဲယူရမယ်။ ဒီဂိုဏ်းခေါင်ဆောင်က ခင်ဗျားတို့ မိစ္ဆာတာအိုကျင့်ကြံသူတွေ ဒယ်စောက်ရဲ့ ရတနာတွေကို မောင်ပိုင်စီးခွင့် ရသွားမှာကို ခွင့်ပြုမှာ မဟုတ်ဘူး…”

ကြည့်ရတာ ဝမ်ထျန်မင်သည် ကြိုတင်၍ အစီအစဉ်များ ချထားပြီး တဖက်သူများ၏ ငြင်းဆန်မှာကို မစိုးရိမ်သည့်ပုံပင်။

All Chapters