အသွင်ပြောင်းလဲသွားသော ရတနာ
Vol. 35 Ch. 483
အရိုးသခင်၏ ရည်ရွယ်ချက်များကို သေချာ မသိရသေးသည် ဖြစ်၍ ဟန်လိ၏အကြည့်က သူ့အနီးအနားရှိ သွေးကျောက်စိမ်းပင့်ကူထံ ကျရောက်သွားသည်။ ၎င်းပင့်ကူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အလင်းသည် တောက်ပလွန်းနေပြီး မသိမသာလည်း တုန်ခါလို့နေသည်။ ၎င်းက ပင့်ကူမျှင်များကို ပြန်၍ ဆွဲငင်နေလေသည်။
ထိုအခိုက်တွင် နို့နှစ်ရောင်ပင့်ကူအိမ်သည် အေးစိမ့်လှသော အပြာရောင်အလင်း မသိမသာ တောက်ပလျက် ရှိသည်။ ထိုအလင်းသည် ပင့်ကူအိမ်ထံ ရောက်လာပြီး သွေးကျောက်စိမ်း၏ ကိုယ်ပိုင် အနီရောင်အလင်းနှင့် ထိမိချိန်တွင် ချက်ခြင်းပင် အဖြူရောင်အလင်းစက်များအဖြစ်သို့ လွင့်ပြယ်သွားသည်။ ၎င်းအလင်းသည် ပင့်ကူခန္ဓာကိုယ်နှင့် နည်းနည်းလေးမျှပင် ထိမိနိုင်ခြင်း မရှိချေ။ ဟန်လိသည် မျက်မှောင်ကြုတ်သွားမိသည်။
ထိုထူးခြားလှသော အပြာရောင်အလင်းသည် ကောင်းကင်ရေခဲမီးတောက်နှင့် ပတ်သက်မှု ရှိရလိမ့်မည်။ ထို့ကြောင့်သာ စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိလ်များက ရတနာကို ရရန် စိတ်ဝိညာဉ်သားရဲပင့်ကူကို မကူညီဝံ့တာ ဖြစ်သည်။ သူတို့သည် ထိုအပြာရောင်အလင်းကို ကြောက်ရွှံ့ကြ၏။
သို့သော် ဟန်လိ ထိုသို့ တွေးမိပြီးရုံ ရှိသေး ကောင်းကင်ထက်မှ ပေါက်ကွဲသံနှင့်အတူ မန်ဟုဇီ၏ အသံကို ကြားရလေ၏။ ထိုမြင်ကွင်းကြောင့် ဟန်လိသည် ဖြစ်ပွားနေသော တိုက်ပွဲအပေါ် အာရုံပြန်ကျသွားသည်။ သူသည် မန်ဟုဇီ၏ ခန္ဓာကိုယ်သည် ဆယ့်သုံးမီတာလောက်ထိ ကြီးထွားလာတာကို မြင်နေရသည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အဝတ်တို့မှာ ပျောက်ကွယ်လျက် ရွှေရောင်ကြေးခွံများကသာ အပြိုင်းပြိုင်းထလျက် ရှိသည်။ ၎င်းတို့သည် ရောင်ပြန်ဟပ်လို့နေသည်။ သို့သော် ပို၍ ထူးခြားသည်ကား သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်လျက် ရှိသော ငွေရောင်အလင်းကွင်းများပင်။
ထိုငွေရောင်ကွင်းများသည် ပုံရိပ်ယောင် ဖြစ်ဟန်တူ၏။ သို့သော် ၎င်းတို့သည် ဝမ်ထျန်မင်ထံမှ ခရမ်းရောင်မီးတောက်နဂါးများက မန်ဟုဇီ၏ အနား မချဉ်းကပ်လာနိုင်အောင် ကာကွယ်ပေးထားလေ၏။ မန်ဟုဇီက သူ၏ ကောကင်းကင်တောင့်ခံခြင်း မိစ္ဆာပညာရပ်သည် သည်ပြန့်ကြဲကြယ်ပင်လယ်များ၌ အဆင့်မြင့်ပညာရပ် ဖြစ်သည်ဟု မော်ကြွားခဲ့သော်ငြားလည်း ဝမ်ထျန်မင်၏ အစစ်အမှန်မီးတောက်များကို ထိုပညာရပ်တစ်ခုတည်း အသုံးပြု၍ ခုခံလောက်သည့်အထိတော့ မရူးမိုက်ချေ။
ကောင်းကင်တောင့်ခံခြင်းပညာရပ်အပြင် သူက အခုအခါ၌ တစ်လက်မမျှ အရှည်ရှိ အပ်များ ဖုံးနေသော ပိန်းပိန်းနက်မှောင်သော လက်အိတ်နှစ်ခုကိုပါ ဝတ်ထား၏။ မန်ဟုဇီသည်
မန်ဟုဇီသည် သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းလျက် လေထဲထဲသို့ လက်သီးချက်များ ထိုးသွင်းလာခဲ့လေပြီ။ ထိုထိုးချက်တိုင်း၏ ရွှေရောင်လက်သီးကြီးများသည် ဝမ်ထျန်မင် အစောပိုင်းတုန်းက ဆင့်ခေါ်ထားခဲ့သော ခရမ်းရောင်နဂါးဓားကြီးထံသို့ ရည်ရွယ်သည်။
ဝမ်ထျန်မင်သည် လေထဲ၌ ရပ်နေလျက် ရှိပြီး သူ၏မျက်နှာထက်တွင်မူ ရက်စက်ကြမ်းကြုတ်လိုဟန် အမူအရာ ပေါ်လာသည်။ သူက ငွေရောင်ကွင်းများ၏ အားနည်းချက်ကို ရှာရန် သူ၏ ခရမ်းရောင်မီးတောက်များကို ကောင်းကင်ထံ ဖြတ်သန်း၍ ပျံသန်းစေဖို့ အမိန့်ပေးသည်။ သူက မန်ဟုဇီကို တချိတည်းနှင့် အပီသိပ်နိုင်ရန် မျှော်လင့်နေ၏။
ပညာရှိအိုချင်းယီနှင့် ထျန်ဝူဇီ။ သူတို့သည်လည်း ရတနာများ စေလွှတ်လျက် တိုက်ခိုက်လျက် ရှိကြသည်။ သူတို့ကြား အကွာအဝေးကိုမူ ခြားထားကြသည်။ ချင်းယီက သူ၏ မိုးပြာစူးငှက်များကို ဆက်တိုက် အမိန့်ပေးနေရင်း သူ၏ မှော်ရတနာများကို အသုံးပြုကာ တိုက်ခိုက်သည်။ ထျန်ဝူဇီကမူ တစ္ဆေလိပ်နှင့် သူ၏ ချိုးဖျက်မရသော တင်းပုတ်နှင့် တည်ငြိမ်စွာ တိုက်ခိုက်လျက် ရှိသည်။ သူတို့နှစ်ယောက်က တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နေကြတာပင်။ လက်ရည်စမ်းနေကြသည့်အလား။
အသက်ဝင်ဆုံး တိုက်ပွဲကမူ ကျိနစ်ယင်နှင့် လယ်သမားအိုတို့ကြားက တိုက်ပွဲတည်း။ သူတို့၏ တိုက်ပွဲဧရိယာက ကျယ်ပြန့်၏။ တစ္ဆေငြီးသံများကော၊ ဖီးနစ်အော်မြည်သံများက ရောထွေးလျက် ရှိကြသည်။ အနက်ရောင်ချီဝဲကတော့ကြီးအတွင်း၌ အစိမ်းရောင်အရိပ်များက တဖြတ်ဖြတ် တလက်လက် ဖြစ်၍ နေ၏။
အလွန်အဖိုးတန်လှသော မျက်လုံးသုံးလုံးသစ်နက်ကမူ ခုလက်ရှိ၌ ရေခဲနဂါးနှင့် သတ်ပုတ်နေသည်။ နဂါးက ခံဘက်က ဖြစ်နေတာ သိသာ၏။ သစ်နက်၏ မူမမှန်သော ပညာရပ်က ၎င်းအပေါ် ကြီးစွာ ဖိအားဖြစ်နေစေသည်။ ၎င်း ထွေးထုတ်နေသော ရေခဲမြူများသည် သစ်နက်၏ အဝါရောင်အလင်းတို့နှင့် ထိမိသည်နှင့် ကျောက်သား ဖြစ်ကုန်ကြသည်။ ၎င်း၏ တိုက်ခိုက်မှုသည် သစ်နက်ကို မထိလေပေ။ သို့ရာတွင် ထိုနဂါးက သစ်နက်ကို အချိန်ဆွဲထားနိုင်ဆဲ ဖြစ်ကာ မိစ္ဆာတာအိုကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို ဟန့်တားထားနိုင်သည်။ သို့ပေမည့် ခုလက်ရှိ အခြေအနေများအောက်တွင် နဂါးသည် ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ချေ။
ဟန်လိသည် တိုက်ပွဲကို စောင့်ကြည့်စူးစမ်းနေရင်း သူ့စိတ်ထဲ၌ ထူးခြားသော အတွေးတစ်ခု ပေါ်ထွက်လာ၏။ ထိုသူတို့၏ တိုက်ပွဲကား မှော်ရတနာမျိုးစုံနှင့် လျှို့ဝှက်ပညာရပ်များကို အသုံးပြုထားပြီး ကြမ်းတမ်းလှပုံ ပေါ်နေသော်လည်း သူ့အနေဖြင့် ဤတိုက်ခိုက်မှုများသည် အသေအကြေ တိုက်ခိုက်နေကြတာ မဟုတ်ဟု ခံစားမိနေဆဲ ဖြစ်၏။ ထိုအစား လက်ရည်စမ်း သလိုသာ ဖြစ်နေ၏။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများကြား တိုက်ပွဲအားလုံးက ဤသို့ပုံစံမျိုးသာ ဖြစ်နေသည်လား။
ထိုသို့ တွေးမိပြီးနောက်တော့ သူက အရိုးသခင်ထံ လှမ်း၍ ထပ်ကြည့်သည်။
အခုအခါ၌ အရိုးသခင်၏ မျက်နှာထက်တွင် သရော်သည့် အရိပ်အယောင်တစ်ခု ရှိနေ၏။ သို့သော် သူက ဟန်လိ၏ အကြည့်ကို ခံစားမိသည့်အခါ သူ့မျက်နှာက ချက်ခြင်း မျက်နှာသေ ပြန်ဖြစ်သွားလေသည်။
ဟန်လိ စိတ်ထဲ၌ တုန်လှုပ်သွားမိ၏။ သူသည် တစ်စုံတစ်ခုကို ခပ်ရေးရေး သဘောပေါက်သွားသလိုပင်။ သို့သော် သူ ထိုအတွေးဆက် ထပ်မဆက်နိုင်ခင်မှာပင် ပလ္လင်၏ အပေါက်ထံမှ ကျယ်လောင်စွာပေါက်ကွဲမှု ထွက်ပေါ်လာခဲ့သည်။ ကြီးစွာ မင်သက်သွားလျက် ဟန်လိက ထိုအပေါက်ထံ လှမ်းကြည့်ပြီး သတိထား၍ အသင့်ပြင်ထားသည်။
အပေါက်ထံမှ အပြာရောင်အလင်းသည် မြင့်တက်လာတာကို သူ မြင်နေရသည်။ ယင်းနောက်မှာတော့ အပေါက်ဝတွင်းမှ နဂါးအော်မြည်သံ ဟိန်းထွက်လာလျက် အနီရောင်မီးတောက်တစ်ခုသည် အပြင်းအထန် ပေါက်ကွဲလေသည်။ ထိုအလင်းသည် ပလ္လင်ကို လျင်မြန်စွာ ခြုံထွေးပတ်လျက် လေထဲတွင် တန့်သွားပြီး ယင်းနောက်မှာ ခေါင်းနှစ်လုံး မြေခွေးအသွင် ပေါ်ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တလျှံလျှံ တောက်ပလျက် ရှိသည့် မီးတောက်များသာ။ ထိုသားရဲသည် မြင်ကွင်းကို တချက်ကြည့်ပြီးနောက်မှာ ချက်ခြင်း ပျံသန်းထွက်သည်။ ဤသည်ကို မြင်သည့်အခါ ဘက်နှစ်ဖက်လုံးသည် တိုက်တာခိုက်တာ ရပ်၍ မင်သက်အံ့အားသင့်ကုန်ကြသည်။
၎င်းနှင့် အနီးဆုံးရှိ ပညာရှိအိုချင်းယီသည် သူ့ခေါင်းထိပ်ကိုသူ ချက်ခြင်း ထိရိုက်၏။ သူ၏ ဦးခေါင်းထံမှ အလင်းမိုးပြာရောင်လက်တစ်ဖက် ထွက်ပေါ်လာပြီး မီးတောက်ဝံပုလွေထံ ဦးတည်သည်။ ဝမ်ထျန်မင်က ဤသည်ကို မြင်သည့်အခါ ပူပန်တကြီး လှမ်းအော်သည်။
“မင်း လုပ်ဝံ့တယ်လား။ ဒီရတနာဟာ ကျုပ် အပိုင်ပဲ…” သူက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပစ်ပြီး ကိုယ်ပွားနှစ်ခု ခွဲထွက်စေသည်။ ခရမ်းရောင်အလင်း လင်းလက်လျက် ၎င်းကိုယ်ပွားတို့သည် ဧရာမလက်နောက်သို့ လိုက်လံတော့သည်။ သည့်နောက်မှာတော့ အခြားသူများသည်လည်း သူတို့၏ စွမ်းရည်အသီးသီးကို ခပ်မြန်မြန် အသုံးပြုလျက် ဝံပုလွေနောက်သို့ လိုက်လံသည်။
အခြားသူများက ချင်းယီနှင့် ဝမ်ထျန်မင်တို့ထက် ခြေတစ်လှမ်း နောက်ကျသွားတာ သိသာသည်။ ချင်းယီ၏ မိုးပြာလက်က မြန်ရုံသာမက ရှေ့မှလည်း ဖြစ်နေသေးသည်။ ၎င်းက မီးတောက်ဝံပုလွေထံ အရင်ဆုံး ရောက်သွားပြီး ဖမ်းဆုပ်မိပေတော့မည်။
ဝံပုလွေကလွဲ၍ လူတိုင်းသည် ချင်းယီက ၎င်းကို အောင်အောင်မြင်မြင် ဖမ်းမိနိုင်တော့မည်ဟု သေချာသွားလေပြီ။ ထိုစဉ် ဝံပုလွေက ၎င်း၏ ဦးခေါင်းကို ရှေ့နောက် ခါရမ်းလျက် အနီနှင့်အဝါအလင်း အရံအတားနှစ်ခုကို ပေါ်လာစေပြီး သူ့ခန္ဓာကိုယ်ကို ထွေးခြုံလွှမ်းစေသည်။ လက်ကြီးက အရံအတားနှင့် ထိမိချိန်တွင်မူ ခပ်အုတ်အုတ် မြည်သံနှင့်အတူ ပြန်ကန်ထွက်သွားလေ၏။
စစချင်းတော့ ချင်းယီ ကြောင်သွား၏။ သို့သော် ခဏအကြာ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ သူက မိုးပြာလက်ကို အလင်းနှင့် လျှံလွှမ်းစေပြီး တင်းကြပ်စွာ ဆုပ်ကိုင်စေရုံ ရှိသေး ဝမ်ထျန်မင်၏ ခရမ်းရောင်အလင်းက ရောက်လာခဲ့လေပြီ။ ချက်ခြင်းလက်ငင်း သူသည် သူ၏ ပစ်မှတ်ကို ပြောင်းရ၏။ အလင်းတန်းများက ခရမ်းရောင်မီးနဂါးအဖြစ် မြင့်တက်လာလျက် ချင်းယီ၏ လက်ကြီးကို ကြမ်းတမ်းစွာ တိုက်ခိုက်ပစ်သည်။ ချင်းယီကား ထိုသို့ ကြားဝင်နှောက်ယှက်မှုကြောင့် ဝမ်ထျန်မင်ကို စိတ်ထဲကနေ ပိုးစိုးပက်စက် ကျိန်ဆဲတော့၏။
ထိုလက်သည် သူ၏ စိတ်ဝိညာဉ်အာရုံကနေ အသွင်ပြောင်းထားခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကောင်းကင်ရွှေ့ပြောင်းခြင်း ပညာရပ်ဖြင့် ဖန်တီးထားသော မီးတောက်နဂါးကို သူ့လက်ဖြင့် တိုက်ရိုက် မထိမိစေဝံ့ပေ။
အကယ်၍ သူသည် ရတနာကို ရနိုင်ခဲ့လျှင်ပင် သူ့စိတ်ဝိညာဉ်အာရုံမှ အကြီးအကျယ် ထိခိုက်သွားနိုင်သည် မဟုတ်လား။ သူကား ထိုမျှ ပေးဆပ်၍ အားမစိုက်ထုတ်နိုင်ချေ။ ပိုကောင်းသော ရွေးချယ်စရာ မရှိတော့ မိုးပြာလက်က မီးတောက်ဝံပုလွေကို ဖမ်းဆုပ်တာ ရပ်၍ ဝမ်ထျန်မင်၏ ခရမ်းရောင်မီးတောက်နဂါးကို တားဆီးရတော့သည်။ ထိုအခါ မိုးပြာအလင်းနှင့် ခရမ်းရောင်မီးတောက်များ ပေါက်ကွဲထွက်ကုန်၏။
ထိုအခိုက်တွင် အခြားသူများသည် သူတို့ကို မှီလာခဲ့လေပြီ။ သူတို့သည် မီးတောက်ဝံပုလွေကို ဝိုင်းရံထားလျက် ၎င်းကို တိုက်ခိုက်ရမည့်အစား သူတို့အချင်းချင်းသာ တိုက်ခိုက်မှု ပြန်စသည်။ ထိုတိုက်ချက်များမှာ အစောပိုင်းတုန်းကထက် ပို၍ ကြမ်း၏။ ရက်စက်၏။ ပြင်းထန်လှ၏။ လျှို့ဝှက်ပညာရပ်များကို ဆက်တိုက် အလျင်အမြန် ထုတ်ဖော်လျက် လူတိုင်းသည် ဝံပုလွေကိုလည်း ထွက်ပြေးနိုင်စွမ်း မရှိအောင် ပိတ်ဆို့ကာ တိုက်ခိုက်နေတော့သည်။
မီးတောက်ဝံပုလွေက ဉာဏ်ရည်ဉာဏ်သွေး ရှိပုံ ရပြီး စဦးစိတ်ဝိညာဉ်ပုဂ္ဂိုလ်များ၏ ဝိုင်းပိတ်ဆို့ထားခြင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကိုလည်း သဘောပေါက်ပုံ ရသည်။ ၎င်းသည် သူတို့အောက်ကနေ အလျင်အမြန် ရုန်းထွက်၍ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူသုံးယောက်ထံသို့ ဦးတည်ပြေးဝင်လာသည်။ စစချင်းတော့ ဟန်လိသည် ကြောင်သွားသည်။ သို့သော် သူက ချက်ခြင်းပင် သူ့စိတ်အာရုံကို ပြန်ရ၏။
ခေါင်းနှစ်လုံးမြေခွေးသည် ကောင်းကင်လေဟာနယ်ဒယ်စောက်မှ အသွင်ပြောင်းလဲလာသော ရတနာာတစ်ခု ဖြစ်မှာ သေချာနေသည်။ သူက ၎င်းသည် ကောင်းကင်လေဟာနယ် ဒယ်စောက်ကို လုံးလုံးလျာလျာ မရခင် မည်သို့ ချိုးဖျက်ထွက်လာသလဲကိုတော့ ဟန်လိ မသိနေပေ။ ရတနာဝံပုလွေက သူတို့ထံ တိုးဝင်လာသည့်အခါ ဟန်လိသည် သူ့သိုလှောင်အိတ်ကို ထိပုတ်၍ ချက်ခြင်း တုန့်ပြန်သည်။ သူ့လက်ကြားထဲ၌ အဖြူရောင်ချီတန်းတစ်ခု ရုတ်တရက် ပေါ်လာ၍ ရှေးဟောင်းပန်းခြင်းတစ်ခုအသွင် လှစ်ဟပေါ်သည်။
သို့သော် ဟန်လိ မလှုပ်ရှားနိုင်ခင်မှာ အနက်ရောင်ချီဖြင့် ပြုလုပ်ထားသော မြွေနှစ်ကောင်သည် မီးတောက်ဝံပုလွေထံ အရင်ဦးတည် ဝင်ရောက်လျက် ၎င်းကို ထွေးပတ်ရစ်ကာ ထိန်းချုပ်ပြီးလေပြီ။ ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲလျက် လေးနက်သည့်ဟန်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်နေသော ဝူချောင်ထံ တစ်ချက် လှမ်းကြည့်သည်။ ထိုမြွေနက်တို့သည် လေးနက်ယင်ပညာရပ်ဖြင့် ဖန်တီးထားပုံ ရသည်။
ဟန်လိ၏ မျက်နှာထက်၌ စိတ်ကသိကအောက် ဖြစ်ဟန် ပေါ်၏။ သူသည် ရတနာအတွက် တိုက်ခိုက်ရမလား၊ မရလား စဉ်းစား၍ မရဘဲ ရှိနေသည်။ တကယ်တော့ ထိုရတနာသည် အခုထိ ဟန်လိအဖို့ အမှန်တကယ် လိုအပ်နေတာတော့ မဟုတ်ပေ။ သို့ရာတွင် သူသာ ရတနာကို ရယူနိုင်ခဲ့လျှင် သခင်ကြီး ကျိနစ်ယင်ကို ဒေါသထွက်သွားစေမှာတော့ သံသယ ရှိရန် မလိုပေ။ ကောင်းကင်လေဟာနယ်ဒယ်စောက်ကိုသာ ရသွားခဲ့ပြီးလျှင် ဟန်လိအတွက် အာမခံချက်သည် မသေချာတော့ပေ။ အကျိုးဆက်အားဖြင့် ထိုက်တန်မနေချေ။ သို့ပေမည့် သူ့စိတ်ထဲ ထိုသို့ အတွေးများနေပြီး စဉ်းစားဆုံးဖြတ်၍ မပြီးသေးခင်မှာပင် အရိုးသခင်ကမူ ဝံပုလွေထံ ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့လေပြီ။
အရိုးသခင်၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက ဖြည်းဖြည်းချင်း ပါးစပ်ဟလျက် အစိမ်းရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်သည်။ ထိုအလင်းတန်းသည် မြစိမ်းရောင်ပိုက်ကွန်တစ်ခုအဖြစ်သို့ ပြောင်းလဲ၍ မြေနှစ်ကောင်နှင့် မီးတောက်ဝံပုလွေတို့ကို ခြုံမိသွား၏။