ရတနာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း
Vol. 35 Ch. 484
ဝူချောင်သည် တိတ်တဆိတ်သာ နေနေသော အရိုးသခင်က ရတနာအတွက် သူနှင့် ယှဉ်ပြိုင်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ရန်လိုသည့်ဟန်ဖြင့် သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက ဒီကျွန်းသခင်ငယ်နဲ့ ရတနာကို ယှဉ်လုဝံ့တယ်လား…”
အရိုးသခင်က နှာခေါင်းရှုံ့၍ ပြန်ပြောသည်။
“ဟားဟား…ရယ်စရာပဲ။ ဒီရတနာက မင်းတို့ ဂိုဏ်းက ဖန်တီးထားတာ မလို့လား။ ငါက ဒါအတွက် ဘာကြောင့်များ ယှဉ်မလုရမှာလဲ…”
ဝူချောင်သည် သူ့စကားကြောင့် အရှက်ရသွားပြီး ဒေါသတကြီး ပျံသန်းဝင်လာသည်။ သို့သော် ခဏအကြာတွင် သူ့စိတ်ထဲ၌ အတွေးတစ်ခု ဝင်လာပြီး မျက်နှာရှုံ့မဲ့ သွားသည်။ ရှေ့ဆက်တိုးဝင်မည့်အစား သူ့လက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး မြွေနက်တို့အား ပို၍ အင်အားစိုက်စေလေသည်။
ဝူခေချာင်သည် အရိုးသခင်ကို ကျိနစ်ယင်ပင် ရှိန်ရကြောက်ရသော မန်ဟုဇီက ထောက်ပံ့ပေးထားတာကို နားလည်ပုံ ပေါ်သည်။ ထိုသူ့ကို ဖိနှိပ်ရန် သူ့အဘိုး၏ အဆင့်အတန်းကို အသုံးပြုနိုင်စွမ်း မရှိတော့ပေ။ ဝူချောင်၏ အပြုအမူက အရိုးသခင်ကို နှာခေါင်းရှုံ့စေ၏။ အပိုစကားထပ် မဆိုလေဘဲ သူက အစိမ်းရောင်ပိုက်ကွန်ထံသို့ လက်ညွှန်သည်။ ထိုအခါ ပိုက်ကွန်၏ အလင်းသည် ပို၍ တောက်ပလာပြီး ၎င်း၏ အမျှင်များသည် ပိုထူ၍ ပိုတင်းကြပ်လာသည်။
ဝူချောင်နှင့် အရိုးသခင်၏ ပညာရပ်များသည် ဝံပုလွေကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ သို့သော် ၎င်း၏ အလင်းအရံအတားက ပို၍ ခိုင်မာလာခဲ့၏။ မထိမခိုက်ဘဲ ရှိနေသေးသော ဝံပုလွေသည် ထိုနှစ်ယောက်ကို လှမ်းကြည့်သည်။ ကောင်းကင်ယံတွင် တိုက်ခိုက်နေကြသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အံ့အားသင့်နေသည်။ မည်သူကမျှ ထိုရတနာသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထံ ပြေးဝင်သွားလိမ့်မည်ဟု မထင်ထားကြပေ။
လမ်းမှန်တာအိုကျင့်ကြံသူများသည် ပို၍ ပူပန်လာ၏။ သူတို့သည် တိုက်ပွဲကနေ ခွဲထွက်ကာ ရတနာနောက်သို့ လိုက်ချင်နေကြသည်။ သို့သော် မိစ္ဆာတာအိုဘက်မှ သူများက မည်သို့ ခွင့်ပြုပါမည်နည်း။ မည်သို့ပင် ဖြစ်စေ သူတို့ဘက်ကသာ သည်ရတနာကို ရနိုင်တော့မည် မဟုတ်လား။
သူတို့က လမ်းမှန်တာအိုဘက်မှ ကျင့်ကြံသူများကို ဟန့်တားထားကြပြီး သူတို့၏ ဂျူနီယာများကို ရတနာအား ဘေးကင်းကင်းနှင့် အရယူနိုင်အောင် လုပ်ပေးကြသည်။
ဝူချောင်၌ ကျိနစ်ယင် ပေးထားသော ရတနာများစွာ ပိုင်ဆိုင်ထား၏။ ထိုမျှသာမကသေး သူက လေးနက်ယင်မိစ္ဆာပညာရပ်ကိုလည်း ထုတ်ဖော်ထားသေးသည်။ ၎င်းပညာရပ်သည် ပြန့်ကြဲကြယ်ပင်လယ်များကျွန်း၏ အကောင်းဆုံးမိစ္ဆာပညာရပ်များထဲမှ တစ်ခု ဖြစ်၏။ သို့ဖြစ်၍ ကျိနစ်ယင်သည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်သာ ရှိသေးသော အရိုးသခင်၏ လက်ထဲကနေ ရတနာကို ရလိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။ အရိုးသခင်၏ အစစ်အမှန်စွမ်းအားကို သိနေသော မန်ဟုဇီကမူ ကျိနစ်ယင်ထက်ပင် ပို၍ ယုံကြည်ချက် ရှိနေသေးသည်။ ချင်းယီကတော့ အခြေအနေကို အနည်းငယ် စိတ်မသက်မသာဖြင့် ကြည့်နေရလေ၏။ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ သူသည် ထျန်ဝူဇီကို ဆက်၍ ထိန်းထား၏။
ထိုအခိုက်တွင် ပလ္လင်အနီး၌ ဟန်လိတစ်ယောက်သာ ရှိသည်။ ဟန်လိသည် နည်းနည်းလေးမျှ စိတ်အေးမနေပေ။ အမှန်တကယ်တွင်မူ သူ့နောက်ကျော၌ ချွေးစေး ပြန်နေလေပြီ။ သူသည် အစောပိုင်းလေးတုန်းက ရှေးဟောင်းပန်းခြင်းကို ထုတ်ယူထားပြီး ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ရတနာများကို အရယူရန်အတွက် အလွန်သင့်တော်လှသော ကြောင့်ပင်။
သို့သော် သူက အရိုးသခင်သည် ရတနာကို ရရန် လှုပ်ရှားလာတာ မြင်သည့်အခါ ချက်ခြင်း တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။ သူ၏ သည်ရှေးဟောင်းပန်းခြင်း ရတနာသည် အရိုးသခင်၏ အဆိပ်မိခဲ့သော ရုပ်စိုးစိုးနှင့်သူထံမှ ရလာခဲ့တာ ဖြစ်သည်။ သူသာ ၎င်းကို ထုတ်သုံးလိုက်ပါက သူနှင့် အရိုးသခင် ပတ်သက်မှုကို ကျိနစ်ယင် သိသွားနိုင်လောက်သည် မဟုတ်လား။
သို့ဖြစ်၍ ဟန်လိသည် အတွေးများကာ ချွေးစေးပြန်နေသည်။ အခု ရတနာကို ရယူဖို့အတွေးသည် နောက်ဆုံးမှာသာ ရှိတော့သည်။ သူက ကျိနစ်ယင်ကို မည်သို့ သင့်တော်သော အဖြေတစ်ခုပေးမလဲဟုသာ အတွေးပိုရောက်နေသည်။ သို့သော် နောက်ခဏ၌ ဟန်လိသည် အံ့အားသင့်သွားရသည်။ ကျိနစ်ယင်က ထိုပန်းခြင်းကို ဖြတ်ကြည့်သွားသော်လည်း နည်းနည်းလေးမျှ တုန့်ပြန်မှု မရှိတာကို သူ ကောင်းကောင်း ခံစားလိုက်ရသောကြောင့်ပင်။
ရုတ်တရက် ဟန်လိသည် သဘောပေါက်သွားတော့၏။ သည်ပန်းခြင်းမှာ ကျိနစ်ယင်က ထိုသူ့ကို ပေးခဲ့သောအရာမဟုတ်မှန်း သိသွား၏။ ထိုအခါကျမျှ သူ အတော့်ကို စိတ်အေးသွားသည်။ ဟန်လိ ခန့်မှန်းမိတာ မှန်၏။ ထိုရုပ်စိုးစိုးသူသည် အရိုးသခင် ရှိနေခဲ့သော ကျွန်းကို အချိန်ကြာမြင့်စွာ စောင့်ကြည့်နေခဲ့တာ ဖြစ်၏။ သို့သော် ထိုသူက ရှေးဟောင်းပန်းခြင်းရတနာ၏ သတင်းစကားကို ကြားသိရ၍ ၎င်းကို ရယူဖို့ ကျွန်းကနေ ထွက်သွားခဲ့သည်။ သူက ထိုရတနာကို ချောမွေ့စွာ ရရှိပြီး ပြန်ရောက်လာခဲ့ချိန်တွင် ဟန်လိတို့အုပ်စုက ထိုကျွန်းပေါ်ရှိ အရိုးသခင်၏ အစီအရင်ကို ဝိုင်းရံထားခဲ့ပြီး ဖြစ်နေခဲ့သည်။ ထို့နောက်မှာတော့ အနှီအရုပ်စိုးစိုးလူက ဒေါသပုန်ထပြီး စတိုက်ခိုက်လာခဲ့သည်။ သို့သော် သူသည် ဟန်လိ၏ ဝါးတိမ်အုပ် ဓားများ၏ လက်ချက်ဖြင့် အသက်ထွက်ခဲ့ရပြီး သူ၏ ပန်းခြင်းရတနာကို ဟန်လိက ရရှိနိုင်ခဲ့တာပင်။
ပြန်တည်ငြိမ်သွားပြီးနောက်မှာ ဟန်လိသည် မီးဝံပုလွေကို လုနေသော ဝူချောင်နှင့် အရိုးသခင်တို့ထံ တစ်ချက် လှမ်းကြည့်သည်။ သူ တစ်ကိုယ်တည်း တွေးမိ၏။
“ခင်ဗျားက အတော်လေး ကံကောင်းတဲ့သူပဲ မိစ္ဆာအိုကြီး အရိုးသခင်ရ။ ကျိနစ်ယင်ကသာ ပန်းခြင်းဟာ သူနဲ့ ပတ်သတ်နေခဲ့လို့ သတိပြုမိခဲ့ရင် ကျုပ်က ခင်ဗျားကိုပါ ဆွဲထည့်ပစ်မှာ…”
သည့်နောက်မှာ အပေါက်ဝထံမှ ကျယ်လောင်စွာ မြည်သံဟိန်းသံများ ထွက်ပေါ်လာပြန်သည်။ အစောပိုင်းတုန်းကလည်း ဤသို့ ကြုံဖူးခဲ့ပြီ ဖြစ်၍ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများက သူတို့၏ တိုက်ပွဲအရှိန်ကို တန့်ကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ မည်သူက စ၍ လှုပ်ရှားလိုက်သည် မသိရလေဘဲ သူတို့အားလုံးသည် ဖြတ်ခနဲ ပလ္လင်၏ အပေါက်ဝ ရှိနေသော နေရာတွင် ပေါ်လာကြသည်။
ထိုအခိုက်တွင် ကောင်းကင်လေဟာနယ်ဒယ်စောက်သည် မျက်နှာပြင်ပေါ်သို့ ထွက်ပေါ်ရန် နီးကပ်လာခဲ့လေပြီ။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် စိတ်ကူး၍ပင် မရအောင် ထုတ်လွှတ်နေသော အအေးဓာတ်ကို သူတို့၏ မှော်ပညာရပ်များ၊ အကာအကွယ်ရတနာများ ထုတ်သုံး၍ တားဆီးသည်။ သူတို့၏ လှုပ်ရှားမှုကြောင့် အံ့ချီးဖွယ်အလင်းများ ဖြာထွက်လျက် ဘက်နှစ်ဖက်က တစ်ဖက်ကိုတစ်ဖက် သတိအနေထားဖြင့် ကြည့်နေသည်။
အခုချိန်ခါ၌ ကျိနစ်ယင်က အတော့်ကို စိတ်တိုနေ၏။
သူ၏ မူလအတွေးမှာ လမ်းမှန်တာအိုကျင့်ကြံသူများကို ဟန့်တားဖယ်ရှားပြီး ရတနာများကို သူတို့သာ မောင်ပိုင်စီးနိုင်ရန် ဖြစ်၏။ သည့်နောက်ကျလျှင် သူတို့သည် သဘောတူထားသည့်အတိုင်း ရတနာများကို ခွဲဝေကြမည်။ သို့သော် အခု ကောင်းကင်လေဟာနယ်ဒယ်စောက်သည် မျက်နှာပြင်နှင့် နီးကပ်လာပြီး ရှေးဟောင်းရတနာများက ၎င်းတို့ဘာသာ ပျံသန်းထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ အခုလို ဖြစ်လာသည့်အတွက် ရတနာကို ရဖို့မှာ စွမ်းရည်ပေါ်တွင်သာ လုံးလုံးလျာလျာ မူတည်သွားပေပြီ။
တကယ်တော့ တိုက်ခိုက်၍ ရလာသော ရတနာများကို မည်သူကများ အခြားသူတို့အား ခွဲဝေပေးကြပါမည်နည်း။ သို့ဖြစ်၍ အစောပိုင်းတုန်းက မိစ္ဆာတာအိုဘက်တော်သားချင်း သဘောတူထားချက်မှာ အဟောသိကံ ဖြစ်သွားခဲ့လေပြီ။
ကျိနစ်ယင်က ဒေါသထွက်ထွက်နှင့် ဝေ့ကြည့်သည်။ သူသည် ရတနာများ ပိုရနိုင်မည့် နည်းလမ်းတစ်ခုကို တွေ့မြင်ချင်နေသည့် သဘောပင်။ သို့သော် သူ့စိတ်ထဲ ထိုသို့ တွေးနေစဉ် နားစည်ထုံထိုင်းသွားစေလောက်သော စူးခနဲ အော်သံကို ကြားရပြီး ထိုအသံနှင့် တစ်ဆက်တည်းမှာပင် တရှဲရှဲ မြည်သံများ ကပ်ပါလာသည်။ ဗဟိုချက်ရှိ အပြာရောင်မီးတောက်ထံမှ အဖြူရောင်အလင်းတန်းတစ်ခုနှင့် အနီရောင်အလင်းတန်းတစ်ခုတို့သည် ထိုးထွက်လာသည်။
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်သည် အပေါက်ဝနှင့် အတော့်ကို နီးကပ်နေကြပြီ ဖြစ်၏။ သူတို့အားလုံးသည် လျှို့ဝှက်ပညာရပ်များကို ထုတ်သုံးကာ အအေးဒဏ်ကို ခုခံကြသည်။
ဝမ်ထျန်မင်သည် ကျိနစ်ယင်နှင့် ချင်းယီတို့နှင့် အနီရောင်အလင်းကို ပြိုင်လုသည်။ ဝမ်ထျန်မင်က အဝါရောင်အလင်းနောက်သို့ ခရမ်းရောင်မီးတောက်နဂါးကို လိုက်လံရန် အမိန့်ပေးသည်။ တစ်ဆက်တည်းမှာ သူ့ပါးစပ်ကို ဟ၍ ခရမ်းရောင်ပုလဲနှစ်လုံးကို ကျိနစ်ယင်တို့ထံ ထွေးထုတ်လာသည်။
“ကောင်းကင်ရွှေ့ပြောင်းခြင်း သတ္တုလုံးတွေ…” ကျိနစ်ယင်သည် ထိုပုလဲများကို မြင်သည့်အခါ မြွေဟောက်ကို တွေ့မြင်သည့်နှယ် အလန့်တကြား ထအော်သည်။
သူတို့သည် ထိုပုလဲများကို မှော်ရတနာများ အသုံးပြု၍ မတားဆီးဝံ့ချေ။ အလျင်အမြန် ရှောင်ကြ၏။ သို့သော် ထိုအချိန်တွင်းမှာ ခရမ်းရောင်မီးတောက်နဂါးက အဝါရောင်အလင်းကို ဝါးမြိုပြီး ဝမ်ထျန်မင်ထံ ပြန်ရောက်လာခဲ့လေပြီ။
သူက ထိုအဝါရောင်အလင်းကို စိတ်လှုပ်တရှားဖြင့် ဖမ်းယူ၍ သူ့လက်ဖြင့် ကိုင်ဆကြည့်သည်။ ထိုအခါ ရှေးဟောင်းရတနာ၏ မူလအသွင်အပြင်ဖြစ်သော လေးထောင့်ချွန် ကြိုးဆွဲပြားတစ်ခု ပေါ်လာသည်။ ထိုဆွဲပြား၏ မျက်နှာပြင်ထက်တွင် အဆောင်သင်္ကေတများ တလက်လက် တောက်ပနေလျက် ရှိပြီး စိတ်ဝိညာဉ်လှိုင်းများလည်း ထနေလျက် ရှိသည်။ ၎င်းရတနာမှာ ထူးကဲလှသည်ဟု ပြောနိုင်သည်။ ခရမ်းရောင်ပုတီးစေ့နှစ်စေ့ကမူ ဆယ်မီတာလောက်အကွာတွင် ၎င်းတို့ဘာသာ ညင်ညင်သာသာ ပေါက်ကွဲလျက် သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။
ကျိနစ်ယင်နှင့် ချင်းယီတို့က ဤသည်ကို မြင်သည့်အခါ သူတို့၏ အမူအရာများသည် ပြာနှမ်းကုန်သည်။ သူတို့က ကြိုးဆွဲပြားကို တဆဆ လုပ်နေသော ဝမ်ထျန်မင်ထ့ မကျေမချမ်း လှမ်းကြည့်သည်။
“လမ်းမှန်တာအိုရဲ့ နာမည်ကျော် ကြီးမြတ်တဲ့ ဂိုဏ်းခေါင်းဆောင်က ကျုပ်တို့အပေါ် ဒီလို လှည့်ကွက်တွေ အမှန်တကယ် လုပ်ခဲ့တာပဲလား…”
ကျိနစ်ယင်သည် အံကြိတ်လျက် တလုံးချင်း ပြောသည်။ ချင်းယီသည်လည်း ဝမ်ထျန်မင်ကို အေးစက်လွန်းစွာ စိုက်ကြည့်နေ၏။
ဝမ်ထျန်မင်က နှာခေါင်းရှုံ့ကာ ပြန်ခွန်းတုန့်ပြန်သည်။
“နာမည်ကျော်ကြားတာ ကြာလှပြီ ဖြစ်တဲ့ မင်းတို့က ကျုပ်ရဲ့ ကောင်းကင်ရွှေ့ပြောင်းခြင်း သတ္တုလုံးတွေကို အစစ်ဟုတ်လား၊ မဟုတ်လားကို တကယ်ပဲ ခွဲခြား မသိနိုင်ခဲ့ဘူးလို့ ဘယ်သူက ထင်မှာလဲ။ သေရေးရှင်ရေး မဟုတ်ဘဲ ဒီခေါင်းဆောင်က ကောင်းကင်ရွှေ့ပြောင်းခြင်း သတ္တုလုံးအစစ်အမှန်ကို အသုံးမပြုဘူးဆိုတာ မင်းတို့ မသိတာလား။ ဒီသတ္တုလုံးတွေကို ထုတ်ဖော်ဖို့ ကျုပ်ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်ခံရတာ ဖြစ်တဲ့အတွက် ကျုပ်က ဘာကြောင့်များ အချည်းနှီးဖြစ်အောင် အသုံးပြုရမှာလဲ။ ဒါပေမဲ့လို့ မင်းတို့နှစ်ယောက်က ကျုပ်ရဲ့ သတ္တုလုံးတွေ အစွမ်းကို မျက်မြင်တွေ့ချင်တယ်ဆိုရင်လည်း ချွင်းချက်ထားပြီး မင်းတို့ကို ဖြည့်ဆည်းပေးလိုက်မယ်…”
ထိုသို့ ပြောပြီး ဝမ်ထျန်မင်ကို လက်ခုပ်တီးလိုက်သည်။ ထိုအခါ သူ့လက်ထဲရှိ ကျောက်စိမ်းကြိုးဆွဲပြားကို ဆက်၍ မမြင်ရတော့ပေ။ ထိုအစား အစောပိုင်းတုန်းက သူ ထွေးထုတ်၍ တိုက်ခိုက်ခဲ့သော ခရမ်းရောင်ပုတီးစေ့တစ်စေ့က ကျောက်စိမ်းကြိုးဆွဲပြားနေရာတွင် အစားထိုး ဝင်ရောက်လာသည်။ ကျိနစ်ယင်နှင့် ချင်းယီတို့၏ အမူအရာသည် ပြောင်းလဲသွားကာ သူတို့က တစ်ယောက်နှင့်တစ်ယောက် သုန်မှုန်စွာ ကြည့်လိုက်မိသည်။ ထိုသူ၏ ရည်ရွယ်ချက်က မည်သို့ရှိမှန်း သူတို့အနေဖြင့် မသေချာနေပေ။
ထိုအခိုက်တွင် မန်ဟုဇီသည် လက်သမားအိုနှင့် ထျန်ဝူဇီတို့ကို သူ၏ ကောင်းကင်တောင့်ခံခြင်း မိစ္ဆာပညာရပ်ကို အသုံးပြု၍ နောက်ကောက်ချန်ကာ အဖြူရောင်အလင်းကို ဖမ်းမိသွားသည်။ ၎င်းအလင်းသည် တလက်လက် တောက်ပနေသော ရှေးဟောင်းကြေးပြားဝိုင်းတစ်ခုအသွင် လှစ်ဟပေါ်သည်။
ထိုသည်ကို မြင်သည့်အခါ ကျိနစ်ယင်၏ မျက်နှာမှာ အပျက်ပျက် အယွင်းယွင်း ဖြစ်သွား၏။
“အန်…” ထိုအခိုက်တွင် ချင်းယီသည် အံ့အားတသင့် ထအော်သည်။ ကျိနစ်ယင် ချင်းယီ ကြည့်နေသော အကြည့်ထံသို့ လှမ်းကြည့်ပြီး သူလည်း တုန်လှုပ်အံ့အားသင့်သွားတော့သည်။
ဤအခိုက်တွင် ပလ္လင်၏အောက်တွင် ရှိနေသော ဟန်လိသည် သူ့လက်ထဲရှိ အနီနှင့်အဝါ ရောယှက်နေသော ကျိုင်းတုတ်ကို သေချာ စူးစမ်းကြည့်နေသည်။ ၎င်း၏ အဆုံးတစ်ခုစီတွင် အသက်ဝင်လှသော ဝံပုလွေဦးခေါင်းနှစ်ခုကို သေသပ်လှစွာ ရေးထွင်းထားသည်။
ကြည့်ရတာ ထိုရှေးဟောင်းရတနာသည် ခေါင်းနှစ်လုံးမီးတောက်ဝံပုလွေအဖြစ်သို့ အသွင်ပြောင်းလဲထားသော ရှေးဟောင်းရတနာတစ်ခု ဖြစ်ပုံရသည်။ သူနှင့် မနီးမဝေးတွင် ဝူချောင်နှင့် အရိုးသခင်တို့သည် မကျေမချမ်းဖြင့် ဟန်လိထံ အကူအညီကင်းမဲ့စွာ လှမ်းကြည့်နေသည်။ ကျိနစ်ယင်၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် အရိပ်အယောင် ဖြတ်ပြေးသွားပြီး သူက ပြန်၍ ငြိမ်သက်တိတ်ဆိတ်သွားသည်။ သူလည်း အမှန်တကယ်ကို အံ့အားတသင့်ဖြစ်ကာ တုန်လှုပ်နေသည်ပင်။
ထိုရတနာသည် ကျိနစ်ယင် ထင်ထားသကဲ့သို့ ဝူချောင်၏ လက်ထဲသို့ ကျရောက်မသွားရုံသာမက စစချင်း လုံးဝ လှုပ်ရှားတုန့်ပြန်မှု မရှိခဲ့သော ဟန်လိ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်မဟုတ်လား။ လက်ထဲတွင် ကျိုင်းတုတ်ကို ကိုင်လျက် ဟန်လိသည် ပီတိ ဖြစ်နေတော့သည်။