← Chapters

အေးခဲခြင်း

Vol. 35 Ch. 485

အေးခဲခြင်း

Vol. 35 Ch. 485

ပြီးခဲ့သော အချိန်ပိုင်းတုန်းက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေကြစဉ် မီးတောက်ဝံပုလွေကို ဖိနှိပ်နေရင်း ဝူချောင်နှင့် အရိုးသခင်တို့သည် အံ့အားတသင့် ဖြစ်ခဲ့ကြရသည်။ ဟိန်းသံပေးလျက် ဝံပုလွေ၏ ခေါင်းနှစ်လုံးသည် အတူပေါင်းစည်းသွားပြီး ၎င်းမှာ ဦးချိုကြီးနှင့် ငွေရောင်အမွှေးဖွားဖွား ဝံပုလွေအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။

ထို့နောက်တွင် ၎င်းဝံပုလွေက ခေါင်းငုံ့၏။ ထိုအခါ ၎င်း၏ ဦးချိုထံမှ ငွေရောင်အလင်း ရုန့်ရင်းစွာ ပေါက်ကွဲထွက်သည်။ ငွေရောင်အလင်းသည် ပေတစ်ဝက်လောက်သာ အရှည်ရှိသော်ငြားလည်း ၎င်းက ဦးချိုမှ ထွက်ခွာသည်နှင့် နားစည်ကွဲမတတ် ငြီးအော်သံကို ထုတ်လွှတ်လေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကို ဖိနှိပ်ချုပ်နှောင်ထားသော မြွေနက်၏ ခန္ဓာကိုယ်၌ အပေါက်အဟကြီးတစ်ခု ဖြစ်ပေါ်သွားသလို ပိုက်ကွန်လည်း ပြေလျော့သွားခဲ့တော့သည်။

အစိမ်းရောင်ပိုက်ကွန်သည် ငွေရောင်အလင်းနှင့် ထိမိသည်နှင့် အငွေ့ပျံကာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ ဝူချောင်နှင့် အရိုးသခင်တို့က ဤသည်ကို မြင်သည့်အခါ တုန်လှုပ်ကုန်သည်။

ဝူချောင်က မန္တာန်ချိပ်ဟန်တစ်ခုကို ခပ်လောလော ထုတ်ဖော်ပြီး လက်ညွှန်၍ အနက်ရောင်အလင်းတန်းတစ်ခုကို ကွယ်ပျော်နေသော မြွေနက်ထံသို့ စေလွှတ်၏။ ၎င်းပေါ်ရှိ အပေါက်ကြီးသည် ချက်ခြင်းပင် စတင် ပြန်ပိတ်ဆို့လျက် မြွေနက်၏ ခန္ဓာကိုယ်ကို တည်ငြိမ်မှု ပြန်ရသွားစေသည်။ အရိုးသခင်ကမူ ခဏ တွေဝေနေပြီးနောက်မှာ ပါးစပ်ဟ၍ အစိမ်းရင့်ရောင်ဓားတိုတစ်လက်ကို ထွေးထုတ်သည်။ ထိုဓားကား လက်မအနည်းငယ်သာ အရှည်ရှိပြီး ဓားရိုးလည်း မပါချေ။ ၎င်း၏ ထိုမျှသော အရွယ်အစားနှင့် ဖြာထွက်နေသော အလင်းကြောင့် ထိုဓားကား သာမန်မဟုတ်မှန်း ပြောနိုင်သည်။

ဟန်လိလည်း စိတ်ထဲ၌ ဂနာမငြိမ် ဖြစ်သွားပြီး ၎င်းမှော်ရတနာထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူသာ အမှတ်မမှားခဲ့လျှင် ထိုဓားသည် အရိုးသခင်၏ ရွှေရောင်လျှပ်စီးဝါး မြားကို အသွင်ပြောင်းလဲထားသော ပုံစံသာ။ သူသည် ၎င်း၏ မူလအသွင်အပြင်ကို ဖုံးကွယ်ထားရန်အတွက် မှော်ပညာရပ်တစ်ခုကိုသာ အသုံးပြုထား၏။

အရိုးသခင် ရူးသွားတာများလား။ ထိုစဉ် ကျိနစ်ယင်က ကောင်းကင်ယံတွင် ရှိနေသည့်တိုင် ထိုသူမှာ သူ၏ မှော်ရတနာကို ထုတ်ဖော် အသုံးပြုဝံ့နေသေးသည်။ ကျိနစ်ယင်သည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သည်မှော်ရတနာကို အသုံးပြု၍ သူ့အပေါ် ကြံစည်ခဲ့မှာကတော့ အသေအချာပင် မဟုတ်လား။ အရိုးသခင်သည် သူ့ရတနာ၏ အလင်းတောက်ပမှုကို ဖုံးကွယ်ထားသော်ငြား ရွှေရောင်လျှပ်စီးဝါးကနေ သူ့ကိုယ်ပိုင် မှော်ရတနာကို သန့်စင်ခဲ့သော ဟန်လိ၏ သတိပြုမှုကနေတော့ မလွတ်ခဲ့ပေ။ အရိုးသခင်၏ အပြုအမူမှာ ရဲတင်းလွန်းလှ၏။

ဟန်လိသည် တွေတွေဝေဝေ ဖြစ်သွားပြီး နောက်ထပ် အတွေးတစ်ခု ပေါ်လာသည်။

“အဲ့မိစ္ဆာအိုကြီး ခုလောက်ထိ စွန့်စွန့်စားစား လုပ်လာတဲ့အတွက် ဒီဝံပုလွေဟာ ထူးခြားလွန်းနေတာများလား…”

ချက်ခြင်းပင် ငွေရောင်ဝံပုလွေကြီး၏ အရွယ်အစားသည် ရုတ်တရက် ကြုံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းသည် တစ်ပေလောက်သာ အမြင့်ရှိတော့သည်။ ထို့နောက်တွင် ငွေရောင်လင်းလက်လျက် ၎င်းသည် ဝူချောင်နှင့် အရိုးသခင်တို့၏ ချုပ်နှောင်မှုများကနေ ချိုးဖျက်လျက် ပလ္လင်၏ အပေါက်ဝထံ ဖြတ်ခနဲ ပျံသန်းသွားလေသည်။

ထိုသည်ကို မြင်သည့်အခါ အရိုးသခင်သည် သူ့ဓားတိုကို ချက်ခြင်း လှမ်းပစ်သွင်းသည်။ ပေါက်ကွဲသံနှင့်အတူ ဓားငယ်သည် ငွေရောင်ဝံပုလွေထံမှ ပြန်ကန်ထွက်လာ၏။ ထိုဓားကာ ဝံပုလွေပေါ်၌ မည်သည့်ထိခိုက်မှုမျှ ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။

ထိုသို့ ထိပ်တိုက်မှု ဖြစ်သွားရာကနေ ငွေရောင်ဝံပုလွေသည် ဟန်လိရှိနေသောဘက်သို့ လွင့်ထွက်လာ၏။ ဤသည်မှာ ကံတရားက သူ့တံခါးကို လာခေါက်သည် မဟုတ်လား။ သို့ဖြစ်၍ ဟန်လိသည် ကျန်သည့်အတွေးများကို မေ့ထားပြီး သူ၏ ပန်းခြင်းကို ဝံပုလွေထံသို့ ပစ်လွှတ်လိုက်သည်။ ထိုရတနာသည် ၎င်းဝံပုလွေကို ဖမ်းနိုင်ဖို့ မလုံလောက်မှာ စိုးရိမ်၍ ဟန်လိက သူ့အခြားလက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကို ပုတ်၍ ကြေးမျှင်ငါးခု ချိန်းကြိုးကို ထုတ်ယူသည်။ မိုးပြာချီကို ထိုကြေးမျှင်ငါးခု ချိန်းကြိုးပေါ်သို့ မှုတ်ထုတ်၏။ ထိုအခါ ၎င်းသည် သက်တံရောင်တောက်ပလျက် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် မြည်သံတစ်သံ ရှင်းရှင်းလင်းလင်း ဟိန်းထွက်လာသည်။ ငွေရောင်ဝံပုလွေသည် အဝေးသို့ ထပ်မံ မရွှေ့ပြောင်းနိုင်ခင်မှာ ၎င်း၏ ခြေတံလက်တံများနှင့် ဦးခေါင်းပတ်လည်၌ ကြေးမျှင်ငါးခု ပေါ်လာကြပြီး အလင်းများ ဖြာထွက်လျက် အနှီဝံပုလွေသည် မြေပေါ်သို့ ပြုတ်ကျသွားလေသည်။ ပန်းခြင်းကမူ ငွေရောင်မြူအဖြစ်သို့ အသွင်ပြောင်း၍ ဝံပုလွေနောက်သို့ လက်လံနှင့်ပြီး ဖြစ်သည်။ ခဏအတွင်း ၎င်းက ဝံပုလွေကို မီသွားပြီး ခြုံလွှမ်းပစ်၏။ ဟန်လိထံမှ လေချွန်သံ ကြားရသည့်အခါ ၎င်းက သူ့လက်ထဲသို့ ပျံသန်းလာပြီး မူလအသွင်ပုံစံသို့ ပြန်ပြောင်းလဲသည်။

ထိုမြင်ကွင်းကြောင့် အရိုးသခင်နှင့် ဝူချောင်တို့သည် ဟန်လိထံ အလန့်တကြား လှမ်းကြည့်လာကြသည်။ သူတို့၏ အမူအရာများ၌ မယုံကြည်နိုင်ဟန် လုံးဝ ဖြစ်ပေါ်နေသည်။

ဦးဆုံး ဝူချောင်က သတိပြန်ဝင်လာပြီး အရှက်ရသွားဟန် ပေါ်၏။ ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ မူလတုန်းက သူ၏ လေးနက်ယင်ပညာရပ်ကြောင့် ထိုရတနာကို ရဖို့မှာ အလွယ်လေးဟု ထင်ထားခဲ့ပေသည်။ အရိုးသခင်က သူနှင့် ယှဉ်ပြိုင်လာသည့်အပြင် ၎င်းရတနာကိုယ်တိုင်မှာလည်း ဖမ်းရဆီးရ ခက်ခဲလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။ သူက နောက်ထပ် မှော်ရတနာတစ်ခုကို အသုံးပြုတော့မည့် ဟန်ပြင်နေစဉ်မှာပင် ဝံပုလွေသည် ဟန်လိ၏ ဖမ်းဆီးခြင်းကို အလွယ်တကူ ခံလိုက်ရပေပြီ။ ဝူချောင်မှာ ဒေါသတကြီးဖြင့် အကူအညီမဲ့သော အခြေအနေ၌သာ ကျန်နေခဲ့ရတော့သည်။

အရိုးသခင်လည်း သတိပြန်ဝင်လာသည့်အခါ သူ့အမူအရာက တမျိုးတမည် ဖြစ်နေသည်။ ခဏအကြာတွင် သူ့အသွင်က ပုံမှန်အတိုင်း မတုန်မလှုပ်ဟန် ပြန်ဖြစ်သွားသော်လည်း ဟန်လိသည် သူ့မျက်လုံးထဲမှ ဒေါသအရိပ်အယောင်ကိုတော့ လှမ်းမြင်လိုက်သည်သာ။ ထို့အပြင် ထိုမိစ္ဆာအိုကြီးသည် ဝံပုလွေအပေါ်ရှိ ကြေးမျှင်ကြိုးများကို မြည်ရသည့်အခါ သူ့ပုံစံက စဉ်းစားနေသည့်ဟန် ဖြစ်ပေါ်နေသည်။

ဟန်လိသည် အရိုးသခင်၏ အမူအရာများနှင့် ပတ်သက်ပြီး တွေးနေရန် အချိန် မရှိပေ။ ထိုအစား သူသည် ပန်းခြင်းထံသို့သာ စိတ်လှုပ်တရှားဖြင့် ကြည့်နေသည်။

ကြေးမျှင်ကြိုးများသည် ငွေရောင်ဝံပုလွေကို ဒုက္ခပေးနိုင်သည့်ပုံ ပေါ်သည်။ ထိုကြေးမျှင်တို့သည် ၎င်းကို တင်းကြပ်စွာ ချည်နှောင်ထားပြီး နည်းနည်းလေးမျှ မလှုပ်ရှားနိုင်အောင် တားဆီးထားသည်။ ၎င်းသည် နာကျင်နေဟန်လည်း ပေါ်၏။

ဟန်လိသည် သဘောကျစွာ ရယ်မောလျက် ထိုဝံပုလွေ၏ ဦးခေါင်းကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ကြည့်သည်။ ထို့နောက်တွင် သူ့လက်က မိုးပြာအလင်းနှင့် တောက်ပသွားပြီး ၎င်းကို ခြုံလွှမ်းသွားသည်။ ခဏအကြာတွင် ဝံပုလွေသည် အားနည်းလာပြီးနောက်မှာ ၎င်းသည် တဖြည်းဖြည်းဖြင့် ကျောက်စိမ်းတောင်ဝှေးအဖြစ်သို့ ပြောင်းလဲသွားသည်။

သူက ထိုတောင်ဝှေးကို ကိုင်လျက် ကျေနပ်နေစဉ် ချင်းယီနှင့် ကျိနစ်ယင်တို့သည် ဤမြင်ကွင်းကို အံ့အားတသင့် ကြည့်နေကြသည်။

ကျိနစ်ယင်သည် စိတ်ထဲကနေ မျက်မှောင်ကြုတ်မိ၏။ ခုချိန်၌ သူသည် ဝမ်ထျန်မင်နှင့် ရင်ဆိုင်နေရသည် ဖြစ်၍ ၎င်းနှင့် ပတ်သက်ပြီး ဘာမျှ မလုပ်နိုင်သေးပေ။ ထို့အပြင် သည်ရတနာကို အခုချိန် ဟန်လိ ပိုင်ဆိုင်သွားခြင်းမှာလည်း ဘာပြဿနာမျှ ရှိမနေပေ။ တကယ်တော့ သူ၏ ဂျူနီယာက ဤကဲ့သို့ အဖိုးတန်သောရှေးဟောင်းရတနာတစ်ခုကို မည်သို့ ထိန်းသိမ်းထားနိုင်ပါ့မည်နည်း။ ကိစ္စကိဝများ ပြီးလျှင်တော့ ဟန်လိသည် ၎င်းရတနာကို ဆရာဖြစ်သူ သူ့ထံ ပေးရလိမ့်မည်မှာ သဘာဝပင်။

ထိုသို့ တွေးပြီး ကျိနစ်ယင်က ဝမ်ထျန်မင်ထံ ပြန်၍ အာရုံစိုက်၏။ ကောင်းကင်ရွှေ့ပြောင်းခြင်းသတ္တုသည် မြင်ရခဲလှသော စဦးစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်ချေ၏။ ၎င်းမှာ ကြမ်းလှပေသည်။ ၎င်းကို ရင်ဆိုင်ရချိန်၌ သူသည် အာရုံ အပြည့်စိုက်ထားရလိမ့်မည်သာ။ သို့သော် အဆုံးသပ်၌ မည်သည့်လှုပ်ရှားမှုမျှ ရှိမလာခဲ့ပေ။ ထိုစဉ် ကျောက်ဖျာသည် သိမ့်သိမ့်တုန်ခါလာ၏။

ထိုအခိုက်တွင် နောက်ဆုံးတွင်တော့ အပြာရောင်မီးတောက်အမျှင်တန်းတစ်ခုသည် ပလ္လင်အပေါက်ဝထဲမှ ထွက်ပေါ်လာခဲ့လေပြီ။ ထို ပေါ်ထွက်လာသော မီးတောက်ပမာဏက သေးငယ်လှသော်ငြား တစ်ချိန်တည်းမှာ သိသာထင်ရှားလှသော အပြာရောင်အလင်းလည်း ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး ကျောက်ဖြာတစ်ခုလုံးကို ထိုအလင်းဖြင့် လင်းချင်းသွားစေသည်။ အက်ကွဲသံများ ထွက်ပေါ်လာခြင်းနှင့်အတူ အပြာရောင်နှင်းခဲထုအလွှာတစ်ခုသည်လည်း မြေပြင်ထက်သို့ အလျင်အမြန် ပျံ့နှံ့သည်။ အလန့်တကြားဖြစ်ကာ ဟန်လိသည် လေထဲသို့ ခုန်တက်၍ တုန့်ပြန်သည်။ အရိုးသလင်လည်း ဟန်လိကဲ့သို့ပင် သူ့အနီးဝန်ကျင်ရှိ လေထဲသို့ ခုန်တက်လာ၏။

သို့ရာတွင် ဝူချောင်ကမူ ခဏ ချီတုံချတုံ ဖြစ်သွား၏။ ထိုခဏလေးအတွင်းမှာ အပြာရောင်နှင်းခဲထုသည် သူ့ခြေထောက်အောက်ထိ ပျံ့နှံ့လာခဲ့ပြီး ဖြစ်၏။ သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသော လေးနက်ယင်ချီက သူ့ကို နည်းနည်းလေးမျှ ကာကွယ်ပေးနိုင်စွမ်း မရှိချေ။ ထိုအခါ ဝူချောင်သည် ကြောက်လန့်သွားပြီး လေထဲသို့ အသည်းအသန် ခုန်တက်ချင်သည်။ သို့သော် သူ၏ ခြေထောက်မှာ မြေပြင်၌ တောင့်တင်းအေးခဲသွားပြီး အအေးခဲတို့မှာ ဆက်၍ ဝူချောင်အပေါ် ဆက်၍ ပျံ့နှံ့သည်။ ဝူချောင်သည် ကြောက်ကန်ကန် အော်ဟစ်၏။

အပေါ်စီးကနေ ထိုမြင်ကွင်းကို ဟန်လိနှင့် အရိုးသခင်တို့သည် တွေ့မြင်နေရသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလန့်တကြား လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ကုန်၏။

ဝူချောင်က အပြာရောင်နှင်းခုထုကြောင့် ရေခဲရုပ်အဖြစ်သို့ ပြောင်းသွားတော့မည့် အခိုက်တွင် ကောင်းကင်ထက်မှ အနက်ရောင်အလင်းတန်းပါးတစ်ခုက တဟုန်ထိုး သက်ဆင်းလာပြီး ဝူချောင်၏ ခန္ဓာကိုယ်ကို ထိုးစိုက်၍ သူ့အပေါ်ရှိ ရေခဲများကို ပျော်သွားစေသည်။

ဝူချောင် ပျော်ရွှင်သွား၏။ သူက ရေခဲခြင်းကနေ လွတ်သည်နှင့် ကောင်းကင်ထက်သို့ ချက်ခြင်း အသည်းအသန် ခုန်တက်သည်။ ထိုအခိုက်တွင် သူ့နားထဲသို့ ဆူပူကျိန်းမောင်းသံ အေးစက်စက်ကို တဆက်တည်း ကြားရ၏။

“ဂရုစိုက်ပါ။ နောက်တစ်ကြိမ်ဆို ငါ မင်းကို ကယ်ပေးနိုင်မယ့် အခွင့်အရေး မရှိလောက်တော့ဘူး…”

သူ၏ အသက်ရှင်သန်နိုင်မှုမှာ ကျိနစ်ယင်၏ လှုပ်ရှားပေးမှုကြောင့်ပင်။ ကျိနစ်ယင်က သူ၏ ကောင်းကင်လေဟာနယ် အလောင်းမီးကို ကောင်းကင်ထက်မှ လှမ်း၍ အသုံးပြုကာ ဝူချောင်ကို ကယ်တင်ပေးခဲ့တာ ဖြစ်၏။

ထိုအခိုက်တွင် ဘက်နှစ်ဖက်လုံးမှ ပုဂ္ဂိုလ်များသည် အပေါက်ဝမှ ထွက်ပေါ်လာနေသော အပြာရောင်မီးတောက်များကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ သူတို့ထံ၌ စိတ်ဝင်စားမှု၊ လောဘနှင့် ပူပန်မှုတို့ကို မြင်ရသည်။

အစောပိုင်းတုန်းက ကျိနစ်ယင်သည် ဝူချောင်ကို လှမ်း၍ ကယ်တင်ပေးခဲ့သော်လည်း သူက ခေါင်းပင်မလှည့်ပဲ စကားဆိုခဲ့တာပင်။ သူက နှုတ်ခမ်း တသပ်သပ်ဖြင့် ပလ္လင်၏ အပေါက်ဝကိုသာ စိုက်ကြည့်နေလျက် ရှိ၏။

ပြန့်ကြဲကြယ်ပင်လယ်များတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပုန်းကွယ်နေသော နံပတ်တစ်ရတနာ ဖြစ်သည့် ကောင်းကင်ဒယ်စောက်သည် အခုရှိနေသော စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များရှေ့သို့ ထွက်ပေါ်လာပေတော့မည်။ သုန်မှုန်နေလျက် ရှိသည့် ကျိနစ်ယင်နှင့် အခြားသူများက မြင့်တက်လာသော အပြာရောင်မီးတောက်များအပေါ် အာရုံမစိုက်မိဘဲ မနေနိုင် ဖြစ်နေကြသည်။

သွေးကျောက်စိမ်းပင့်ကူနှင့် မီးမြွေများသည်လည်း အခုချိန်၌ အားအင်ကုန်ခမ်း၍ တုန်တုန်ယင်ယင် ဖြစ်နေကြစဉ် ထိုသူများကမူ ကောင်းကင်ထက်ကနေ စိတ်ပူပန်တကြီးဖြင့် ၎င်းတို့ကို ကြည့်နေသည်။ သို့ပေမည့် မည်သူကမျှ ထိုသားရဲများကို နည်းနည်းလေးမျှ အကူအညီ မပေးဝံ့ကြပေ။ အကြောင်းကား အပေါက်ဝ ဝန်းကျင်၌ အပြာရောင်အလင်းကမ္ဘာ ဖြစ်လာနေပြီ ဖြစ်သောကြောင့်ပင်။ ထိုသားရဲများထံမှ ထုတ်လွှတ်နေသော အနီရောင်အလင်းများက အေးစက်လှသော အလင်းကို ဖယ်ရှားနိုင်စွမ်း ရှိသော်ငြား သူတို့ကမူ ထိုစိတ်ဝိညာဉ်သားရဲသုံးကောင်ကို အကူအညီလည်း မပေးဝံ့သလို ပေးနိုင်စွမ်းလည်း ရှိမနေချေ။

အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကမူ အပေါက်ဝနှင့် မီတာတစ်ရာအဝေးသို့ ရောက်နှင့်နေပြီး ဖြစ်ကာ ထိုအကွာအဝေးကနေ သူတို့က ဤမြင်ကွင်းကို လှမ်း၍ ကြည့်နေကြသည်။

All Chapters