← Chapters

ဝင်စားခြင်းအဆောင်

Vol. 35 Ch. 486

ဝင်စားခြင်းအဆောင်

Vol. 35 Ch. 486

ဤကဲ့သို့ အရေးကြီးနေသော အချိန်တွင် မန်ဟုဇီသည် ခေါင်းမော့ကာ နေရာတစ်ခုထံသို့ တင်းမာစွာ စိုက်ကြည့်၍ အော်လိုက်သည်။

“ချောင်းမြောင်း ကြည့်နေတာ ဘယ်သူလဲကွ…”

ထိုသို့ ပြောလည်းပြော သူက လက်သီးတစ်လုံးကိုလည်း ပစ်သွင်း၍ သုံးမီတာမျှကြီးမားသော ရွှေရောင်လက်ဖြင့် လေထဲသို့ ဖမ်းဆုပ်သည်။

ဘန်းခနဲ မြည်သံနှင့်အတူ မိုးပြာအလင်းအကာတစ်ခု ပေါ်လာသည်။ ထိုအလင်းအကာသည် မန်ဟုဇီ၏ ရွှေရောင်လက် မချဉ်းကပ်လာနိုင်ရန် တားဆီးသည်။ သို့သော် ၎င်းအလင်းအတွင်းမှ အဖြူရောင်အရိပ်တစ်ခုကမူ လှစ်ဟပေါ်လာ၏။

“ခင်ဗျားကို…”

“ကြယ်နန်းတော်”

မိစ္ဆာနှင့်လမ်းမှန်ဘက်မှ ကျင့်ကြံသူများထံမှ အော်သံဟစ်သံများ ထွက်ပေါ်လာပြီး သူတို့၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲကုန်သည်။

ကျိနစ်ယင်လည်း မျက်နှာပျက်သွား၏။ သူက အလျင်စလိုဖြင့် လှမ်းမေးသည်။

“ကြယ်နန်းတော်ရဲ့ အကြီးအကဲ။ ခင်ဗျားတို့က ကျုပ်တို့နောက်ကို ဘယ်အချိန်တည်း ခိုးကြောင်ခိုးဝှက် လိုက်လာကြတာလဲ။ အတွင်းပိုင်းခန်းမရဲ့ ကိစ္စတွေထဲ ခင်ဗျားတို့အနေနဲ့ ဝင်ပါဖို့ စိတ်ကူးမရှိဘူးလို့ ထုတ်ဖော်ပြောခဲ့ကြတယ် မဟုတ်လား…”

ဝတ်ရုံဖြူနှင့် အကြီးအကဲသည် ကျိနစ်ယင်၏ အမေးကို ပြန်မတုန့်ပြန်ပေ။ ထိုအစား သူက မန်ဟုဇီထံသို့သာ ဦးတည်၍ ပြောလာသည်။

“ဟူး…ကျုပ်ရဲ့ ကံက တကယ် ဆိုးတာပဲ။ ကောင်းကင်လေဟာနယ်ဒယ်စောက်ရဲ့ ထူးကဲလွန်ကဲတဲ့ အအေးချီကို ခုခံဖို့ ကျုပ်က ပညာရပ်တစ်ခုကို အသုံးပြုခဲ့ရတယ်။ ဒါကို အစ်ကိုမန်က သိသွားလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး…။ ကြည့်ရတာ ရောင်းရင်းမန်က မင်းတို့ထဲမှာ ကျင့်ကြံမှု အမြင့်ဆုံး ထင်တယ်…”

သူ့အသွင်က တည်ငြိမ်စွာသာ ရှိနေသည်။ ကျိနစ်ယင်ကမူ သူ့စကားကို အရေးလုပ်မခံရသည့်အခါ ဒေါသပိုထွက်လာသည်။ သို့သော် သူသည် ကြယ်နန်းတော်မှ တစ်စုံတစ်ယောက်ကို အလျင်စလို ဆန့်ကျင်ဘက် မပြုဝံ့၊ မတိုက်ခိုက်ဝံ့ပေ။

လမ်းမှန်တာအိုဘက်မှ ကျင့်ကြံသူများသည်လည်း သူတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များ ရှိနေပုံ ရသည်။ သူတို့အားလုံးသည် ဤအခိုက်တွင် ကြယ်နန်းတော်မှ အကြီးအကဲကိုသာ စိုက်ကြည့်နေကြ၏။

“နေအုံး…ဒီမှာ နောက်တစ်ယောက် ရှိနေသေးတယ် မဟုတ်လား။ ဟန်လိ…ဂရုစိုက်ချေ…သွေးကျောက်စိမ်းပင့်ကူ…”

ကြယ်နန်းတော်မှ ထိုအကြီးအကဲ ပေါ်လာသည်နှင့် ချင်းယီသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်သည်။ ကြယ်နန်းတော်၏ အကြီးအကဲ စကားများကို နားထောင်ပြီးနောက်မှာ သူသည် အလွန် သံသယဝင်နေသည်။ နောက်ထပ် စဉ်းစားပြီးနောက် သူက တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားပြီး အလျင်စလို လှမ်းအော်လာခဲ့တာပင်။ ဟန်လိသည် အကွာအဝေးတစ်ခုမှ သူ့အော်သံကို ကြားသည့်အခါ မင်သက်သွားမိသည်။

သူက မည်သို့ ဖြစ်လာမည်ကို သဘောမပေါက်ခင်မှာပင် ပလ္လင်၏ အခြားဘက်မှ အဖြူရောင်အလင်းတန်းနှစ်ခု ထိုးထွက်လာ၏။ တစ်ခုစီသည် လေထုကို ထွင်းဖောက်လျက် ဟန်လိနှင့် သွေးကျောက်စိမ်းတို့ထံ ဝီခနဲ တိုးဝင်လာ၏။ ယင်းနောက် ဝတ်ရုံဖြူအဘိုးအိုသည် ထိုတိုက်ခိုက်မှုများ ထွက်ပေါ်လာသော နေရာမှ ထွက်ပေါ်လာသည်။ ဟန်လိ၏ အသားအရေမှာ ဖြူရော်သွားလေပြီ။

“မြန်…မြန်လွန်းတယ်…” သူ့ထံ တိုးဝင်လာသော အဖြူရောင်အလင်းကို ကြည့်နေလျက် ဟန်လိ၏ စိတ်ထဲပေါ်လာသော အတွေးမှာ မြန်လွန်းခြင်း ဟူ၍ပင်။ သူ့၌ ခုချက်ခြင်း လှုပ်ရှားထုတ်ဖော်နိုင်တာဟူ၍ သူ့လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းတောင်ဝှေးကို ပင့်မြှောက်ပြီး သူ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားကာ သူ့ရင်ဘက်ကို ကာကွယ်ရန်သာ ရှိတော့သည်။

ဖောင်း….။ ဟန်လလိသည် သူ့လက်နှစ်ဖက်ထံမှ ပြင်းထန်သောအားတစ်ခု ဝင်ဆောင့်၍ သူ့အာရုံခံစားမှုများ ထုံထိုင်းသွားသည်ဟု ခံစားလိုက်ရသည်။ ယင်းနောက်မှာ သူသည် ရင်ဘက်၌ ပူခြစ်လောင်ကျွမ်းမှုကို ခံစားရပြီး ကောင်းကင်ထက်ကနေ ပြုတ်ကျသွားတော့သည်။ ဒေါသတကြီး အော်သံဟစ်သံများကိုလည်း သူ ကြားလိုက်ရသည်။

ဟန်လိသည် သူ၏ ပြုတ်ကျမှုကို မတားဆီးနိုင်ခင်မှာပင် သူ့နောက်ကျောမှ နာကျင်မှုကို ခံစားရ၏။ သူဩ ခန္ဓာကိုယ်သည် ဖြည်းဖြ်ညးချင်း မြင့်တက်လာသော အလင်းအကာအရံတစ်ခုပေါ်သို့ ပြိုလဲကျသွားသည်။

“အန်…” သူ့ကို တိုက်ခိုက်လာသော ကြယ်နန်းတော်အကြီးအကဲထံမှ မယုံကြည်နိုင်ဟန် အသံတစ်သံ ထွက်ပေါ်လာသည်။ သူသည် ဟန်လိကဲ့သို့ အားနည်းလှသူကို တစ်ချိတည်းဖြင့် အပြတ်မရှင်းနိုင်ခဲ့သည့်အပေါ် အံ့အားသင့်မိသွားသည်။

သူ၏ မှော်ရတနာဖြစ်သော နေထွင်းဖောက်ဓားများသည် ဤမျှ တိုတောင်းသော အကွာအဝေးလောက်တွင် ဟန်လိကို ခုတ်ပိုင်းဖို့ မအောင်မြင်ခဲ့ခြင်းမှာ ဟန်လိသည် ထိပ်တန်းအဆင့် အကာအကွယ်ရတနာတစ်ခုကို ဝတ်ဆင်ထား၍သာ ဖြစ်ပေလိမ့်မည်။ သို့သော် သူ၏ နောက်ထပ် ဓားချက်ကမူ အမှန်တကယ် စွမ်းဆောင်နိုင်ခဲ့ပေသည်။ သူ့အကြည့်က ပလ္လင်ထံ ကျရောက်သွားသည်။ သွေးကျောက်စိမ်းပင့်ကူမှာ နှစ်ပိုင်း ကွဲထွက်သွားခဲ့လေပြီ။ ၎င်း၏ သွေးများက မြေပေါ်၌ စီးကျနေသည်။

ထိုအခါ ကျန်သည့် မီးမြွေနှစ်ကောင်သည် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ထပ်မံဆွဲငင်ဖို့ငှာ အင်အား မဲ့သွားတော့သည်။

ထိုသည်ကို မြင်သည့်အခါ ဝတ်ရုံဖြူအကြီးအကဲသည် လုံးဝ ကျေနပ်သွားပြီး လက်ဝေ့ရမ်း၍ သူ့ဓားနှစ်လက်ကို ပြန်ဆင့်ခေါ်သည်။ ထို့နောက်တွင် သူက ၎င်းတို့ကို သိမ်းဆည်း၍ လမ်းမှန်နှင့် မိစ္ဆာတာအိုဘက်မှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများထံ မျက်နှာဆိုင်သည်။ သူ့မျက်နှာထက်၌ တမူထူးသော အပြုံးတစ်ခု တွဲခိုနေ၏။

ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အခြားကြယ်နန်းတော်မှ အကြီးအကဲတစ်ယောက်အပေါ် အာရုံရောက်နေသည် ဖြစ်၍ သူတို့သည် ဟန်လိနှင့် သွေးကျောက်စိမ်းတို့အပေါ် အလစ်အငိုက်တိုက်ခိုက်မှုအား တုန့်ပြန်နိုင်စွမ်း မရှိ ဖြစ်သွားခဲ့ရသည်။ သွေးကျောက်စိမ်းပင့်ကူ၏ အဖြစ်သနစ်ကို မြင်သည့်အခါ သူတို့အားလုံး ဒေါသပုန်ထလျက် သူတို့၏ မျက်လုံးထဲ၌လည်း ဒေါသမီးလျှံ တလက်လက် တောက်ပကုန်၏။

မန်ဟုဇီသည် ဘာမှ ထိန်ချန်မထားလေတော့ဘဲ ထိုအကြီးအကဲနှစ်ယောက်ကို ကျယ်လောင်စွာ ဆဲရေး၍ သူ၏ လက်နှစ်ဖက်ကို ပူးကပ်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။ သို့သော် မန်ဟုဇီ အခြား ဘာမျှ ဆက်မလုပ်နိုင်ခင် အစောပိုင်းတုန်းက တိုက်ခိုက်ခဲ့သော ကြယ်နန်းတော်မှ အကြီးအကဲသည် အဖြူရောင်အလင်းစက်များအဖြစ်သို့ လွင့်ပြယ် ပျောက်ကွယ်သွားတော့သည်။ ကျန်ခဲ့တာဟူ၍ ကြမ်းပြင်ပေါ်၌ ရွှေရောင်ခပ်ရေးရေး အဆောင်တစ်ခုသာ။ အလားတူမြင်ကွင်းမျိုးသည် အခြားဝတ်ရုံဖြူအကြီးအကဲ၌လည်း ထပ်ဖြစ်ပွား၏။

မန်ဟုဇီသည် သူ၏ ဒေါသကို အလျင်အမြန် ဖိနှိပ်ကာ တစ်ကိုယ်တည်း မကျေမချမ်း ရေရွတ်သည်။

“ ကြယ်နန်းတော်ရဲ့ ဝင်စားခြင်းအဆောင်။ သူတို့က သူတို့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်အစား ဒီလိုပုံစံနဲ့ သူတို့ရဲ့ ကြွယ်ဝမှုကို ကြွားလုံးထုတ်လာကြတာပဲ။ ပြီးတော့ သူတို့ အဲ့လို လုပ်ခဲ့တာဟာ ကျုပ်တို့က သူတို့အပေါ်မှာ သံသယဝင်မှာကို ဖြေရှင်းနိုင်အောင်လည်း ပါတယ်…”

အခြားသူများသည် မြေပြင်ထက်သို့ ကျရောက်သွားသော ရွှေရောင်အဆောင်များကို အကူအညီမဲ့စွာသာ မျက်နှာအပျက်ပျက်နှင့် ကြည့်နေကြသည်။ ထို့နောက်တွင် ၎င်းအဆောင်များသည် မီးထတောက်ကာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားသည်။

အတွင်းပိုင်းခန်းမများ၏ ငါးထပ်မြောက်ရှိ တိတ်ဆိတ်သော ထောင့်နေရာတစ်ခုတွင် ဝတ်ရုံဖြူအဘိုးအိုနှစ်ယောက်သည် အမှောင်ထုထဲ၌ တင်ပလွေခွေကာ ထိုင်နေလျက် ရှိသည်။ သူတို့က မျက်လုံးမှိတ်ထားလျက် ရှိ၏။ သူတို့ထဲမှ တစ်ယောက်သည် ပျော်ရွှင်ဟန် စွက်သော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလာသည်။

“ကံကောင်းလို့ပေါ့…ကျုပ်တို့ သူတို့နောက်ကို လိုက်ခဲ့မိလို့သာပဲ။ မဟုတ်ရင် ကောင်းကင်လေဟာနယ်ဒယ်စောက်ဟာ သူတို့လက်ထဲ ကျရောက်သွားတော့မှာ…”

“ဒါပေမဲ့လည်း ကျုပ်တို့ရဲ့ ဝင်စားခြင်းတွေကို သူတို့ တွေ့သွားတာ နည်းနည်း စောသွားတယ်။ မဟုတ်ရင် သူတို့ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို တိုက်ခိုက်နေတဲ့အချိန်မှာ ကျုပ်တို့ ဝင်လှုပ်ရှားနိုင်မှာ…။ အဲ့ကျင်ရင် သူတို့အနေနဲ့ ကျုပ်တို့ ရတနာကို ရယူတာမှာ တားဆီးဖို့ ခက်သွားပြီ…”

အခြားအဘိုးအိုတစ်ယောက်ကမူ သုန်မှုန်သည့်လေသံဖြင့် ထိုသို့ ပြောလာသည်။

“ဟားဟား…ကျုပ်တို့ လောဘ သိပ်မကြီးတာပဲ ကောင်းပါတယ်။ လမ်းမှန်နဲ့ မိစ္ဆာတာအိုတွေရဲ့ ရတနာရအောင် ကြိုးစားမှုကို ကျုပ်တို့က ခုလို ရလဒ်မျိုး ဖြစ်အောင် လုပ်နိုင်ခဲ့တာပဲလေ။ ဒါပေမဲ့လို့ ဒီဟာက ကျုပ်တို့အနေနဲ့ ပြဿနာကို အချိန်ဆွဲထားနိုင်ခဲ့ရုံလောက်ပဲ။ နောက်တစ်ခါ ကောင်းကင်လေဟာနယ်ခန်းမ ဖွင့်ဟတဲ့အခါကျရင် ပြသနာတစ်ခု ရှိလာပြီ…”

သုန်မှုန်သော လေသံပိုင်ရှင်သည် အရေးမစိုက်ဟန်ဖြင့် ပြောလာသည်။

“ဒါက မမှားဘူး။ ဒါပေမဲ့ ကျုပ်တို့ အဲ့နေ့ကို မြင်ရချင်မှ မြင်ရမှာပါ။ သူတို့ ပြောပြောနေတဲ့ ကောင်းကင်ဖာထေခြင်း ဆေးလုံးဟာ တကယ်ပဲ အံ့ဖွယ်ဆန်လွန်းတာ ဟုတ်၊ မဟုတ်တော့ ကျုပ် မြင်ချင်သေးတယ်။ ဒီဆေးလုံးဟာ တကယ်ပဲ မသန့်စင်တဲ့ စိတ်ဝိညာဉ်ရင်းမြစ်တွေရဲ့ ချို့ယွင်းချက်ကို ပြင်ပေးနိုင်တာ ဒါမှမဟုတ် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် အသစ်တွေကို သန့်စင်ပေးနိုင်တာ ဟုတ်လား၊ မဟုတ်လား ဆိုတာ ကျုပ် မြင်ချင်မိတာ အမှန်ပဲ။ ဒါက တကယ့်ကို လက်မခံနိုင်စရာပဲ…”

“စိတ်မကောင်းစရာပဲ။ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ အဆုံးသပ်ကို ရောက်ခါနီးနေပြီ။ ဒီဆေးလုံးကို ကျုပ်တို့အတွက် အသုံးပြုတာဟာ ဖြုန်းတီးရာ ကျလိမ့်မယ်။ ရယ်စရာကောင်းတာ တစ်ခုကတော့ အဲ့ဒီ ကောင်းကင်ဖာထေးခြင်းဆေးလုံးအကြောင်း ဘယ်သူက စပြောခဲ့မှန်း မသိရပေမယ့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ များစွာဟာ ဒီကောလဟာလ တွေကို စိတ်နှစ်ကိုယ်နှစ် ယုံကြည်နေကြတာပဲ။ ဒါက တကယ်ပဲ လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ပြီး စဦးစိတ်ဝိညာဉ်အဆင့်ရဲ့ အဆင့်တစ်ဆို့မှုကို ချိုးဖကျ်ပေးနိုင်စွမ်း ရှိတယ်တဲ့လား။ အဲ့လို အစွမ်းသတ္တိတွေသာ တကယ် အမှန်ဆို လမ်းခြောက်သွယ်ရဲ့ လက်နက်သူတော်စင်နဲ့ အရူးသခင်မတို့ဟာ ကျိန်းသေပေါက် ရောက်လာလောက်ပြီ။ ဒါပေမဲ့လို့ ကံဆိုးစွာနဲ့ ကောင်းကင်ဖာထေးခြင်းဆေးလုံးဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို စဦးစိတ်ဝိညာဉ် သိပ်သည်းနိုင်ဖို့ အခွင့်အရေးများအောင်ပဲ ကူညီပေးနိုင်စွမ်းသာ ရှိနေတာပဲ။ ဒီဆေးလုံးကို သန့်စင်ဖော်စပ်ဖို့ကတော့ အမှန်တကယ် ခက်ခဲလွန်းပါတယ်လေ….”

ဦးဆုံးပြောခဲ့သော အသံပိုင်ရှင်သည် လှောင်ပြောင်သည့်လေသံဖြင့် ထိုသို့ ပြောလာသည်။

“ဟား…ဘယ် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူကများ ဒီနေရာကို လာနိုင်စွမ်း ရှိလို့လဲ။ ဒါ့အပြင် အဲ့ဒီ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေကလည်း ကျုပ်တို့နဲ့ အတူတူပဲ။ သူတို့ဟာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြပြီး ဖြစ်တယ်။ ဒါပေမဲ့လို့ သူတို့ဟာ ရှေ့ဆက်ပြီး မတိုးတက်နိုင်ကြတော့ဘူး။ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ကျော်ကြားတဲ့ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို ရဖို့အပေါ်မှာပဲ လုံးလုံးလျာလျာ ထားရှိလိုက်ကြတော့တယ်။ ဒါကလည်း နားလည် ပေးလို့ရပါတယ်။ ကျုပ်တို့သာ ငယ်ငယ်ရွယ်ရွယ်ဆိုလည်း ဒီဆေးလုံးကို ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြမှာပဲ….”

ထိုသို့ ပြောပြီးနောက်မှာ အခြားအသံပိုင်ရှင်သည် သဘောတူဟန်ဖြင့် တိတ်ဆိတ်သွားသည်။

“ကဲ သွားကြစို့…သူတို့ရဲ့ ဒေါသကို ပုံချဖို့ ဒီကောင်တွေ ကျုပ်တို့ကို ရှာဖို့ ကြိုးစားကြလိမ့်မယ်။ အဲ့ကျရင် ပြဿနာများသွားနိုင်တယ်။ ဒီကောင်တွေတော့ ကျိန်းသေပေါက် ဒေါသပုန် ထနေကြမှာပဲ…”

ထိုသို့ ပြောပြီးသည်နှင့် အမှောင်ထုသည် ထပ်မံ ငြိမ်သက်တိတ်ဆိတ်သွားပြန်သည်။ ဤနေရာ၌ မည်သူမျှ မရှိခဲ့လေသည့်အလား။

ထိုအကြီးအကဲနှစ်ယောက်၏ ခန့်မှန်းမှုများသည် မမှားပေ။ လမ်းမှန်နှင့် မိစ္ဆာတာအိုကျင့်ကြံသူများသည် အမှန်တကယ်လည်း ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင်လည်း စိတ်အားတက်ကြွမှု မရှိကြတော့ဘဲ စိတ်ဓာတ်ကျမိနေသည်။ သို့သော် သူတို့သည် ဉာဏ်များလှသော မြေခွေးအိုကြီးများသာ။ သူတို့၏ တည်ငြိမ်မှုကို အလျင်အမြန် ပြန်ရရှိကြ၏။ သူတို့သည် ကြယ်နန်းတော်၏ ကြားဝင်နှောက်ယှက်မှုအပေါ် သည်အတိုင်း ဒေါသထွက်နေခြင်းက အဓိပ္ပာယ်မရှိမှန်း သိကြသည်။

ဟန်လိသည် သူ အောက်သို့ ပြုတ်ကျစဉ် ပျက်စီးသွားသော အလင်းအရံအတားပေါ်တွင် ရှိနေရင်းကနေ လေထဲသို့ ပြန်တက်လာသည်။ ထိုအခိုက်တွင် သူက သူ့လက်တို့ကို အလန့်တကြား ကြည့်မိ၏။ သူ့လက်တို့မှာ သွေးများ ပေကျံလျက် သူ့ လက်မနှင့် လက်ညှိုးတို့ကြားမှာ လုံးဝ ဆုတ်ပြဲနေလေပြီ။ သို့သော် သူ့အကြည့်က သူ့လက်အပြင် သူ၏ ညာဘက်လက်နှင့် ဆုပ်ကိုင်ထားဆဲ ဖြစ်သော ကျောက်စိမ်းတောင်ဝှေးထံသို့ အာရုံကျရောက်သွားသည်။

ထိုအခိုက်တွင် ဝမ်ထျန်မင်က ချောင်းဟန့်၏။ သူက မိစ္ဆာတာအိုကျင့်ကြံသူများကို တခုခု ပြောချင်နေသည့်အလား။ သို့သော် ထိုအခိုက်တွင် ကျိနစ်ယင်၏ မီးမြွေနှစ်ကောင်က ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ အဆက်မပြတ် ငြီးသံမြည်ဟီးလျက် ၎င်းတို့၏ မူလအသွင်သို့ ပြန်ပြောင်းလဲသည်။ အပေါက်ဝထဲသို့ ပြုတ်ကျသွားရင်း ကောင်းကင်လေဟာနယ်ဒယ်စောက်သည် အသံတစ်သံကို ထုတ်လွှတ်၏။

လူတိုင်းသည် ထိုမြင်ကွင်းကို ခေါင်းငုံ့၍ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ကြသည်။ ကျိနစ်ယင်သည် သိသိသာသာကို သုန်မှုန်နေပေ၏။ သူ့မျက်လုံးထဲ၌လည်း လက်သင့်မခံနိုင်မှုတို့ ပြည့်နေသည်။ သို့ပေမည့် ထိုစဉ် မမျှော်လင့်သောအရာတစ်ခု ဖြစ်ပွားလာခဲ့သည်။

ကောင်းကင်လေဟာနယ်ဒယ်စောက်သည် အပေါက်ဝထဲသို့ ပြန်ပြုတ်ကနေစဉ် ၎င်းသည် တစ်စုံတစ်ခုကြောင့် တန့်သွားပြီး ၎င်း၏ အသံသည် နဂါးဟိန်းသံ ဖြစ်လာသည်။ ထို့နာက်တွင်မူ အပြာရောင်မီးတောက်များအတွင်းမှ လက်သီးစုပ်ခန့်အရွယ်ရှိ သက်တံအလင်းလုံးတစ်လုံးသည် လေထဲသို့ ထိုးတက်လာခဲ့သည်။

“ကောင်းကင်ဖာထေးခြင်းဆေးလုံး…” လမ်းမှန်နှင့် မိစ္ဆာတာအိုကျင့်ကြံသူများက ထိုအမည်ကို ပျော်ရွှင်အံ့အားသင့်စွာဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

All Chapters