စဦးစိတ်ဝိညာဉ်၏ အသွင်ပုံစံ
Vol. 35 Ch. 487
ကောင်းကင်ဖာထွေးခြင်း ဆေးလုံး ထွက်ပေါ်လာခြင်းကြောင့် ကောင်းကင်ထက်တွင် ဗရမ်းဗတာများ ဖြစ်ကုန်သည်။ အစောပိုင်းလေးတုန်းက အေးဆေး ဖြစ်နေသော နေရာကနေ လူတိုင်းသည် အလင်းတန်းများအဖြစ်သို့ ချက်ခြင်း ပြောင်းလဲကာ သက်တံအလင်းလုံး ထွက်ပေါ်လာသော နေရာထံ တန်းတန်းမတ်မတ် ပျံသန်းလာကြသည်။ သို့သော် လမ်းတစ်ဝက်တွင် ရှိသေး ထိုအလင်းတန်းများက ရောယှက်ကုန်ပြီး သူတို့အားလုံးသည် ရှေ့ဆက်တိုးနိုင်စွမ်း မရှိကြတော့ပေ။ အချိန်တစ်ခုထိ အလင်းဖြာထွက်မှုများက တဖြတ်ဖြတ်၊ မိစ္ဆာချီတို့မှာလည်း ရုန်းကြွလျက်။
သက်တံအလင်းလုံးကမူ အပေါက်ဝအထက်၌ မလှုပ်မယှက် မြောလွင့်လျက် ရှိ၏။ ၎င်းက တစ်စုံတစ်ယောက် လာ၍ လှမ်းယူမည်ကို စောင့်နေသည့်နှယ်။
အခုအခါ၌ လူတိုင်းသည် သက်တံအလင်းလုံးအတွင်း၌ တစ်လက်မလောက် အထူရှိမည့် ဆေးလုံးတစ်လုံးသည် လည်ပတ်လျက် ရှိနေတာကို ကောင်းကောင်း မြင်နေရလေပြီ။ ထိုဆေးလုံး လှည့်ပတ်သည့်အခါတိုင်း သက်တံအလင်းသည် တဖြတ်ဖြတ် ဖြစ်၏။ ၎င်းသည် အသက်ဝင်နေသည့်ပုံ ပေါ်သည်။ ထိုသည်ကို မြင်သည့်အခါ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများသည် ပို၍ လောဘဇောတိုက်လာကြ၏။
ဝူချောင်နှင့် အရိုးသခင်တို့နှစ်ယောက်တို့နှစ်ယောက်လုံးကို ကောင်းကင်ထက်တွင် အပြင်းအထန် ဖြစ်နေသော တိုက်ပွဲက ဖမ်းစားသွားတော့သည်။
ရုတ်တရက် ဝူချောင်၏ နားထဲ ကျိနစ်ယင်၏ အေးစက်စက်အသံ တိုးဝင်လာသည်။
“မင်းက ငတုံးလားကွာ။ ဘာလို့ ဒီတိုင်း ထိုင်ကြည့်နေတာလဲ။ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို မြန်မြန် အရယူလေ…”
ထိုစကားကို ကြားသည့်နောက်မှာ ဝူချောင်သည် သဘောပေါက်သွားပြီး သက်တံအလင်းလုံးထံ ပြေးဝင်သွားသည်။
ထိုအခိုက်တွင် အရိုးသခင်ကလည်း လှုပ်ရှားလာသည်။ သို့ပေမည့် ကောင်းကင်ဖာထေးခြင်းဆေးလုံးက သူ့ပစ်မှတ် ဟုတ်မနေပေ။ ထိုအစား သူ့လက်နှစ်ဖက်သည် ဝေဝါးသွားပြီး မိစ္ဆာဆန်သော အစိမ်းရောင် မြွေနှစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလျက် ဝူချောင်၏ နောက်ကျောဘက်သို့ တန်းတန်းမတ်မတ် တိုးဝင်သည်။
ထိုမြွေဖြင့် တိုက်ခိုက်မှုသည် တိတ်တဆိတ် ဖြစ်သော်ငြား ဝူချောင်သည် သတိထားနေသည် ဖြစ်၍ သူ့ထံ ချဉ်းကပ်လာတာကို အာရုံခံမိသည်။ ချက်ခြင်းပင် သူက တဖက်သို့ လှည့်၍ ထိုတိုက်ခိုက်မှုကို ဒေါသတကြီး ပြန်တုန့်ပြန်၏။
“မင်းက သေချင်လို့ ကျုပ်ကို လာတိုက်ခိုက်တာလား…” ဝူချောင်မှာ သူ၏ ဒေါသကို ချုပ်တီးထားနိုင်ခြင်း မရှိတော့ပေ။ သူ၏ လေးနက်ယင်ချီကို သူ့ပတ်လည်၌ လွှမ်းစေလျက် အရိုးသခင်ထံ တဟုန်ထိုး ဝင်ရောက်တော့သည်။
အရိုးသခင်သည် အေးတိအေးစက် ရယ်မော၍ စကားမဆိုဘဲ အစိမ်းရောင်တစ္ဆေချီအုပ်ကို စေလွှတ်၍ တုန့်ပြန်သည်။
“မန်ဟုဇီ…ခင်ဗျားရဲ့ ဂျူနီယာက ဘာသဘောလဲ…” ကျိနစ်ယင်မှာ ထိုအဖြစ်အပျက်ကို မြင်၏။ သူက မန်ဟုဇီထံ ဒေါသတကြီး လှမ်းအော်သည်။
မန်ဟုဇီသည် ဝမ်ထျန်မင်ထံ ရွှေရောင်လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီးနောက်မှာ အားပါးတရ ရယ်မော၍ ပြန်တုန့်ပြန်လာသည်။
“သူ ဘာသဘောလဲ ဟုတ်လား။ သူက ရောင်းရင်းဝူ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို မောင်ပိုင်စီးမှာကို တားဆီးနေတာ အသိသာကြီးပဲ။ ကျုပ်တို့ဟာ မိစ္ဆာတာအို ကျင့်ကြံသူချင်း ဖြစ်တယ်ဆိုပေမယ့် ဒီအရှင်ဟာ ကောင်းကင်ဖာထေးခြင်း ဆေးလုံး မင်းကို ပေးမယ်လို့ တကယ်ကြီး ထင်နေတာလား…”
“ခင်ဗျား…” ကျိနစ်ယင်သည် ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာမှာ ဒေါသကြောင့် ဖြူရော်သွား၏။ မန်ဟုဇီ၏ စကားများသည် မိစ္ဆာတာအိုကျင့်ကြံသူချင်းကြားရှိ သဘောတူညီမှုကို ပျောက်ပျက်သွားစေပြီး ထိုဆေးလုံးကို ရရန် အရည်အချင်းပေါ်၌သာ မူတည်သည်ဟု ဆိုလိုနေပေသည်။ သို့ပင်ဆိုသော်ငြား သူတို့ကြားရှိ မဟာမိတ်ဖွဲ့မှုမှာ အစတည်းက ခိုင်မာလှခြင်း ရှိမနေခဲ့ပေ။
ကောင်းကင်ဖာထေးခြင်းဆေးလုံးသည် တစ်လုံးတည်းသာ ပေါ်လာခဲ့တာ မဟုတ်လား။ လူတိုင်းက ၎င်းကို လိုချင်ကြမှာ သဘာဝပင်။ မိစ္ဆာတာအို ကျင့်ကြံသူများ မဆိုနှင့်ဦး။ လမ်းမှန်တာအိုကျင့်ကြံသူများပင် သူတို့၏ စိတ်ထဲ၌ ကိုယ်ပိုင်အကြံများ ရှိနေကြသည်သာ။
ကျိနစ်ယင်သည် သည်တိုက်ပွဲမှာ တိုက်လားခိုက်လား အချိန်၌ ဘက်အချင်းချင်း စကားစမြည် များနေရန် အချိန်မရမှန်း သိသည်။ သူ့စိတ်ကိုယ်သူ ပြန်တည်ငြိမ်စေပြီး သူက ကောင်းကင်ဖာထေးခြင်းဆေးလုံးကို ရရန် သူ၏ ကောင်းကင်ကျယ်ပြန့်အလောင်းကောင်များကို အသုံးပြုဖို့ တွေးသည်။ သို့သော် လယ်သမားအို၏ ပညာရပ်များမှာ ချိန်းခြောက်နိုင်လှသည်ဖြစ်၍ လစ်လျူရှုထား၍ မရနိုင်ဘဲ ရှိသည်။ သူက အလောင်းကောင်တစ်ကောင်ကို ထုတ်လွှတ်လျှင်ပင် ထိုလယ်သမားအိုသည် အစိမ်းရောင်အမျှင်တန်းတစ်ခုကို ထုတ်ဖော်လျက် သူ့အလောင်းကောင်ကို ထိန်းချုပ်လိမ့်မည်သာ။ ထိုသို့သော အခြေအနေကြောင့် ကျိနစ်ယင်မှာ အံတင်းတင်းကြိတ်လျက် လယ်သမားအိုနှင့် မန်ဟုဇီတို့အပေါ် မုန်းတီးနေတော့သည်။
သို့ပေမည့် ကျိနစ်ယင်တစ်ယောက်တည်းကသာ ထိုသို့သော အတွေးမျိုး ရှိနေတာ မဟုတ်ပေ။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတိုင်းသည် ဤသို့သော အခြေအနေမျိုး ကြုံနေရသည်ပင်။ သူတို့သည် တိုက်ပွဲကနေ ထွက်ကာ ရတနာကို အရယူဖို့ ချောင်းနေကြသည်။
ကံဆိုးသည်မှာ သည်မှာ ရှိနေသော လူအိုကြီးအားလုံးမှာ ဉာဏ်များလှသူများသည်ပင်။ မည်သူကမျှ တိုက်ပွဲကနေ အလွယ်တကူ ချိုးဖျက်ထွက်နိုင်ခြင်း မရှိနေပေ။ တကယ်တော့ တစ်ယောက်ကို တစ်ယောက် အပြတ်အသပ် အနိုင်ယူနိုင်မှသာ သူတို့သည် တိုက်ပွဲစက်ကွင်းကနေ လွတ်မြောက်ပေလိမ့်မည်။ သည်အချိန်၌ မည်သူကမျှ ဟန်လိအပေါ် အာရုံထားနေကြတာ မရှိတော့ချေ။
ဟန်လိသည် ကြယ်နန်းတော် အကြီးအကဲ၏ တိုက်ချက်ကနေ ရှင်သန်နိုင်ခဲ့သည့်အခါ အတော့်ကို အံ့ဩဘနန်း ဖြစ်နေမိသည်။ တကယ်တော့ သူ့ကို စဦးစိတ်ဝိညာဉ်မှော်ရတနာတစ်ခုက လာထိမှန်တာ မဟုတ်လား။ သူ့ရင်ဘက်သို့ သူ ငုံ့ကြည့်မိသည့်အခါ မန်ဟုဇီ သူ့ကို ပေးခဲ့သော အင်ပါယာသတ္တုပြားက သူ့ကို ကယ်တင်ပေးခဲ့တာမှန်း တွေ့ရှိလိုက်ရတော့သည်။
သူ၏ အပြင်ပိုင်း အဝတ်အစားတို့မှာ မဲကျွမ်းသွားခဲ့ပြီး ဖြစ်သည်။ သူ့ကိုယ်၌ ငွေရောင်တလက်လက် တောက်ပနေသော သတ္တုပြားကသာ ပေါ်ထွက်နေသည်။ သို့သော် ထိုသတ္တုပြားချပ်ဝတ်၏ ဗဟိုချက်တွင်မူ အနည်းငယ် ပိန်ချိုင့်သွားခဲ့ပေပြီ။
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ပျော်ရပေသည်။ ကံကောင်းစွာဖြင့် သူသည် ထိုချပ်ဝတ်ကို ကြိုတင်၍ ဝတ်ထားရန် ဆုံးဖြတ်ခဲ့၍သာ တော်သေးသည်။ ဤသည်က သူ့အသက်ကို ကယ်တင်ပေးခဲ့တာပင်။ သို့သော် ဟန်လိသည် သူ့အသက်ကို သိသိသာသာ ချမ်းသာရာ ရစေခဲ့တာကတော့ အနီအဝါကျောက်စိမ်းတောင်ဝေးမှန်း ကောင်းကောင်း နားလည်သည်။
သူက ထိုကျောက်စိမ်းတောင်ဝှေးဖြင့် သူထံ တိုက်ခိုက်မှုကို ပိတ်ဆို့ခဲ့စဉ် ၎င်းထံမှ ငွေရောင်ဝံပုလွေတစ်ကောင် ပေါ်ထွက်ခဲ့ပြီး တိုက်ချက်၏ အင်အားအများစုအား စုပ်ယူခဲ့တာကို ဝိုးတဝါး မြင်ခဲ့ရသည်။ မဟုတ်ပါက ခုခံမှုစွမ်းအား အံ့ဩလောက်အောင် ပိုင်ဆိုင်ထားသော်ငြား အင်ပါယာသတ္တုပြားသည် မထိမခိုက်ဘဲ ကျန်နေခဲ့လိမ့်မည် မဟုတ်ပေ။ ထိုသတ္တုပြားသပ်သပ်နှင့်ဆို သူသည် အသက်မသေသည့်တိုင် ဒဏ်ရာအပြင်းအထန်တော့ ရသွားလိမ့်မည်သာ။
ဟန်လိသည် တောင်ဝှေးရတနာကို ဆက်၍ စူးစမ်းကြည့်ချင်စိတ် ဖြစ်နေမိသည်။ သို့သော် အခုက အခွင့်အခါကောင်း မဟုတ်ချေ။ သူက ထိုတောင်ဝှေးကို သိမ်းဆည်းပြီးသည်နှင့် သူ့လက်ဝါးမှ နာကျင်မှုနှင့် သူ့လက်မနှင့် လက်ညှိုးကြားရှိ အရေပြားမှ အပြင်းအထန် နာကျင်မှုကို ခံစားလိုက်ရသည်။
ဟန်လိသည် အံတင်းတင်းကြိတ်၏။ သူ့လက်နှစ်ဖက်မှာ အဖြူရောင်လင်းလက်သွားပြီး သူ၏ ဒဏ်ရာများကို မျက်စိဖြင့် မြင်နိုင်လောက်သည့်နှုန်းဖြင့် ကုသစေသည်။ တစ်ချိန်တည်းမှာ သူက ဘေးပတ်ဝန်းကျင်ကို သတိထား၍ ဝေ့ခတ်ကြည့်ရှုရာ ပလ္လင်ပေါ်ရှိ သွေးကျောက်စိမ်းပင့်ကူ၏ ဆိုးဆိုးဝါးဝါး သေဆုံးနေပုံကို မြင်ရသည်။
ဟန်လိ၏ မျက်လုံးထဲ စိတ်မကောင်းဖြစ်ဟန် ဖြတ်ပြေးသွားနောက်မှာတော့ သူ့မျက်လုံးထဲတွင် ပြတ်သားမှုတို့က အပြည့်အဝ အစားထိုးသွားသည်။ သူသည် သူ့ကို ကျားကန်ပေးထားသော အလင်းအရံအတား၏ အစွန်းသို့ အားတင်းသွား၍ လှေကားထစ်များထံ တိတ်တဆိတ် ပျံသန်းလာ၏။ သူ၏ ထူးကဲသော မှတ်ဉာဏ်ကြောင့် အတွင်းပိုင်းခန်းမရှိ အထပ်များမှ စက်ရုပ်သေးများသည် ပြန်မပေါ်လာသေးသ၍ သူသည် အန္တရာယ်များများစားစား မရှိဘဲ အောက်ဘက်ရှိ အထပ်သို့ ပြန်သွားနိုင်စွမ်း ရှိနေမည်သာ။ သည်နေရာမှာ သည်တိုင်းနေနေပြီး စဦးစိတ်ဝိညာဉ်အဆင့် မိစ္ဆာအိုကြီးများ၏ သနားငဲ့ညှာမှုကို စောင့်နေရခြင်းထက် ထိုသို့ ပြုမူခြင်းက အများကြီး ပိုသာပေသည်။
တကယ်တော့ ဟန်လိသည် သူ၏ သွေးကျောက်စိမ်းပင့်ကူ ရှင်းထုတ်ခံရပြီးသည် ထိုသူတို့က သူ့ကို တန်ဖိုးထားကြတော့ မဟုတ်ပေ။ သူ့အနေဖြင့်လည်း ထိုမိစ္ဆာတာအိုကျင့်ကြံသူများအပေါ် သူ့အသက် ပုံအပ်ထားရန် ယုံကြည်ချက် မရှိချေ။ ဟန်လိ၏ ထိုလုပ်ဆောင်မှုကသာ သူ့အတွက် သူ့ဘဝကိုယ်သူ သူ့လက်ထဲ ပြန်ရောက်စေနိုင်လိမ့်မည် မဟုတ်လား။
ထို့အပြင် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို အရယူမည့် ကြိုးစားချက်မှာလည်း မအောင်မြင်ခဲ့ပေ။ မိစ္ဆာအိုကြီးများက ကောင်းကင်ဖာထေးခြင်းဆေးလုံးကို အရယူနိုင်သည် ဆိုလျှင်ပင် သူတို့သည် ဒေါသပုန်ထနေဦးမှာသာ။ သူက သူတို၏ ဒေါသ ပုံချခံ ဖြစ်လာနိုင်တာ သေချာသလောက် ရှိ၏။
ထိုအတွေးဖြင့် ဟန်လိ၏ လှုပ်ရှားမှုများက ပို၍ ကွယ်ကွယ်ဝှက်ဝှက် ဖြစ်လာသည်။ သူသည် မီတာလေးဆယ်လောက်အကွာထိ တိတ်တဆိတ် ပျံသန်းလာပြီးနောက်မှာ အသကုန် ဆက်ပြေးရန် ပြင်ဆင်စဉ် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရတော့သည်။
“ဟန်လိ…မင်း ဘယ်ကို သွားနေတာလဲ…”
အရိုးသခင်၏ အသံသည် တည်ငြိမ်ပြီး မကျယ်သော်ငြား ကျိနစ်ယင်နှင့် အခြားသူများ ကြားသွားဖို့ကတော့ လုံလောက်သည်။ ချက်ခြင်းပင် ကျိနစ်ယင်နှင့် မန်ဟုဇီတို့သည် ဟန်လိထံ ရေခဲတမျှ အေးစက်စက်အကြည့်နှင့် လှမ်းကြည့်လာပြီး သူ့ကို နေရာတွင်ပင် တန့်သွားစေသည်။
“သေချင်းဆိုး အရိုးသခင်…” မိစ္ဆာတာအိုကျင့်ကြံသူများ၏ အာရုံစိုက်လာတာကို ခံ၇သည့်အခါ ဟန်လိသည် သူတို့လက်ထဲကနေ လွတ်မြောက်ရန် ယုံကြည်ချက် မရှိတော့ပေ။ သူသာ အတင်းအကြပ် ထွက်ပြေးရန် ကြိုးစားခဲ့လျှင် ကျိနစ်ယင်တစ်ယောက်တည်းနှင့်ပင် သူ့ကို အကြိမ်ကြိမ် သတ်ပစ်နိုင်စွမ်း ရှိနေသည် မဟုတ်လား။ အရိုးသခင်က နှာခေါင်းရှုံ့၏။ သူသည် ဟန်လိကို သူ့စိတ်ဝိညာဉ်အာရုံ အသုံးပြု၍ တချိန်လုံး စောင့်ကြည့်နေခဲ့တာ ဖြစ်သည်။ သူသည် ဝူချောင်နှင့် ရင်ဆိုင်နေတာ ဖြစ်သော်လည်း ကောင်းကင်ဖာထေးခြင်းဆေးလုံးကို ရယူချင်စိတ် နည်းနည်းလေးမျှ မပြပေ။ သူ၏ ရည်ရွယ်ချက်မှာ မရှင်းလှချေ။
တဖက်သို့ ပြန်လှည့်ပြီးနောက် ဟန်လိသည် သူ့ကို မုန်းတီးစွာ လှမ်းကြည့်ပြီး သူ့စိတ်ထဲ၌လည်း သံသယတစ်ခု ဖြစ်ပေါ်သည်။
“မန်ဟုဇီ…မင်း လက်မရှောင်ရင် ဒီဂိုဏ်းခေါင်းဆောင်က ကောင်းကင်ရွှေ့လျားခြင်း သတ္တုလုံးကို အသုံးပြုလာတဲ့အခါကျမှ ကျုပ်ကို အပြစ်မတင်နဲ့…”
ဝမ်ထျန်မင်သည် သူ့အောက် မလှမ်းမကမ်း၌ သက်တံအလင်းလုံး ရှိနေတာကို မြင်သည်။ သို့သော် မန်ဟုဇီ၏ ရွှေရောင်လက်သီးချက်များက သူ့ကို ဟန့်တားနေသည်။ ထိုသို့ ခဏခဏ နောက်ပြန်ဆုတ်ပေးနေရသည့်အခါ ဝမ်ထျန်မင်သည် နောက်ဆုံး၌ ဒေါသတကြီး ဖြစ်လာခဲ့ပေပြီ။
“ထိုစကားကြောင့် မန်ဟုဇီသည် အတော်အတန် မင်သက်သွားသည်။ သို့သော် ခဏအကြာတွင် သူက နှာခေါင်းရှုံ့ကာ ပြော၏။ ကောင်းကင်ရွှေ့လျားခြင်းသတ္တုလုံး။ ကျိနစ်ယင်နဲ့ ချင်းယီတို့ကသာ ဒါကို ကြောက်ရင် ကြောက်လိမ့်မယ်။ ဒါပေမဲ့ ဒီအရှင်ကတော့ ဒီဟာရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ချင်မိသေးတယ်…”
ဝမ်ထျန်မင်သည် ထိုရတနာကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု သူ မယုံတာ သိသာသည်။
ဝမ်ထျန်မင်က ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြောလာ၏။
“ ကောင်းတယ်…ကောင်းတယ်…မန်ဟုဇီ…မင်းက ကျုပ်ကို အမှန်တကယ် ဖိအားပေးနေတာပဲကို…”
ထိုသို့ ပြောပြီးနောက်မှာ သူက သူ့ဦးခေါင်းထိပ်ကို ထပ်မံ တွေဝေခြင်း မရှိလေဘဲ ရိုက်ပုတ်သည်။ ပဲ့တင်ထပ်သံ မြည်ဟိန်းသွားပြီး တစ်ဆက်တည်းမှာ သူ့ဦးခေါင်းထိပ်မှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် သူ့ဦးခေါင်းနှင့် တစ်မီတာလောက်အထက်တွင် ရပ်၍ နှစ်လက်မလောက်မျှသာ အရှည်ရှိမည့် မွေးကင်းစကလေးအသွင်သို့ ပြောင်းလဲသည်။ သို့သော် ပို၍ တုန်လှုပ်ဖွယ် ကောင်းသည်မှာ ထိုကလေး၏ မျက်နှာကျသည် ဝမ်ထျန်မင်နှင့် ချွတ်ဆွတ်တူနေခြင်းပင်။ ၎င်း၏လက်ထဲ၌လည်း တလက်လက် တောက်ပနေသော ခရမ်းရောင်အလုံးတစ်ခုကို ကိုင်ထားလျက် ရှိသည်။
မန်ဟုဇီ၏ အရေးမစိုက်ဟန် အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူက စိတ်အားတက်ကြွသော အကြည့်ဖြင့် အလေးအနက် ပြောလာသည်။
“စဦးစိတ်ဝိညာဉ် သရုပ်သကန်။ ဝမ်ထျန်မင်…မင်းက မင်းရဲ့ စိတ်ဝိညာဉ်ကို တကယ်ပဲ မျိုးပြုတ်သွားစေချင်တာလား…”
“ကျုပ်ရဲ့ သက်တမ်းဟာ အဆုံးသပ်ခါ နီးနေပြီ။ ဒါ့ကြောင့် ကောင်းကင်ဖာထေးခြင်းဆေးလုံးကိုသာ မရခဲ့ရင် သေရမှာ အနှေးနဲ့အမြန်ပဲ ဖြစ်တဲ့အတွက် ဘာများ ကွာခြားသွားမလဲ။ အဆိုးဆုံးမှ ရောင်းရင်းမန်က စစ်သည်တော်တစ်ယောက်ရဲ့ ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းထဲ ကျုပ်ကို စေလွှတ်ပေးဖို့ ကူညီပေးရုံပေါ့…”
ထိုစကားများကို ပြောကြားပြီးနောက်မှာ သူ၏ စဦးစိတ်ဝိညာဉ်သည် စိတ်တိုလာပုံ ရသည်။ သူ့အတွက် စကားပြောရတာပင် အလွန်အားစိုက်ထုတ်နေရသည့်အလား ထင်ရ၏။
တစ်ချိန်တည်းမှာ ဝမ်ထျန်မင်၏ စဦးစိတ်ဝိညာဉ်သည်လည်း ပေါ်လာပြီး သူ၏ ရုပ်ခန္ဓာမှာ မျက်စိမှိတ်၍ မလှုပ်မယှက် ရှိနေတော့သည်။ ၎င်းသည် အသိစိတ်ကင်းမဲ့သွားသည့်အလား။