ဆေးလုံးအတွက် တိုက်ခိုက်ကြခြင်း
Vol. 35 Ch. 488
“ဟားဟား…ပြန်လည်မွေးဖွားခြင်းလား။ ခင်ဗျားက အိပ်မက်မက်နေတာ အသေအချာပဲ။ ကျုပ်က ခင်ဗျားရဲ့ စဦးစိတ်ဝိညာဉ်ကို သန့်စင်ပစ်မှာကို မစိုးရိမ်၊ မကြောက်လန့်တာများလား။ ကျုပ်က ခင်ဗျားရဲ့ နောက်ဘဝကို ကန့်သတ်ပစ်လိုက်မယ်…”
မန်ဟုဇီသည် ဝမ်ထျန်မင်၏ စဦးစိတ်ဝိညာဉ်ကို တစ်ချက်ကြည့်၍ အေးတိအေးစက် ပြောလာသည်။
“ခင်ဗျားမှာ အဲ့လို လုပ်နိုင်တဲ့ စွမ်းရည် ရှိတယ်ဆို ကျုပ် ခံလိုက်မယ်။ အချိန်ဖြုန်း မနေတော့နဲ့။ ရောင်းရင်းမန်က ကျုပ်ရဲ့ ကောင်းကင်ရွှေ့ပြောင်းခြင်း သတ္တုကို လက်ခံလိုက်တာကသာ ပိုမကောင်းပေဘူးလား…”
မွေးကင်းစကလေးသည် ထိုသို့ ပြောပြီးနောက် သူ၏ လက်ထဲမှ အလုံးနှစ်လုံးကို ပစ်လွှတ်သည်။ ၎င်းတို့သည် သူ၏လက်မှ ထွက်သွားသည်နှင့် အဆများစွာ ပိုကြီးမားလာပြီး မန်ဟုဇီထံ လွှမ်းမိုးနိုင်သော အဟုန်ဖြင့် တိုးဝင်လာတော့သည်။
မန်ဟုဇီသည် မျက်လုံးပြူးသွား၏။ သူ့မျက်နှာမှာလည်း ဒေါသဖြင့် ရှုံ့တွနေ၏။ သူသည် သူ့ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် အတင်းအကြပ် ဖိနှိပ်ပြီး သူ၏ ဦးခေါင်းမှ ရွှေရောင်အလင်း ပေါက်ကွဲမှုနှင့်အတူ နတ်သံတစ်သံကို မြည်ဟိန်းထွက်လာစေသည်။ သူ၏ ဦးခေါင်းအထက်၌လည်း မန်ဟုဇီ၏ မျက်နှာနှင့် နှစ်လက်မမျှ အရပ်ရှိ မွေးကင်းစကလေးငယ် ပေါ်လာသည်။ ၎င်း၏ အရောင်မှာ ရွှေရောင်ရှိပြီး ၎င်းသည် ဝမ်ထျန်မင်၏ စဦးစိတ်ဝိညာဉ်ထက် မသိမသာ ပိုကြီးမားပြီး ပိုသိပ်သည်းသည်။ သို့သော် ၎င်းကမျက်လုံးမှိတ်ထားလျက် ရှိပြီး လက်ထဲ၌ မိုးပြာဒိုင်းငယ်တစ်ခုကို ဆုပ်ကိုင်ထားသည်။ ထိုဒိင်းသည် ထူးခြားပြီး ၎င်း၏ အလယ်တည့်တည့်၌ ပဲစေ့အရွယ်ခန့် ကျောက်တုံးတစ်ခုကို မြှုပ်ထား၏။
မန်ဟုဇီ၏ စဦးစိတ်ဝိညာဉ်သည် မျက်လုံးမှိတ်ထားလျက် ရှိသော်ငြား ၎င်းက အပြာရောင်အလင်းလုံး ချဉ်းကပ်လာတာကို သတိပြုမိပုံ ရသည်။ ၎င်းက လက်ထဲရှိ ဒိုင်းကို ပင့်မြှောက်လျက် အလင်းအကာအရံတစ်ခုကို မန်ဟုဇီ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ခြုံလွှမ်းသွားစေသည်။ ယင်းနောက်မှာမူ ခရမ်းရောင်အလင်းလုံးတို့က သူ့ခန္ဓာကိုယ်ကို လာထိမှန်သည်။
သူတို့နှစ်ယောက်၏ စဦးစိတ်ဝိညာဉ်သရုပ်သကန်ကို မြင်ရသည့်အခါတွင် အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အံ့အားတသင့် ဖြစ်ကုန်ကြသည်။ အခု ထိုနှစ်ယောက်သည် အသေအရှင် တိုက်ပွဲနွှဲကြတော့မည်။
ကောင်းကင်ထက်တွင် လောကပျက်စီးသည့်နှယ် ပေါက်ကွဲမှုများ ဖြစ်ပေါ်၏။ ကျောက်ဖြာကို ခြုံလွှမ်းထားသော အလင်းအကာအရံသည် ခရမ်းနှင့် အနီအလင်းတို့ ရောင်ပြန်ဟပ်ကာ ဖြာထွက်သည်။ မီတာလေးဆယ်လောက်ရှိမည့် လျှပ်စီးတိမ်တိုက်တစ်ခု ပေါ်လာပြီး ထိုတိမ်တိုက်အတွင်း၌ မိုးကြိုးဖားဖိုနှင့် မျက်စိစူးကျိန်းလောက်မည့် လျှပ်စီးတို့မှာ ရောထွေးယှက်လိမ်လျက် ရှိသည်။ ဤသည်မှာ ကောင်းကင်ဘုံလျှပ်စီးက မိုးကြိုးပြစ်ဒဏ်ကို ထုတ်ဖော်လိုက်လေသည့်နှယ် ထင်မှားရသည်။
အခြားသူများသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်ကုန်၏။ သူတို့သည် ကောင်းကင်ရွှေ့ပြောင်းခြင်း သတ္တုလုံး၏ ကြမ်းတမ်းပုံကို ကြားဖူးတာ ကြာပြီ ဖြစ်၏။ သို့သော် ခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ ၎င်းမှာ အမှန်တကယ် လန့်စရာ ကောင်းလှ၏။ ၎င်း၏ ဂုဏ်သတင်းနှင့် ထိုက်တန်လှပါသည်။
သို့ပေမည့် ကောင်းကင်ရွှေ့ပြောင်းခြင်းသတ္တု၏ ခွန်အားကို မျက်မြင်တွေ့ရပြီးနောက်မှာ မန်ဟုဇီနှင့် ဝူထျန်မင်တို့၏ တိုက်ခိုက်မှုများကား ပို၍ ကြမ်းလာချေသည်။ မန်ဟုဇီကို ကြည့်ပင် မကြည့်လေဘဲ ဝမ်ထျန်မင်၏ စဦးစိတ်ဝိညာဉ်က ၎င်း၏ လက်သေးသေးကို ဝေ့ရမ်းပြီး ခရမ်းရောင်ဓားငယ်တစ်လက်အား ဆင့်ခေါ်သည်။ ခရမ်းရောင် လင်းလက်သွားပြီး စဦးစိတ်ဝိညာဉ်နှင့် ဓားငယ်တို့သည် ပျောက်ကွယ်သွားသည်။ ထို့နောက် ချက်ခြင်းပင် ၎င်းသည် ဆေးလုံး၏ အထက် ဆယ့်ငါးမီတာ၌ ပြန်ပေါ်လာသည်။
“စဦးစိတ်ဝိညာဉ် ဓားပျံသန်းခြင်း…” အခြားစဦးစိတ်ဝိညာဉ်အဆင့် လေးယောက်သည် တုန်လှုပ်စွာဖြင့် ကြည့်မိနေသည်။ ဤသို့ ဓား၏ ရွှေ့လျားမှုမှာ အံ့မခန်းအမြန်နှုန်းကြောင့် မဟုတ်နေချေ။ အမှန်တကယ် တည်နေရာရွှေ့ပြောင်းသွားခြင်းသာ။ စဦးစိတ်ဝိညာဉ်ကို အသွေးအသားခန္ဓာကိုယ်နှင့် ချည်နှောင်ထားခြင်း မရှိသည့်အခါ၌ ၎င်းစဦးစိတ်ဝိညာဉ်သည် ထူးကဲလှသော စွမ်းရည်များကို ထုတ်ဖော်နိုင်စွမ်း ရှိချေ၏။
သို့ရာတွင် ဤသို့ သော အံ့ချီးဖွယ် ပညာရပ်များသည် လူတစ်ယောက်၏ မူလချီကို ထိခိုက်စေနိုင်သည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအားလုံးသည် ထိုပညာရပ်များကို သိထားသော်ငြား သူတို့သည် လွယ်လင့်တကူ အသုံးပြုချင်စိတ် မရှိကြပေ။ သို့သော် အခုအခါတွင်မူ ဝမ်ထျန်မင်က ထိုသို့ အထိခိုက်ခံ၍ အသုံးပြုလာခဲ့ပေပြီ။ သည့်အတွက် လူတိုင်းမှာ အံ့အားသင့်အထိတ်တလန့် ဖြစ်ကုန်ရ၏။
ကျိနစ်ယင်နှင့် ချင်းယီတို့က သူတို့၏ ပြိုင်ဘက်များကို အလျင်အမြန် စွန့်ခွာပြီး ကောင်းကင်ဖာထေးခြင်းဆေးလုံးထံ အလျင်လိုစွာ ပြေးဝင်လာသည်။ သူတို့၏ ပြိုင်ဘက်များ ဖြစ်သော ထျန်ဝူဇီနှင့် လယ်သမားအိုတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ကြပြီးနောက် သူတို့က မှော်ပညာရပ်အနည်းငယ်ကိုသာ ထုတ်သုံး၍ တားဆီးကြသည်။ ယင်းသို့လောက် တိုက်ခိုက်မှုများက ကျိနစ်ယင်တို့ကို ပိတ်ဆို့နိုင်မည် မဟုတ်ပေ။
သို့ဖြင့် ကျိနစ်ယင်နှင့် ချင်းယီတို့သည် အလွယ်တကူ တိုက်ပွဲကွင်းကနေ ချိုးဖျက်၍ အလျင်အမြန် သက်ဆင်းလာသည်။ ဝမ်ထျန်မင်၏ စဦးစိတ်ဝိညာဉ်က ခေါင်းပင် လှည့်မကြည့်သော်ငြား သူ့နောက်၌ မည်သို့ ဖြစ်ပျက်နေတာကို မြင်သည်။ သူ၏ စဦးစိတ်ဝိညာဉ် (ဝါ) မွေးကင်းစကလေး၏ မျက်နှာထက်တွင် လှောင်ပြောင်သည့်ဟန် ဖြစ်ပေါ်သည်။ သူ၏ ခုလက်ရှိ အကွာအဝေး၌ ကောင်းကင်ဖာထေးခြင်းဆေးလုံးသည် သူ့အပိုင်ဖြစ်ရဖို့မှာ လက်တွေ့ကျနေသည် မဟုတ်လား။ သူတို့သည် အခုအခါ၌ သူ့ကို မည်သို့များ တားဆီးပိတ်ပင်နိုင်ဦးမည်နည်း။
မျှော်လင့်ထားသည့်အတိုင်းပင်။ ဝမ်ထျန်မင်၏ စဦးစိတ်ဝိညာဉ်သည် သုံးလေးကြိမ်လောက် ဖြတ်ခနဲ ဖြစ်သွားပြီးနောက်မှာ သက်တံအလင်းလုံး၏ အနီးဆုံးတွင် ပေါ်လာသည်။ ထို့နောက်တွင် ခရမ်းရောင်လက်တစ်ဖက်သည် လေထုထဲမှ ပေါ်ထွက်ကာ ထိုအလင်းလုံးကို ဖမ်းဆုပ်ယူ၏။ အလင်းလုံးသည် လက်နှင့် ဖမ်းဆုပ်ခံရသသည်နှင့် ပျောက်ကွယ်သွားပြီး သက်တံရောင်ဆေးလုံတစ်လုံးသာ ကျန်ခဲ့တော့သည်။
ဝမ်ထျန်မင်သည် ဆေးလုံးကို ရယူနိုင်ပြီး ဖြစ်၍ ကျေနပ်နေစဉ် ကျိနစ်ယင်နှင့် ချင်းယီတို့သည် သူ့နောက်၌ ပေါ်လာကြသည်။ သူတို့သည် ဝမ်ထျန်မင်ကို အောင်မြင်နိုင်ခွင့် မပေးနိုင်ပေ။ ကျိနစ်ယင်က ဒေါသတကြီး အော်ဟစ်၏။
“ဝမ်ထျန်မင်…ဆေးလုံးကို လက်လွှတ်လိုက်စမ်း…”
ဝမ်ထျန်မင်၏ စိတ်ဝိညာဉ်အပေါ်သို့ လေးနက်မိစ္ဆာချီတိမ်ထုက အုပ်စီးလာ၏။ အလားတူပင် မိုးပြာအမျှင်တန်းများကလည်း ၎င်းပတ်လည်တွင် တင်းကြပ်စွာ တုတ်နှောင်လာသည်။
“မင်းတို့က ကျုပ်ကို တားဆီးချုပ်နှောင်နိုင်စွမ်း ရှိမှာ မလို့လား…” စဦးစိတ်ဝိညာဉ်က ထိုသို့ ဟောက်၏။ ခရမ်းရောင် ဖြတ်ခနဲ လင်းလက်သွားပြီး ၎င်းသည် ၎င်းအား ဝန်းရံထားသော အနက်ရောင်တိမ်ထုနှင့် မိုးပြာအလင်းတို့ထံမှ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်မှာ ၎င်းသည် မီတာလေးဆယ်လောက် အကွာရှိ ခရမ်းရောင်ဓားငယ်ပေါ်၌ ပေါ်လာသည်။ စဦးစိတ်ဝိညာဉ်၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်သည့်ဟန် ဖြစ်ပေါ်နေလေသည်။ သို့သော် သူ့မျက်နှာထက်ရှိ ထိုလှောင်ပြုံးသည် ပေါ်လာပြီးပြီးချင်းမှာပင် ကြောက်ရွှံ့ဟန်က ချက်ခြင်း ပြန်အစားထိုးသွားသည်။ ၎င်းသည် ကောင်းကင်ထက်သို့ မယုံကြည်နိုင်ဟန်ဖြင့် အာရုံစိုက်ကာ လှမ်းကြည့်သည်။ သူတွေ့မြင်ရသည့်အရာကြောင့် စဦးစိတ်ဝိညာဉ် (ဝါ) မွေးကင်းစကလေးငယ်၏ မျက်နှာသည် အသိအသာကြီး ဖြူရော်သွားတော့သည်။
ကောင်းကင်ထက်တွင်မူ ဝမ်ထျန်မင်၏ အသွေးအသားခန္ဓာကိုယ်သည် ရွှေရောင်အလင်း ခြုံလွှမ်းထားသော ပုံရိပ်ကြီးတစ်ခု၏ ဆုပ်ကိုင်ထားခြင်းကို ခံထားရလေ၏။ ထိုသို့ ချုပ်ကိုင်ထားသူမှာ မန်ဟုဇီကလွဲ၍ အခြား မည်သူ ဖြစ်နိုင်ပါအုံးမည်နည်း။
သို့ပေမည့် အခုအခါတွင် မန်ဟုဇီ၏ ဆံပင်တို့မှာ လုံးဝ တွန့်လိမ်ကောက်နေသည်။ သူ့ဝတ်ရုံမှာ စုတ်ပြဲလျက် ရှိ၏။ သူ့ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်ကြေးခွံများက ဝန်းရံထားပြီး သူ၏ မိစ္ဆာဆန်သောဟန်ပန်အသွင်သည် အငြှိုးနတ်ဘုရားတစ်ပါးအသွင်အလား ထင်ရသည်။
“မဖြစ်နိုင်ဘူး…မင်း ဘယ်လိုလုပ် လွတ်မြောက်နိုင်တာလဲ…” ဝမ်ထျန်မင်သည် လျှပ်စီးမုန်တိုင်းကို မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်သည်။ သို့သော် သူ၏ အကြောက်တရားကမူ အခိုင်အမာ ဖြစ်သွားခဲ့လေပြီ။ လွှမ်းမိုးနိုင်ခဲ့သော ခရမ်းရောင်လျှပ်စီးမုန်တိုင်းမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ အရိပ်အယောင်လောက်သာ ကျန်ခဲ့တော့သည်။
“ဟားဟား…ဂိုဏ်းခေါင်းဆောင်ဝမ်…ခင်ဗျားရဲ့ ကံက သိပ်မကောင်းလှဘူးလို့ ပြောနိုင်တယ်။ အတိတ်တုန်းက ကျုပ်ဟာ လျှပ်စီးဝေလငါးနတ်ဆိုးသားရဲကို သတ်ဖြတ်ခဲ့ဖူးတယ်။ ဒီကောင်ရဲ့ ခန္ဓာကိုယ်ဟာ ဒဏ်ရာအပြင်းအထန် ရပြီး ထိခိုက်မှု ရှိသွားခဲ့တယ် ဆိုပေမယ့် ၎င်းရဲ့ခန္ဓာကိုယ်ထဲမှာ လျှပ်စီးစုပ်ယူခြင်းပုလဲကတော့ လုံးဝ အကောင်းတိုင်း ကျန်နေခဲ့တယ်လေ။ ခင်ဗျားရဲ့ ကောင်းကင်ရွှေ့ပြောင်းခြင်း သတ္တုလုံးဟာ တကယ့်ကို အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ ဒီပုလဲက ခင်ဗျားရဲ့ ဒီသတ္တုလုံးရဲ့ အစွမ်းသတ္တိအများစုကို စုပ်ယူပေးခဲ့တာကြောင့် ကျုပ်အတွက် ဒီဟာက အနည်းငယ်ပဲ ချိန်းခြောက်နိုင်တော့တယ်လေ…”
မန်ဟုဇီသည် သူ့လက်ကို ပင့်မြှောက်ပြီး ခရမ်းရောင်အလင်းဖြင့် တောက်ပလျက် ရှိသော ကျောက်မြက်ရတနာလုံးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် သူ့လက်ကို ဝေ့ရမ်းလိုက်ရာ ၎င်းသည် ပျောက်ကွယ်သွားတော့သည်။
“အခု ဒီအရှင်က သုံးကြိမ်ရေမယ်။ ခင်ဗျားက ကျုပ်ရှိ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို အဲ့သုံးကြိမ်ရေလို့ပြီးတဲ့ထိမှ လှမ်းမပစ်ပေးဘူးဆိုရင် ကျုပ်က ခင်ဗျားရဲ့ ရုပ်ပိုင်းခန္ဓာကိုယ်ကို ဖျက်စီးပစ်လိုက်မယ်။ အဲ့လိုသာ ဖြစ်ခဲ့ရင် အကျိုးဆက်ကို ခင်ဗျား ကောင်းကောင်း သိပါတယ်…”
မန်ဟုဇီသည် ဝမ်ထျန်မင်ကို စဉ်းစားနေရန်ပင် အချိန်မပေးပေ။ သူ့လက်တစ်ဖက်ဖြင့် ဝမ်ထျန်မင်၏ ခန္ဓာကိုယ်ကို သယ်ထားရင်း အခြားလက်တစ်ဖက်ဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ကာ စတင် ရေတွက်တော့သည်။ သူ့လက်နှစ်ဖက်သည် ရွှေရောင်အလင်းဖြင့် စတင် တောက်ပလာ၏။
ဝမ်ထျန်မင်သည် ခါးသီးစွာ အံတင်းတင်းကြိတ်သည်။ သူသည် သူ၏ စဦးစိတ်ဝိညာဉ်ကို မူလသရုပ်သကန်အဖြစ်သို့ မပြောင်းခင် သူ့အသွေးအသား ခန္ဓာကိုယ်ပေါ်၌ အတားအဆီးများကို ချထားခဲ့သည်ပင်။ သို့သော် အခုအခါ၌ သူ၏ ခန္ဓာကိုယ်သည် ရန်သူ၏ လက်ထဲ ကျရောက်သွားခဲ့ရပြီ။ သူ့အဖို့ လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။
ထို့အပြင် သူ့မှာ နည်းနည်းလေးမျှ စဉ်းစားနေရန်လည်း အချိန် မရှိပေ။ သူ့ခန္ဓာကိုယ်သာ ဖျက်စီးခံလိုက်ရပါက သူ၏ စဦးစိတ်ဝိညာဉ်သည် အမှုန့်ဖြစ်သွားမှာ သေချာသည်။
ဝမ်ထျန်မင်မှာ သူ့ရွေးချယ်စရာ ဘာရှိလေအုံးမလဲဟု စတင်၍ ကြံဆရပြီ။ သို့သော် မန်ဟုဇီသည် ‘နှစ်’ ဟု ခေါ်လာသည့်အချိန်တွင်မူ သူက အံတင်းတင်းကြိတ်လျက် ကောင်းကင်ဖာထေးခြင်းဆေးလုံးကို မန်ဟုဇီထံသို့ ပစ်ပေးလိုက်ရတော့သည်။
ဝမ်ထျန်မင်သည် သူ၏ စဦးစိတ်ဝိညာဉ်ဓားအလင်းကို အသုံးပြု၍ ရလာခဲ့သော ဆေးလုံးကို ဘာမျှ မတတ်နိုင်တော့ဘဲ ပစ်ပေးရလေတော့သည်။ သူ၏ စိတ်ကူးအိပ်မက်မှာ ချက်ခြင်း ပြိုလဲသွားခဲ့ရပြီ။
မန်ဟုဇီ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု လင်းလက်သွားသည်။ သူသည် ရှေ့သို့ ပျံသန်းလာပြီး သက်တံဆေးလုံးကို ဖမ်းယူပြီးနောက်မှာတော့ ဝမ်ထျန်မင်၏ ခန္ဓာကိုယ်ကို အလင်းအရံအတား ဘေးတစ်ဖက်သို့ အားကုန်းပစ်လွှတ်လိုက်သည်။ မည်သူကမျှ ၎င်းကို ကြားဝင် ဖမ်းယူခြင်း မရှိလျှင် ကြေမွသွားမှာ သေချာသည်။
ဝမ်ထျန်မင်သည် ဤသည်ကို မြင်သည့်အခါ သူသည် အလန့်တကြား ဖြစ်သွားပြီး ဘာမျှ မတွေးတော့ဘဲ သူ့ခန္ဓာကိုယ်ထံ တိုးဝင်သွားသည်။ ကံကောင်းစွာဖြင့် သူနှင့် သူ့ခန္ဓာကိုယ်သည် ကွာဝေးလှသော်ငြား သူ၏ စဦးစိတ်ဝိညာဉ်ဓားအလင်းသည် တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ၎င်းကို ဖမ်းဆီးနိုင်စွမ်း ရှိနေတာပင်။ ထို့နောက်တွင် မန်ဟုဇီသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ အလင်းတန်းအဖြစ် ပြောင်း၍ ထွက်ပေါက်ထံ ပျံသန်းထွက်သွားတော့သည်။
မန်ဟုဇီသည် ဝမ်ထျန်မင်ကို မသတ်ချင်၍ မဟုတ်ပေ။ သို့သော် ဝမ်ထျန်မင်မှာ ဉာဏ်အလင်းတစ်ထောင်ဂိတ်၏ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး သူသာ ထိုသူ့ကို အမှန်တကယ် သတ်ခဲ့လျှင် လမ်းမှန်တာအို၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေး၏။ ၎င်းမှာ လမ်းမှန်တာအို၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သော အရူးသခင်မပင်။ သူသည် ခုထိ သူမ၏ ပြိုင်ဘက် မဟုတ်သေးပေ။ သူမကိုယ်တိုင် သူ့နောက်သို့ အမဲလိုက်သလို လိုက်လာမည်ကိုလည်း မဖြစ်ချင်ပေ။ လမ်းမှန်တာအိုနှင့် မိစ္ဆာတာအိုနှစ်ဖက်လုံး၏ အဓိက ရန်သူကလည်း ကြယ်နန်းတော် ဖြစ်နေသည် ဖြစ်၍ သူသည် ဆေးလုံးကိုသာ ပစ်မှတ်ထားခဲ့တာ သဘာဝပင်။
မန်ဟုဇီသည် မထင်မှတ်ဘဲ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို ရသွားပြီး ထွက်သွားတော့မည်ကို မြင်သည့်အခါ ထျန်ဇူဇီနှင့် လယ်သမားအိုတို့မှာ သူ့နောက်သို့ ချက်ခြင်း လိုက်၏။ ကျိနစ်ယင်နှင့် ချီယီတို့လည်း ထိုမြင်ကွင်းကြောင့် ခဏတော့ မင်သက်သွားသေးသည်။ တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်ပြီးနောက် သူတို့သည်လည်း အရှုံးကို လက်သင့်ခံချင်စိတ် မရှိသေးဘဲ မန်ဟုဇီနောက်သို့ လိုက်လံကြတော့သည်။
သို့သော် ကျိနစ်ယင်သည် နောက်မှ မလိုက်လံခင် အနက်ရောင်တိမ်တိုက်ထုအဖြစ်သို့ ပြောင်းပြီး ဟန်လိနှင့် ဝူချောင်တို့၏ အထက်သို့ ရောက်လာသည်။ သူက အေးစက်စွာ လှမ်းပြောသည်။
“ ဝူချောင်…ဟန်လိနဲ့အတူ ဒီမှာနေခဲ့။ လျှောက်မသွားနဲ့။ ငါ ခဏနေရင် ပြန်လာခဲ့မယ်။ အခု ဒီနတ်ဆိုးအလောင်းနှစ်ကောင်ကို မင်းနဲ့အတူ ချန်ထားပေးခဲ့မယ်…”
ထိုသို့ ပြောပြီးနောက်မှာ ကောင်းကင်ကျယ်ပြန့်အလောင်းကောင်နှစ်ကောင်သည် ဝူချောင်၏ ဘေး၌ ပေါ်လာပြီး ကျိနစ်ယင်ကမူ လေထဲ၌ ဖြတ်ခနဲ ဝေဝါးပျောက်ကွယ်သွားတော့သည်။
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအားလုံးသည် မန်ဟုဇီနောက်သို့ လိုက်လံကြလေပြီ။ ဝမ်ထျန်မင်သည်လည်း သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ပြန်ရသည်နှင့် သူက အံတင်းတင်းကြိတ်လျက် နောက်မှ လိုက်သွားတော့သည်။