← Chapters

ဝူချောင်ကို သတ်ဖြတ်ခြင်း

Vol. 35 Ch. 489

ဝူချောင်ကို သတ်ဖြတ်ခြင်း

Vol. 35 Ch. 489

ဝမ်ထျန်မင်သည် ကောင်းကင်ဖာထေးခြင်းဆေးလုံးကို ရသည့်အချိန် အတောအတွင်း ဝူချောင်သည် အရိုးသခင်၏ ထိန်းချုပ်တာကို ခံနေရသည်။ သူသည် အရိုးသခင်က သူ့ထက် သာမှန်း မသိရလောက်အောင် အရူးဟုတ်မနေပေ။ ထို့အပြင် အရိုးသခင်သည် လေးနက်ယင်ပညာရပ်များအပေါ် နက်နက်နဲနဲလည်း နားလည်နေသေး၏။ သူ၏ တိုက်ခိုက်မှုတိုင်းကို ထိုသူသည် အနည်းငယ် အားစိုက်၍ ရှင်းထုတ်ပစ်နိုင်နေ၏။

ထိုအဖြစ်ကြောင့် ဝူချောင်သည် ထိတ်လန့်မိသော်လည်း အခုအခါတွင်မူ ကောင်းကင်ကျယ်ပြန့်အလောင်းကောင်နှစ်ကောင်သည် သူ့ဘက်တွင် ရှိလာခဲ့ပြီ။ သည့်အတွက် သူ ကျေနပ်ပျော်ရွှင်သွား၏။ ထို နတ်ဆိုးအလောင်းကောင်နှစ်ကောင်သည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ထက် အားမနည်းပေ။ သူသည် အရိုးသခင်အပေါ် ရှိန်ခဲ့ရသော်လည်း အခုအခါတွင်မူ သူ့မှာ ထိုသူ့ကို ချိန်းခြောက်နိုင်စွမ်း ရှိလာခဲ့ပေပြီ။ ပို၍ ကောင်းသည်ကား အရိုးသခင်ကို သင်ခန်းစာ ပေးနိုင်မည့် အခွင့်အရေးတစ်ခု သူ့မှာ ရှိလာခဲ့လေပြီ။ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များက သည်ကျောက်ဖျာကနေ ထွက်သွားကြပြီ ဖြစ်၍ သူသည် မကောင်းဆိုးဝါးဆန်စွာ ပြုံးပြီး အရိုးသခင်ထံ ရက်စက်လိုဟန်အကြည့်ဖြင့် လှမ်းကြည့်သည်။

အရိုးသခင်မှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ လှေကားခြေရင်းမှ ထွက်သွားသည်ကို ကြည့်နေပြီးနောက်မှာ ဝူချောင်နှင့် သူ့ဘေးရှိ နတ်ဆိုးအလောင်းကောင်နှစ်ကောင်ထံ လှည့်၍ ကြည့်သည်။ သူသည် တည်ငြိမ်စွာ ပြုံး၍ ပြော၏။

“ဟန်လိ…ဒီလူဟာ ကျိနစ်ယင်ရဲ့ တစ်ဦးတည်းသော မျိုးဆက်ပဲ။ ကျုပ်သာ သူ့ကို သတ်ခဲ့ရင် ကျိနစ်ယင်ဟာ အနည်းအပါးတော့ နာကျင်ခံစားရမှာ မဟုတ်လား…”

ဟန်လိ၏ မျက်နှာပေါ်တွင်မူ တုန်လှုပ်မှု ပေါ်လာ၏။ သို့သော် သူ့အမူအရာသည် အလျင်အမြန် ပုံမှန် ပြန်ဖြစ်သွား၏။ သို့သော် ဝူချောင်ကတော့ ထိုစကားကို ကြားသည့်အခါ သူက သတိပိုထားသွားပြီး ဟန်လိထံ သံသယရှိစွာ လှမ်းကြည့်သည်။ တစ်ချိန်တည်းမှာ သူ့ဘေးရှိ နတ်ဆိုးအလောင်းကောင်နှစ်ကောင်သည် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ဝူချောင်သည် ကြမ်းရှရှလေသံဖြင့် ပြော၏။

ဟန်လိ…မင်းက အဲ့လူနဲ့ တချိန်လုံး ပူးပေါင်းပြီး မကောင်းကြံနေတာလား။ ဒါ့ကြောင့် အစောပိုင်းတုန်းက သူက ကျောက်စိမ်းတောင်ဝှေးကို မင်း ရှိတဲ့ဘက် ပစ်ထုတ်ခဲ့တာမလား။ ကျုပ်ရဲ့ မွေးစားအဖေသာ ပြန်ရောက်လာခဲ့ရင်တော့ ဒီရတနာကို မင်း ဘယ်လိုများ ထိန်းထားနိုင်ဦးမလဲ ကြည့်ရတာပေါ့…”

ရတနာကို သူ ရခဲ့သည့်အပေါ် မှားယွင်းစွပ်စွဲချက်များအား ကြားရသည့်အခါ ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်ရသည်။ ဝူချောင်သည် အခုအခါ၌ သူ့စိတ်ရင်း ပေါ်လာခဲ့လေပြီ။ သူက ဟန်လိသည် အခုအခါတွင် မည်သည့်တန်ဖိုးမျှ ဆက်မရှိတော့ဟု ခံစားမိသည်။ ကျိနစ်ယင်သည် သူ မထွက်သွားခင် ထိုသို့သော အမိန့်များ ပေးခဲ့တာလည်း ဖြစ်နိုင်သေးသည်။

ထိုအတွေးဖြင့် ဟန်လိ၏ နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွား၏။ သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသော ဓားပျံများကလည်း ရုန်းကြွလာခဲ့လေပြီ။ သို့သော် အရင်ဆုံး စလှုပ်ရှားသူသည် အရိုးသခင်ပင်။ သူ့လက်ကို ဝေ့မ်းပြီး သူ၏ အင်္ကျီလက်အိုးထဲမှ အစိမ်းရောင်မြွေတစ်ကောင်ကို ထိုးထွက်သွားစေသည်။ ခဏအကြာတွင် အစိမ်းရောင်အရိပ်တစ်ခု လှစ်ဟပေါ်၏။

အရိုးသခင်သည် မထိဟန် ပြုံး၍ အထင်သေးစွာ ပြောလိုက်သည်။

“ကောင်းကင်ကျယ်ပြန့် နတ်ဆိုးအလောင်းကောင် ဟုတ်လား။ ကျိနစ်ယင်က ဒီအလောင်းကောင် တော်တော်များများကို သန့်စင်ခဲ့ပုံပဲ…”

ထို့နောက်တွင် သူက ၎င်းအလောင်းကောင်များထံ လက်ညွှန်၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ အစိမ်းရောင်ကြာပွင့်တစ်ပွင့် ထွက်ပေါ်လာသည်။ ထိုကြာပွင့်၏ ပွင့်ချပ်များသည် နတ်ဆိုးအလောင်းကောင်ကို ဖုံးလွှမ်းသွားလေသည်။

ဝူချောင်သည် အကြီးအကျယ် မင်သက်သွားတော့သည်။ နတ်ဆိုးအလောင်းကောင်ကို လွတ်မြောက်အောင် ချိုးဖျက်ရန် အလျင်စလို အမိန့်ပေး၏။ သို့သော် မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရလေဘဲ သူနှင့် နတ်ဆိုးအလောင်းကောင်ကြား ဆက်နွှယ်မှုသည် လုံးဝ ပြက်တောက်သွားပြီး သူ့အနေဖြင့် ၎င်းကို ဆက်ပြီး ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ ထိုအခါတွင် သူ ချွေးစေးပြန်လေပြီ။ သူသည် နောက်ထပ်ကျန်နေသေးသော နတ်ဆိုးအလောင်းကောင်ကို ထိန်းချုပ်ရန် အတွေးပေါ်ရုံ ရှိသေး အရိုးသခင်၏ ခန္ဓာကိုယ်သည် ဝေဝါးသွားပြီး ရုတ်တရက် သူ့ရှေ့တွင် ဖြတ်ခနဲ ပြန်ပေါ်လာသည်။ ဝူချောင်၏ မျက်နှာထက်၌ အလွန်အမင်း ကြောက်လန့်မှု ဖြတ်ပြေးသွားကာ သူက သူ့ခန္ဓာကိုယ်ကကို လေးနက်ယင်ချီတိမ်တိုက်အုပ်ဖြင့် အလျင်စလို ကာကွယ်သည်။ တစ်ချိန်တည်းမှာ သူ့မျက်လုံးထံမှ ကြမ်းကြုတ်သောအလင်းတစ်ခု ဖြတ်ပြေးသွားလျက် သူ့ပါးစပ်ကို ဖွင့်ဟကာ အနက်ရောင်ဓားငယ်တစ်လက်ကို အရိုးသခင်ထံသို့ ထွေးထုတ်၏။ ထိုဓားကား လျှပ်စီးထက်ပင် မြန်လှသေးသည်။

အရိုးသခင်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အရိပ်အယောင် ဖြစ်ပေါ်သည်။ သူ၏ လက်သည်းများမှာ သုံးလေးမီတာလောက်ထိ ရှည်၍ ထက်ရှလာသည်။ ထို့နောက်တွင်မူ သူသည် တိုးဝင်လာသော ဓားငယ်ထံ လက်ဆန့်ထုတ်၍ နည်းနည်းလေးမျှ မခုခံလေဘဲ ၎င်းအား ဖမ်းဆုပ်ကိုင်သည်။

ဝူချောင်၏ အသားအရေမှာ သေလောက်အောင် ဖြူရော်သွားလေ၏။ သူကား လုံးဝ မယုံကြည်နိုင် ဖြစ်ရ၏။ သူသည် အလျင်အမြန်ပင် သူ့ဓားကို နောက်ပြန်ဆုတ်ရန် အမိန့်ပေးသည်။ သို့သော် အရိုးသခင်သည် ၎င်းဓားကို ဖမ်းဆုပ်ထားပြီး ဖြစ်သည်။ ထိုဓားသည် သူ့လက်ထဲကနေ လွတ်မြောက်ရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက်မှာတော့ အနက်ရောင်အမှုန့်အဖြစ်သို့ ပြန့်ကြဲသွားတော့သည်။ တစ်ချိန်တည်းမှာ သူ၏ မှော်ရတနာ ဖျက်စီးခံရခြင်းကြောင့် ဝူချောင်၏ အသားအရေမှာ ဖြူရော်သွားလေသည်။ သူသည် အနက်ရောင်သွေးများကို အန်ထုတ်လိုက်ရ၏။

“မဖြစ်နိုင်ဘူး…မင်း…” ဝူချောင်သည် အရိုးသခင်က သူ့ကို လာ၍ ထိုးနှက်ခြင်း မတိုင်မီ သည်စကားအချို့ကိုသာ ပြောလိုက်နိုင်တော့သည်။ သူ၏ တစ္ဆေလက်သည်းများကို အစိမ်းရောင်ချီဖြင့် ခြုံလွှမ်းစေ၏။ သူက စကားထပ် ဆိုနိုင်ခြင်း မရှိတော့သည့်အခါ ဝူချောင်သည် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို လေးနက်ယင်ချီဖြင့် ခြုံလွှမ်းစေလျက် အရိုးသခင်ထံမှ တိုက်ခိုက်မှုကို ရင်ဆိုင်သည်။

တစ်ချိန်တည်းမှာ သူက သူ့ဝတ်ရုံထဲသို့ လက်နှိုက်ပြီး ရတနာတစ်ခုကို ထုတ်ယူချင်ပုံ ရသည်။

ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်ပွားလာ၏။ အနက်နှင့်အစိမ်းအလင်းရောင် တောက်ပသွားပြီး အရိုးသခင်၏ တစ္ဆေလက်သည်းသည် အလျင်အမြန် ပြောင်းလဲသည်။ ၎င်းလက်သည်းကို ခြုံလွှမ်းထားသော အစိမ်းရောင်ချီသည် အနက်ရောင်ထုအဖြစ် ပြောင်းလဲလျက် ဝူချောင်၏ လေးနက်ယင်ချီ အလွှာများကို ထွင်းဖောက်လာတော့သည်။

ဝူချောင်သည် အလန့်တကြားဖြင့် ခေါင်းငုံ့ကြည့်၏။ သူ့ ဝမ်းဗိုက်ထံ တစ္ဆေလက်သည်းက ထွင်းဖောက်သွားတာ မြင်ရသည်။ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်မှုတို့ ပြည့်နှက်လျက်။ သူသည် စကားအချို့ကို ခပ်တိုးတိုး ရေရွတ်ပြီးနောက်မှာတော့ အရိုးသခင်သည် အေးစက်စက် ရယ်မောပြီး သူ၏လက်သည်းထံမှ မရေမတွက်နိုင်သော အစိမ်းရောင်မီးတန်းများ ထွင်းဖောက်လျက် ဝူချောင်၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း ပြာဖြစ်သွားတော့သည်။ သိုလှောင်အိတ်တစ်အိတ်၊ လက်စွပ်တစ်ကွင်းနှင့် အနက်ရောင်လည်စီးတစ်ခုတို့သာ ကျန်ခဲ့သည်။

သခင်ဖြစ်သူ မရှိတော့သည့်အခါ အခြားကောင်းကင်ကျယ်ပြန့် နတ်ဆိုးအလောင်းကောင်သည် အရိုးသခင်၏ အနောက်၌ ဖြတ်ခနဲ ပေါ်လာသည်။ ၎င်း၏ မျက်လုံးသည် လုံးဝ စိတ်ဝိညာဉ်ကင်းမဲ့လျက် ရှိပြီး ၎င်းသည် အမှန်တကယ် လူသေကောင်အလား နေရာတွင်သာ မလှုပ်မယှက် ရပ်နေသည်။

ထိုအဖြစ်အပျက်များကို မျက်မြင်တွေ့ကြီးနောက်မှာ ဟန်လိ၏ စိတ်နှလုံးမှာ တုန်ယင်သွားပြီး ထိုမိစ္ဆာအိုကြီးအပေါ် သူ့အကြောက်တရားမှာလည်း ပိုတိုးလာသည်။

သူ ပြောဖူးခဲ့သော လေးနက်ယင်ပညာရပ်၏ အားနည်းချက်ကို ကောင်းကောင်း သိထားသည် ဆိုသော အချက်မှာ မှန်ကန်ကြောင်း ပြသနေပေသည်။ ဝူချောင်သည် တိုက်ခိုက်မှုကို သူ၏လေးနက်ယင်ချီ အသုံးပြု၍ ကာကွယ်ခဲ့ချိန် ၎င်းမှာ နည်းနည်းလေးမျှ သက်ရောက်မှု မရှိခဲ့ပေ။ သို့သော် အရိုးသခင်သည် အခုချိန်၌ ဝူချောင်ကို မည်သည့်အတွက်ကြောင့် သတ်ရန် ရွေးချယ်ခဲ့ရသနည်း။ သူသည် ကျိနစ်ယင်ကို သတိပေးသလို ဖြစ်သွားမှာ မစိုးရိမ်ဘူးလား။ ထိုသူက ကျိနစ်ယင်ကို တိုက်ခိုက်ရာ၌ တိုက်ပွဲတွင် သူ့ကိုပါ ရွေးချယ်စရာ မရှိလေဘဲ အတင်းအကြပ် ပါဝင်ရအောင် ဆွဲထည့်ချင်တာများလား။

ဟန်လိသည် စိတ်ထဲ၌ အတွေးများဖြင့် ဗျာများသွားသည်။ သူသည် သူ့လက်ထဲ၌ ငါးရောင်စုံ ကြေးမျှင်ကို အဆင်သင့် ပြင်ထားသည်။ အရိုးသခင်သည် သူ့အပေါ် ရန်လိုစွာ တစ်ခုခု လှုပ်ရှားလာသည်နှင့် သူသည် သူ့အသက်အတွက်တော့ တိုက်ခိုက်ရလိမ့်မည်သာ။

ထိုအခိုက်တွင် အရိုးသခင်သည် ဝူချောင်၏ ပစ္စည်းများကို သိမ်းဆည်းပြီး ဖြစ်သည်။ သူက ဆန်းကြယ်စွာ ပြုံး၍ ဟန်လိထံ လှမ်းကြည့်သည်။

“မင်း ဘာလို့ကျုပ်ကို ခုလိုမျိုး ကြည့်နေရတာလဲ။ မင်းရဲ့ နောက်ထပ် သွေးကျောက်စိမ်းပင့်ကူကို မြန်မြတ် ထုတ်လိုက်။ တခြားသူတွေက မန်ဟုဇီနောက်ကို လိုက်သွားကြတယ် ဆိုပေမယ့် သူတို့ ဘယ်လောက်ထိ ကြာပြီးရင် ပြန်ရောက်လာကြမလဲဆိုတာ ကျုပ်တို့ မသိဘူး။ ဘာလဲ။ မင်းက ကောင်းကင်လေဟာနယ်ဒယ်စောက်ရဲ့ ရတနာတွေကို စိတ်မဝင်စားတာများလား…”

အရိုးသခင်၏ စကားလုံးများသည် ဟန်လိကို တုန်လှုပ်သွားစေသည်။ ဟန်လိသည် သူ၏ နောက်ထပ် သွေးကျောက်စိမ်းပင့်ကူ၏ တည်ရှိမှုကို သေချာဂရုစိုက်ပြီး ဖုံးကွယ်ထားခဲ့တာ ဖြစ်သည်။ ထိုအရိုးသခင်က သည်အကြောင်းကို မည်သို့များ သိနေရသနည်း။

ဟန်လိသည် သွေးကျောက်စိမ်းပင့်ကူ၏ အလောင်းထံသို့ တချက်လှမ်းကြည့်ပြီး ပြောသည်။

“နောက်ထပ် သွေးကျောက်စိမ်း ပင့်ကူလား။ ကျုပ်ရဲ့ စိတ်ဝိညာဉ်သားရဲဟာ ကြယ်နန်းတော်က အကြီးအကဲရဲ့ လက်ချက်နဲ့ သေသွားခဲ့ပြီလေ…”

အရိုးသခင်က မည်သို့ပင် သိနေသည် ဖြစ်စေ ဟန်လိသည် ချက်ခြင်းတော့ ဝန်ခံချင်စိတ် မရှိပေ။

ဟားဟား…ကောင်လေး…။ မင်းနဲ့ ဖြုန်းတီးဖို့ ငါ့မှာ အချိန်မရှိဘူး။ ဒါ့ကြောင့် ငါ မင်းကို အမှန်တိုင်းပဲ ပြောမယ်။ ဟိုး လွန်ခဲ့တဲ့ အချိန်တုန်းက ကျုပ်က သွေးကျောက်စိမ်းပင့်ကူ တစ်စုံကို ရှာတွေ့ခဲ့ပြီး ဒီသားရဲတွေကို ကျုပ်ရဲ့ တခြားသစ္စာဖောက်တပည့် ဖြစ်တဲ့ ကျိနစ်တောက်ပခြင်းကို ဂရုစိုက်ခိုင်းထားခဲ့တယ်။ အဲ့ဒီ သွေးကျောက်စိမ်းသားရဲကောင်တွေ အဆင့်မြင့်လာတဲ့အချိန်ကျရင် ကောင်းကင်လေဟာနယ်ခန်းမထဲ ခေါ်သွားပြီး ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ယူဆောင်ဖို့အတွက် အသုံးပြုမယ်လို့ တွေးထားခဲ့တာ။ ဒါပေမဲ့ ကျုပ်ရဲ့ တပည့်တွေဟာ အဲ့လို မဖြစ်လာခင်မှာပဲ ကျုပ်အပေါ်မှာ သစ္စာဖောက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ မင်းမှာ အဲ့ကျောက်စိမ်းအဆောင် ပိုင်ဆိုင်ထားတဲ့အတွက် “ဒီသွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ဟာ ကျိနစ်တောက်ပခြင်းဆီ ငါ ပေးခဲ့တဲ့ သားရဲတွေမှန်း ငါ သိလိုက်တယ်။ မင်းကတော့ အဲ့တာကို သိနိုင်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့လို့ သွေးကျောက်စိမ်းပင့်ကူတွေဟာ ထူးခြားတဲ့ တချို့စရိုက်လက္ခဏာတွေ ရှိကြတယ်။ အသိုက်တစ်ခုဟာ ဥအများကြီး ချနိုင်ပေမယ့် ဒီထဲကနေ ဥနှစ်ဥကသာ ရှင်သန်နိုင်ကြတာ။ ဒီပင့်ကူနှစ်ကောင်ဟာလည်း အထီးအမ အတွဲ ဖြစ်မှာ သေချာတယ်။ ဒါ့အပြင် ဒီကောင်တွေဟာ အထီးအမ အတူတူ ရှိမှ အဆင့်တက်နိုင်တာ။ ဒါက သွေးကျောက်စိမ်းပင့်ကူ အရိုင်းနှစ်ကောင်ကို လေ့လာကြည့်ခဲ့ပြီးတဲ့နောက် ငါ ကောက်ချက်ချမိခဲ့တဲ့ အရာပဲ ဖြစ်တယ်။ တကယ်တော့ လူတစ်ယောက်ဟာ စိတ်ဝိညာဉ်သားရဲတစ်ကောင်ရဲ့ အဆင့်ကို မြှင့်တင်ပေးချင်တယ်ဆို ၎င်းရဲ့ ဂုဏ်သတ္တိတွေကို သိကို သိမှ ရမှာ မဟုတ်လား။ ဒါပေမဲ့လည်း ဒီအချက်ကို ကျိနစ်တောက်ပခြင်း ကိုယ်တိုင်လည်း မသိဘူး။ သူဟာ ကျုပ့်က ကံကောင်းပြီးတော့သာ အထီးအမပင့်ကူနှစ်ကောင်ကို ရလာနိုင်ခဲ့လို့ပဲ ထင်ခဲ့တာ။ မင်းရဲ့ ပင့်ကူတွေဟာ အဆင့်မြင့်လှတဲ့အတွက် မင်းမှာ နောက်ထပ် တစ်ကောင် ရှိနေမှာ အသေအချာပဲ။ မင်း နောက်ထပ် သွေးကျောက်စိမ်းပင့်ကူသားရဲတစ်ကောင်ကို ထုတ်သုံးမယ်မလား….”

အရိုးသခင်၏ အလျင်အမြန် ရှင်းပြချက်ကြောင့် ဟန်လိမှာ ခဏတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူသည် ဤအကြောင်းများကို အမှန်တကယ် မသိနေခဲ့ပေ။ ကြည့်ရတာ အတိတ်တုန်းက သက်တံအရိုးစုသည် ကျိနစ်တောက်ပခြင်း ဖြစ်ဖို့များနေသည်။

( မှတ်ချက်။ ။သက်တံအရိုးစု (ဝါ) ကျိနစ်တောက်ပခြင်းကို အပိုင်း (၂၇၀) တွင် ဖော်ပြခဲ့ဖူးပါသည်။ )

သို့ပေမည့် အင်ပါယာယွဲ့နှင့် ကျိနစ်ယင်ကျွန်း၏ ကျင့်ကြံခြင်းပညာရပ်တို့မှာ မည်သို့များ သွား၍ အတွဲအစပ် မိနေရသနည်း။

ဟန်လိသည် စိတ်ထဲ၌ သံသယများ ပြည့်နေသော်လည်း သူက နှုတ်ခမ်းသပ်ကာ တည်ငြိမ်စွာ တုန့်ပြန်သည်။

“အမှန်ပါပဲ။ ကျုပ်မှာ နောက်ထပ်သွေးကျောက်စိမ်းပင့်ကူတစ်ကောင် ရှိတယ်။ ဒါပေမဲ့ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရဖို့အတွက် ကျုပ်က ခင်ဗျားကို ဘာလို့များ အကူအညီ ပေးရမှာလဲ။ ခင်ဗျားက ကျုပ်ကိုကော တစ်ဝက်ခွဲပေးချင်စိတ် ရှိနေလို့လား။ ဒါ့အပြင် ကောင်းကင်လေဟာနယ်ဒယ်စောက်ကိုသာ ထုတ်ယူပြီးခဲ့ရင် တလောကလုံး ပွက်လောရိုက်ကုန်မှာ သေချာတယ်။ ပြီးရဲ့ ဒါက တခြားစဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေကိုပါ အာရုံစိုက်မိသွားစေနိုင်ပြီး ချက်ခြင်း ပြန်လှည့်လာနိုင်တယ် မဟုတ်လား။ ဒါဆိုရင် ကျုပ်တို့အတွက် မရဏလမ်း မြန်မြန် လှမ်းရလိမ့်မယ်။ ဒါ့အပြင် မီးမြွေနှစ်ကောင်ရဲ့ အကူအညီနဲ့တောင် ကောင်းကင်ဘုံလေဟာနယ်ဒယ်စောက်ကို ဖြည်းဖြည်းချင်းပဲ ဆွဲထုတ်နိုင်ခဲ့တာ။ သွေးကျောက်စိမ်းပင့်ကူ တစ်ကောင်တည်းနဲ့ဆို ဒါကို ဆွဲထုတ်ယူဖို့ လုံလောက်နိုင်မှာ မဟုတ်ဘူး…”

ဟန်လိသည် ထိုစကားများကို တည်ငြိမ်စွာသာ ပြောသည်။ သူသည် ကောင်းကင်လေဟာနယ်ဒယ်စောက်အပေါ် လိုချင်စိတ် ဖြစ်မိသော်ငြားလည်း သူ့စိတ်ထဲရှိ လောင်ကျွမ်းနေသော စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားနိုင်သည်။ သူသည် လောဘကြီးလွန်းမိပြီး မသေချင်ပေ။ အချိန်ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် ချက်ခြင်း ထွက်ပြေးခြင်းကသာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဟု ဆုံးဖြတ်သည်။ အရိုးသခင်၏ တုန့်ပြန်မှုကိုပင် စောင့်မနေတော့ဘဲ သူသည် ဖြတ်ခနဲ ထွက်ပေါက်ထံ ဦးတည်၏။

သို့ရာတွင် အရိုးသခင်သည် ဟန်လိ ထိုသို့ ပြုလုပ်လိမ့်မည်ကို မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။ သူ၏ နောက်ထပ် ပြောလာသော စကားတို့က ဟန်လိကို ဖြည်းဖြည်းချင်း ရပ်တန့်သွားစေလေ၏။

All Chapters