← Chapters

ဒယ်စောက် ပြန်ထွက်ပေါ်လာခြင်း

Vol. 35 Ch. 490

ဒယ်စောက် ပြန်ထွက်ပေါ်လာခြင်း

Vol. 35 Ch. 490

အရိုးသခင်သည် အေးစက်စွာ ပြောလိုက်သည်။ “သခင်လေးဟန်…မင်းက စဦးစိတ်ဝိညာဉ်ကို မဖွဲ့စည်းချင်ဘူးလား။ ကောင်းကင်ဖာထေးခြင်းဆေးလုံးရဲ့ အကြီးမားဆုံး အကျိုးအာနိသင်ဟာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ မွေးရာပါ စိတ်ဝိညာဉ်ရင်းမြစ်တွေကို သန့်စင်ပေးပြီး စဦးစိတ်ဝိညာဉ်အဆင့်ဆီ လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်စေတာပဲ…”

ဟန်လိသည် ခဏကြာ ငြိမ်သက်နေပြီးမှ နောက်သို့ ပြန်လှည့်ကြည့်သည်။ သူက မျက်လုံးမှေးစင်းလျက် မယုံကြည်နိုင်ဟန်ဖြင့် ပြောသည်။

“လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်တွေကို သန့်စင်ပေးနိုင်တာလား။ ခင်ဗျားက ကျုပ်ကို ကလေးမှတ်နေလား။ ဒါမျိုး မိုးကောင်းကင်ကို ဆန့်ကျင်တဲ့ ဒဏ္ဌာရီလာ ဆေးလုံးမျိုးက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ…”

“ဟားဟား…ယုံတာ၊ မယုံတာကတော့ မင်း သဘောပဲ။ ကျုပ်က နှစ်ပေါင်းများစွာ ပျင်းရိနေပြီး အချည်းနှီးနေခဲ့တယ်လို့ မင်း ထင်နေတာလား။ အတိတ်တုန်းက ကျုပ်ဟာ ကြယ်နန်းတော်ရဲ့ အကြီးအကဲ တစ်ယောက်ကို ဖမ်းဆီးခဲ့ဖူးပြီး စိတ်ဝိညာဉ်ရှာဖွေခြင်းပညာရပ် သုံးပြီး သူ့ရှိကနေ သတင်းအချက်တွေ သိရှိခဲ့တယ်။ အပြင်ဘက်မှာ ပျံ့နေတဲ့ ကောလဟာလတွေကတော့ ဒီဆေးလုံးဟာ စဦးစိတ်ဝိညာဉ်အဆင့်ရဲ့ အဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်တယ်၊ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို တိုးတက်စေနိုင်တယ်၊ လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ်ဆိုတဲ့ စကားတွေကတော့ လုံးဝ အမှားတွေ။ ကြယ်နန်းတော်ရဲ့ သခင်တစ်ယောက်က ဒီကောင်းကင်ဖာထေးခြင်းဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ သုံးစွဲခဲ့ဖူးတဲ့အတွက် ကျုပ် ပြောတဲ့အချက်တွေဟာ သက်သေထူပြီးသား ဖြစ်တယ်…”

အရိုးသခင်သည် အရေးမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ ဆက်ပြောသည်။

“ပြီးတော့ မင်းက ရွက်လွှာကိုးခုဂျင်ဆင်းကိုလည်း ရပြီးပြီဆိုတော့ ကောင်းကင်ဖာထေးခြင်းဆေးလုံးရဲ့ အာနိသင်နဲ့ပါဆို မင်းအတွက် စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေးဟာ လေးဆယ်ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားလိမ့်မယ်။ တကယ်လို့ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို နောက်ထပ် နှစ်သုံးရာလောက် မင်းက ဆက်ပြီး စောင့်နေခဲ့မယ်ဆို ၎င်းရဲ့ သက်ရောက်မှုဟာ ခုချိန်ထက်စာရင် နည်းပါးသွားလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်ဝိညာဉ်ရင်းမြစ်သန့်စင်ပေးခြင်းရဲ့ ကြာမြင့်လှတဲ့ ဖြစ်စဉ်ကြောင့်ပဲ။ လူတစ်ယောက်ရဲ့ အသက်ဟာ နှစ်ပေါင်းတစ်ရာကျော်လောက် ရှိမှသာ ၎င်းရဲ့ အာနိသင်ကို အပြည့်အဝ ပြသနိုင်မှာ ဖြစ်တယ်…”

“စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေး လေးဆယ်ရာခိုင်နှုန်း…” ဟန်လိသည် စိတ်လှုပ်တရှား ဖြစ်နေရပြီ။

ဟန်လိ၏ အတွေးများကို ဖြတ်မြင်သည့်အလား အရိုးသခင်က ပြုံး၍ ထပ်ပြောလာသည်။

“ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ထုတ်ယူတာဟာ အပြင်လောကကို မုန်ထိုင်းထန်နေစေခဲ့မယ်ဆိုရင်တောင် သူတို့မျက်လုံးနဲ့ ကိုယ်တိုင်မမြင်ရဘဲ ဘယ်သူက ဒီကိစ္စရဲ့ အကြောင်းရင်းကို သိနိုင်ဖို့ နည်းလမ်း မရှိဘူး။ ဒီအတွင်းဘက်ရဲ့ အဖြစ်အပျက်တွေကို အရံအတားတွေက သီးခြား ဖြစ်စေနေလို့ပဲ။ ဒီမှာ ရှိနေတဲ့ အဖြစ်အပျက်တွေကို သူတို့ဟာ သူတို့ရဲ့ စိတ်ဝိညာဉ်အာရုံ အသုံးပြုပြီးလို့လည်း ကြည့်လို့ မရနိုင်ဘူး။ မဟုတ်ရင် ဒီကြယ်မြီးအရံအတားဟာ ရှေးပဝေသဏီထဲက ခုထိ ဘာကြောင့်များ နာမည် ကျော်နေပါအုံးမလဲ။ ပြီးတော့ မင်းစိတ်ပူနေတဲ့ မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူတစ်ကောင်ထဲနဲ့ ဒယ်စောက်ကို ထုတ်ယူနိင်စွမ်း မရှိဘူးဆိုတဲ့ ကိစ္စကိုလည်း ထည့်တွက် စရာ မလိုဘူး။ မမေ့ပါနဲ့…ငါက ကျိနစ်ယင်ရဲ့ ဆရာ ဖြစ်ခဲ့ဖူးတယ် ဆိုတာကို။ နတ်ဆိုးတစ္ဆေတစ်ကောင်ကိုတောင် ငါဟာ အလောင်းကောင်အဖြစ် သန့်စင်ပစ်နိုင်စွမ်း ရှိတယ်…”

ထိုသို့ ပြော၍ အရိုးသခင်သည် သူ့ပါးစပ်ကို ချက်ခြင်း ဖွင့်ဟပြီး လက်သီးစုပ်ခန့်အလင်းလုံးတစ်လုံးကို ပလ္လင်ဘေးနားရှိ သွေးကျောက်စိမ်းပင့်ကူ၏ အလောင်းထံ ထွေးထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ပင့်ကူအလောင်းကို အစိမ်းရောင်မြူတစ်ခုက ခြုံလွှမ်းသွားသည်။ ခဏအကြာတွင် နှစ်ပိုင်းပြတ်ထွက်နေသော ပင့်ကူအလောင်းသည် အတူတကွ ပြန်ဆက်သွားသည်။ အစိမ်းရောင်လင်းလက်လျက် သွေးကျောက်စိမ်းပင့်ကူသည် တဖြည်းဖြည်းချင်း ထလာနိုင်လေ၏။

ဟန်လိသည် တည်ငြိမ်သောဟန်ပန်ဖြင့် သည်မြင်ကွင်းကို ကြည့်နေသော်ငြား သူသည် စိတ်ထဲတွင်မူ တုန်လှုပ်နေသည်။ ကျင့်ကြံခြင်းလောကကား အမှန်တကယ် ထူးကဲသော အရာများ ပြတ်တောက်သွားတာမျိုး ရှိမနေပါလား။ အလောင်းတစ်လောင်းကို ချက်ခြင်းလိုလို သန့်စင်ဖန်တီးနိုင်သော ဤသို့ ပညာရပ်မျိုးပင် ရှိနေပေသည်။

အရိုးသခင်သည် ပင့်ကူအလောင်းကို ခြေလေးငါးလှမ်းလောက် လျှောက်လာနိုင်အောင် လုပ်ဆောင်ပြီးနောက် သူက ဟန်လိဘက်သို့ ပြန်လှည့်၍ ယုံကြည်မှု ရှိစွာ ပြောသည်။

“ကျုပ်ရဲ့ အလောင်းသန့်စင်ခြင်း ပညာရပ်ဟာ အထင်ကြီးဖို့ ကောင်းတယ်မလား။ ဒီသန့်စင်ထားတဲ့ပင့်ကူအလောင်းဟာ အချိန်ကြာကြာ ခံနိုင်မှာ မဟုတ်ဘဲ အသက်ရှင်တုန်းကထက် အားနည်းတယ်ဆိုရင်တောင် မင်းရဲ့ နောက်ထပ် သွေးကျောက်စိမ်းပင့်ကူနဲ့ဆို ဒယ်စောက်ကို ကြွမြှောက်လာအောင် လုပ်ဖို့ဟာ ပြဿနာ မဟုတ်တော့ဘူး။ ကျုပ်တို့သာ ရတနာကို ရပြီးရင် ကောင်းကင်ဖာထေးခြင်းဆေးလုံးအားလုံး ငါ မင်းကို ပေးမယ်။ အဲ့တာက ငါ့အတွက် မလိုဘူး။ ဒါ့အပြင် ကောင်းကင်လေဟာနယ်ဒယ်စောက်ရဲ့ အခြားရတနာတွေထဲက တစ်ဝက်ကိုလည်း ငါ မင်းကို ပေးအုံးမယ်။ ဒါပေမဲ့ ဒယ်စောက်ကတော့ ငါ့အပိုင်ပဲ။ ဒီ အလဲအလှယ်အပေါ် မင်း ဘယ်လိုထင်လဲ…”

“ဟား…ခင်ဗျားက အပြောလေးကတော့ အဟုတ်ပဲ။ ဒါပေမဲ့ ဒီဒယ်စောက်ကို ရပြီးသွားတဲ့နောက် ခင်ဗျားက ကျုပ်ကို ချက်ခြင်းလက်ငင်း တိုက်ခိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ ခင်ဗျားရဲ့ ကျင့်ကြံမှုနဲ့ ပညာရပ်တွေဟာ ကျုပ်ထက် တစ်ဆင့် မြင့်တယ်…”

အရိုးသခင်သည် ထိုစကားကို ကြားသည့်အခါ သူသည် စိတ်ထဲ၌ ကြိတ်ပျော်သွားသည်။ ဟန်လိ၏ လေသံမှာ ကြမ်းရှနေသေးသော်ငြား သဘောတူမည့် အရိပ်အယောင် ပြနေသည် မဟုတ်လား။

သို့ဖြစ်၍ အရိုးသခင်သည် ပြုံး၍ အလျင်စလို ပြောလာသည်။

“ဟန်လိ…မင်းက နှိမ့်ချလွန်းနေပြီ။ ကျုပ် ခန့်မှန်းတာသာ မှန်မယ်ဆို ကျုပ်တို့ အသေအကြေ တိုက်ခိုက်ကြရင် နိုင်နိုင်ခြေဟာ ငါးဆယ် ငါးဆယ်ပဲ။ ဒါ့အပြင် အဲ့လိုတိုက်ပွဲမျိုးဟာလည်း အချိန်တိုအတွင်း ပြီးမှာ မဟုတ်ဘူး။ တခြားသူတွေပါ ပြန်ရောက်လာနိုင်လိမ့်မယ်။ ကျုပ်က ကျုပ်တို့ သေစေနိုင်လောက်မယ့် အဲ့လို ကိစ္စမျိုးကို လုပ်လောက်တဲ့အထိ ဉာဏ်နည်းလိမ့်မယ်လို့ မင်း ထင်လား။ မင်းသာ အဲ့ရတနာကို ရဖို့ ကျုပ်ကို ကူညီပေးမယ်ဆို ကျုပ်က ရွက်လွှာကိုးခုဂျင်ဆင်း သန့်စင်တဲ့ နည်းစနစ်ကိုလည်း မင်းကို ပြောပြပေးမယ်…”

ထိုသို့ ပြောပြီးနောက်မှာ အရိုးသခင်သည် သူ့လက်ကို လှုပ်ရှား၍ ရှေးဟောင်းအငွေ့အသက်ပါသော အဖြူရောင်ကျောက်စိမ်းပြားတစ်ခုကို ဟန်လိထံ ပစ်ပေးသည်။

ဟန်လိသည် အလျင်အမြန်ပင် သူ့လက်ကို ပင့်မြှောက်၍ မိုးပြာအလင်းလုံးတစ်ခု ခြုံလွှမ်းစေပြီးမှ ၎င်းကို သူ့လက်ထဲသို့ ဖမ်းယူသည်။ အရိုးသခင်သည် ဟန်လိ၏ သတိထားမှုအပေါ် ရယ်မော၍သာ တုန့်ပြန်ပြီး အခြားဘာမျှ မပြောတော့ပေ။

ဟန်လိသည် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခပ်သွက်သွက် ကြည့်ရှုသည်။ သူသည် ထိုဆေးလုံးဖော်စပ်နည်းကား အစစ်အမှန် ဟုတ်၊ မဟုတ် သိရအောင် စူးစမ်းနေရန် အချိန် မရသော်ငြား ၎င်း၌ ရွက်လွှာကိုးခုဂျင်ဆင်းနှင့်အတူ ဟန်လိ အရင်တုန်းက တခါမျှ မကြားဖူးသော ဆေးအမယ်သုံးခုအကြောင်းကို ဖော်ပြလို့ထားသည်။

အချိန်ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် ကျောက်စိမ်းပြားကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီး ခေါင်းမော့သည်။ သူသည် အရိုးသခင်ကို တည်ငြိမ်စွာ ကြည့်၍ ပြောသည်။

“ကောင်းပြီ…ကျုပ် ခင်ဗျား ပြောတဲ့ အခြေအနေတွေကို သဘောတူတယ်။ ကျုပ်တို့ ခုချက်ခြင်း ဒယ်စောက်ကို ထုတ်ယူဖို့ စတင်ကြစို့…”

သူသည် သဘောတူပြီးသည်နှင့် ဆက်၍ အချိန်ဆွဲမနေတော့ပေ။ သူသည် သူ့သားရဲသိုလှောင်အိတ်ကို အလျင်အမြန် ပုတ်သည်။ သွေးကျောက်စိမ်းပင့်ကူသည် ဖြတ်ခနဲ ပေါ်လာ၏။

“သိပ်ကောင်းတယ်။ မင်းက မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တာပဲ…” စိတ်လှုပ်ရှားသည့်ဟန်ဖြင့် အရိုးသခင်သည် အပေါက်ဝထံ ချည်းကပ်သွားပြီး သန့်စင်ထားသော ပင့်ကူအလောင်းကို ဒယ်စောက်ထံသို့ ပင့်ကူမျှင်များ ထွေးထုတ်ရန် အမိန့်ပေးသည်။

ဟန်လိသည်လည်း ထိုသို့ လိုက်ပါ လုပ်ဆောင်၏။ သူလည်း သူ၏ သွေးကျောက်စိမ်းပင့်ကူကို ကောင်းကင်လေဟာနယ်ဒယ်စောက်ထံ ပင့်ကူမျှင် ထွေးထုတ်ဖို့ အမိန့်ပေး၏။

အရိုးသခင်သည် သူ၏ သွေးကျောက်စိမ်းပင့်ကူပေါ်၌ အရောင်မျိုးစုံ ချိပ်ဟန်များကို ထုတ်ဖော်လျက် သူ့ကို လှမ်းပြောသည်။

“မြန်မြန် လက်စသပ်ကြရအောင်။ ငါတို့မှာ အချိန် အများကြီး မရှိဘူး။ ငါက ခုလက်ရှိအခြေအနေနဲ့ ဒီပင့်ကူအလောင်းပေါ်မှာ ဒေါသနှိုးဆွတဲ့ ပညာရပ်ကို အသုံးမပြုနိုင်ပေမယ့် တခြား မသိမသာအားနည်းတဲ့ အထောက်အပံ့ ပညာရပ်တွေကိုတော့ အသုံးပြုနိုင်နေတုန်းပဲ…”

ရုတ်တရက် သွေးကျောက်စိမ်းပင့်ကူသည် ဒေါသဖြစ်သည့် အနေအထားသို့ ရောက်သွား၏။ ၎င်း၏ သွေးနီရောင်ကြေးခွံကလွဲ၍ အနက်နှင့်အစိမ်း လင်းဖြာမှုတို့ ရောထွေးလှက်လိမ်ပြီး ထူးခြားသည့် မြင်ကွင်းကို ဖြစ်စေသည်။ ဟန်လိသည် မျက်မှောင်ကြုတ်၏။ သို့သော် သူက ဘာမျှ မဆိုပေ။ တကယ်တော့ ထိုအထောက်အပံ့ ပညာရပ်များ မရှိလေဘဲ သွေးကျောက်စိမ်းပင့်ကူသည် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို မတင် ယူငင်နိုင်စွမ်း မရှိနိုင်သည် မဟုတ်ပါလား။

သွေးကျောက်စိမ်းပင့်ကူနှင့် ပင့်ကူအလောင်းတို့၏ ပူးပေါင်းမှုကြောင့် ဒယ်စောက်သည် စတင် မြင့်တက်လာသလို အပြာရောင်အလင်းများလည်း ဖြာထွက်လာခဲ့လေပြီ။

အစောတုန်းကကဲ့သို့ ပညာရှိအိုချင်းယီ၏ ကာကွယ်မှု မရှိတော့သည် ဖြစ်ရာ ဟန်လိသည် သူ့ကိုယ်သူသာ အားကိုးမှ ရတော့မည်။ သူက အလျင်အမြန်ပင် မီးဓာတ်အရံအတားတစ်ခုဖြင့် သူ့ကိုယ်သူ ထွေးခြုံစေပြီး အပူ၊အအေးဒဏ်ကို ကာကွယ်ပေးနိုင်သော အဖြူရောင်ဦးချို၏ အစွမ်းသတ္တိကို အစွမ်းကုန် မြင့်တင်ပေးသည်။ အဖြူရောင်အလင်းဖြင့်လည်း သူ နစ်မြုပ်သွား၏။

အရိုးသခင်သည်လည်း သူ၏ ခန္ဓာကိုယ်မှ အစိမ်းရောင်ချီ မြင့်တက်လာပြီး သူ့အား သိပ်သည်းလှသော တစ္ဆေအရံအတားဖြင့် ထွေးခြုံစေသည်။

အအေးဓာတ်ချီသည် ဟန်လိ၌ ပြည့်နှက်နေလျက် အရိုးခိုက်သမျှ အေးစက်နေသော်ငြား မိုးပြာဓားအလင်းပညာရပ်ကို အစွမ်းကုန်လှည့်ပတ်ထားခြင်းသည် သူ့ကို အေးခဲသွားခြင်းအဖြစ်မှ လွတ်ကင်းစေသည်။

ဤသည်က ဟန်လိကို အမြုတေဖွဲ့စည်းခြင်းနှင့် စဦးစိတ်ဝိညာဉ်အဆင့်တို့ကြား သိသိသာသာ ကွာဟချက်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံစေတော့သည်။ အစောပိုင်းတုန်းက ချင်းယီသည် လက်ဝေ့ရမ်း၍ အရံအတားတစ်ခု ထုတ်ဖော်လိုက်ရုံဖြင့် သူ့ကို အအေးဒဏ်ကနေ လုံးဝ ကာကွယ်ပေးထားနိုင်ခဲ့၏။

ဟန်လိသည် သက်ပြင်းချပြီး အပေါက်ဝကိုသာ အာရုံသေချာ စိုက်ထားတော့သည်။ ကျန်သည့်အာရုံကိုမူ အရိုးသခင်ထံသို့ ဖြန့်ကျက်ထားသည်။ အရိုးသခင်၏ စကားများက နားထောင်၍ ကောင်းလှသော်လည်း ဟန်လိသည် ထိုမိစ္ဆာအိုကြီးအပေါ် သတိထားရန် လိုနေတုန်းဟု ခံစားမိသည်ပင်။

သွေးကျောက်စိမ်းပင့်ကူ၏ ခွန်အားကြောင့် ကောင်းကင်လေဟာနယ်ဒယ်စောက်သည် နောက်တစ်ဖန် ဖြည်းဖြည်းချင်း မြင့်တက်လာပြန်သည်။

သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ ဟန်လိသည် ပြီးခဲ့သော အကြိမ်ကထက် ပို၍ နှေးနေသည်ဟု ခံစားရသည်။ တစ်လက်မလောက် မြင့်တက်လာဖို့ကို အချိန်အတော် ကြာနေသည်။ ထိုအဖြစ်က ဟန်လိကို စိတ်ကသိကအောက် ဖြစ်စေသည်။ မိစ္ဆာအိုကြီးများကသာ ပြန်ရောက်လာပြီး သည်မြင်ကွင်းကို တွေ့သွားခဲ့လျှင် အခြေအနေသည် ဆိုးရွားသွားနိုင်သည်။

အရိုးသခင်သည် လုံးဝ တည်ငြိမ်လျက်ပင်။ သို့သော် အပေါက်ဝထံမှ အပြာရောင်အလင်းသည် တောက်ပမှု တိုးလာစဉ် သူ့မျက်နှာပေါ်၌ လောဘတက်ဟန် အရိပ်အယောင် ပေါ်လာသည်။

စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များက အခုထိ ဘယ်စီဘယ်ဝယ်သို့ ရောက်ကုန်ကြလဲ မသိသေးခြင်းနှင့်အတူ သူတို့ မရှိနေခြင်းက ဟန်လိ၏ စိတ်ထဲ အကြောက်တရားကော၊ ကျေနပ်ပျော်ရွှင်မှုကိုကော တစ်ပြိုင်နက်တည်း ဖြစ်နေစေသည်။

ရုတ်တရက် ဟန်လိနှင့် အရိုးသခင်တို့သည် အပေါက်ဝထိပ်မှ အပြာရောင်မီးတောက်များ ရောက်လာချိန်၌ ကောင်းကင်ထက်သို့ ထိုးတက်သည်။ မီးတောက်ကြီးများသည် တဝုန်းဝုန်း ရုန်းကြွလာပြီး သည်လောကမှာ အပြာရောင်နှင်းခဲဖြင့် နစ်မြုပ်သွားပြန်ပြီ။

 ဟန်လိသည် ရေခဲမီးတောက်များကြား၌ ရှိနေသော ဝိုးတဝါးအရိပ်တစ်ခုကို စိုက်ကြည့်နေလျက် မျှော်လင့်ချက်ကြောင့် သူ့စိတ်နှလုံးမှာ တဒိတ်ဒိတ်ခုန်နေသံကို ကောင်းစွာ ကြားနေရသည်။

အစောပိုင်းတုန်းက ဒယ်စောက် ပေါ်လာခဲ့ချိန်တုန်းက သူသည် မိစ္ဆာအိုကြီးများအပေါ်၌သာ အာရုံအပြည့်ထားနေခဲ့ပြီး ဒယ်စောက်ကို နည်းနည်းလေးမျှ မစူးစမ်းကြည့်ခဲ့ရပေ။ အခု သူသည် ၎င်း၏ အစစ်အမှန်အသွင်အပြင်ကို သူ၏ ကိုယ်ပိုင်မက်လုံးနှင့် မျက်မြင်တွေ့ရဖို့ အခွင့်အရေးတစ်ခု ရှိနေခဲ့ပြီ။

၎င်း၏အသွင်အပြင်က တစ်ဝက်တစ်ပျက်သာ လှစ်ဟပေါ်သေးသော်ငြား ဟန်လိသည် ၎င်းကို သိရှိနိုင်စွမ်း ရှိနေဆဲပင်။

All Chapters