← Chapters

ဒယ်စောက်ကို ရရှိခြင်း

Vol. 36 Ch. 491

ဒယ်စောက်ကို ရရှိခြင်း

Vol. 36 Ch. 491

ကောင်းကင်လေဟာနယ်ဒယ်စောက်သည် ခပ်ပြားပြားအောက်ခြေ၊ လက်ကိုင်နှစ်ခု၊ ထောက်သုံးချောင်းနှင့်ပင်။ ၎င်းသည် တစ်မီတာကျော် အမြင့်ရှိပြီး သုံးမီတာအကျယ် ရှိသည်။ ၎င်းကို အလွန်ကြီးများသည်ဟု မယူဆနိုင်ပေ။

၎င်း၏အဖုံးတွင် သားရဲ၊ အင်းဆက်များ၏ ပုံများနှင့်အတူ အမျိုးမျိုးသော ရှုခင်းရှုကွက်ပုံများဖြင့် ရေးထွင်းထားသည်။ ၎င်းတို့သည် အကြမ်းထည်ဆန်လှသည်ဆိုသော်လည်း အသက်ဝင်လှပြီး ရှေးကျလွန်းသော အရိုင်းအော်ရာတစ်ခုကို ထုတ်လွှတ်လျက် ရှိသည်။

ထိုဒယ်စောက်သည် အပေါက်ဝထံမှ မြင့်တက်လာသည်နှင့် ခပ်ရေးရေးသာ ကြားနေရသော တဝီဝီမြည်သံသည် တဖြည်းဖြည်း ပို၍ ကျယ်လောင်လာသည်။ တစ်ချိန်တည်းမှာ ဒယ်စောက်ကို ဝိုင်းရံထားသော အပြာရောင်မီးတောက်များသည် တဖြတ်ဖြတ်ဖြစ်ကာ မူလအရွယ်အစားထက် အဆများစွာ ပို၍ ဖောင်းကြွလာတော့သည်။

အပေါက်ဝအနီးအနားတွင် ရပ်နေ‌သော အရိုးသခင်နှင့် ဟန်လိတို့သည်လည်း ထိုအဖြစ်ကြောင့် တုန်လှုပ်သွားပြီး သူတို့က ပလ္လင်နှင့် ပိုကွာဝေးအောင် လှမ်းသွားကြသည်။ ပလ္လင်၏ မီတာသုံးဆယ်ပတ်ပတ်လည် ဧရိယာတစ်ခုလုံးသည် အပြာရောင်အလင်းဖြင့် တောက်ပလျက် လုံးဝ အေးခဲလျက် ရှိသည်။

ပလ္လင်ပေါ်ရှိ အပြာရောင်မီးတောက် လင်းလက်ခြင်း၊ သွေးကျောက်စိမ်းပင့်ကူတို့၏ လှုပ်ရှားမှုများကလွဲ၍ အရာအားလုံးသည် အပြာရောင်ရေခဲနှင့်သာ အတိပြီးနေသည်။ ဟန်လိနှင့် အရိုးသခင်တို့သာ စောစောက နှေးကွေးသွားခဲ့လျှင် သူတို့သည်လည်း အေးခဲသွားမှာ သံသယဖြစ်ရန် မလိုပေ။ ဤအခိုက်တွင် ပလ္လင်တစ်ခုလုံးကို အပြာရောင်သလင်းခုံးတစ်ခုက ခြုံလွှမ်းထားခဲ့လေပြီ။

ဟန်လိသည် ထိုအံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်၍ အလန့်တကြား ဖြစ်ပြီး လှမ်း၍ မမေးမိဘဲ မနေနိုင် ဖြစ်ရသည်။

“ကျုပ်တို့က ရတနာကို ဘယ်လိုများ ထုတ်ယူကြပါတော့မလဲ…”

ဟန်လိသည် သည်မျှအေးခဲနေသော မြင်ကွင်းကြောင့် ရတနာကို ရယူရန် မည်သည့်နေရာကနေ စရန်မှန်းမသိ ဖြစ်ရသည်။

အရိုးသခင်သည် ကောင်းကင်ရေခဲမီးတောက်များကို အလေးအနက် စိုက်ကြည့်လျက် ပြောသည်။

“ဒါက ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ ကျုပ်မှာ ရေခဲမီးတောက်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ ကျုပ်ရဲ့ လေးနက်စိတ်ဝိညာဉ်တစ္ဆေမီးတောက်တွေရဲ့ သဘာဝဟာလည်း အအေးဓာတ်ပဲ။ ဒါက ကောင်းကင်ရေခဲမီးတောက်နဲ့ အဆင့်မတူပေမယ့် ကျုပ်က သလင်းကို ချိုးဖျက်ပြီး ဒယ်စောက်ကနေ မီးတောက်တွေကို ပိုင်းခြားနိုင်စွမ်းတော့ ရှိမှာပါ။ အဲ့အချိန်ကျရင် မင်းက ဒယ်စောက်ကို အပေါက်ဝထဲကနေ ထုတ်ယူရလိမ့်မယ်…”

သူ၏အသံသည် အေးစက်နေသော်လည်း ဟန်လိသည် ၎င်းအသံ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင် ပါဝင်နေမှန်း သိ၏။

ဟန်လိသည် တုန်လှုပ်သွားမိသည်။ သည်အရိုးသခင်က အန္တရာယ်များလွန်းလှသော အပြာရောင်မီးတောက်များကို စရင်ဆိုင်ပေးပြီး သူ့ကို ဒယ်စောက်အား ထုတ်ယူစေချင်နေသည်။ ဤသည်မှာ အမှန်တကယ် မမျှော်လင့်ထားသည့်အရာပင်။ သူသည် အရိုးသခင်ထံသို့ တမျိုးတမည်ဖြစ်သော ဟန်အမူအရာဖြင့် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

ဟန်လိသည် မိစ္ဆာအိုကြီးသည် ထိုမျှ အကြင်နာတရား ရှိလိမ့်မည်ဟု မယုံကြည်ပေ။ သို့သော် သည်နည်းလမ်း၌ မည်သည့်အမှားအယွင်းမှ ရှိမနေပေ။ ဟန်လိ၏စိတ်ထဲ၌ သံသယများ မြင့်တက်လာသည်။ ဟန်လိသည် အရိုးသခင်က သူ့ကို ရေခဲမီးတောက်များအား ရင်ဆိုင်စေပြီး ဒယ်စောက်ကို သူကိုယ်တိုင်သာ ထုတ်ယူမည်ဟု ပြောလာခဲ့လျှင်တော့ သေချာပေါက် သဘောတူလိမ့်မည် မဟုတ်ပေ။

ထိုအတွေးဖြင့် အခုတော့ ဟန်လိသည် သဘောတူရန်သာ ရှိတော့သည်။

သူသည် ခုချိန်မှ နောက်ပြန်မဆုတ်နိုင်တော့ပေ။ ထို့ကြောင့် သူ့အဖို့ ရှေ့ဆက်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။ ဒယ်စောက်ကို ရယူနေစဉ်အတွင်း မူမမှန်တာတစ်ခုခု ဖြစ်လာခဲ့လျှင်လည်း ရတနာကို အရယူမည့်အစား သူ့အသက်အတွက်သာ သူ ကြည့်ပေမည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက်မှာ ဟန်လိသည် အရိုးသခင်ထံ သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

အရိုးသခင်သည် ကျေနပ်သည့်အပြုံးဖြင့် တုန့်ပြန်သည်။ ထို့နောက်တွင် သူသည် ရေခဲမီးတောက်များထံသို့ တချက်လှမ်းကြည့်လိုက်ပြီးနောက်မှာ သူ့ခန္ဓာကိုယ်သည် လေထဲ၌ စတင် လည်ပတ်သည်။ တစ္ဆေချီသည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရစ်ပတ်ပြီး သုံးမီတာမျှ ဗျက်ရှိ အစိမ်းရင့်ရောင်မုန်တိုင်းတစ်ခုကို ဖန်တီးသည်။ သူ့ဘေးပတ်လည်ရှိ လေထုသည် သိပ်သည်းသောမြူထုတစ်ခု ဖြစ်လာသည်။ ၎င်းမှ တစ္ဆေငြီးသံများ ခပ်သဲ့သဲ့ ထုတ်လွှတ်၏။ ထို့နောက်တွင် လေပွေတစ်ခုသည် အပြာရောင်မီးတောက်များထံ စုန်ဆင်းသွားသည်။

ထိုသို့ စုန်ဆင်းသွားစဉ် ကြီးမားသော တုန်ခါသံများ ပေါက်ကွဲလျက် မီးတောက်များကို လောင်မြိုက်စေသည်။ ထိုအခါ မီတာလေးဆယ်မျှ အမြင့်ရှိ အနီနှင့်အဖြူရောင်မီးတောက်တိုင်လုံးတစ်ခုသည် အစိမ်းရင့်ရောင်မီးတောက်၏ ပတ်ပတ်လည်၌ လည်ပတ်ကာ ပေါ်လာသည်။ ၎င်းသည် အပူဓာတ်လုံးဝ ကင်းမဲ့ပြီး အလွန်တရာအေးစက်မှုကိုသာ ပေးစွမ်းသည်။

ထိုတိုင်လုံးသည် အပြာရောင်နှင်းခဲနှင့် ရင်ဆိုင်တိုက်ခိုက်နေတာကို စိုက်ကြည့်နေလျက် ဟန်လိသည် မျက်လုံးပြူးနေသည်။

ချက်ခြင်းပင် အလင်းအရောင်သုံးခုသည် တစ်ခုတည်းအဖြစ်သို့ ယှက်လိမ်သွားပြီး သတ္တုသံကို ထုတ်လွှတ်၏။ ဟန်လိမှာ မျက်မှောင်ကြုတ်သွားသည်။

မီးတောက်တိုင်လုံးသည် အပြာရောင်မီးတောက်၏ ဗဟိုချက်အထိ ထိုးခွင်းသွားတာ မြင်မှ ဟန်လိသည် မျက်မှောင်ကြုတ်တာ ပြေလျှော့သွား၏။ ဟန်လိသည် ထိုမြင်ကွင်းကို စိတ်ပူပန်တကြီးဖြင့် ကြည့်နေလျက် သွေးကျောက်စိမ်းပင့်ကူထံ သူ့အသိစိတ်ကို အလျင်အမြန် ချိတ်ဆက်သည်။

အရိုးသခင်သည် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ကောင်းကင်ရေခဲမီးတောက်များထံမှ အမှန်တကယ် ခွဲထုတ်နိုင်သရွှေ့ သူသည်လည်း သွေးကျောက်စိမ်းပင့်ကူကို ၎င်း၏ခွန်အားရှိသမျှဖြင့် ဒယ်စောက်ကို ဆွဲထုတ်ရန် ချက်ခြင်း အမိန့်ပေးလိမ့်မည်သာ။

တဖြည်းဖြည်းဖြင့် အရိုးသခင်၏ မီးတိုင်လုံးသည် အပေါက်ဝထိ ရောက်လာနိုင်စွမ်း ရှိခဲ့လေပြီ။

ခဏအကြာတွင် အပြာရောင်မီးတောက်များသည် နောက်ဆုံး၌ ပေါက်ကွဲထွက်လာသည်။ ချက်ခြင်းပင် မီးတောက်တိုင်လုံးသည် ဧရာမ အစိမ်းရင့်ရောင်ကြာပွင့်တစ်ခုအဖြစ်သို့ အသွင်ပြောင်းပြီး ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ထွေးခြုံသွားသည်။

ထိုမြင်ကွင်းကြောင့် ဟန်လိသည် တုန်လှုပ်သွားသည်။ သူ့စိတ်ထဲ ပထမဆုံး ပေါ်လာသည့်အတွေးမှာ အရိုးသခင်သည် သူတို့၏ သဘောတူညီချက်ကို ဖျက်ပြီး ဒယ်စောက်ကို တစ်ယောက်တည်း မောင်ပိုင်စီးပြီ ဟူ၍ပင်။ ထိုအတွေးကြောင့် ဟန်လိသည် ချက်ခြင်းပင် ငါးရောင်စုံကြိုးမျှင်ကို ပြင်ဆင်၍ သတိထားသည်။ သို့ရာတွင် နောက်ထပ် တွေ့ရသော မြင်ကွင်းက ဟန်လိကို များစွာ စိတ်သက်သာရာ ရသွားစေ၏။

ခဏအကြာတွင် ကြာပွင့်ကြီးသည် အပြာရောင်မီးတောက်များကို ခြုံလွှမ်းလာပြီး ကောင်းကင်လေဟာနယ်ဒယ်စောက်အပေါ်၌ အခွံတစ်ခုကဲ့သို့ ဖြစ်လာသည်။

ဟန်လိ၏ စိတ်နှလုံးမှာ အလျင်အမြန် ခုန်ပေါက်လာ၏။ သူ့မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တဖြတ်ဖြတ်နှင့်။ သူသည် အရိုးသခင်၏ ပညာရပ်တွေအပေါ် ရှိန်ရလန့်ရသဖြင့် ကြိတ်၍သာ သက်ပြင်းချမိပြီး သူ၏ သွေးကျောက်စိမ်းပင့်ကူကို ၎င်း၏ ခွန်အားရှိသမျှဖြင့် ဒယ်စောက်ကို ဆွဲငင်ပင့်ယူရန် အမြန် အမိန့်ပေးသည်။

ကျယ်လောင်သော အော်မြည်သံနှင့်အတူ ပင့်ကူမျှင်များသည် အပြင်းအထန် တုန်ခါသည်။ သွေးကျောက်စိမ်းပင့်ကူသည် ခွန်အားရှိသမျှ ဒယ်စောက်ကို ဆွဲငင်ယူနေသည်။ ရလဒ်ကတော့ လုံးဝကို မထင်မှတ်စရာပင်။

လေးလံသည်ဟု ထင်ရသော ဒယ်စောက်သည် ဟန်လိဘက်သို့ ပျံသန်းလာခဲ့တော့၏။ ၎င်းသည် အလေးချိန် မရှိသည့်အလား။

စစချင်းတော့ ဟန်လိသည် အပျော်လွန်သွား၏။ သို့သော် သည့်နောက်တွင်မူ သူ့စိတ်မှာ တင်းကြပ်လာ၏။

ပေါ့ဆ၍ မနေဝံ့၍ ဟန်လိသည် သူ့လက်ကို ပင့်မြှောက်ကာ အလင်းမြူနှစ်ခုကို စေလွှတ်သည်။ ထိုမြူတို့သည် လမ်းမှာတင် ကြိုးများအဖြစ်သို့ ရုတ်တရက် အသွင်ပြောင်း၍ ဒယ်စောက်၏ လက်ကိုင်နှစခုကို ရစ်ထွေးသည်။ အားဖြင့် တချက် ဆောင့်ဆွဲခြင်းနှင့်အတူ ဒယ်စောက်သည် ဟန်လိ၏အရှေ့ ဆယ်မီတာလောက်ထိ ကျရောက်လာတော့သည်။

ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရရန် ကြိုးစားခြင်းသည် ခုမျှ လွယ်ကူနေသည့်အတွက်ကြောင့် ဟန်လိမှာ အတော်လေး မင်သက်ရ၏။

သူသည် ထိုရတနာကို ဤသို့ လွယ်ကူစွာ ရနိုင်ခဲ့ခြင်းမှာ ၎င်းကို ကောင်းကင်ရေခဲမီးတောက်နှင့် ခွဲခြားပစ်ခခဲ့သောကြောင့်သာ ဖြစ်မိဟု ဝိုးတဝါး ခံစားမိသည်။

သို့သော် ထိုအတွေးများသည် ခဏသာ ကြသည်။ ယင်းနောက်မှာ သူ့စိတ်ထဲ၌သာ ထိုအတွေးများကို ပြန်သိမ်းထားလိုက်တော့သည်။ ထို့နောက်တွင် ဟန်လိသည် ကြိုးကို လှုပ်ခါလျက် ဒယ်စောက်ကို ပိုနီးကပ်လာစေရန် ဆွဲယူသည်။ မန္တာန်တစ်ခုကို ခပ်ဖွဖွ ရေရွတ်နေခြင်းနှင့်အတူ ကြိုးများသည် အလျင်အမြန် ဝေဝါးသွားပြီး သူ့လက်ထဲသို့ ကောင်းကင်ဘုံလေဟာနယ်ဒယ်စောက်မှာ ဖြည်းဖြည်းချင်း ရောက်ရှိလာတော့သည်။

အခက်အခက်ပင် သိပ်မရှိခဲ့ပေ။ ဟန်လိသည် ဒယ်စောက်၏ အဖုံးနှုတ်ခမ်းကို သူ့လက်ချောင်းဖြင့် ပွတ်သပ်ကြည့်လျက် မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ ပြန့်ကြဲကြယ်ပင်လယ်များ၏ နံပါတ်တစ် ရတနာဟု သိရှိကြသော ကောင်းကင်လေဟာနယ်ဒယ်စောက်သည် အခုအခါ၌ သူ့လက်ထဲသို့ ကျရောက်ခဲ့လေပြီ။

ဟန်လိသည် အခုအခါ၌ သူ့လက်ထဲရှိ လက်သီးဆုပ်ခန့်အရွယ်သာ ရှိနေသော ဒယ်စောက်ကို အာရုံစိုက်၍ ကြည့်နေသည်။ သူ့စိတ်ထဲတွင်လည်း ထူးခြားသော အတွေးတစ်ခု ဖြတ်ခနဲ ပေါ်သည်။

“ ဒီဒယ်စောက်ဟာ အတုတော့ မဟုတ်နိုင်ဘူး…မလား…”

ထိုစဉ် ဟန်လိ၏ အတွေးများကို ရူးသွပ်စွာ ရယ်မောသံတစ်သံက ကြားဝင်နှောက်ယှက်လေ၏။

“ဟားဟား…ကောင်းကင်ရေခဲမီးတောက်၊ လေးနက်စိတ်ဝိညာဉ်ယင်မီးတောက်နဲ့ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးတို့ကို အတူတကွ ပေါင်းစည်လိုက်မယ်ဆို ငါဟာ မြင့်မြတ်တဲ့ မိုးပြာမီးတောက်တွေကို ကျင့်ကြံနိုင်စွမ်း ရှိတော့မှာ။ ငါ ခန့်မှန်းတာ မမှားနိုင်ဘူး။ ဟားဟား…”

ထိုရယ်သံမှာ အရိုးသခင်၏ ရယ်သံပင်။ သူ၏ ရယ်သံ၌ ကျေနပ်အားရဝမ်းသာမှုများ အပြည့်ပင်။

မည်သည့်အတွက်ကြောင့်မှန်း မသိရလေဘဲ ဟန်လိ၏ စိတ်ထဲ ချောက်ခြားသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း စိမ့်ခနဲ ဖြစ်မိသည်။ သူသည် သူ့လက်ထဲရှိ ဒယ်စောက်ငယ်ကို အသာစွေကြည်ပြီးနောက် မျက်နှာသေဖြင့် အရိုးသခင်ထံသို့ လှမ်းကြည့်သည်။ သူ တွေ့မြင်ရသည့်အရာကြောင့် ဟန်လိမှာ အလန့်တကြား ဖြစ်သွားရသည်။

အစိမ်းရောင်ကြာပွင့်သည် ပျောက်ကွယ်သွားခဲ့တာ ကြာပေပြီ။ ၎င်း၏ နေရာတွင် လက်ထဲတွင် အလင်းလုံးတစ်ခုကို ကိုင်ထားသော အရိုးသခင်က အစားထိုး ဝင်ရောက်လျက် ရှိသည်။

ပထမဆုံးကြည့်ကြည့်ချင်းမှာ အလင်းလုံးသည် အစိမ်းရင့်ရောင်မှန်း သိနိုင်သည်။ သို့သော် နောက်ထပ် သေချာထပ် ကြည့်သည့်အခါ ၎င်း၏ အလယ်၌ အပြာရောင်မီးတောက်တစ်ခု လောင်ကျွမ်းနေတာကို ဟန်လိ မြင်ရသည်။ အစိမ်းရင့်ရောင်အလွှာသည် ၎င်းကို ထွေးခြုံထားပြီး ထိုအပြာရောင်မီးတောက်သည် ဟိုမှသည် တဖြတ်ဖြတ် တောက်ပလျက် ငြိမ်ငြိမ်သက်သက် ရှိမနေချေ။

သို့သော် ပို၍ တုန်လှုပ်အံ့အားသင့်ဖို့ ကောင်းသည်မှာ ထိုအလင်းလုံးထံမှ အနက်ရောင်လျှပ်စီးအလင်းစက်များ ထိုးထွက်လျက် ရှိနေခြင်းပင်။

ဟန်လိ၏ အမူအရာသည် ပြောင်းလဲသွားသည်။ ဤသည်မှာ အရိုးသခင် တလျှောက်လုံး ကြံစည်နေသည့် အရာများ ဖြစ်နိုင်လား။

ဟန်လိသည် သူ့အတွေးများ အဆုံးမသပ်ခင်မှာပင် အရိုးသခင်သည် ဟန်လိထံသို့ ဖြည်းဖြည်းချင်း လှမ်းလာပြီး သူနှင့် မီတာသုံးဆယ်အကွာတွင် ရပ်သည်။

သူ့အကြည့်က ဟန်လိ လက်ထဲရှိ ကောင်းကင်လေဟာနယ်ဒယ်စောက်ပေါ်သို့ ကျရောက်သည်။ သူက ပြောလာ၏။

“သိပ်ကောင်းတယ်။ ငါ့အစီအစဉ်မှာ ဘာအမှားမှ မရှိခဲ့တဲ့ ပုံပဲ…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ၌ သူက နှာခေါင်းရှုံ့ပြီး အရိုးသခင်ကို တိတ်တဆိတ် သတိထားပြီး စောင့်ကြည့်သည်။

အရိုးသခင်သည် ပြုံး၍ ပျင်းတိပျင်းတွဲဟန်ဖြင့် ပြောလာသည်။

“ကြည့်ရတာ မင်းက တစ်ခုခုကိုတော့ သိသွားခဲ့ပုံပဲ။ ကျုပ်က မင်းကို တကယ်ပဲ ရှင်းပြချင်ပေမဘ့် ကျုပ်မှာ အချိန် အကန့်အသတ်က ရှိနေတယ်။ မကြာခင် မင်းက သေရတော့မှာ။ ဒါ့ကြောင့် မင်း ဘူမသိဘမသိ သေသွားတဲ့အပေါ်မှာပဲ ကျုပ်က ကျေနပ်ရတော့မှာပေါ့…”

ဟန်လိ၏ စိတ်နှလုံးမှာ တုန်ယင်သွားသည်။ အရိုးသခင်သည် သူ့ကို သတ်၍ ရတနာကို ရယူချင်နေတာ အသိသာကြီးပင်။

ဟန်လိသည် အပိုစကားများ ပြောမနေတော့ပေ။ သူ့ဘက်က လက်ဦးမှု ရရန်သာ ကြိုးစားတော့သည်။

သူ့လက်ကို ပင့်မြှောက်လျက် သူ အသင့်ပြင်ထားသော ကြေးကြိုးမျှင်များကို စေလွှတ်သည်။ ရောင်စုံအလင်း လင်းလက်သွားပြီး ၎င်းတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ၎င်းကြိုးမျှင်များသည် အရိုးသခင်၏ လည်တိုင်နှင့် ခြေလက်များကို ထိန်းချုပ်ရန် ပြန်ပေါ်လာသည်။

All Chapters