အရိုးသခင် သေဆုံးခြင်း
Vol. 36 Ch. 493
ဟန်လိသည် မျက်နှာပျက်သွားသည်။ သူ့ပတ်လည်ရှိ လျှပ်စီးကွန်ယက်သည် အချိန်တစ်ခုထိ မီးခိုးရောင်မီးတောက်များကြောင့် ရပ်တန့်သွားသည်။ သို့သော် မီးတောက်များက ၎င်းကို မလောင်ကျွမ်းနိုင်ပုံ ပေါ်သည်။ လျှပ်စီးသည် တောက်လောင်လျက် ရှိပြီး လျှပ်စီးပိုက်ကွန်ကို မီးခိုးရောင်မီးတောက် လှောင်ချိုက်တစ်ခုအဖြစ်သို့ ပြောင်း၍ ဟန်လိကို ပိတ်လှောင်ထားသည်။ အခုအခါ သူသည် လွတ်မြောက်ချင်လျှင်ပင် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
သို့သော် ဟန်လိကို စိတ်ပူပန်စေသည်မှာ ရွှေရောင်လျှပ်စီးပိုက်ကွန်ကို လောင်ကျွမ်းနေစဉ် သူ့ခန္ဓာကိုယ်တွင်းရှိ လျှပ်စီးသည် ဖြည်းဖြည်းချင်း သွေ့ခြောက်လာတာကို ခံစားမိနေရတာ ဖြစ်သည်။
ထိုအခါကျမျှ အရိုးသခင်သည် စိတ်သက်သာရာ ရ၍ သက်ပြင်းချပြီး ပြုံးနိုင်တော့သည်။ ဟန်လိသည် မီးခိုးရောင်မီးတောက်၏ လက်ထဲမှ ချိုးဖျက်နိုင်ရန် နည်းလမ်းလုံးဝ ရှိမနေတော့ဟု သူ ယုံကြည်နေသည်။ မီးတောက်များ၏ ဒဏ္ဌာရီဂုဏ်သတင်းအရဆို အရိုးသခင်သည် ၎င်းအတွင်း၌ ပိတ်လှောင်ခံရပါက စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်သည်ပင် လွတ်မြောက်ရန် လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုခြင်းဖြင့် သူတို့၏ မူလချီကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဟု ယုံကြည်သည်။
သူသာ သူ့ကိုယ်ပိုင်မိုးပြာမီးတောက်ကို သန့်စင်နိုင်ပြီး သူ၏ ကျင့်ကြံမှုကို စဦးစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်ထိ ပြန်ရနိုင်သည်နှင့် သူကား ပြန့်ကြဲကြယ်ပင်လယ်များ၏ တစ်ဝက်ကျော်ကို အုပ်စိုးနိုင်ခြေ ရှိလာပေလိမ့်မည်။
ထိုအတွေးဖြင့် အရိုးသခင်သည် သူ့စိတ်ကူးတို့ကို လွှတ်ပေးထား၏။ သူ့အမြင်တွင် ဟန်လိသည် သေလူဖြစ်နှင့်ပြီးပင်။
ဟန်လိအတွက်တော့ အခြေအနေသည် သေရေးရှင်ရေး ဖြစ်လာနေခဲ့ပြီ။ ရွှေရောင်လျှပ်စီးပိုက်ကွန်သည် တဖြည်းဖြည်းချင်း ပျက်စီးပေတော့မည်။ ဟန်လိသည် အမူအရာကင်းမဲ့စွာဖြင့် သူ့လက်ဝါးနှစ်ဖက်ကို ဖြန့်ပြီး ရွှေရောင်လျှပ်စီးစက်ဝန်းများကို ပိုက်ကွန်ထံ စေလွှတ်သည်။
ဟန်လိ၏ လက်ဝါးမှ ထွက်ပေါ်လာသော ရွှေရောင်လျှပ်စီးများသည် ပိုက်ကွန်၌ ပေါင်းစည်းသွားပြီး သွေ့ခြောက်နေသော ပိုက်ကွန်သည် တဖန် ပြန်တောက်ပလာသည်။ ၎င်းသည် မူလအရွယ်အစားသို့ ပြန်ရောက်လာရုံသာမက မီးခိုးရောင်မီးတောက်များကိုပါ ဆန့်ကျင် တိုက်ခိုက်ပြီး မီးတောက်များကို ကြီးမားသောအရှိန်အဟုန်ဖြင့် နောက်သို့ ပြန်လွင့်ထွက်သွားစေသည်။
အရိုးသခင်သည် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားပြီး ထခုန်မတတ်ပင်။ အခု သူသည် မိုးကောင်းကင်၏ ဆန္ဒသည် လူသားအပေါ် ကစားတတ်သည်ဟူသည့် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သွားခဲ့ပေပြီ။
မြင့်မြတ်သော မိုးပြာမီးတောက်များသည် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး၏ အထက်တစ်ဆင့်မှာ ရှိနေသည့်တိုင် လျှပ်စီးအရေအတွက်က များပြားလွန်းလှသည်။ ၎င်းအဖို့ အနိုင်ရနိုင်ရန် မသေချာ ဖြစ်သွားခဲ့ရသည်။
အရိုးသခင်သည် ဟန်လိကို မကောင်းဆိုးဝါး တစ်ကောင်နှယ် စိုက်ကြည့်နေသည်။
သူ့စိတ်ထဲ သံသယများ ထပ်မြင့်တက်လာပြန်သည်။ ဟန်လိ၏ ခန္ဓာကိုယ်လေးအတွင်း၌ သိုလှောင်ထားသော ရွှေရောင်လျှပ်စီးဝါး မှော်ရတနာများ မည်မျှများများ ရှိနေသနည်း။ သူ၏ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးသည် အဆုံးအစမဲ့စွာ ရှိနေတာ ဖြစ်နိုင်မလား။
ထိုအတွေးက သူ့စိတ်ထဲ ဝင်လာစဉ် အရိုးသခင်သည် သူ့လျှာကိုယ်သူ ကြမ်းတမ်းစွာ ကိုက်ပစ်၏။ စူးရှပြင်းထန်သော နာကျင်မှု၊ သွေးအရသာတို့နှင့်အတူ သူသည် သူ့စိတ်ရှင်းလင်းမှုကို ပြန်ရသွားသည်။ သူသည် ပေါ့ပေါ့ပါးပါး ခေါင်းရမ်းလျက် ထိုသို့ အခြေအမြစ် မရှိသော အတွေးများကို မောင်းထုတ်ပစ်သည်။
အဆုံးမရှိသည့် မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး ပမာဏ။ ထိုသည်မှာ မဖြစ်နိုင်တာ သိသာသည်။ သူသည် ဟန်လိ၏ လျှပ်စီး အရေအတွက်နှင့် ပတ်သက်၍ မသေမချာ ဖြစ်ခဲ့ရုံမျှသာ။
သို့ရာတွင် အရိုးသခင်သည် လျှပ်စီးအရေအတွက်ကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံ ထုတ်ဖော်ပြီးလျှင် ဟန်လိမှာ သေချာပေါက် သွေ့ခြောက်သွားလိမ့်မည်ဟု ယူဆသည်။ ထိုသို့သာ ဖြစ်လာခဲ့လျှင် သူသည် ဟန်လိကို အလွယ်တကူ သတ်ပြီး သူ၏ ရွှေလျှပ်စီးဝါးမှော်ရတနာများကိုလည်း ယူဆောင်နိုင်ပေလိမ့်မည်။
ထိုသို့ တွေးပြီး အရိုးသခင်သည် စိတ်အား ပြန်တက်ကြွလာပြီး ဟန်လိထံ လောဘတကြီးဖြင့် လှမ်းကြည့်သည်။ သူ၏ ဦးခေါင်းထက်၌လည်း အလင်းစက်ဝန်းတစ်ခုသည် မြင့်တက်လာ၏။
အစောပိုင်းတုန်းက အရိုးသခင်သည် သူ၏ ကောင်းကင်ရေခဲမီးတောက်များကို တန်ပြန်ဒဏ် လျော့ချနိုင်ရန်အတွက် မိုးပြာမီးတောက်များအဖြစ်သို့ ပြောင်းလာခဲ့တာ တစ်ဝက်ပင် မရှိခဲ့ပေ။ သို့သော် ဤသည်မှာ ဟန်လိကို သတ်ဖို့ မလုံလောက်ခဲ့ပေ။ သူ ဟန်လိကို တချိတည်းနှင့် သတ်နိုင်ဖို့မှာ သူ့အဖို့ သူ့၌ ကျန်နေသေးသော ကောင်းကင်ရေခဲမီးတောက်များအားလုံးကို သန့်စင်ပစ်မှ ရနိုင်ပေလိမ့်မည်။
ထို့နောက်တွင်မူ သူသည် သူ့အတွေးများကို သူ့ဟာသူ လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လျက် မန္တာန်ချိပ်ဟန်တစ်ခုကို ထပ်မံ ဖြစ်ပေါ်စေသည်။ အလင်းစက်ဝန်းသည် လျင်မြန်စွာ လှည့်ပတ်လာလျက် တလက်လက် တောက်ပလာတော့သည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏စိတ်နှလုံးထဲ အေးစိမ့်သွားသည်။
ဤသည်မှာ အရိုးသခင် မျှော်လင့်ထားသည့်အရာပင်။ အရိုးသခင်သည် သူ၏ မြင့်မြတ်သောမိုးပြာမီးတောက်ဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လာတော့မည်ကို မြင်သည့်အခါ ဟန်လိသည် သူ၏ လက်ကျန် မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးသည် သူ့ကို လွတ်မြောက်စေနိုင်၊ မနိုင်အပေါ် စဉ်းစားရတော့သည်။
သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ မီးတောက်လှောင်အိတ်ကို ချိုးဖျက်၍ ထွက်ပြေးနိုင်ရန်ပင်။ တကယ်တော့ မြင့်မြတ်သောမိုးပြာမီးတောက်များသည် မည်မျှ ခွန်အားကောင်းပါစေ ထိမိခြင်း မရှိလျှင် ၎င်းတို့၏ စွမ်းအားသည် မည်သည့်အဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်ပေ။
ထိုအတွေးဖြင့် ဟန်လိသည် ဆုံးဖြတ်ချက်တစ်ခု ချသည်။ သူသည် သူ၏ ကျန်သည့် မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို တချိတည်းဖြင့် ထုတ်လွှတ်သည်။ သူ၏လက်နှစ်ဖက်ထံမှ လက်မောင်းလုံးခန့် လျှပ်စီးတန်းနှစ်ခု ပေါက်ကွဲထွက်လာပြီး ပိုက်ကွန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရွှေရောင်လျှပ်စီးပိုက်ကွန်သည် မိုးကြိုးသံ ပေးလျက် လျင်မြန်စွာ ဝေ့ခါရမ်းပြီး ရွှေရောင် တောက်ပ ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးစက်ဝန်းများသည် ကျန်သည့် မီးခိုးရောင်မီးတောက်များကို အဝေးသို့ လွင့်ထွက်သွားစေသည်။
ထိုအခိုက်တွင် ဟန်လိ၏ ခန္ဓာကိုယ်သည်လည်း သုံးလေးကြိမ်လောက် ဖြတ်ခနဲ ဝေဝါးသွားပြီးနောက် ဆယ်မီတာလောက်အကွာတွင် ပြန်ပေါ်လာသည်။
ဟန်လိသည် သူသာ ပေါ့ဆမိခဲ့၍ မီးခိုးရောင်မီးတောက်အမျှင်တန်းတစ်ခုနှင့် ထိမိသွားခဲ့လျှင် သေသွားရမှာ စိုးရိမ်ကြောက်လန့်မိခဲ့သည်။ သို့သော် ခုချိန်တွင်မူ သူသည် မြင့်မြတ်သောမိုးပြာမီးတောက်များကို ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ ဝတ်ရုံကို ချက်ခြင်း အသုံးပြုခဲ့သည်။ သွေးနီရောင်လင်းလက်သွားမှုနှင့်အတူ သူသည် မြေပြင်ကနေ လေပေါ်သို့ စတင် လွင့်မြောသည်။
သူသည် ကျောက်လှေကားထစ်များထံ တန်းတန်းမတ်မတ် ဦးတည်သွားရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။ သူ၏ ဝါးတိမ်အုပ်ဓားများဖြင့် အရံအတားကို ချိုးဖျက်ပြီးသည်နှင့် သူသည် ကောင်းကောင်းကြီး လွတ်မြောက်နိုင်ပေလိမ့်မည်။
အရိုးသခင်သည် ဟန်လိ၏ အကြံကို ခန့်မှန်းမိပုံ ရပြီး သူက ချက်ခြင်း စိတ်ပူပန်သွားသည်။ သို့အတွက် သူသည် သူ၏ မှော်စွမ်းအားကို အလင်းစက်ဝန်းထဲသို့ ထပ်သွင်းပြီး ၎င်းကို အလျင်အမြန် အသွင်ပြောင်းလဲစေသည်။ ကျယ်လောင်စွာ တုန်ဟည်းသံနှင့်အတူ အလင်းစက်ဝန်းတစ်ခုလုံးသည် မီးခိုးရောင်မီးတောက်အဖြစ်သို့ တောက်ပသည်။ ၎င်းသည် မြင့်မြတ်သောမိုးပြာမီးတောက်များအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည့်အလား။
သို့သော် ထူးခြားသည်မှာ ၎င်းစက်ဝန်း၏ ဗဟိုချက်တွင် အပြာရောင်အလင်းလုံးငယ်တစ်ခု ရှိလို့နေသေးသည်။ ၎င်းက အဆက်မပြတ် တောက်ပလျက် အတော်လေး မတည်ငြိမ်သည့်ပုံ ပေါ်သည်။
ထိုသည်ကို မြင်သည့်အခါ စစချင်း၌ အရိုးသခင်သည် အံ့အားသင့်သွားသည်။ သို့သော် သူက ဤသည်ကို အလွန် အလေးအနက် မထားနေပေ။ ခုလက်ရှိ သူ၏ မှော်စွမ်းအားသည် မများပြားတော့သည် ဖြစ်၍ အသွင်ပြောင်းလဲခြင်းသည် လုံးဝ မပြည့်စုံတာကို သတိပေးနေတာမျိုး ဖြစ်သည်။
ခုလက်ရှိ၌ သူသည် ဟန်လိ လွတ်မြောက်သွားမည့်အပေါ်၌သာ အာရုံစိုက်နေရသည်။
အရိုးသခင်သည် မီးခိုးရောင်မီးတောက်စက်ဝန်းကို အသာအယာ လက်ယက်ခေါ်သည်။ မီးတောက်စက်ဝန်းသည် မသိမသာ တုန်ခါသွားပြီး သူ့အမိန့်အတိုင်း တိုက်ခိုက်ရန် စတင်သည်။
သို့သော် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာ၏။
အလင်းစက်ဝန်းထဲရှိ ကျန်နေသေးသော အပြာရောင်အလင်းသည် ရုတ်ချည်း တဖြတ်ဖြတ် တောက်ပလျက် အလင်းစက်ဝန်း၏ ဗဟိုချက်တွင် ၎င်းသည် ကြေမွပျက်စီးသည်။ အလင်းစက်ဝန်းသည် ရုတ်တရက် မညီမညာနှင့် ပုံပျက်သွားပြီး ၎င်းထံမှ စူးရှသော လေချွန်သံမျိုး ထုတ်လွှတ်၏။
အရိုးသခင်သည် အကြီးအကျယ် ထိတ်လန့်သွားပြီး စက်ဝိုင်း၏ ပုံပျက်ယွင်းမှုကို ထိန်းချုပ်ဖို့ ကြိုးစားသည်။ သူသည် မြင့်မြတ်သော မိုးပြာမီးတောက်များမှာ သူ အမှန်တကယ် သန့်စင်ထားသော တစ်စုံတစ်ခု မဟုတ်မှန်းကို မေ့သွားခဲ့ပုံ ရသည်။ သူသည် ၎င်းကို ပြင်ပအားများ အကူအညီဖြင့်သာ ထိန်းချုပ်အသုံးပြုနိုင်ခဲ့တာပင်။
အခု ၎င်း၏ အမြုတေပျက်စီးမှုကို တွေ့ကြုံရသည့်အခါ မီးတောက်စက်ဝန်းသည် လုံးဝ မတည်မငြိမ် ဖြစ်လာပြီး ထိန်းချုပ်မှုကနေ လွတ်ထွက်သွားသည်။ သူ၏ မှော်စွမ်းအားတို့မှာ ၎င်းကို ထိန်းချုပ်ရာ၌ နည်းနည်းလေးမျှ သက်ရောက်မှု မရှိနေပေ။
သူ့ခေါင်းတွင် ချွေးစေး ပြန်လာနေရင်း မီးတောက်စက်ဝန်းကမူ ရုတ်တရက် အဖြူ၊ အစိမ်းနှင့် အနက်ရောင်များ အဖြစ်သို့ ပြိုကွဲသွားပြီး အရိုးသခင်၏ ဦးခေါင်းအထက်၌ ပျက်စီးသွားတော့သည်။ မရေမတွက်နိုင်သော မီးခိုးရောင်မီးတောက် မီးကျီခဲများအဖြစ်သို့ ထုတ်လွှတ်သွား၏။
အရိုးသခင်၏ အမူအရာသည် သွေးမရှိတော့လောက်အောင် ဖြူရော်သွား၏။ သူသည် တွေးပင် မတွေးနေဘဲ သူ့ခန္ဓာကိုယ်ကို အလျင်အမြန် လှည့်သည်။ အနက်နှင့် အစိမ်းရောင် တစ္ဆေချီ ဝဲကတော့သည် ထိုမီးခိုးရောင်မီးတောက် မီးကျီခဲများကို ထိန်းချုပ်နိုင်ရန် ကြိုးစားသည်။
သည့်နောက်တွင်မူ အနက်ရောင်လျှပ်စီးတန်းတစ်ခုသည် အရိုးသခင်၏ အသက်ကို ကယ်တင်ပေးနိုင်ဖို့ငှာ ပျက်စီးနေသော စက်ဝန်းထံသို့ ဦးတည်တိုးဝင်၏။ တစ္ဆေချီဝဲကတော့သည် လွှမ်းမိုးနိုင်စွမ်း ရှိပုံ ပေါ်သော်လည်း ၎င်းတို့သည် မီးခိုးရောင်မီးတောက်များနှင့် ထိမိသည်နှင့် ဘာမျှ မဟုတ်လေသည့်အလား အရည်ပျော်ကြသွားကာ သက်ရောက်မှု ကင်းမဲ့သည်။
မီးခိုးရောင်မီးတောက်မီးကျီခဲများကမူ လျင်မြန်လှသောနှုန်းဖြင့် အောက်ဘက်သို့ မကျတော့ဘဲ အကွာအဝေးတစ်ခုထိ ကျယ်ပြန့်စွာ ပျံ့နှံ့သွား၍ ဟိုသည် ကူးသန်းသွားသည်။ အရိုးသခင်သည် ၎င်းမီးခိုးရောင်မီးတောက် မီးကျီခဲများထံမှ လက်မတင်လေး လွတ်မြောက်သွားနိုင်ခဲ့၏။
ထိုသို့ ပြောင်းပြန်ဖြစ်သွားမှုကို ဟန်လိသည် မျက်မြင်တွေ့ရသည့်အခါ သူ ချက်ခြင်း စိတ်ပြောင်းသွားသည်။ သူသည် သူ့လက်ချောင်းများမှ မိုးပြာအနှစ်သာရဓားအလင်းတန်း ဆယ်ခုကျော်ကို ထုတ်လွှတ်နိုင်သည့် အခွင့်အရေး ရသွားပြီး အရိုးသခင် လွတ်မြောက်နိုင်မည့် ဆုတ်လမ်းကို တားဆီးသည်။ အရိုးသခင်သည် အလန့်တကြားလည်း ဖြစ်၊ ဒေါသလည်းဖြစ်ကာ စိတ်ထဲကနေ ကျိန်ဆဲတော့၏။
အခုအချိန်တွင် သူ့အဖို့ ရှောင်ရန် ကြပ်းတည်းကျပ်တည်း ဖြစ်သွားခဲ့လေပြီ။ သူသည် အံတင်းတင်းကြိတ်လျက် သူ့လက်နှစ်ကိုသာ ရှေ့သို့ ကာ၍ အစိမ်းရောင်ချီ အလွှာပါးတစ်ခုကို ထုတ်လွှတ်ပြီး ရှေ့တည့်တည့်သာ တိုးဝင်လာသည်။ မိုးပြာအလင်းတန်းတစ်ခုသည် သူ့ကို မထိခင်လေး၌ သူက သူ့ပါးစပ်ထဲမှ အနက်ရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်သည်။ ၎င်းမှာ သူ၏ မှော်ရတနာ ဖြစ်သော ရွှေရောင်လျှပ်စီးဝါးမြားပင် ဖြစ်၏။
ငါးခုမြောက် မိုးပြာအလင်းတန်းကို တိုက်ခိုက်ပြီးနောက်မှာ သူက ဘေးတစ်ဖက်သို့ လွင့်သွား၏။ ကျန်သည့် ဓားအလင်းတန်းများကိုတော့ အရိုးသခင်သည် သူ့လက်နှစ်ဖက်ဖြင့်သာ တိုက်ရိုက်ခံဆောင်လိုက်ရသည်။ ခပ်အုတ်အုတ် ပေါက်ကွဲသံငါးခု ဟိန်းထွက်လာ၏။
အရိုးသခင်သည် ဟန်လိ၏ မိုးပြာအနှစ်သာရဓားအလင်း၏ ခွန်အားကို လျှော့တွက်ခဲ့တာ သိသာသည်။ သူသည် ပထမဆုံး ဓားအလင်းတန်းလေးခုကို ဖယ်ရှားနိုင်စွမ်း ရှိသော်လည်း နောက်ဆုံးဓားချက်ကမူ သူ၏ အစိမ်းရောင်ချီကို ထွင်းဖောက်ပြီး သူ့အစစ်အမှန်ခန္ဓာကိုယ်ကို ထိုးစိုက်လျက် နောက်သို့ ခြေလှမ်းလေးငါးလှမ်း ဆုတ်သွားစေခဲ့တာ ဖြစ်သည်။
ထိုအခိုက်တွင် အရိုးသခင်၏ စိတ်သည် ကြောက်လန့်မှုကြောင့် တောင့်တင်းသွားခဲ့ပြီ။ အလန့်တကြား ဖြစ်ကာ သူက သူ့ဝတ်ရုံထဲမှ တစ်စုံတစ်ခုကို အလျင်စလို ထုတ်ယူသည်။ သို့သော် သူ ထိုသို့ မလုပ်ဆောင်နိုင်ခင်မှာ မီးခိုးရောင်မီးတောက်မီးကျီခဲတစ်ခုသည် သူ့ပုခုံးပေါ်သို့ လာကျရောက်သည်။
ဝှစ်။ မီးခိုးရောင်မီးတောက်ကား ကြမ်းကြုတ်စွာ စတင်လောင်မြိုက်လေပြီ။
နည်းနည်းလေးမျှပင် အော်သံ မပြုနိုင်ဘဲ အရိုးသခင်၏ ခန္ဓာကိုယ်သည် မီးတောက်ဖြင့် လောင်ကျွမ်းခံရကာ ပြာကလွဲ၍ အခြား ဘာမျှ မကျန်ခဲ့တော့ချေ။