ကောင်းကင်ရေခဲပုလဲ
Vol. 36 Ch. 494
ဟန်လိသည် သူ့သွေးများ အေးစက်သွားသလိုပါ ခံစားမိသွားရသည်။ မိုးပြာမီးတောက်များ၏ ကြမ်းတမ်းပုံကို မျက်မြင်တွေ့ရသည့်အခါ သူ့မျက်နှာထက်၌ တုန်လှုပ်မှု အထင်းသား။ ထိုမီးခိုးရောင်မီးတောက်များသည် အရိုးသခင်ကို လောင်ကျွမ်းပစ်ပြီးနောက်မှာ ၎င်းတို့သည် သိမ်မွေ့သော မီးကျီခဲတစ်ခုအဖြစ်သို့ သိပ်သည်း၍ ပျံသန်းထွက်သွားတော့သည်။
မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ အရိုးသခင်၏ သေဆုံးမှုသည် မိုးပြာမီးတောက်များ၌ ထူးခြားသော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြစ်သွားစေခဲ့သည်။ မီးခိုးရောင်မီးကျီခဲအားလုံးသည် အနက်ရောင်လျှပ်စီး လင်းလက်တောက်ပခြင်းနှင့်အတူ အစိမ်းရင့်ရောင်ချီအမျှင်တန်းတစ်ခုကို ထုတ်လွှတ်လျက် ချက်ခြင်းပင် အပြာရောင်မီးကျီခဲအဖြစ်သို့ ပြောင်းလဲသည်။ ထိုမီးကျီခဲများသည် ၎င်းတို့၏ မူလပုံစံ ဖြစ်သော ကောင်းကင်ရေခဲမီးတောက်များအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ရုတ်တရက် ဟန်လိသည် သူ့ဘေးပတ်ဝန်းကျင်မှာ ဖိသိပ်မှု ရှိလာသည်ဟု ခံစားမိရသည်။ လေထုထဲ၌လည်း အပြာရောင်ရေခဲချီ ပြည့်နှက်လာ၏။ ရေခဲချီသည် ပါးလှပ်သော ရေခဲအလွှာတစ်ခုဖြင့် မြေပြင်ကို စတင် ဖုံးလွှမ်းသွားပြီး အလင်းအရံအတားအတွင်းရှိ ကျန်သည့်ဧရိယာများထိပါ ပျံ့နှံ့သည်။ ရုတ်တရက် အအေးဓာတ်ပိုလာသော ထိုအဖြစ်သနစ်ကြောင့် ဟန်လိသည် အလန့်တကြား ဖြစ်သွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အဖြူရောင်ဦးချိုထဲသို့ ခပ်ကြမ်းကြမ်း သွန်းလောင်းသည်။ ခြစ်ခြစ်တောက်ပူပြင်းသော အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လျက် အအေးဓာတ်ချီများကို ဖယ်ရှားပေးသည်။ ၎င်းက အအေးဓာတ် သူ့ခန္ဓာကိုယ်နား မချည်းကပ်လာရန် တားဆီးပေးထား၏။ ကြည့်ရတာ ကောင်းကင်ရေခဲမီးတောက်၏ အစစ်အမှန် စွမ်းရည်များသည် အရိုးသခင်၏ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီးနောက်မှ ပေါ်လာပုံ ရသည်။
အချိန်တိုအတွင်း ကျောက်ဖျာ၏ မျက်နှာပြင်တစ်ခုလုံးသည် နှင်းခဲလွှာဖြင့် ဖုံးအုပ်ခံရသည်။ ဟန်လိ၏ အဖြူရောင်အလင်းအရံအတားသည် သူ့ကို ကာကွယ်ပေးထားနိုင်ရုံမျှသာ။ သို့သော် ထိုအရံအတားကို ထုတ်ဖော်ရန် သူ၏ မှော်စွမ်းအားသည် အများအပြား ကုန်ခမ်းနေရ၏။
အခုအခါ ဟန်လိသည် အရိုးသခင်၏ ကောင်းကင်ရေခဲမီးတောက်များသည် သူ၏ မလုံလောက်သော ကျင့်ကြံခြင်း သို့မဟုတ် ၎င်းတို့ကို သန့်စင်ရန် အချိန်မရှိခြင်းတို့ကြောင့် အားနည်းခဲ့သည်။ ထို့ကြောင့် အရိုးသခင်သည် အစောပိုင်းတုန်းက ၎င်း အစစ်အမှန်စွမ်းအား၏ အစိတ်အပိုင်းတစ်ခုကိုသာ အသုံးပြုနိုင်ခဲ့သည်။
အရိုးသခင်သည် စကတည်းကသာ သူ၏ ကောင်းကင်ရေခဲမီးတောက်များနှင့် ဤကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားကိုသာ ထုတ်ဖော်နိုင်ခဲ့လျှင် သူသည် မိုးပြာမီးတောက်များ သန့်စင်ရန်ပင် လိုပင် မလိုဘဲ ဟန်လိကို အကြိမ်ကြိမ် သတ်ပစ်နိုင်စွမ်း ရှိခဲ့ပေလိမ့်မည်။ ထို့အပြင် သူသည် မိုးပြာမီးတောက်များ၏ အစစ်အမှန်စွမ်းအားကိုလည်း မထုတ်ဖော်နိုင်ခဲ့ဖို့ များသည်။ သူ ထုတ်ဖော်နိုင်ခဲ့သော မြင့်မြတ်မိုးပြာမီးတောက်၏ စွမ်းအားမှာ ဆယ်ပုံတစ်ပုံလောက်သာ ရှိခဲ့နိုင်၏။
ဟန်လိသည် ထိုသို့ တွေးမိ၏။ သူသည် သည်ကိစ္စတစ်ခုလုံး၏ အမှန်တရားကို အနီးစပ်ဆုံး ကောက်ချက်ချနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် အရိုးသခင်ကို ရှင်းထုတ်လောင်ကျွမ်းပစ်နိုင်ခဲ့သော ပိုင်ရှင်မဲ့ ကောင်းကင်ရေခဲမီးတောက်များနှင့်တော့ သူ့ကိုယ်သူ ထိမိစေသည့်အထိ ရူးမိုက်မည် မဟုတ်ပေ။
အခုချိန်၌ ဟန်လိသည် အံတင်းတင်းကြိတ်ကာ သူ့ခါးရှိ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ထံ လက်လှမ်းသည်။ သူသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်လွှတ်၍ သူ၏ အသက်ရှင်သန်နိုင်ခြေသည် တိုးလာနိုင်သလား၊ မလာနိုင်သလား ကြည့်ရပေတာ့မည်။
ဖွံ့ဖြိုးအရွယ်ရောက်ရန် လိုနေသေးသော ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ဤမျှ ကြောက်မက်ဖွယ်အအေးဓာတ်ကို ခုခံနိုင်စွမ်း မရှိဖို့ များသည်။ သို့သော် ဟန်လိသည် သူ့အသက်ကို ထိန်းသိမ်းထားနိုင်ဖို့ များများစားစား ရွေးချယ်စရာ မရှိတော့ပေ။
ဟန်လိသည် သူ့စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်ကို ဖွင့်လှစ်ရန် ဟန်ပြင်စဉ် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
သည်နေရာတွင် လွင့်မြောနေသော အပြာရောင်မီးကျီခဲများသည် ရုတ်တရက် လင်းလက်သွားပြီး ကြည်လင်သော မြည်သံတစ်သံကို ထုတ်လွှတ်၏။ ၎င်းတို့သည် အမိန့်တစ်ခု ရသည့်အလား ကောင်းကင်ထက်သို့ ထိုးတက်၍ အထည်ဒြပ်ပုံစံတစ်ခုတည်းအဖြစ်သို့ သိပ်သည်းသည်။
ခဏအကြာတွင် အပြာရောင်အလင်းတောက်တောက်စက်ဝန်းတစ်ခုသည် ကောင်းကင်တွင် ပေါ်လာသည်။ လက်သီးစုပ်ခန့် အပြာရောင်ရေခဲပုလဲတစ်လုံး ပေါ်လာသည်နှင့် သည်ကျောက်ဖျာအတွင်းရှိ ပြောပြ၍မရနိုင်အောင် အေးစက်မှုသည် ဤနေရာတွင် လုံးဝ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားတော့သည်။
သူ့စိတ်ဝိညာဉ်သိုလှောင်အိတ်ကို တဝက်တပျက် ဖွင့်ထားလျက်ကနေ ဟန်လိသည် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သို့သော် ခဏအကြာတွင်မူ သူသည် အံ့အားလည်းသင့် အလွန်လည်း ပျော်ရွှင်သွား၏။ ကောင်းကင်ရေခဲမီးတောက်များ၏ ထူးခြားလှသော ပြောင်းလဲမှုသည် မည်သို့ပင် ဖြစ်နေပါစေ အခုချိန်တွင်မူ သူ့အတွက် ဘေးကင်းကင်းနှင့် လွတ်မြောက်စေနိုင်မည် မဟုတ်လား။
ခုချိန်တွင် ကောင်းကင်ထက်မှ အပြာရောင်ရေခဲပုလဲသည် ဖြည်းဖြည်းချင်း ပြုတ်ကျလျက် ဟန်လိ၏ အရှေ့တွင် ရပ်သည်။ ဟန်လိသည် ၎င်းပုလဲကို ထူးခြားသည့်ဟန်ဖြင့် ကြည့်သည်။ ခဏ စဉ်းစားပြီးနောက် သူ့လက်ကို ဆန့်ထုတ်ပြီး ကျန်သည့် လျှပ်စီးတန်းကို စေလွှတ်သည်။ ခဏအကြာတွင် ထိုလျှပ်စီးက ပုလဲကို ထိန်းချုပ်သည်။
ဟန်လိ၏ အမူအရာသည် လေးနက်လာ၏။ သူသည် ယုံကြည်မှု မလွန်ကဲ ရဲပေ။ ရွှေရောင်လျှပ်စီးဖြင့်သာ ထိုပုလဲကို သူ့နားသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်ယူ၏။
သူသည် သူ့ရှေ့ တစ်ပေခန့်အကွာတွင် ပုလဲကို ရပ်စေပြီး ၎င်းကို ရင်ခုန်ပူပန်စွာဖြင့် ကြည့်သည်။ သူ့လက်ကို မိုးပြာအလင်းဖြင့် သေသေချာချာ ထွေးခြုံစေပြီးမှ ဟန်လိသည် ပုလဲထံ လက်လှမ်းသည်။
သူ့လက်ကို သိပ်သည်းလှသည့် အစစ်အမှန်အနှစ်သာရနှင့် ခြုံလွှမ်းထားဆဲ ဖြစ်သော်ငြား ဟန်လိသည် ပုလဲထံမှ အေးစိမ့်မှုကို ခံစားရနေဆဲပင်။ ကောင်းကင်ရေခဲမီးတောက်များသည် ပုလဲအဖြစ်သို့ သိပ်သည်းသွားပြီးနောက်မှာ ၎င်း၏ ရေခဲချီသည် လုံးဝ ချိပ်ပိတ်သွားသည့်ပုံ ရသည်။
ဟန်လိသည် စိတ်အေးသွားပြီး သက်ပြင်းချလျက် သူ့လက်၌ ဝန်းရံထားသော အလင်းကို ဖယ်ရှားသည်။ သူက ပုလဲကို လက်သုံးချောင်းဖြင့် ဆုပ်ကိုင်ပြီး သေချာ စူးစမ်းကြည့်သည်။ အပြာရောင်ပုလဲ၏ အပြင်ပိုင်းသည် အပြာရောင်သလင်းထု ဖြစ်ပြီး ၎င်း၏ အတွင်းပိုင်းတွင်မူ ရုန်းကြွနေသော မီးတောက်များ ပါဝင်လျက် ရှိ၏။
ဟန်လိသည် ခဏတော့ တွေဝေနေသေး၏။ ထိုကောင်းကင်ရေခဲပုလဲသည် အလွန်တရာ ရှားပါးလှသော ရတနာတစ်ခု ဖြစ်၏။ ၎င်းသည် ကောင်းကင်လေဟာနယ်ဒယ်စောက်ထက်ပင် အဖိုးတန်သည့် ရတနာတစ်ခုဟု ဆိုနိုင်သည်။
သူသည် မီးရေခဲပုလဲမှာ သန့်စင်၍ ရနိုင်လား၊ သို့မဟုတ် အသုံးပြု၍ ရနိုင်လား မသိသော်ငြား ၎င်းကိုမူ သူ လုံးဝ မစွန့်ပစ်နိုင်ချေ။ အဇူရာနေမင်းမိစ္ဆာမီးတောက်နှင့် ကောင်းကင်ကျယ်ပြန့် အလောင်းမီးတို့၏ ကြမ်းတမ်းမှုကို မျက်မြင်တွေ့ခဲ့ပြီးသည့်နောက်မှာ ဟန်လိသည် သူ့၌လည်း ကိုယ်ပိုင်အစွမ်းထက် မီးတောက်တစ်ခုကို ရချင်စိတ် ဖြစ်မိနေခဲ့သည်။
(မှတ်ချက်။ ။ အဇူရာနေမင်းမိစ္ဆာမီးတောက် အကြောင်းကို အပိုင်း (၂၆၆) တွင် ကြည့်ရှုနိုင်ပါသည်။)
ပို၍ ကောင်းသည်မှာ ကောင်းကင်ရေခဲမီးတောက်၏ စွမ်းအားသည် သူ တွေ့မြင်ခဲ့ဖူးသည့် ထိုမီးတောက်နှစ်ခုထက် အဆများစွာ သာလွန်နေခြင်းပင်။
အခု သည်ပုလဲနှင့်ဆို သူ လိုချင်နေခဲ့တာ ကြာပြီဖြစ်သည့် ကြမ်းတမ်းသည့် မီးတောက်ကို အမှန်တကယ် ပိုင်ဆိုင်နိုင်စွမ်း ရှိပေပြီ။ ၎င်းကို အသုံးပြုဖို့မှာ အန္တရာယ်တစ်ခု ရှိသော်လည်း ဟန်လိသည် ထိုသို့ စွန့်စားချင်မိသည်ပင်။
ထိုအတွေးဖြင့် ဟန်လိသည် ရွှေရောင်လျှပ်စီးအစက်ကို ထုတ်လွှတ်လျက် ရေခဲပုလဲကို လျှပ်စီးအလွှာများဖြင့် ထွေးခြုံစေသည်။ ခဏအကြာတွင် သူသည် လက်ထဲ၌ လျှပ်စီးဖြင့် ပုလဲကို ကိုင်ထားရှိသည်။ သို့အခါကျမျှ ဟန်လိသည် စိတ်အေးနိုင်တော့သည်။
ထိုရေခဲပုလဲကသာ ထပ်မံ၍ ပေါက်ကွဲပျက်စီးခဲ့လျှင် မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးဖြင့် ခြုံလွှမ်းထားသဖြင့် သူ့အဖို့ ၎င်းကို လက်လွှတ်ပြီး ရှောင်တိမ်းရန် အချိန်ရနိုင်မည် ဖြစ်သည်။ သည်မီးတောက်များနှင့် တိုက်ခိုက်ခဲ့ဖူးသည် ဖြစ်၍ လိုအပ်လာခဲ့လျှင် သူသည် မိစ္ဆာဖယ်ရှားခြင်လျှပ်စီးဖြင့် ၎င်းတို့ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိသည်။ ရုတ်တရက် တန်ပြန်ဒဏ်ခံရမှာကို စိုးရိမ်ကြောက်လန့်နေရန် မလိုချေ။
သို့ရာတွင် ခုချိန်၌ သူ့ခန္ဓာကိုယ်တွင်းရှိ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးသည် အမှန်တကယ် ကုန်ခမ်းနေလေပြီ။ တစ်စက်လေးမျှပင် မကျန်ခဲ့တော့ပေ။
သို့ရာတွင် ဟန်လိသည် ဂရုစိုက်မနေတော့ဘဲ လေးထောင့်ကျောက်စိမ်းသေတ္တာထဲ၌ ထည့်သိမ်းလိုက်သည်ပင်။
ထိုအချိန်တွင် ဟန်လိသည် နောက်ဆုံးတွင်မူ အသက်ဝဝရှုပြီး ပလ္လင်ကနေ အလျင်အမြန် ထွက်လာဖို့ အခွင့်အရေး ရသွားခဲ့ပေပြီ။ သူက သူ၏ မောပန်းနေသော သွေးကျောက်စိမ်းပင့်ကူကို သူ့စိတ်ဝိညာဉ်သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းသည်။ အလောင်းအဖြစ် သန့်စင်ခံရသော ပင့်ကူကတော့ လှုပ်ရှားမှု ရပ်သွားတာ ကြာခဲ့ပေပြီ။
ဟန်လိသည် အရိုးသခင် သေသွားခဲ့သော နေရာသို့ ရောက်လာချိန်တွင် မရပ်မိဘဲ မနေနိုင် ဖြစ်မိသည်။ အံ့ဩထိတ်လန့်သည့် အမူအရာဖြင့် သူက လက်ဝေ့ရမ်းသည်။ ပြာပုံအတွင်းမှ အဖြူရောင်အလင်း တောက်ပနေသော ကျောက်တုံးတစ်တုံးသည် သူ့လက်ထဲသို့ ပေါ့ပေါ့ပါးပါး ပျံသန်းလာသည်။
၎င်းမှာ လက်မအနည်းငယ်လောက် အရှည်ရှိ အဖြူရောင်ကျောက်မျက်တစ်ခုပင်။ ထိုကျောက်မျက်ကို သေချာ ကြည့်ပြီးနောက်မှာ သူသည် ၎င်းမှာ အရိုးသခင်၏ နံရိုးမှန်း သိလိုက်သည်။ ဟန်လိသည် ၎င်းမှာ မြင့်မြတ်သောမိုးပြာမီးတောက်များကြောင့် လုံးဝ မထိခိုက်ခဲ့သည်ကို တွေ့ရသည့်အခါတွင် အတော်လေး အံ့အားသင့်မိသည်။
ဟန်လိသည် အရိုးသခင် ပိတ်မိနေသော နေရာ၌ ၎င်းကို ပထမဆုံး မြင်ခဲ့ရသည့်အခါတွင် ထိုနံရိုးပိုင်း၌ ကောင်းကင်လေဟာနယ်ခန်းမ၏ မြေပုံ ပါဝင်ခဲ့သည်။
“ဒီအရိုးပိုင်းဟာ တခြားပစ္စည်းတွေကိုကော ထိန်းသိမ်းထားတာများ ဖြစ်နိုင်လား…”
ထိုသို့ ဆက်တွေးပြီး ဟန်လိသည် ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ အခု သူသည် လွတ်မြောက်အောင် ထွက်ပြေးရမည့် အချိန်အခါဖြစ်၍ သူ ရခဲ့သော ပစ္စည်းများကို စူးစမ်းနေဖို့ရန် အချိန် မရှိနေပေ။
ဟန်လိသည် လှေကားထစ်များထံ ပျံသန်းလာရုံ ရှိသေး အောက်ဘက်၌ မြစိမ်းရောင်မြားတစ်စင်းကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်ကာ လက်ဝေ့ရမ်း၍ ထိုရတနာကို သူ့လက်ထဲသို့ ပျံသန်းလာစေလိုက်သည်။
၎င်းကို ခဏ စူးစမ်းကြည့်ပြီးသည့်နောက် သူသည် ထိုမြားကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သည်။ ထို့နောက်တွင် မထင်မှတ်စွာဖြင့် ထူးခြားသော မြည်သံတစ်သံသည် သူ၏ စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်တွင်းမှ ထွက်ပေါ်လာသည်။ ဟန်လိစိတ်ထဲ လှုပ်ခတ်သွား၏။ သူသည် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။
ခဏ မျက်မှောင်ကြုတ်၍ စဉ်းစားနေပြီးနောက်မှာတော့ ဟန်လိသည် သူ့သိုလှောင်အိတ်ကို ရုတ်တရက် ပုတ်သည်။ အလင်းတန်းတစ်ခုသည် သူ့ကို လှည့်ပတ်ပြီးနောက်မှာ စိတ်ဝိညာဉ်ဝါးမြိုနိုင်သော ငိုကြွေးစိတ်ဝိညာဉ်သားရဲတစ်ကောင် လှစ်ဟပေါ်လာသည်။
ဟန်လိသည် ပါးစပ်ဟပြီး ၎င်းကို ထိန်းချုပ်ရန် မီးခိုးရောင်ပုလဲတစ်လုံးကို ထွေးထုတ်သည်။ ၎င်းမှာ ငိုကြွေးစိတ်ဝိညာဉ်ပုလဲပင်။
ဟန်လိသည် ယွမ်ယောင်က သည်သားရဲကို သူ့ထံ ပေးခဲ့သော အချိန်၌ အခြေအနေများက အတော်လေး ထူးခြားနေခဲ့သည်။ သို့ဖြစ်၍ သူသည် ထိုပုလဲကို မသန့်စင်ခဲ့ပေ။ သို့သော် ပုလဲထံမှ သူမ၏ စိတ်ဝိညာဉ်အာရုံကို ဖယ်ရှားပြီး ငိုကြွေးစိတ်ဝိညာဉ်သားရဲကို ထိန်းချုပ်ဖို့ကတော့ လွယ်ကူသည့် ကိစ္စတစ်ခုပင်။
သူသည် ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို လက်ထဲ၌ ကိုင်ထားပြီး မြစိမ်းရောင်မြားကို စိုက်ကြည့်နေပြီး ရုတ်တရက် ပါးစပ်ဖွင့်ဟသည်။ အမြုတေမီးတောက်လုံးတစ်ခုသည် ထိုမြားကို ထွေးခြုံ၍ ဖြည်းဖြည်းချင်း စတင်သန့်စင်သည်။
စစချင်း၌ မြားသည် နည်းနည်းလေးမျှ တုန့်ပြန်မှု မပြလာပေ။
ထို့နောက်တွင်မူ ဟန်လိ၏ မျက်လုံးထဲ၌ အေးစက်မှု တောက်ပသွား၏။ သူက နှုတ်ခမ်းသပ်ကာ မြားကို လေထဲသို့ ပစ်လွှတ်ပြီး ငိုကြွေးဝိညာဉ်သားရဲကို အမိန့်တစ်ခု ပေးသည်။ သားရဲကောင်သည် ရုတ်တရက် နှာခေါင်းရှုံ့ပြီး အဝါရောင်မြူလွှာတစ်ခုကို ထွေးထုတ်၍ မြားငယ်အား ခြုံလွှမ်းစေသည်။
မြားငယ်သည် မူလတုန်းကတော့ ၎င်းနေရာတွင်သာ ရှိနေဆဲ ဖြစ်၏။ သို့သော် အဝါရောင်မြူကို မြင်သည့်အခါ ၎င်းသည် အစိမ်းရောင်လင်းလက် တောက်ပလျက် ၎င်းကိုယ်၎င်း အစိမ်းရောင်အလင်းဖြင့် ထွေးခြုံစေပြီး စူးရှသော လေသံတစ်သံ ထုတ်ဖော်သည်။ ထို့နောက်တွင်မူ ၎င်းမြားသည် လှေကားထစ်များထံ တန်းတန်းမတ်မတ် ဦးတည်သည်။ ၎င်းသည် အဝါရောင်မြူကို ထိတ်လန့်ကြောက်ရွှံ့နေသည့်အလား။