← Chapters

နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်နှင့် စိတ်ဝိညာဉ်အားဖြည့်ခြင်းသစ်ပင်

Vol. 36 Ch. 497

နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်နှင့် စိတ်ဝိညာဉ်အားဖြည့်ခြင်းသစ်ပင်

Vol. 36 Ch. 497

ဟန်လိသည် ထိုအမျိုးသမီးထံသို့ တည်ငြိမ်သည့်ဟန်ဖြင့် လှမ်းကြည့်သည်။

သူက ခပ်တိုးတိုး ရေရွတ်လိုက်သေးသည်။

“ကျုပ်က ဒီမြင်ကွင်းကို ဆက်ပြီး ကြည့်ရှုခံစားလို့ မရတော့တာတော့ စိတ်မကောင်းစရာပါပဲ…”

ထိုစကားကို ကြားသည့်အခါ ယွမ်ယောင်မှာ ရှက်သွေးဖြန်းသွား၏။ သည့်နောက် သူမသည် တခစ်ခစ် ရယ်မောကာ ပြောလာသည်။

“အစ်ကိုဟန်က ဟို မွန်းစတားအိုကြီးတွေနဲ့ ငါးထပ်မြောက်ကို မသွားခဲ့ဘူးလား။ ဘယ်လိုများ ဒီကို ရောက်လာခဲ့ရတာလဲ…”

ထိုသို့ ပြောပြီးနောက်မှာ သူမက သူမ၏ ရေစိုဆံစတို့ကို သပ်ချသည်။ အဖြူရောင်လင်းလက်ခြင်းနှင့်အတူ ဆံနွယ်စတို့မှာ သွေ့ခြောက်သွား၏။ သူမ၏ မျက်နှာအပေါ် ဆံနွယ်စ တချို့တလေ ဝဲကျနေလျက် သူမ၏ ဖြူလွှလွှ မျက်နှာဖြင့် ပနံတင်ကာ စွဲဆောင်မှု ရှိနေတော့သည်။

ဟန်လိသည် ထိုမြင်ကွင်းကြောင့် စိတ်ကျေနပ်သည်။ ထိုအမျိုးသမီးမှာ သူ တွေ့မြင်ခဲ့ဖူးသော အလှအပလေးများထဲ၌ အလှဆုံး ဖြစ်နေချေ၏။ သူမ၏ လှုပ်ရှားမှုတိုင်းသည် မည်သည့်အမျိုးသားကို မဆို အာစေးမိသွားစေဖို့ရာ လုံလောက်သည်။

သူမ၏ ကျက်သရေရှိလှသော အလှအပကို လေးငါးကြိမ်လောက် ကြည့်ပြီးနောက်မှာ ဟန်လိသည် တည်ငြိမ်စွာ ပြောလာသည်။

“ကျုပ်က အတားအဆီးတစ်ခုကို သွားထိမိပြီး ဒီကို တည်နေရာရွှေ့ပြောင်း ခံလိုက်ရတာပဲ။ အမျိုးသမီးယွမ်ဆီကနေ လမ်းညွှန်မှုရဖို့ ကျုပ် တောင်းဆိုချင်ပါတယ်။ ဒီနေရာက ဘယ်လို နေရာများလဲ…”

“အတားအဆီးတစ်ခုကို ထိမိတာလား…” ယွမ်ယောင်က မျက်လုံးကစားနေသည်။ သူမ၏ စိတ်ထဲ၌လည်း ထူးခြားသလို ခံစားရသည်။ ဟန်လိသည် ရယ်ရုံသာ ရယ်နေ၍ သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

ယွမ်ယောင်၏မျက်နှာသည် မသိမသာ နီမြန်းသွားသည်။ ထို မကောင်းလှသည့် ဟန်လိသည် သူမကို အမှန်တကယ် ခေါင်းကိုက်စေပေသည်။ သူမသည် ထိုသူ့ကို မယှဉ်နိုင်လောက်မှန်း သိနေ၍ ဖြစ်၏။ ဟန်လိ၏ အင်းဆက်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူမအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့ရုံသာမက သူမကဲ့သို့ စွဲညှို့နိုင်သည့်ပညာရပ်များကို ကျွမ်းကျင်သူတစ်ယောက်၏ ပညာရပ်များသည်ပင် သူ့အပေါ်တွင် အနည်းငယ်လောက်သာ သက်ရောက်မှု ရှိနေပြန်သည်။

သူမသည် သူမ၏ ဖြောင့်တန်းသော မျက်ခုံးကို တွန့်ကွေးကာ အကူအညီမဲ့စွာဖြင့်သာ တုန့်ပြန်ရတော့သည်။

“ဒါက ဒုတိယထပ်ရဲ့ လျှို့ဝှက်ခန်းတစ်ခုပါ။ ရှင့်အနေနဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ထွက်လာခဲ့တာလား။ အဲ့လို ဖြစ်လာနိုင်မယ်မှန်းသာ ကြိုသိခဲ့မယ်ဆို ရှင်နဲ့ မရင်ဆိုင်ရဖို့ အဲ့အစီအရင်ကို ကျမ အပိုင်းပိုင်းဖြစ်အောင် ဖျက်စီးခဲ့မိမှာ…”

ထိုသို့ ပြော၍ ယွမ်ယောင်သည် ဟန်လိကို စိတ်ကသိကအောက်ဖြစ်စွာ လှမ်းကြည့်သည်။ သူမသည် သူမ၏ အဝတ်ဗလာမဲ့ခန္ဓာကိုယ်ကို တွေ့မြင်ခံခဲ့ရခြင်းအပေါ် မကျေမချမ်း ဖြစ်နေဆဲပင်။

ဟန်လိသည် သူမ၏ စကားကို ကြားသည့်အလား ရှိနေသည်။ ထိုအစား သူသည် ခါးဆန့်၍ ရေထဲမှ လှမ်းထွက်လာပြီး သူ၏ ဖိနပ်ကို ပြန်ဝတ်သည်။ သူ ရေထဲ၌ ရှိနေသည့် အချိန်တိုအတွင်းမှာ သူ့အနေဖြင့် သူ၏ မှော်စွမ်းအားအစိတ်အပိုင်းတစ်ခုကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပေသည်။ သူသည် သည်နေရာ၌ ဆက်နေချင်သေးသော်လည်း တတ်နိုင်သမျှ ကောင်းကင်လေဟာနယ်ခန်းမထဲမှ အမြန်ထွက်မည့်အပေါ်သာ အကောင်းဆုံးအာရုံစိုက်ထားရမည်ဟု ခံစားမိနေသည်။

သို့ဖြစ်၍ ဟန်လိသည် ယွမ်ယောင်ကို အာရုံထပ်စိုက်မနေတော့ဘဲ သည်အခန်းထွက်ပေါက်ရှိရာ တောင်ဘက်သို့ လျှောက်လာခဲ့သည်။ သူ ထွက်ပေါက်သို့ ရောက်လာချိန်တွင် ရှုပ်ထွေးမှုတစ်ခုကို မြင်ရသည်။ အခန်းထဲ၌ ကြမ်းပြင်ပေါ်တွင် လဲနေသည့် လုံးဝ ပျက်စီးနေသော ရုပ်သေးတစ်ကောင်ကို သူ မြင်ရသည်။ ယွမ်ယောင်သည် ဤနေရာ၌ ခက်ခဲသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရပုံ ပေါ်၏။

အခန်း၏ အခြားတစ်ဖက်တွင်လည်း တံခါးတစ်ခု ရှိနေသည်။ ၎င်းထံမှ သူ မြင်ဖူးခဲ့သော အဖြူရောင်အလင်း ခပ်သဲ့သဲ့ ထွက်ပေါ်နေသည်။

ဟန်လိသည် ထိုတံခါးထံသို့ လျှောက်လာသည်။ ၎င်းကို ခဏ ကြည့်ရှုပြီးနောက်မှာ သူသည် သူ၏ ကောင်းကင်လေဟာနယ်မြေပုံ အပိုင်းကို ထုတ်၍ ၎င်းပေါ်သို့ စိတ်ဝိညာဉ်စွမ်းအား သွန်းလောင်းထည့်ပြီး တံခါးပေါ်သို့ ၎င်းမြေပုံနှင့် ထိကပ်သည်။ ရလဒ်အနေဖြင့် တံခါးသည် အဖြူရောင်သာ လင်းလက်သွားပြီး အခြား မည်သည့်အရာမျှ ဖြစ်ပွားလာတာမျိုး မရှိနေပေ။

ဟန်လိသည် သက်ပြင်းချမိ၏။ ထင်ထားသည့်အတိုင်းပင် မြေပုံကို အသုံးပြု၍ ထွက်ခွာခြင်းမှာ မဖြစ်နိုင်နေပေ။ သည်တံခါးကို ချိုးဖျက်ဖွင့်နိုင်မည့် အရည်အချင်း ရှိနိုင်လောက်လား၊ မရှိနိုင်လောက်လားကို သူ စဉ်းစားကြည့်သည်။ သူသည် အဖြေတစ်ခု မရနိုင်သည် ဖြစ်၍ မြောက်ဘက်ခြမ်းရှိ ထွက်ပေါ်ထံ စတင် ဦးတည်သည်။

ယွမ်ယောင်၏အကြည့်က ဟန်လိအပေါ် ရောက်လာသည်။ ခဏ စဉ်းစားပြီးသည့်နောက်မှာ သူမက အေးတိအေးစက် ပြောလာသည်။

“ရှင် ဘာလုပ်နေတာလဲ။ ဒီတံခါးဟာ တားမြစ်အစီအရင်မန္တာန်တစ်ခု ရှိနေတာ။ ဒါက သာမန်ကျင့်ကြံသူတွေ ဖျက်စီးနိုင်တဲ့ အရာ မဟုတ်ဘူး။ ရှင်က ဒါကို ချိုးဖျက်ပြီး တံခါးအတွင်းထဲမှာ ရတနာ ရှာချင်လို့လား…”

ဟန်လိသည် အခြားထွက်ပေါက်သို့ ရောက်သွားသည်နှင့် သူက ခေါင်းပင့် မလှည့်ဘဲ လှမ်းမေးသည်။

“ကျုပ်က ဒီကောင်းကင်လေဟာနယ်ခန်းမထဲကနေ ထွက်သွားချင်တာ။ ရောင်းရင်းယွမ်မှာများ အဲ့အတွက် ပိုကောင်းတဲ့ နည်းလမ်း ရှိပါသလား…”

ယွမ်ယောင်သည် မျက်လုံး အရောင်တောက်သွားသည်။ သူမက စကားဆိုလာ၏။

“မရှိပါဘူး။ ဒါပေမဲ့လို့ ဒီအမျိုးသမီးဟာ ဒီမှာ ရှိတဲ့ ရတနာတွေကို သဘောကျမိတယ်။ ရောင်းရင်းဟန်ကကော ကျမနဲ့အတူ ရတနာတွေ လိုက်မရှာချင်ဘူးလား…”

သူသည် ထွက်ပေါက်ရှိ ရောင်စုံမြူကို စိုက်ကြည့်နေလျက်ကနေ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ရတနာကို ရှာရမှာလား။ ကြည့်ရတာ ရောင်းရင်းယွမ်က ဒီမှာ အချိန်တစ်ခု နေပြီးပြီနဲ့ တူတယ်။ ခင်ဗျားမှာ ဒီမှာ ရှိတဲ့အတားအဆီးတွေကို အမှန်တကယ် ချိုးဖျက်နိုင်စွမ်း ရှိမယ်ဆိုရင် ခင်ဗျားက အစောပိုင်းတည်းက ဘာလို့ မလုပ်ခဲ့တာလဲ…”

ယွမ်ယောင်၏ မျက်နှာအမူအရာသည် အလေးအနက် ဖြစ်လာသည်။

“ကျမ ဒီနေရာကို တနေကုန် ရှာဖွေစူးစမ်းခဲ့ပြီးပြီ။ လေးရက်အတွင်း ကျမက ဒီအစီအရင်ကို ချိုးဖျက်နိုင်စွမ်း ရှိမှာ သေချာပါတယ်…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ အံ့အားသင့် ထိတ်လန့်ဟန်ဖြင့် တစ်ဖက်သို့ လှည့်ပြီး သူမထံ မျက်လုံးမှေးစင်း၍ ကြည့်သည်။

ယွမ်ယောင်သည် ဂနာမငြိမ် ဖြစ်မိသည်။ အချိန်တစ်ခု ကြာပြီးနောက် သူမသည် ဖြည်းဖြည်းချင်းဖြင့် ဝန်ခံလာသည်။

“ကောင်းပါပြီ…ကျမကသာ ဒီအစီအရင်မန္တာန်ကို တစ်ယောက်တည်း ချိုးဖျက်ဖို့ ကြိုးစားမယ်ဆို ကျမ မအောင်မြင်ခင်မှာတင် ကောင်းကင်လေဟာနယ်ခန်းမဟာ ပိတ်သွားပါလိမ့်မယ်။ ဒါပေမဲ့လို့ ရောင်းရင်းဟန်ကသာ ကျမကို ကူညီပေးမယ်ဆို အချိန်အများကြီး ပိုသက်သာ သွားပါလိမ့်မယ်…”

ဟန်လိသည် အမူအရာ ပြောင်းလဲသွားခြင်း မရှိလေဘဲ နေရာတွင်သာ တိတ်တဆိတ် ရပ်၍ သူမ ဆက်ပြောမည့်စကားကို စောင့်နေသည်။ ထိုအလှလေး၌ ထပ်ပြောစရာ စကားများ ကျန်နေဦးမည်ဟု သူ ယုံကြည်၏။

ယွမ်ယောင်သည် ဟန်လိကို စိုက်ကြည့်လျက် ဖြည်းဖြည်းချင်း ပြော၏။

“ဒါပေမဲ့လည်း အဲ့အစီအရင် မချိုးဖျက်ခင် ဒီအမျိုးသမီးက ရှင်နဲ့ သဘောတူညီမှု ရဖို့ ကမ်းလှမ်းချင်ပါတယ်…”

“ဘာ သဘောတူညီမှုများလဲ…ပြောပါ…” ဟန်လိသည် လက်ပိုက်လျက် သူမကို အာရုံစိုက်ပြီး ကြည့်နေသည်။

“အစ်ကိုဟန်ကသာ ဒီအထဲမှာ ရှိတဲ့ ရတနာကို စွန့်လွှတ်ပေးမယ်ဆို ကျမအနေနဲ့ ရှင့်ကို အစားထိုးလျော်ကြေးတစ်ခုခု ပေးချင်ပါတယ် …”

“လျော်ကြေးလား…” ဟန်လိသည် သူမကို အမူအရာကင်းမဲ့စွာဖြင့်သာ ဆက်၍ စောင့်ကြည့်နေသည်။

ယွမ်ယောင်သည် ချီတုံချတုံ ဖြစ်နေသည်။ သူမက ခေါင်းငုံ့လျက် တကိုယ်တည်း တီးတိုး ရေရွတ်နေသေးသည်။ ပြီးမှ ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် ခေါင်းပြန်မော့သည်။ သူမက အလေးအနက် ‌ပြောလာသည်။

“ကျမက အစားထိုး ပေးတဲ့အနေနဲ့ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် အနည်းငယ် ရှင့်ကို ပေးချင်ပါတယ်။ အစ်ကိုဟန် ဘယ်လို ထင်ပါသလဲ…”

ဟန်လိ၏ အမူအရာသည် လှုပ်ရှားသွားသည်။

“နှစ်အသင်္ချေစိတ်ဝိညာဉ်နို့။ ဒဏ္ဍာရီတွေထဲအရဆို ဒီနို့ရည် တငုံစာဟာ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို ချက်ခြင်း ပြန်ဖြည့်တင်းပေးနိုင်လို့ ပြောကြတယ်။ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့တောင် ဒီနို့ရည် တစ်စက်ကို ဝယ်လို့ မရနိုင်ဘူးလို့ ဆိုကြတယ်…”

ယွမ်ယောင်သည် ဟန်လိကို သူမ၏ တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လျက် ဖြည်းဖြည်းချင်း ပြောလာသည်။

“အမှန်ပါပဲ။ ကျမက ရှင့်ကို ယုံတဲ့အတွက် ဒီလို စွန့်စားပြီး ပြောပြတာပါ။ အစ်ကိုဟန်အနေနဲ့ ဒီရတနာကို ရဖို့ ဒီအမျိုးသမီးငယ်ကိုတော့ သတ်ဖို့ အကြံအစည် မရှိဘူးလေ…ဟုတ်တယ်မလား…”

တစ္ဆေမြူနှင့် မီးနှင့်ရေခဲလမ်းကြောင်းတို့ကို အတူတူ ဖြတ်သန်းလာခဲ့ပြီးနောက်မှာ ယွမ်ယောင်သည် ဟန်လိမှာ လူကြီးလူကောင်း မဟုတ်သော်ငြား နှလုံးသားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်လှသူ တစ်ယောက် မဟုတ်မှန်းလည်း သိရှိခဲ့သည်။ တကယ်တော့ သူမ၌ ဟန်လိကို ပေးနိုင်မည့် အခြားရတနာများ ရှိနေခဲ့လျှင် သည်နို့ရည်အစား ၎င်းတို့ကိုသာ ဖော်ပြပေလိမ့်မည်။ သူမသည် ဟန်လိက သူမကို မတိုက်ခိုက်လာနိုင်ဟု ထင်ထားသော်လည်း သူမ၏လက်များကမူ ခါးရှိ သိုလှောင်အိတ်များထံ လှမ်းထားမိဆဲပင်။

သူမသည် ဟန်လိ၏ ပြိုင်ဘက် မဟုတ်မှန်း သိသော်လည်း သူမကိုယ်သူမ ကာကွယ်နိုင်မည့် အားကောင်းလှသော အသက်ကယ် ရတနာအချို့တော့ ပိုင်ဆိုင်ထားတုန်းပင်။ ထို့ကြောင့်လည်း သူမသည် စိတ်ဝိညာဉ်နို့အကြောင်းကို ထုတ်ပြောဝံ့တာ ဖြစ်သည်။

ဟန်လိသည် နှာခေါင်းပွတ်ကာ ငြိမ်သက်နေသည်။ ထို့နောက်တွင် သူသည် နဂါးရုပ်တုထံသို့ ခေါင်းလှည့်ကာ လှမ်းကြည့်သည်။

ယွမ်ယောင်၏ လေသံသည် နူးညံ့သွားပြီး သူမက ပြောလာသည်။

အစ်ကိုဟန်က အဲ့တာကို ရှာတွေ့ပြီး ဖြစ်ပုံ ရပါတယ်။ ကျမရဲ့ နှစ်အသင်္ချေနို့ရည်ဟာ နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်တွင်းကနေ စုဝေးဖြစ်တည်ထားတဲ့ အရာပါ။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ကျမက ရှင့်ကို မလှည့်စားဘူးဆိုတာကို ရောင်းရင်းဟန် သိနိုင်လောက်မှာပါ…”

ဟန်လိသည် တည်ငြိမ်စွာသာ ခေါင်းညိတ်ပြသည်။

“အမှန်ပါပဲ။ ဒီလို ကြီးမားလှတဲ့ စိတ်ဝိညာဉ်စိမ့်တွင်းဟာ အလွန်ကွယ်ဝှက်တဲ့ နေရာမှာလည်း ရှိနေပြန်တယ်။ ဒါ့ကြောင့် ဒီစိတ်ဝိညာဉ်တွင်းဟာ စိတ်ဝိညာဉ်နို့ရည် အနည်းငယ်ကို ထုတ်လုပ်ပေးနိုင်တာ အကျိုးအကြောင်း သင့်ပါတယ်…”

ယွမ်ယောင်၏ အမူအရာသည် လန်းဖြာသွားသည်။ သူမ၏ မျက်လုံးမှာလည်း တောက်ပရွှန်းလဲ့သွားသည်။

“ဒီတော့ ရောင်းရင်းဟန် ဘယ်လို သဘော ရပါသလဲ…”

ဟန်လိသည် ယွမ်ယောင်ထံသို့ အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်ပြီး ပြောလိုက်သည်။

“အမျိုးသမီးယွမ်အနေနဲ့ ဒီအထဲမှာ ဘယ်ရတနာကို ကွယ်ဝှက်ထားလဲ ဆိုတာ ကျုပ်ကို ပြောပြပေးနိုင်မလား။ ရောင်းရင်းယွမ်ဟာ ဒီလောက်ထိ အဖိုးတန်တဲ့ဟာ ကျုပ်ကို အစားပေးတယ်ဆိုတော့ ဒီအထဲက ရတနာဟာ ပိုပြီး တန်ဖိုးရှိနေမှာပေါ့…”

ယွမ်ယောင်သည် ဟန်လိ၏ အမူဟန်ပန်ကို မြင်သည့်အခါ မည်သည့်အတွက်ကြောင့်မှန်း မသိ သူမ၏ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားမိပြီး သူမသည် စတင် ထိတ်လန့်ကြောက်ရွှံ့သွားမိသည်။

“အစ်ကိုဟန်က နောက်တယ်နော်။ ဒီအမျိုးသမီးအနေနဲ့ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ဒါ့ကြောင့် ဒီထဲမှာ ဘာရှိနေမလဲ ကျမက ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ အစ်ကိုဟန်က အတော်လေး သိချင်စိတ်များတာပဲ။ ကောင်းပါပြီ…ကောင်းပါပြီ…။ ကျမ အမှန်တိုင်းပဲ ပြောပြပါမယ်။ ကျမအနေနဲ့ ဒီအထဲမှာ ဘယ်လို ရတနာရှိလဲဆိုတာ သိပါတယ်။ ဒီရတနာရဲ့ တန်ဖိုးဟာ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်ထက် မနိမ့်လှပေမယ့်လည်း ကျမအတွက်တော့ အဲ့တာက အလွန်ပဲ အရေးကြီးလှပါတယ်။ ဒါ့ကြောင့်လည်း ကျမက ရှင့်ကို နှစ်အသင်္ချေနို့ရည် ပေးပါ့မယ်လို့ ပြောခဲ့တာပါ။ အဲ့ရတနာဟာ မသန့်စင်ရသေးတဲ့ စိတ်ဝိညာဉ်အားဖြည့်သစ်ပင်ပါ…”

ယွမ်ယောင်သည် စစချင်းတော့ နောက်သလိုလို လုပ်နေသေးသည်။ သို့သော် ဟန်လိ၏ အကြည့်က ပို၍ အေးစက်လာတာ မြင်သည့်အခါတွင်တော့ သူမသည် အမှန်တိုင်းသာ ပြောပြလိုက်တော့သည်။

ဟန်လသိည် အချိန်တစ်ခုကြာ မင်သက်သွားသည်။ ပြီးမှ သူက အံ့အားတသင့် မေးလာသည်။

“နတ်သစ်ပင်သုံးမျိုးထဲက တစ်ခု ဖြစ်တဲ့ ခန္ဓာကိုယ်ပေါ်မှာ သယ်နိုင်ပြီး ရှေးဦးစိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အာရုံကို ဖြည်းဖြည်းချင်း သန်မာစေတဲ့ဟာလား…”

အချိန်တစ်ခုယူကာ စဉ်းစားပြီးနောက်မှာ ယွမ်ယောင်သည် မျက်နှာအပျက်ပျက်ဖြင့် ဖြည်းဖြည်းချင်း ပြောလာသည်။” ဟုတ်ပါတယ်။ ဒါပေမဲ့ ကျမက စိတ်ဝိညာဉ်အားဖြည့်ပေးနိုင်တဲ့ အာနိသင်တွေအပေါ် စိတ်မဝင်စားပါဘူး။ ဒီအပင်ရဲ့ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ထဲမှာ ရှင်သန်နိုင်ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်အာရုံ တစစီ ဖြစ်သွားခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိကိုသာ စိတ်ဝင်စားတာပါ…”

“စိတ်ဝိညာဉ်အားဖြည့်ခြင်း သစ်ပင်နဲ့ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်…”

ဟန်လိသည် အခန်းမျက်နှာကြပ်အပေါ် ငေးကြည့်လျက် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

All Chapters