ရှေးဟောင်းဝံပုလွေစိတ်ဝိညာဉ်
Vol. 36 Ch. 499
ဟန်လိသည် ယွမ်ယောင်နှင့် အဝေးသို့ ဆက်လက်ပျံသန်းလာနေရင်း ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ထုတ်ယူ၍ ၎င်း၌ ပါဝင်သည့်အရာများကို စူးစမ်းချင်စိတ် အာသိသ အသည်းအသန် ဖြစ်နေမိသည်။ ထိုသို့ စူးစမ်းပြီးနောက်တွင်မူ သူသည် သွေးအန်မတတ် ခံစားလိုက်ရသည်။ သူ မည်သည့်နည်းလမ်းကိုပင် အသုံးပြုပါစေ ထိုဒယ်စောက်အဖုံးကို နည်းနည်းလေးမျှ ဖွင့်၍ မရချေ။
သူ၏ မှော်စွမ်းအားကို ထိုဒယ်စောက်ထဲသို့ သွန်းလောင်သည် ဖြစ်စေ၊ ၎င်းကို သူ့မှော်ရတနာများဖြင့် ရိုက်ကြည့်သည်ဖြစ်စေ ၎င်းထံမှ အပြာရောင်တစ်ချက်လင်းလက်၍သာ တုန့်ပြန်လေသည်။ ဟန်လိသည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာပြီး သူ၏ အခြေအနေကို စဉ်းစားသည်။ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို စိတ်ရှိသလို ကြုံ့၍ ကြီး၍ ရသည်ကလွဲ၍ ၎င်းနှင့် ပတ်သက်ပြီး သူ လုပ်နိုင်တာ အခြား ဘာမျှ မရှိနေပေ။
ထိုသို့ သိရှိပြီးသည့်နောက်မှာတော့ ဟန်လိသည် သူ့ဒေါသများကို ပင်လယ်ပြင်ထံ ပေါက်ကွဲလေတော့သည်။ သူ၏ အခြေအမြစ်မရှိသော တိုက်ခိုက်မှုများ၏ ပစ်မှတ်ကမူ ကောင်းကင်လေဟာနယ်ခန်းမ အရှင်အပေါ် မကျေနပ်မှုကြောင့်ဆိုတာ ပြောနေရန် မလိုပါ။
ထိုကောင်းကင်လေဟာနယ်ခန်းမအရှင်သည် လူထူးတစ်ယောက်ဖြစ်မှာ သိသာနေသည်။ ၎င်းဒယ်စောက်ကို ဖွင့်လှစ်ရန် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံခြင်း လိုအပ်ခြင်းတော့ မဟုတ်။ သို့သော် ၎င်းကို ဖွင့်လှစ်ရန် အခြား လှည့်ကွက်တစ်ခု ရှိနိုင်သည်။ ထိုနည်းလမ်းမှာ ဒယ်စောက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအား သွန်းလောင်းခြင်း မဟုတ်ပေ။ ထိုဒယ်စောက်ကို ဝန်းရံထားခဲ့သော ကောင်းကင်ရေခဲမီးတောက်များကဲ့သို့ တစ်စုံတစ်ခုနှင့်သာ ၎င်းကို ဖွင့်လှစ်နိုင်တာများလား။
ဟန်လိစိတ်ထဲ ခံစားချက် ပေါင်းစုံနေ၏။ သူသည် ဝိုးတဝါး ခန့်မှန်းချက်များကိုသာ ပြုလုပ်နိုင်ရုံ ရှိသည်။
သို့သော် နောက်ထပ် စဉ်းစားနေပြီးနောက် ထိုသို့ လှည့်ကွက်တစ်ချို့ လိုအပ်ခြင်းမှာ ပြန့်ကြဲကြယ်ပင်လယ်များ၏ ထိပ်ဆုံးအဆင့် လျှို့ဝှက်ရတနာဖြစ်နေ၍ ပုံမှန်ဟု ထင်စရာပင်။
ခဏအကြာတွင်မူ သူသည် သူ့ ရှေးဟောင်းရတနာ၏ စွမ်းရည်နှစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်း၏ ရိုးရှင်းဆုံး စွမ်းရည်ကို ၎င်းအထဲသို့ စိတ်ဝိညာဉ်စွမ်းအား သွန်းလောင်းပြီး အသက်သွင်းနိုင်သည်။ ထိုအခါကျလျှင် ထိုရတနာသည် အနီနှင့်အဝါ အရံအတားကို အသုံးပြုသူ၏ ပတ်လည်၌ ထုတ်လွှတ်ပေးနိုင်သည်။ ဟန်လိသည် ကောင်းကင်လေဟာနယ်ခန်းမထဲ၌ ပညာရှိအိုချင်းယီ၏ ဖမ်းဆုပ်ကိုင်မှုကို ၎င်းအပေါ် နည်းနည်းလေးမျှ ထိခိုက်မှု မရှိစေဘဲ တားဆီးနိုင်ခဲ့သည့် စွမ်းရည်ကိုလည်း မျက်မြင်တွေ့ခဲ့ဖူးသည်။ သို့ဖြစ်၍ ၎င်း၏ ခုခံမှု စွမ်းရည်များသည် အထင်ကြီးဖွယ်ကောင်းတာ သိသာသည်။
၎င်းရတနာ၏ အခြားစွမ်းရည်တစ်ခုသည် ဟန်လိအနေဖြင့် ထိုတောင်ဝှေးထံ ရှေးဟောင်းမန္တာန်တစ်ခု ခပ်တိုးတိုး ရွတ်ဆိုပေးရန် လိုအပ်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကို ရတနာတောင်ဝှေး၏ အစွန်းနှစ်ဖက်လုံးထိ နစ်မြုပ်စေပြီးသည့်နောက် သူသည် အနီနှင့် အဝါရောင် အဆင်းရှိသော ဝံပုလွေငယ်နှစ်ကောင် သို့မဟုတ် ပိုကြီးမားသည့် ငွေရောင်ဝံပုလွေတို့ကို ဆင့်ခေါ်နိုင်စွမ်း ရှိပေသည်။
အနီရောင်ဝံပုလွေငယ်သည် သန့်စင်လှသော မီးဓာတ်စိတ်ဝိညာဉ်ချီဖြင့် ဖန်တီးထားပုံ ရသည်။ ၎င်းသည် မွေးရာပါ မီးစိတ်ဝိညာဉ်မှော်ပညာရပ်များကို အသုံးပြုနိုင်စွမ်း ရှိ၏။
အဝါရောင်ဝံပုလွေကမူ မြေဓာတ်စိတ်ဝိညာဉ်ချီဖြင့် ဖန်တီးထားတာ ဖြစ်ပြီး မြေစိတ်ဝိညာဉ်မှော်ပညာရပ်များကို အသုံးပြုနိုင်စွမ်း ရှိသည်။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ၎င်းဝံပုလွေသည် မြေဓာတ်လှုပ်ရှားမှုပညာရပ်များကို နားမလည်နေခြင်းပင်။
ငွေရောင်ဝံပုလွေ။ ၎င်းကမူ ဟန်လိကို အတော်လေး ပြဿနာ တက်စေ၏။ သူက ၎င်းဝံပုလွေကို ထိန်းချုပ်နိုင်စွမ်းတော့ ရှိသည်။ ထိုငွေရောင်ဝံပုလွေသည် သူ့အမိန့်များကို တုန့်ပြန်သော်လည်း ၎င်းသည် အတော်လေး ပျင်းရိပျင်းတွဲသာ လှုပ်ရှားလေ၏။
သူသည် ထိုဝံပုလွေကို မှော်ပညာရပ်များ ထုတ်ဖော်ပြသရန် အမိန့်ပေးသည့်အခါ ၎င်းသည် သူ့စကားကို မကြားသည့်အလား ဖိသာဖာသာပင် နေနေတတ်သည်။ ၎င်း၏ မျက်လုံးထဲရှိ လူသားများကဲ့သို့ ပမာမခံ့မှုကို မြင်သည့်အခါ ဟန်လိသည် ပြောစရာ စကားမဲ့သွားရသည်။
သူသည် ထိုငွေရောင်ဝံပုလွေမှာ တောင်ဝှေး၏ ရှေးဟောင်းစိတ်ဝိညာဉ် အစစ်အမှန်ပုံစံမှန်း သေချာ သိသည်။ ငွေရောင်ဝံပုလွေသည် ထိုသို့ ခေါင်းမာနေခြင်းမှာ သူ့အနေဖြင့် တောင်ဝှေးကို ခုထိ အပြည့်အဝ မသန့်စင်ရသေးသောကြောင့် ဖြစ်နိုင်သည်ဟု ဟန်လိ ခန့်မှန်းမိသည်။
သို့ရာတွင် အရိုးသခင်သည် ၎င်းကို တွေ့မြင်ခဲ့ချိန်တုန်းက အံ့ဩထိတ်လန့်သည့်ဟန် ဖြစ်ပေါ်ခဲ့တာကိုတော့ သူ ကောင်းကောင်း မှတ်မိသည်။ ထိုစဉ်က ကျိနစ်ယင် ရှိနေသည့်တိုင် အရိုးသခင်သည် သူ၏ ရွှေရောင်လျှပ်စီးဝါးမြားကိုပင် ထုတ်လွှတ်ခဲ့သေးသည်။ သို့ဖြစ်၍ ၎င်းဝံပုလွေသည် မျက်လုံးဖြင့် မြင်ရသလောက်ထက် အများကြီး ပိုလွန်နေမှာ သံသယ ရှိရန် မလိုပေ။
ဟန်လိသည် ၎င်းကျောက်စိမ်းတောင်ဝှေးကို ပြန်သိမ်းပြီး ကောင်းကင်လေဟာနယ်ခန်းမတွင် သူ ရရှိခဲ့သော အခြားရတနာများကိုပါ ထုတ်ကြည့်ရန် ဆုံးဖြတ်သည်။
သူ့၌ မိစ္ဆာအိုကြီးများ ပေးခဲ့သော ရတနာများစွာလည်း ရှိထား၏။ ၎င်းတို့မှာ အဖြူရောင်ဦးချို၊ ရေခဲပုလဲ၊ တော်ဝင်ကြေးခွံပြားနှင့် စသဖြင့်။ သူသည် ထိုရတနာများနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေတာကို ရှာမတွေ့သော်လည်း တော်ဝင်ကြေးခွံပြားကလွဲ၍ ၎င်းတို့ကို သူ့ကိုယ်ပေါ်၌ မထားရဲပေ။ သူ၏ သိုလှောင်အိတ်ထဲ၌သာ ထည့်သိမ်းထား၏။ ဟန်လိသည် ထိုကြေးခွံပြား ဝါ ချပ်ဝတ်၏ ထူးကဲလှသော အကာအကွယ်စွမ်းရည်များကို လက်မလွှတ်ထားချင်ပေ။ ထို့ကြောင့် ၎င်းကို သူ၏ခန္ဓာကိုယ်ပေါ်၌သာ ဆက်ထားရန် ဆုံးဖြတ်တာပင်။
ရုပ်သေးအပိုင်းအစများ၊ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်ပါသည့် ပုလင်းတစ်ဝက်၊ စိတ်ဝိညာဉ်အားဖြည့်ခြင်း သစ်ပင်၏ လက်မဝက်မျှ အရှည်ရှိ အမြစ်ပိုင်းတစ်ခု တို့ကိုလည်း ဟန်လိသည် စူးစမ်းကြည့်သည်။
ဟန်လိသည် သူ၏ အသစ်ရရှိလာသော အကျိုးအမြတ်များကို ကြည့်နေရင်း မထင်မှတ်ဘဲ သက်တံပုတီးစေ့ငယ်အချို့ကိုလည်း တွေ့သည်။ ဤသည်က သူ့ကို အံ့အားသင့်သွားစေသည်။ သို့သော် ခဏအကြာတွင် သူသည် ၎င်းပုတီးစေ့များ မည်သည့်နေရာမှ လာတာကို ပြန်အမှတ်ရသွားသည်။ သူသည် ကောင်းကင်တောင်ပိုင်းဒေသ၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပထမဆုံး တွေ့ခဲ့ချိန်က သက်တံအရိုးစုတစ်ခုကို အရည်ဖျော်ခဲ့ပြီး ရလဒ်အနေဖြင့် သည်သက်တံပုတီးစေ့များ ကျန်ခဲ့တာ ဖြစ်သည်။ အရိုးစုအနီးအနားရှိ သွေးကျောက်စိမ်း ပင့်ကူများလည်း ရှိနေ၍ ၎င်းအရိုးစုသည် အရိုးသခင်၏ နောက်ထပ် သစ္စာဖောက်တပည့်တစ်ယောက် ဖြစ်သော ကျိနစ်တောက်ပခြင်း ဆိုသူ ဖြစ်ပုံရသည်။
သို့သော် ထိုအရိုးစုသည် မည်သည့်အတွက်ကြောင့် သက်တံရောင် ရှိနေရသနည်းနှင့် ၎င်းသည် အင်ပါယာယွဲ့နှင့် မည်သို့သော ပတ်သက်မှု ရှိသလဲအပေါ်ကိုတော့ အတော်လေး စိတ်ရှုပ်ထွေးမိသည်။ သို့သော် သူ့အကြည့်သည် ထိုပုတီးစေ့များအပေါ် ကျရောက်သွားချိန် ကောင်းကင်လေဟာနယ်ဒယ်စောက်မှ လွင့်ထွက်လာခဲ့သော ကောင်းကင်ဖာထေးခြင်းဆေးလုံးများကို ပြန်အမှတ်ရမိသွားသည်။ သို့ရာတွင် ၎င်းဆေးလုံးများကမူ ပို၍ ကြီးမားသလို အရောင်လည်း ပိုတောက်၏။
ဟန်လိသည် လက်ထဲရှိ ပုတီးစေ့များထံ အကြည့်ရောက်နေပြီး တစ်ကိုယ်တည်း တီးတိုး ရေရွတ်သည်။ ပြီးနောက်မှာ သူက အလေးအနက်ဟန်ပန်ဖြင့် ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။ ယင်းနောက်တွင်တော့ ဟန်လိသည် သူ့ ဦးတည်ရာကို သေချာစေပြီး သွေးနီဝတ်ရုံရှည်ကို ဝတ်ဆင်၍ အရှိန်အပြည့်ဖြင့် ရှေ့သို့ ဦးတည်သွားလေတော့သည်။ သူသည် အနီရောင်ကြယ်တစ်စင်းနှယ် ကောင်းကင်ယံကို ဖြတ်သန်းကာ ကောင်းကင်ကြယ်မြို့ထံသို့ ဦးတည်၍ လာခဲ့သည်။
ထိုသို့ သွားလာခြင်းကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအား ပမာဏများစွာကို ဆုံးရှုံးစေသော်လည်း ၎င်းမှာ ပုံမှန်အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများ၏ အရှိန်ထက်တော့ အများကြီး ပိုမြန်စေသည်။ ခုလက်ရှိတွင် သူသည် ကောင်းကင်လေဟာနယ်ခန်းမမှ အခြားကျင့်ကြံသူများ ပြန်မထွက်လာကြခင် တတ်နိုင်သမျှ အမြန် သူ၏ လှိုဏ်ဂူနေအိမ်ထံ ပြန်ရောက်ချင်နေသည်။
သူ ပျိုးထောင်ထားသော ရွှေဝါးမြိုခြင်းပိုးတောင်မာ အရေအတွက် တစ်ဝက်ကသာ ထိုလှိုဏ်ဂူနေအိမ်၌ မကျန်ခဲ့လျှင် သူသည် ၎င်းနေအိမ်ကို စွန့်ထားပစ်နိုင်သည်။ အခုတော့ သူသည် ထိုအင်းဆက်များကို အနာဂတ်၌ အခြားအင်းဆက်ပညာရှင်များ၏ လက်ထဲသို့ ကျရောက်သွားနိုင်သည်ကို ခွင့်ပြုပေးချင်စိတ် ရှိမနေပါ။
ထို့အပြင် ကောင်းကင်ကြယ်မြို့သို့ ပြန်ရောက်ခဲ့ပြီးလျှင် သူ၏ ထိုလှိုဏ်ဂူကို စွန့်ပစ်ပြီး မြို့၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သုံးကာ ပြင်ပကြယ်ပင်လယ်များထံသို့ သွားရောက်မည်ဟု ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်သည်။
ထိုနည်းလမ်းဖြင့်ဆို သူသည် နတ်ဆိုးအမြုတေများစွာကို ရနိုင်ပြီး ကောင်းကင်လေဟာနယ်ခန်းမ၌ သူ ရှိနေခဲ့ချိန်အတွင်း အာရုံစိုက်မှုများကိုလည်း ရှောင်နိုင်မည် ဖြစ်သည်။ ထိုမျှသာမကသေးပေ သူ့အဖို့ တတ်နိုင်သမျှ မြန်မြန် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကို ချိုးဖျက်နိုင်ခြင်းကိုလည်း ရစေနိုင်လိမ့်မည်။
ဟန်လိသည် သူ၏ မှော်စွမ်းအား အမြောက်အများ ဆုံးရှုံးပြီးသည့်နောက်မှာ သူသည် သူ့ဝတ်ရုံ အသုံးပြုတာကို ရပ်၍ ပုံမှန်အတိုင်းသာ ပျံသန်းလာခဲ့သည်။ ထိုသို့ ပျံသန်းလာရင်း အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကိုင်ထားလျက် သူ့မှော်စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်ဖြည့်တင်းလျက် ရှိသည်။
သူ၏ မှော်စွမ်းအားများ ပြန်ပြည့်ခါနီးအချိန်၌ သူက သွေးနီရောင်ဝတ်ရုံရှည်ကို ထပ်၍ အသုံးပြုကာ ကောင်းကင်ကို အလျင်အမြန် ဖြတ်သန်းလာတော့သည်။
ထိုသို့ဖြင့် ဟန်လိသည် လဝက်လောက် ကြာမည့် ခရီးစဉ်ကို ရက်အနည်းငယ်ဖြင့် ရောက်လာခဲ့တော့သည်။ လမ်းတွင် သူသည် ကျင့်ကြံသူ အချို့နှင့် တွေ့ခဲ့သေးသည်။ သို့သော် သူတို့သည် အခြေခံတည်ဆောက်ခြင်း အဆင့်များသာ ရှိသည်။ သို့ဖြစ်၍ ထိုသူတို့ကို အာရုံထားမနေဘဲ အလျင်အမြန်သာ ဖြတ်ကျော်သွားသည်။ သူတို့သည် ဟန်လိ၏ အလင်းတန်းကို မြင်သည့်အခါ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်မှန်း သိ၍ သူ့ကို မနှောက်ယှက်ဝံကြပေ။
သို့သော် ဟန်လိသည် ကောင်းကင်ကြယ်မြို့နှင့် ပို၍ နီးလာလေလေ ကျင့်ကြံသူ အရေအတွက် အများအပြားကို စတွေ့လာရတော့သည်။
တစ်လလောက် ခရီးနှင်လာပြီးသည့်နောက်မှာ နောက်ဆုံး၌ ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ရသည်။
ထိုကျင့်ကြံသူသည် ဟန်လိကို မြင်သည့်အခါ သူက သတိကြီးစွာ ထား၍ ရှောင်၏။ ထိုသူသည် ဟန်လိနှင့် စကားပြောချင်စိတ် မရှိပုံ ရသည်။ ဤသည်မှာ လက်ခံ၍ ရသည်။ သို့သော် သူသည် တူညီသောလမ်းမှာတင် နောက်ထပ် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်နှင့် ထပ်တွေ့ပြန်သည်။ တစ်ခုခုတော့ မူမမှန်တော့ဟု သူ ခံစားမိပြီ။
သူ ကောင်းကင်လေဟာနယ်ခန်းမထဲ၌ ရှိနေစဉ် ဖြစ်ရပ်ကြီးတစ်ခုများ ဖြစ်ပွားခဲ့တာများလား။ ထိုအတွေး ပေါ်လာသည့်အခါ ဟန်လိသည် စိတ်ပူလာပြီး ပို၍ မြန်မြန် ခရီးဆက်တော့သည်။
သည်နေ့တွင် ဟန်လိသည် သူ့လက်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကိုင်လျက် ပင်လယ်ကို ဖြည်းဖြည်းချင်း ဖြတ်သန်းလာချိန်တွင် အနီးဝန်းကျင်၌ ပျံသန်းနေသော ကျင့်ကြံသူ ရှစ်ယောက်လောက် အုပ်စုကို ထောက်လှမ်းမိသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများသာ ဖြစ်ပြီး ဒေသခံ အင်အားစုတစ်စု ဖြစ်ပုံ ရသည်။
ဟန်လိသည် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်း၍ သူတို့ထံ ဦးတည်သည်။
သူက သူ့ကိုယ်သူ မဖုံးကွယ်ထားပေ။ ထိုကျင့်ကြံသူများ သူ ချဉ်းကပ်လာတာကို မြင်စေသည်။ သူတို့သည် အလန့်တကြား ဖြစ်ကုန်၏။ သူတို့ထဲ၌ ကြီးကြပ်သူ အဘိုးအိုတစ်ယောက်က သူတို့ကို နေရာတွင်သာ ဆက်နေနေစေသည်။ ထိုအဘိုးအိုသည် ဉာဏ်ရည်ထက်သည့်ပုံ ရသည်။ ဟန်လိ အနားရောက်လာသည့်အထိ စောင့်မနေဘဲ သူက တလေးတစားဖြင့် အရင် နှုတ်ဆက်ပြီး လှမ်းပြောသည်။
“ဂျူနီယာတို့က စီနီယာကို ဘာများ ကူညီပေးရမလဲ…”
မိုးပြာအလင်းတန်းသည် သူတို့ရှေ့၌ လွင့်ပါးသွားလျက် ဟန်လိသည် ပေါ်လာသည်။ သူသည် ထိုသူတို့ကို မထူးခြားနားဟန်ဖြင့် ဝေ့ကြည့်ပြီး တည်ငြိမ်စွာ မေးသည်။
“မင်းတို့က ဘယ်ဂိုဏ်းကလဲ၊ ဘယ်ကို ဦးတည်သွားမှာလဲ…”
ထိုအဘိုးအိုသည် အလေးအနက် ပြန်ဖြေသည်။
“ဂျူနီယာတို့ဟာ အင်မောတယ်သုံးပါးဂိုဏ်းကပါ။ ကျုပ်တို့ရဲ့ ဂိုဏ်းခေါင်းဆောင် အမိန့်အရ ကောင်းကင်ကြယ်မြို့ဆီ သွားနေတာပါဗျ…”
ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး ခဏ ငြိမ်သက်သွားသည်။ ယင်းနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကောင်းကင်ကြယ်မြို့ကို ဦးတည်တာလား။ ဒီလမ်းမှာ ကျုပ်က အဲ့မြို့ကို သွားရောက်နေတဲ့ ကျင့်ကြံသူ အများအပြားကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့လို့ သူတို့ဟာ စိတ်ပူပန်နေကြပုံ ပေါ်နေတယ်…”
ထိုအဘိုးအိုသည် ကြိတ်၍ သက်ပြင်းချသည်။ သို့သော် သူက အလျင်အမြန်ပင် ရယ်ကာမောကာဖြင့် ပြောလာသည်။
“ဟားဟား…စီနီယာက လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ ရောက်သွားတာနဲ့တူတယ်။ ဒါ့ကြောင့် ဒီသတင်းတွေကို မကြားသေးတာ။ သိပ်မကြာသေးခင်တုန်းက ကောင်းကင်ကြယ်မြို့မှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ အနီးဆုံးက ဂိုဏ်းအားလုံးနဲ့ အင်အားစုအားလုံးဟာ မြို့ထဲကို လူတွေ စလွှတ်နေခဲ့ပြီး ဖြစ်ပါတယ်…”