← Chapters

ကြယ်ကြွေမဟာမိတ်အဖွဲ့

Vol. 36 Ch. 500

ကြယ်ကြွေမဟာမိတ်အဖွဲ့

Vol. 36 Ch. 500

ဟန်လိသည် မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ဘယ်လို ကြီးမားတဲ့အဖြစ်အပျက်ကြီးလဲ။ ကျုပ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့တာ။ အဲ့အကြောင်း ကျုပ်ကို ပြောပြပါ…”

အဘိုးအိုသည် ဂရုတစိုက် ပြောလာသည်။

“ဂျူနီယာက စီနီယာရဲ့ မေးခွန်းတွေကို ဖြေရမှာ သဘာဝပါပဲ။ ဒါပေမဲ့လို့ စီနီယာ နာမည်ကို ကျနော် မေးလို့ ရနိုင်မလား…”

ထိုစကားကို ကြားသည့်နောက် ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်သွားသည်။ သူသည် ခဏ စဉ်းစားပြီးနောက် ဆန်းကြယ်စွာ ပြုံး၍ ပြောလိုက်သည်

“ကြည့်ရတာ မင်းက အတော်လေး သတိထားနေတဲ့ပုံပဲ။ ကျုပ်ဟာ တေးသံသာဂိုဏ်းက ဧည့်အကြီးအကဲဟန်လိပဲ။ မင်း အရင်က ကျုပ် နာမည်ကို ကြားခဲ့ဖူးလား…”

ဟန်လိ မည်သူမည်ဝါမှန်း ကြားရသည့်နောက်မှာ အဘိုးအိုသည် စိတ်အေးသွားပြီး ပြုံး၍ ပြောလာသည်။

“ဒီတော့ အကြီးအကဲဟန်ကို။ အကြီးအကဲဟာ အပြင်လူတစ်ယောက် မဟုတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ ကျနော်တို့ ဂိုဏ်းရဲ့ နတ်သမီးရွှယ်သီဟာလည်း ဂိုဏ်းခေါင်းဆောင် နတ်သမီးခရမ်းဝိညာဉ်နဲ့ ရင်းနှီးတဲ့သူတွေပါ…”

ဟန်လိသည် သူတို့သည် တစ်ဖက်တည်းဟု ပြောသည့်စကား ကြားသည့်အခါ အံ့အားသင့် သင့်မိသလို မရယ်မောမိဘဲလည်း မနေနိုင် ဖြစ်သွားရသည်။ ဟန်လိ၏ ရယ်မောသံက အဘိုးအိုကို မသက်မသာ ခံစားသွားရစေသည်။

“ကျနော် ပြောတာများ တစ်ခုခု မှားသွားလို့လား…” ထိုအဘိုးအိုသည် စဉ်းစားသွားသည်။

ဟန်လိ၏အပြုံးသည် ပျောက်ကွယ်သွားသည်။

“ကျုပ်က ဂိုဏ်းကိစ္စထဲမှာ မပါဝင်ဘူး။ ဒါ့ကြောင့် မင်း လိမ်လည်း ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် လိုချင်တာကတော့ သင့်တင့်လျောက်ပတ်တဲ့ အဖြေတစ်ခုပဲ။ ဒါဆို မင်းကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စကြီးက ဘာလဲ…”

ထိုအဘိုးအိုသည် ပြုံး၍ တောင်းတောင်းပန်ပန် ပြောလာသည်။

“ကျနော်က စီနီယာ့ကို ဘယ်လိုလုပ် လှည့်စားဝံ့ပါမလဲ။ ကျုပ်ရဲ့ စကားအားလုံးဟာ အမှန်….”

သူ ထိုသို့ ပြောစဉ် ဟန်လိ၏ အကြည့်က အေးစက်လာသည်။ ထိုအခါ သူသည် ကွေ့ပတ်ပြောမနေတော့ဘဲ စရှင်းပြတော့သည်။

“မကြာသေးခင်က ကြယ်နန်းတော်ရဲ့ ကြယ်ပညာသခင်နှစ်ယောက်ဟာ နတ်အနှစ်သာရပေါင်းစည်းခြင်းအလင်းမှာ ကြီးမားတဲ့ အောင်မြင်မှု ရခဲ့ပြီ ဆိုတဲ့ သတင်းစကားတွေ ပြန့်နှံ့ခဲ့ပါတယ်။ စစချင်းတော့ ဒါကို ကောလဟာလို့ပဲ ထင်ခဲ့ကြတယ်။ ဒါပေမဲ့လို့ ဒီသတင်းစကားတွေ ပြန့်နှံ့လာပြီးတဲ့နောက်မှာ ကြယ်နန်းတော်ဟာ အင်အားစုအားလုံးနဲ့ ကျွန်းသခင်အားလုံးကို ချက်ခြင်းပဲ ကောင်းကင်ကြယ်မြို့ကို လာခိုင်းပြီး လူသူပေးဖို့ တရားဝင် အမိန့်ပေးလာခဲ့တယ်။ အဲ့အမိန့်ကို မနာခံရင် သစ္စာဖောက်အဖြစ် သတ်မှတ်ခံရပြီး ရှင်းထုတ်ခံရမယ်တဲ့…”

ဟန်လိသည် မယုံကြည်နိုင်ဖြစ်ကာ ပြောလာသည်။

“ကောင်းကင်ကြယ်ပညာသခင်တွေဟာ အင်အားစုတိုင်းကို လူသူ တောင်းခဲ့တာလား။ ကျုပ်များ နားကြားမှားသွားခဲ့တာလား။ ကြယ်နန်းတော်က ဒီလို အုတ်အော်သောင်းနင်း ဖြစ်စေမယ့် အမိန့်မျိုးကို ပေးခဲ့တာလား…”

ထိုအဘိုးအိုသည် ခါးသီးစွာ ပြုံး၍ ပြောသည်။

“အမှန်ပါပဲ။ ဒီတရားဝင်အမိန့်ကြောင့် အင်အားစုအားလုံးဟာ မင်သက်ကုန်တယ်။ ကြယ်နန်းတော်ရဲ့ စွမ်းအား အထွတ်အထိပ်အချိန်မှာ ဒီအမိန့်မျိုးပေးတာဟာ ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ ခုလက်ရှိမှာတော့ ဒီအမိန့်ဟာ လမ်းမှန်နဲ့ မိစ္ဆာတာအို အင်အားစုတွေအတွက် နာခံဖို့ကိုတော့ အံ့အားတသင့် ဖြစ်သွားစေမှာပဲ…”

ဟန်လိသည် သူတို့အုပ်စုကို ဝေ့ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ထပ်မေးသည်။

“ဒီတော့ ကျုပ် လမ်းမှာ မြင်ခဲ့တဲ့ ကျင့်ကြံသူအားလုံးဟာ ကောင်းကင်ကြယ်ပညာသခင်နှစ်ယောက်အတွက် လူသူပေးဖို့ ကောင်းကင်ကြယ်မြို့ကို သွားနေကြတာလား…”

“အဲ့လို ပြောဖို့တော့ ခက်ပါတယ်…” ထိုအဘိုးအိုသည် ချီတုံချတုံ ဖြစ်နေပုံ ပေါ်သည်။ ဟန်လိ၏မျက်နှာထက်၌ ထူးခြားသောဟန်ပန် ပေါ်လာသည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ပြောဖို့ ခက်တယ်လား။ အဲ့တာ ဘာအဓိပ္ပာယ်လဲ…”

ထိုအဘိုးအိုသည် အကူအညီမဲ့စွာဖြင့် ဆက်ပြောလာသည်။

“စီနီယာ…ကျုပ် မပြောရသေးတဲ့ ကိစ္စတချို့လည်း ကျန်ပါသေးတယ်။ ကောင်းကင်ကြယ်နန်းတော်က အဲ့အမိန့်ပေးပြီးတဲ့နောက် လမ်းမှန်တဲ့ မိစ္ဆာတာအို အင်အားစုတွေဟာ ကြယ်ကြွေခြင်းယာယီမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြန့်ကြဲကြယ်ပင်လယ်များမျာ ကြီးစိုးနေတဲ့ ကြယ်နန်းတော်ကို တန်ပြန်ပြီး သူတို့ရဲ့ အုပ်စိုးမှုကို အဆုံးသပ်စေမယ်တဲ့။ လမ်းမှန်တာအိုဘက်က သူတို့ရဲ့ အင်အားစုအကြီးအကဲ ဝမ်ဆန်ကူနဲ့ မိစ္ဆာတာအိုဘက်ကတော့ လမ်းခြောက်သွယ်လက်နက်သခင်တို့ကို ကြယ်ကြွေခြင်းမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်အဖြစ် စေလွှတ်ခဲ့ကြတယ်။ ဒီမဟာမိတ်အဖွဲ့ကို ထုတ်ပြန်ပြီးတဲ့နောက် လမ်းမှန်နဲ့ မိစ္ဆာတာအိုဘက်က ဂိုဏ်းများစွာဟာ ဒီအဖွဲ့အောက်ကို ဝင်ပူးပေါင်းကြတယ်။ သူတို့ဘက်က မဟုတ်တဲ့ အခြားအင်အားစုတွေကလည်း သူတို့နဲ့ ပူးပေါင်းကြတယ်။ လေလွင့်ကျင့်ကြံသူ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ဆယ်ယောက်ထက် မနည်းကလည်း ဒီမဟာမိတ်မှာ အကြီးအကဲတွေအဖြစ် ခန့်အပ်ခံရတယ်။ ဒါ့အပြင် ကြယ်ကြွေခြင်းမဟာမိတ်အဖွဲ့ဟာ ကြယ်နန်းတော်ကို ပုံစံယူပြီး သူတို့ကလည်း အမိန့်ထုတ်ပြန်လာခဲ့ပါတယ်။ ဒီအမိန့်ကို တစ္ဆေအမိန့်လို့ သိကြပြီး ကြယ်နန်းတော်နဲ့ ပူးပေါင်းတဲ့ အင်အားစုတွေဟာ သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်တယ်လို့ ပြောလာကြတယ်။ ဒါတင် မကသေးပါဘူး။ သူတို့ဟာ သိပ်မကြာခင်မှာ ကောင်းကင်ကြယ်မြို့ကို တိုက်ခိုက်မယ်လို့လည်း ထုတ်ပြန်ခဲ့ပြီး ဒီတိုက်ပွဲကို မျက်မြင်တွေ့ရဖို့ အင်အားစုအားလုံးကို ကြိုဆိုတယ်တဲ့….”

ထိုစကားကို ကြားသည့်အခါတွင်လည်း ဟန်လိ၏ အမူအရာသည် မထူးခြားနားသာ။ သို့သော် သူ့စိတ်ထဲတွင်မူ တိုင်းတိုင်းဆဆ ဖြစ်နေမိသည်။ ဤသည်မှာ စိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။ သူ ကောင်းကင်လေဟာနယ်ခန်းမတွင် ရှိနေသည့် အချိန်တိုအတွင်း အခုလောက် ကြီးမားသည့် ကိစ္စရပ်မှာ ဖြစ်ပွားခဲ့လေပြီ။

ဟန်လိသည် တိတ်ဆိတ်နေသည်။ သူ့စိတ်ထဲတွင်လည်း လှုပ်ခတ်နေ၏။ ထို့နောက် သူသည် အဘိုးအိုကို တည်ငြိမ်စွာ လှမ်းကြည့်ပြီး မေးသည်။

“ကြယ်ကြွေခြင်းမဟာမိတ်အဖွဲ့ရဲ့ တစ္ဆေအမှတ်အသား။ အဲ့အမှတ်အသား မင်း လက်ထဲမှာ ရှိလား…”

ထိုအဘိုးအိုသည် ခဏတော့ မင်သက်သွားသည်။ သည့်နောက်မှာ သူက ပြန်ဖြေ၏။

“ဒါက ဂိုဏ်းခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုပါ။ ဒါပေမဲ့ စီနီယာ လိုချင်တယ်ဆို ဒီအမှတ်အသား သူ ကျုပ်ကို ပြခဲ့တဲ့ အချိန်တုန်းက မှတ်တမ်းတစ်ခုတော့ ရှိပါတယ်…”

“ကောင်းပြီ…ကျုပ် ကြည့်ကြည့်မယ်…” ဟန်လိသည် မထူးခြားနားဟန်ဖြင့် ခေါင်းညိတ်သည်။

ထိုအဘိုးအိုသည် ချက်ခြင်းပင် သူ၏ သိုလှောင်အိတ်ထဲ၌ အဝါရောင်ကျောက်စိမ်းပြားတစ်ခုကို ရှာပြီး ဟန်လိထံ ခပ်သွက်သွက် လှမ်းပေးသည်။

ဟန်လိသည် ၎င်းကို ကြည့်၍ ၎င်းအထဲသို့ သူ့စိတ်ဝိညာဉ်အာရုံ အလျင်အမြန် ထည့်သွင်းသည်။ ခဏအကြာတွင် သူ တုန်လှုပ်မိသွားသည်။

ထိုအမှတ်အသားသည် ဟိုး လွန်ခဲ့သောအချိန်တုန်းက နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ ဝူချောင် ပြသခဲ့သော တစ္ဆေဦးခေါင်းနှင့် တူနေသည့်ပုံ ပေါ်သည်။ ပုံပန်းအသွင်၌ ကွာခြားမှု မသိမသာ ရှိသော်လည်း ထပ်တူနီးပါး တူနေခဲ့၏။ လမ်းမှန်နှင့် မိစ္ဆာတာအိုတို့သည် လျှို့ဝှက်စီစဉ်ပြီး အခြားအင်အားစုများစွာထံ စိမ့်ဝင်နေခဲ့ပြီး ဖြစ်ပုံရသည်။

ဟန်လိသည် ထိုကျောက်စိမ်းပြားကို အဘိုးအိုထံသို့ ပြန်ပေးလိုက်သည်။ သူက ပြောလိုက်၏။

“ဒီလိုဆိုမှတော့ မင်းတို့ဟာ ကောင်းကင်ကြယ်မြို့နဲ့ နီးနေပြီ။ ဒါ့ကြောင့် မင်းတို့ဟာ တိုက်ပွဲရလဒ်ကို လေ့လာပြီး ဆုံးဖြတ်ချက်တစ်ခု ချကြမှာမလား…”

အဘိုးအိုသည် အရှက်ရဟန်ဖြင့် ပြောလာသည်။

“အမှန်ပါပဲ…စီနီယာ။ ကျုပ်တို့ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်အရ ကျုပ်တို့ဟာ အခြေအနေကို သွားစူးစမ်းမှာပါ။ တကယ်တော့ ကျုပ်တို့ဂိုဏ်းက ဂိုဏ်းကြီးတစ်ခု မဟုတ်ဘူးလေ။ ဒါ့ကြောင့် လက်တွေ့အခြေအနေကိုပဲ ကြည့်ပြီး ရွေးချယ်ရမှာပါ။ ဒါပေမဲ့လို့ အချိန်တိုအတွင်း ကြယ်ကြွေခြင်းမဟာမိတ်အဖွဲ့ဟာ ပြင်ပကြယ်ကျွန်းတွေကို တိုက်ခိုက်လာခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ကြတယ်။ ကြည့်ရတာ အတွင်းပိုင်း ကျွန်းတွေလည်း မကြာခင် တိုက်ခိုက်ခံရတော့မယ့် ပုံပါ။ ဒီလိုတိုက်ပွဲတွေကြောင့် သေသွားရတဲ့ လေလွင့်ကျင့်ကြံသူတွေလည်း မနည်းလှသလို ရှင်းထုတ်ခံလိုက်ရတဲ့ ဂိုဏ်းငယ်တွေလည်း အများအပြားပါပဲ။…”

ထိုအဘိုးအို၏ စိတ်ပူပန်နေသော စကားများသည် မည်သည့်အတွက်ကြောင့် ကျင့်ကြံသူများသည် သတိကြီးကြီးထား၍ သွာလာနေရသည့် အကြောင်းရင်းကို ရှင်းပြသည်။

ဟန်လိသည် ထိုအဘိုးအို၏ အဖြေကို ကျေနပ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီတော့ အဲ့လိုပေါ့။ ကောင်းပြီ…မင်းက ကျုပ် မေးခွန်းတွေကိုလည်း ဖြေပြီးပြီးဆိုတော့ မင်းတို့ ထွက်သွားနိုင်ပြီ…”

“ဒါဆိုလည်း ကျနော်တို့ ဂျူနီယာတွေက စီနီယာကို နှုတ်ဆက်ပါတယ်ဗျ…”

ဟန်လိ၏ စကားကြောင့် ထိုအဘိုးအိုသည် ပျော်ရွှင်သွားပြီး သူက တလေးတစား နှုတ်ဆက်သည်။ သည့်နောက် သူသည် အုပ်စုကို ဦးဆောင်ပြီး အလျင်စလို ထွက်သွားတော့သည်။

ဟန်လိသည် ဆိုးယုတ်မည့်ပုံ မပေါ်နေတာ မြင်သော်လည်း သူ့အနေဖြင့် မရင်းနှီးသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ တစ်ယောက်အနား ရှိနေခြင်းက စိတ်မသက်မသာ ဖြစ်စေသည်သာ။ ဟန်လိသည် နေရာတွင် မလှုပ်မယှက် ရပ်နေလျက် တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေသည်။

ကြယ်နန်းတော်နှင့် လမ်းမှန်ဦ မိစ္ဆာတာအိုမဟာမိတ်တို့ကြား စစ်ပွဲကြီးသည် ပေါက်ကွဲထွက်လာခဲ့လေပြီ။ ထိုစစ်ပွဲသည် စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များကို အာရုံစိုက်ရစေမှာ သေချာ၏။ သူတို့သည် ဘက်တစ်ဖက်ဖက်ကို ပူးပေါင်းရမည် ဖြစ်ပြီး သည်စစ်ပွဲကို ရှောင်ဖို့ မဖြစ်နိုင်တော့ပေ။ သို့ဖြစ်၍ ထိုသူများသည် စစ်ပွဲ၌ အာရုံစိုက်ရတော့မည် ဖြစ်၍ သူ့အပေါ် အာရုံသိပ်စိုက်နိုင်တော့မှာ မဟုတ်ပေ။ သည့်အတွက် ဟန်လိသည် ပို၍ ဘေးကင်းသွားနိုင်သည်။

တစ်ခုတော့ ရှိ၏။ သည်စစ်ပွဲက ကောင်းကင်ကြယ်မြို့ကို ပြန်နိုင်ဖို့ သူ့ကို ပြဿနာ ရှိသွားစေသည်။ အနည်းဆုံး မြို့ထဲသို့ ဝင်မည့် ကျင့်ကြံသူများသည် စစ်ဆေးခံရမည် ဖြစ်၏။ အထူးသဖြင့် သူကဲ့သို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများပင်။ ထို့အပြင် သူ ပြန်မရောက်ခင် မြို့ထဲ၌သာ တိုက်ပွဲ ဖြစ်ခဲ့လျှင် သူလည်း ဝင်နိုင်တော့မည် မဟုတ်ပေ။ ကြယ်နန်းတော်သည် ထိုအချိန်အတွင်း ကျင့်ကြံသူများ မြို့ထဲ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားလိမ့်မည်သာ။

ထိုအတွေးဖြင့် ဟန်လိသည် သက်ပြင်းချမိ၏။

လာမည့် ရက်အနည်းငယ်၌ ဟန်လိသည် အဆင့်နိမ့်ကျင့်ကြံသူများထံ ထပ်၍ စုံစမ်းပြီး သူတို့ကို တူညီသော မေးခွန်းများ ထပ်မေးခဲ့သည်။ သူတို့ထံမှလည်း အလားတူ အဖြေများကိုသာ သူ ရရှိ၏။

အခုလက်ရှိ၌ ဟန်လိသည် ပင်လယ်အထက်မှာ ရှိနေပြီး အကွာအဝေးတစ်ခုထံ လှမ်းကြည့်လျက် ရှိသည်။ သူ့မျက်နှာထက်တွင်လည်း ချီတုံချတုံဟန် ဖြစ်ပေါ်နေ၏။

သူက ခေါင်းမော့ကာ အပြာရောင်ကင်းကင်ထက်သို့ လှမ်းမော့ကြည့်သည်။ သူ့လက်ကို ဖြတ်ခနဲ လှန်လှောရာ မိုးပြာရောင်ပုလင်းငယ်တစ်ခု ပေါ်လာသည်။

သူသည် ထိုပုလင်းငယ်ထံ အကူအညီမဲ့စွာဖြင့် ကြည့်သည်။ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်ကို အခု အသုံးပြုခြင်းသည် အတော်လေး ဖြုန်းတီးရာ ကျနေ၏။ သို့သော် သူသာ အလျင်မလိုခဲ့လျှင် ကြယ်ကြွေခြင်းမဟာမိတ်အဖွဲ့သည် တိုက်ခိုက်လာပေတော့မည်။ သည့်နောက်တွင် ကောင်းကင်ကြယ်မြို့သို့ ဝင်ပြီး သူတို့၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို ဖြတ်၍ ပြင်ပကြယ်ပင်လယ်များထံ ထွက်ပြေးမည့် သူ့အစီအစဉ်များမှာလည်း အဟောသိကံ ဖြစ်သွားပေလိမ့်မည်။

အချိန်ယူ စဉ်းစားပြီးနောက် ဟန်လိသည် အံတင်းတင်းကြိတ်၍ ပုလင်းကို ဖွင့်၏။ အတွင်းမှ အရည်များကို သူ့ပါးစပ်ထဲသို့ ဂရုတစိုက် လောင်းချသည်။

ယင်းနောက်တွင်မူ သူသည် ထိုပုလင်းကို ပြန်သိမ်းပြီး သူ၏ သွေးနီရောင်ဝတ်ရုံရှည်ကို ဝတ်ကာ ကောင်းကင်ထက်သို့ ရုတ်ချည်း ထိုးတက်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ လဝက်ခန့် ကြာပြီးသည့်နောက်မှာ သူ၏ မှော်စွမ်းအားသည် ကုန်ခမ်းမောပန်းမည့် အခြေအနေသို့ ရောက်လာသည်။ သည့်နောက်မှာ သူသည် စိတ်ဝိညာဉ်နို့ရည်စက် အနည်းငယ်ကို ထပ်မံ သောက်ပြီး ခရီးထပ်ဆက်သည်။ သည့်အတွက်ကြောင့် ဟန်လိသည် သာမန်စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများလောက် လျင်မြန်သည့်နှုန်းဖြင့် ခရီးနှင်လာနိုင်စွမ်း ရှိလာပြီး ခရီးချိန်ကို များစွာ လျော့ချစေနိုင်၏။

လမ်းတစ်လျှောက်တွင် ဖြတ်သွားဖြတ်လာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ အချို့ဆို ဟန်လိကို စဦးစိတ်ဝိညာဉ်ကျွမ်းကျင်သူတစ်ယောက်နှင့်ပင် မှား၍ လမ်းဖယ်ပေးကြသေးသည်။ ထင်ထားသည့်အတိုင်း စဦးစိတ်ဝိညာဉ်ကျွမ်းကျင်သူတစ်ယောက်ကို နှောက်ယှက်ဖို့ တွေးဝံ့သည့် ကျင့်ကြံသူများဟူ၍ ရှိမနေခဲ့ချေ။

All Chapters