ကြည်လင်တောင်ပိုင်းကျွန်း
Vol. 36 Ch. 501
သူ ဖြတ်လာသည့် လမ်းတစ်လျှောက်မှ သူများကို အံ့အားတသင့် ကြောက်လန့်စေခဲ့ရင်း ဟန်လိသည် တဖြည်းဖြည်း ကောင်းကင်ကြယ်မြို့ အနီးဝန်းကျင်ရှိ ပင်လယ်ထံ ရောက်လာခဲ့ပေပြီ။ သူသည် သူ၏ သွေးနီရောင်ဝတ်ရုံကို ပြန်သိမ်းဆည်းလျက် ပုံမှန်အလင်းတန်းအဖြစ်သာ ခရီးဆက်လာခဲ့သည်။
ခုလက်ရှိတွင် ပြန့်ကြဲကြယ်ပင်လယ်များသည် ကစဉ့်ကလျား ဖြစ်နေ၏။ အနီးဝန်းကျင်၌ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတာလည်း ဖြစ်နိုင်ချေ ရှိသည်။ ဟန်လိသည် ထိုအစွမ်းထက်သူများ၏ အာရုံစိုက်လာမှာကို မလိုလား၍ သူသည် ဖြေးဖြေးမှန်မှန်သာ ဆက်သွားနေသည်။ ကံကောင်းသည်မှာ သူသည် အနီးဝန်းကျင်၌ ကြယ်ကြွေမဟာမိတ်အဖွဲ့၏ မည်သည့်သတင်းကိုမျှ မကြားရခြင်းပင်။ သူ အတော်လေး စိတ်အေးသွား၏။ သူ အချိန်မီ ရောက်လာနိုင်ခဲ့ပုံ ရသည်။
ဟန်လိသည် ကောင်းကင်ကြယ်မြို့နှင့် နီးသော ကျွန်းတစ်ခုပေါ်၌ ရောက်နေ၏။ ထိုကျွန်းသည် ကြီးမားလှခြင်း မရှိသော်လည်း ကောင်းကင်ကြယ်နန်းတော်မှ ကျင့်ကြံသူအများအပြား ရှိနေသည်။ သူတို့သည် မြို့၏ ရှေ့ပြေးကင်းထောက်များ ဖြစ်ပုံ ပေါ်သည်။
အတိတ်တုန်းက ထိုကျွန်းသည် အရွယ်မျိုးစုံ လှေများ ဝင်ချည်ထွက်ချည် ပြည့်လျက် ကျင့်ကြံသူများကော၊ သေမျိုးများကော ဆိပ်ကမ်း၌ သွားသွားလာလာ ရှိခဲ့ကြသည်။ သို့သော် အခု ဟန်လိသည် ထိုကျွန်းထံ ဝေ့ဝိုက်ကြည့်ရှုစဉ် လှေငယ်အချို့ကိုသာ တွေ့မိသည်။ ကျင့်ကြံသူများကမူ သူ ဖြတ်လာတိုင်း တွေ့တွေ့နေရသည်။
သေမျိုးများကော၊ ကျင့်ကြံသူများကောသည် တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာကို သိကြပုံ ပေါ်ပြီး သည်ဧရိယာကို အချိန်တစ်ခု ရှောင်ကြသည်။ သည်ကျွန်းကို လာဝံ့သော ကျင့်ကြံသူ အများစုမှာ သတင်းလာစုံစမ်းသော အင်းအားစုများမှ ဖြစ်၏။
အချိန်အတော်ကြာ ခရီးနှင်လာခဲ့ရသည် ဖြစ်၍ ဟန်လိသည် ခြေကုန်လက်ပမ်း ကျနေသလို ခံစားရ၏။ သူသည် ဒီကျွန်းပေါ်၌ အချိန်တစ်ခုတော့ နေဦးမည်ဟု ဆုံးဖြတ်သည်။ အနားယူရုံသာမက သူသည် ကျွန်း၏ ဈေးသို့ သွား၍ ပြင်ပကြယ်ပင်လယ်များထံ ခရီးရှည် မထွက်ခင် ကြိုတင်ပြင်ဆင်စရာ ရှိတာများကို သွားဝယ်မည်ဟု တွေးထားသည်။ တကယ်တော့ ခုလက်ရှိ၌ ကောင်းကင်ကြယ်မြို့တော်၌ မည်သည့်အရာများ ဖြစ်ပျက်နေသလဲ သူ မသိနေသည် မဟုတ်လား။ အကောင်းဆုံးကမူ သည်နေရာမှာပင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားတာက အကောင်းဆုံး ဖြစ်နိုင်သည်။
ဟန်လိသည် ကျွန်းဧရိယာဝန်းထဲသို့ သက်ဆင်းလာချိန်၌ ကြည်လင်သောတောင်ပိုင်းကျွန်းမှာ သူ အရင်တုန်းက လာခဲ့သည့် အခေါက်များထက် သတိအနေအထား ပိုရှိနေသည်ဟု အာရုံခံစားမိသည်။ သူ ကျွန်းမန္တာန်အစီအရင် အဝန်းအဝိုင်းထဲ ဝင်လာသည်နှင့် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူသုံးယောက်၏ စိတ်ဝိညာဉ်အာရုံက သူ့အပေါ် ဖြတ်သန်းသွားတာကို ခံစားမိရသည်။
ကြယ်နန်းတော်မှာ ကြယ်ကြွေမဟာမိတ်အဖွဲ့၏ ရုတ်တရက် တိုက်ခိုက်လာမည့်အပေါ် သတိထားနေတာ သိသာသည်။
ထိုအခိုက်တွင် ဟန်လိသည် ကျွန်းဈေးထံ တည်တည်ငြိမ်ငြိမ် ဦးတည်လာ၏။
ကြည်လင်တောင်ပိုင်းကျွန်း၏ ဈေးသည် ကျွန်းဆိပ်ကမ်းနှင့် မနီးမဝေးရှိ မြို့ငယ်လေးတစ်ခု ဖြစ်ပြီး ကုန်သည်များ သို့မဟုတ် ကျွန်းသို့ ရောက်လာသော ကျင့်ကြံသူများအတွက် အဆင်ပြေစေ၏။ ဈေးသည် အခြားကျွန်းများပေါ်ရှိ ဈေးများလောက် မကြီးမား၊ နာမည်လည်း မကျော်ကြားသော်လည်း ပစ္စည်းကောင်းများတော့ ရှိ၏။ ပို၍ အရေးကြီးသည်မှာ ၎င်း၏ ဈေးနှုန်းများသည် ကောင်းကင်ကြယ်မြို့တော်ထက် သက်သာခြင်းပင်။ ထို့ကြောင့် ကောင်းကင်ကြယ်မြို့၏ ပစ္စည်းကောင်းအများစုကို သည်ကျွန်းမှ တိုက်ရိုက် ယူဆောင်တာမျိုး ရှိသည်။
ဟန်လိ၌ ဟိုဒီသွားလာနေရန် အချိန် မရ။ သူက ဈေးထဲ ဝင်လာသည်နှင့် အရိုးသခင်၏ ရွက်လွှာကိုးခုဂျင်ဆင်း ဆေးဖော်စပ်နည်းကို ထုတ်၍ ဖတ်ကြည့်သည်။
ထိုဆေးဖော်စပ်နည်းအတွက် လိုအပ်သည့် ပစ္စည်းအမယ်များကို စိတ်နှင့် မှတ်သားပြီး သူသည် အရွယ်အစားမျိုးစုံ ရှိသော ပစ္စည်းအမယ်ဆိုင်များ၌ ရှာဖွေရန် စတင်တော့သည်။
…
အခန်းကျယ်တစ်ခုအတွင်း၌ သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်သည် ဂရုတစိုက်လေသံဖြင့် ပြောလိုက်သည်။
စီနီယာ…ကျုပ် တကယ်ပဲ စိတ်မကောင်းပါဘူး။ ဂျူနီယာ ပစ္စည်းအမယ်ဆိုင် ဖွင့်ခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမဲ့ သစ်ရွက်တစ်ထောင်နှင်းစက် ဆိုတာကို အရင်က လုံးဝ မကြားဖူးခဲ့ပါဘူး။
“ဒီဆိုင်ဟာ ဒီကျွန်းပေါ်မှာ အကြီးဆုံးဆိုင်ပဲ။ မင်းမှာ အဲ့တာ မရှိဘူးဆို တခြားဆိုင်တွေမှာလည်း ရှိလောက်မှာ မဟုတ်ဘူး။ လေလံခန်းမကတော့ ခုလက်ရှိ ငါ့မှာ အချိန် မရှိဘူး…”
ဟန်လိသည် ထိုသို့ ပြောကာ မျက်မှောင်ကြုတ်လျက် ထိုသက်လတ်ပိုင်းကျင့်ကြံသူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ သူသည် စားပွဲပေါ် လက်ဖြင့် တောက်ဆနေ၏။ သူ စိတ်ညစ်ညူးနေပုံ ရသည်။
ဟန်လိ၏ စကားကြောင့် သက်လတ်ပိုင်းလူသည် နည်းနည်းတော့ အရှက်ရမိသည်။ သို့ရာတွင် သူ့၌ ဟန်လိ လိုချင်သော ပစ္စည်းအမယ်များကို ပေးနိုင်မည့် နည်းလမ်း မရှိကြောင်းကို ရိုးရိုးသားသား ပြောပြာခဲ့ခြင်းပင်။ သို့ဖြစ်၍ သူသည် ပြုံး၍သာ နေနေတော့သည်။ တကယ်တော့ ခုလက်ရှိ သူ့ဆိုင်၌ ရောက်နေသူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် မဟုတ်လား။ သူသည် ထိုသူ့ကို စော်ကားမိ၍ မရပေ။
ဟန်လိသည် ဆိုင်ရှင်၏ ရည်ရွယ်ချက်ကို မြင်သည့်အခါ ထိုသူ့၌ သူ လိုချင်သည့် ပစ္စည်းအမယ်နှစ်ခု အမှန်တကယ် ရှိမနေမှန်း သိ၏။ သက်ပြင်းချကာ ဟန်လိသည် ထရပ်ပြီး လျှောက်လာသည်။
ကြည့်ရတာ သူသည် ရွက်လွှာကိုးခုဂျင်ဆင်းအတွက် နောက်ဆုံး ကျန်နေသေးသော ပါဝင်ပစ္စည်းနှစ်ခုကို ရှာရန် အခြားနည်းလမ်းများ စဉ်းစားကြည့်ရတော့မည့်ပုံပင်။ ကံကောင်းစွာဖြင့် သူသည် အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်သို့ ရောက်ရန် အလှမ်းဝေးနေသေး၏။ သည်ဆေးမှာ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်း၌ အသုံးပြုရမည် ဖြစ်၍ သူ့အဖို့ အလျင်လိုစရာ မလိုပေ။
သက်လတ်ပိုင်းလူသည် ဟန်လိကို တလေးတစား နှုတ်ဆက်စကား ပြောပြီး ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေးမိပြီး မပြောခင် ချီတုံချတုံ ဖြစ်နေသေးသည်။
“သစ်ရွက်တစ်ထောင်နှင်းရည်မှာ အခြားနာမည် တစ်ခုခု ရှိနေနိုင်သေးတယ် စီနီယာ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိ၏မျက်လုံးထဲ အရောင်လက်သွားပြီး ခြေလှမ်းတာ ရပ်သည်။ သူက သိချင်စိတ်ဖြင့် လှမ်းမေးသည်။
“အို…မင်း ဆိုလိုတာက…”
သက်လတ်ပိုင်းလူသည် ရိုးရိုးသားသား ပြန်ဖြေ၏။
“ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော် ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဂျူနီယာဟာ ဒီဆိုင်အတွက် နှစ်ပေါင်းတစ်ရာလောက် စီမံနေခဲ့တာပါ။ ဒါ့ကြောင့် ကျနော်ဟာ အံ့ဖွယ်ရှားပါးတဲ့ ဆေးအမယ်ပစ္စည်းမျိုးစုံကို မြင်ဖူးခဲ့ပါတယ်။ ကျုပ် မကြားဖူးတဲ့ ဆေးအမယ်တစ်ခု ရှိမယ်ဆို အဲ့တာဟာ ရှေးဟောင်းကျင့်ကြံသူတွေ ဆီက ဆင်းသက်လာတဲ့ နာမည် ဖြစ်ဖို့ များပါတယ်။ ကျနော် အရင်ကလည်း အဲ့လို အဖြစ်မျိုးတွေ ကြုံခဲ့ဖူးပါတယ်။ ဒီသစ်ရွက်တစ်ထောင်နှင်းရည်ဟာ တွေ့နေမြင်နေကျ ဆေးအမယ်တစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်…”
ဟန်လိ၏စိတ်ထဲ လှုပ်ခတ်သွားသည်။ သူသည် ထိုသူ၏ စကားများသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိ၏။
တကယ်တော့ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းသည် ဒဏ္ဌာရီထဲမှ ပစ္စည်းတစ်ခုသာ။ ၎င်းအတွက် ဆေးဖော်စပ်နည်းမှာလည်း ရှေးဟောင်းအချိန်များမှ လက်ဆင့်ကမ်းခဲ့တာမျိုး ဖြစ်နိုင်သည်။ ကြည့်ရတာ သူသည် ၎င်း၏ အစစ်အမှန်အသွင်အပြင်ကို ရှာကြည့်ဖို့ ရှေးဟောင်းမှတ်တမ်းအချို့ကို စူးစမ်းကြည့်ရတော့မည့် ပုံပင်။ ထိုအတွေးဖြင့် ဟန်လိသည် စိတ်အေးသက်သာဟန် ဖြစ်သွားပြီး ဆိုင်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့တော့သည်။
ယင်းနောက် ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအတွက် သင့်တော်သော သူ၏ ဆေးဖော်စပ်နည်းများကို ရွေးထုတ်ပြီး သူ၏ အနာဂတ်ဆေးဝါးသန့်စင်ဖော်စပ်ခြင်းအတွက် ကြိုပြင်ဆင်မှုများ ပြုလုပ်သည်။ အထူးသဖြင့် ဟန်လိသည် သူ၏ ပုလင်းငယ်မှ အရည်ဖြင့် ကြီးထွားရင့်မှည့်အောင် လုပ်၍ မရသော အထောက်အပံ့ ဆေးအမယ်များကို များများ စုဆောင်းသည်။
ပြင်ပကြယ်ပင်လယ်များထံ သွားမည့် သူ၏ ခရီးစဉ်သည် သံသယရှိစရာ မလိုအောင် ကြာမည်မှာ သေချာသည်။ သို့အတွက် ဟန်လိသည် ဆေးကုန်ကြမ်း ပြက်လပ်သောကြောင့် ဆေးလုံးများ ဖော်စပ်နိုင်ခြင်း မရှိတာမျိုး မဖြစ်ချင်ပေ။ ဤသည်ဖြစ်လာခဲ့လျှင် သူ၏ ကျင့်ကြံခြင်း၌ အရှိန်နှေးသွားစေနိုင်သည်။
သူသည် ခုလက်ရှိ၌ အစီအရင်အလံအချို့နှင့်အတူ မှော်ရတနာများကိုလည်း စုဆောင်းပြီး ဖြစ်သည်။ သို့ဖြစ်၍ ပြင်ပပင်လယ်များသို့ ရောက်လျှင် အဆင့်ခုနစ်သားရဲများကို ကိုင်တွယ်နိုင်မည့်အပေါ် မေးခွန်းထုတ်နေရန် မလိုတော့ပေ။ အကယ်၍ အဆင့်ရှစ်သားရဲများနှင့် ရင်ဆိုင်ရလျှင်လည်း ပြေးဖို့ကလွဲ၍ ရွေးချယ်စရာ မရှိချေ။ နတ်ဆိုးသားရဲများသည် အဆင့်ရှစ်သို့ ရောက်သွားသည်နှင့် ၎င်းတို့၏ ဉာဏ်ရည်သည် အင်မတန် ထက်မြက်လာပြီး လူသားအသွင်ပုံစံများကိုပင် ဆောင်နိုင်ကြသည်။ ၎င်းတို့၏ မွေးရာပါ စွမ်းရည်များကြောင့် ၎င်းတို့သည် တူညီသော အဆင့်ရှိသည့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပင် အသာစီး ရတတ်သည်။
နာရီပေါင်းများစွာ ကြာပြီးနောက် ဟန်လိသည် သူ လိုအပ်သည့် အရာအားလုံးကို စီမံပြီး ဈေးမြို့ကနေ ဆိပ်ကမ်းထံ ဦးတည်ထွက်လာခဲ့သည်။
ထိုစဉ် ကောင်းကင်ထက်၌ တိမ်တိုက်နက်များ ရုတ်တရက် ပြည့်နှက်သွားပြီး ကောင်းကင်ယံမှာ ညအသွင်အလား ပြောင်းလဲသွားသည်။ ခဏအကြာတွင် အလင်းများသည် ကျွန်းထံသို့ မိုးကုပ်စက်ဝန်းစွန်းမျ ဦးတည်လာကြသည်။
ဟန်လိ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အလျင်အမြန်ပင် သူ့မှော်စွမ်းအားကို ထိန်းချုပ်၍ မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထုတ်လွှတ်နေသော ဖိအားများအရ ထိုတရပ်စက်ထိုးနှက်များသည် အနည်းဆုံး ကျင့်ကြံသူတစ်ထောင်လောက်ထံမှ ထွက်ပေါ်လာတာ ဖြစ်နိုင်၏။
သည့်နောက်မှာ အစီအရင်ကြီးတစ်ခု အသက်ဝင်လာပြီး ကျွန်းတစ်ခုလုံးကို ကြက်သွေးရောင်အလင်း အရံအတားတစ်ခုဖြင့် ခြုံလွှမ်းစေပြီး တိုက်ခိုက်မှုများကို တားဆီးသည်။ တချိန်တည်းမှာ ဝတ်ရုံဖြူနှင့် ကျင့်ကြံသူများစွာသည် ကောင်းကင်ယံမှ တိုက်ခိုက်လာသူများကို သူတို့၏ မှော်လက်နက်များသုံး၍ တန်ပြန်ထိုးနှက်ကုန်သည်။
ဟန်လိသည် ခါးသီးစွာ ရယ်မောမိ၏။ ကြယ်ကြေမဟာမိတ်အဖွဲ့သည် အလျင်အမြန်ကို လှုပ်ရှားလာခဲ့ချေပြီ။ သူတို့သည် ကောင်းကင်ကြယ်ကျွန်းနှင့် အနီးဝန်းကျင်ထိပင် လအနည်းငယ်အတွင်းမှာ လာ၍ တိုက်ပွဲဖော်ဆောင်နိုင် ဖြစ်၏။
ကောင်းကင်ကြယ်မြို့သည် သည် ရုတ်ချည်းဖြစ်လာသော တိုက်ပွဲသတင်းကို သိသွားလိမ့်မည်သာ။ အခုတော့ ကောင်းကင်ကြယ်မြို့သို့ အလျင်စလို လာခဲ့သော သူ၏ လက်ရှိ အစီအစဉ်များမှာ အလုံးစုံ ပျက်သုဉ်းသွားခဲ့လေပြီ။
ဒေါသထွက်လှသဖြင့် ဟန်လိသည် သူ့အောက်ရှိ မြေပြင်ထုကို ရုတ်တရက် ခြေဆောင့်ချသည်။ ထို့နောက်တွင်မူ ပုံပျက်ယွင်းမှုများ ဖြစ်ကာ သူသည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။
သူက တိုက်ပွဲအတွင်း၌ သူ့ကိုယ်သူ ပါဝင်စေမည် မဟုတ်သော်လည်း သူ့စိတ်ဝိညာဉ်အာရုံကိုမူ တိတ်တဆိတ် ထုတ်လွှတ်ထားသည်။ သူ့အထင်သာ မှန်ခဲ့လျှင် ဆိပ်ကမ်းနှင့် ၎င်း၏ ဝန်းကျင်တွင် သက်ဝင်လှုပ်ရှားမှုများ ပြင်းထန်နေလောက်၏။
ထင်သည့်အတိုင်းပင် မကြာခင် ကြည်လင်တောင်ပိုင်းကျွန်း၏ ဆိပ်ကမ်းထံ အလင်းတန်းများစွာ ဦးတည်လာသည်။ သို့သော် ထိုအလင်းတန်းများသည် နီးကပ်လာချိန်၌ မြင်ကွင်းမှ ပျောက်ကွယ်ကုန်ပြီး အောက်ဘက်သို့ တိတ်တဆိတ် နိမ့်ဆင်းကာ ကောင်းကင်ယံ၌ ဖြစ်ပွားနေသော တိုက်ပွဲကို လေ့လာစောင့်ကြည့်ကြသည်။
သူတို့ထဲမှ အများစုသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ ဖြစ်ပြီး အရေအတွက်က တစ်ရာလောက် ရှိမည်။ ချီစုဆောင်းခြင်း ကျင့်ကြံသူအယောက် သုံးဆယ်လောက်က သူတို့ထဲ၌ ရောပါ၏။ ဟန်လိကဲ့သို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် ငါးယောက်၊ခြောက်ယောက်လောက်သာ ရှိသည်။ သူတို့ထဲ၌ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူက အမြင့်ဆုံး ဖြစ်သည်။ ထိုသူသည် တောင်ကုန်းတစ်ခုထံမှ တိတ်တဆိတ် စောင့်ကြည့်နေသော်ငြား ဟန်လိ၏ စိတ်ဝိညာဉ်အာရုံက သူ့ထက် များစွာ အားကောင်း၍ သူသည် ဟန်လိကို သတိမပြုမိချေ။
ဟန်လိ၏ စိတ်ဝိညာဉ်အာရုံသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ယောက်လောက်တော့ အစွမ်းမထက်သော်ငြား မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံထားသူ ဖြစ်၍ အများကြီးလည်း အားနည်းမနေပေ။ သူသည် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ အနီးဝန်းကျင်၌ပင် သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်သည် ဖြစ်၍ သူ့အဖို့ ထိုသို့ လုပ်နိုင်တာ သဘာဝပင်။
သူ သိထားသည့်အတိုင်းဆို စဦးစိတ်ဝိညာဉ်အဆင့် အများစုသည် ရှေ့ဆက်နိုင်ရန် မျှော်လင့်ချက် မရှိဘဲ အစောပိုင်းအဆင့်၌သာ တစ်နေကြတာ များသည်။ သည့်အပြင် သူ့ အနီးဝန်းကျင်၌ ထိုသို့ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်မျှ မရှိနေ၍ ဟန်လိသည် များစွာ စိတ်သက်သာရာ ရသည်။
သို့သော် ကြယ်ကြွေမဟာမိတ်သည် ကြည်လင်တောင်ပိုင်းကျွန်းကို လာတိုက်ခိုက်ဝံ့မှတော့ သူတို့ဘက်၌ အနည်းဆုံး စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တော့ ရှိနေဖို့များသည်။ သို့ဖြစ်၍ ဟန်လိသည် သူ့ကိုယ်သူ ကွယ်ဖုံးလျက် တိုက်ပွဲရလဒ်ကို စောင့်နေပြီး သည့်နောက်မှ အသာလစ်ထွက်မည် ဖြစ်၏။