မေးခွန်းမေးခြင်း
Vol. 36 Ch. 502
ကျွန်းဆိပ်ကမ်း၌ ဖြစ်ပွားသော တိုက်ပွဲမှာ အချိန်သိပ်မကြာပေ။ အနီရောင်အရံအတားသည် ရောင်စုံအလင်းထိုးနှက်ချက်များ၏ ဖိအားကြောင့် အလင်းများ ဖြာထွက်နေစဉ် အားကောင်းလှသော မကောင်းဆိုးဝါးချီနှင့် မီးခိုးရောင်အလင်းတစ်ခုသည် ၎င်းအပေါ် ရုတ်တရက် ထိုးနှက်လာသည်။
မှော်လက်နက်များ၊ မှော်ပညာရပ်များဖြင့် တရပ်စပ် ထိုးနှက်တိုက်ခိုက်မှုများကြောင့် ထိုအစီအရင်ကြီးသည် တဖြည်းဖြည်း လှုပ်ခတ်လာသည်။ ကျယ်လောင်စွာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးသည့်နောက် အနီရောင်အရံအတားသည် အပြင်းအထန် လှုပ်ခတ်ပြီး စူးရှသော ပေါက်ကွဲသံနှင့်အတူ ပျက်စီးခြင်း ဆိုက်သည်။
ထိုသို့ ပျက်စီးသွားခြင်းနှင့်အတူ အစီအရင်၏ ခွန်အားကြောင့်လား သို့တည်းမဟုတ် ကြယ်နန်းတော်ကိုယ်တိုင်၏ လုပ်ဆောင်မှုကြောင့်လား မသိရလေဘဲ အနီရောင်အလင်းအရံအတား၏ အစိတ်အပိုင်းများသည် ကြယ်ကြွေမဟာမိတ်အဖွဲ့မှ သူများထံ လွင့်စင်ကျလျက် ဗရမ်းဗတာ ဖြစ်ကုန်စေသည်။ ထိုသို့ အခြေအနေကို အခွင့်ကောင်းယူပြီး ကြယ်နန်းတော်မှ ကျင့်ကြံသူများသည် ထွက်ပြေးကြသည်။
ထွက်ပြေးသွားသော ကျင့်ကြံသူများကြား၌ အံ့မခန်းမြန်သော သူများလည်း ပါသည်။ သူတို့သည် ကျွန်းပေါ်တွင် နေနေသော အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်နိုင်၏။ တချိန်တည်းမှာ အလားတူ အစွမ်းထက်သော အလင်းတန်းဆယ်ခုကျော်သည် ထိုသူတို့နောက်သို့ လိုက်လံသည်။ မျက်စိတစ်မှိတ်အတွင်း အလင်းတန်းများသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
ကြယ်ကြေမဟာမိတ်အဖွဲ့မှ ထိပ်ပိုင်းအလွှာများသည် သည်ကြည်လင်တောင်ပိုင်းကျွန်းပေါ်မှ ကြယ်နန်းတော်၏ ကျင့်ကြံသူများကို တချိတည်းဖြင့် အမြစ်ဖျက်ကာ တစ်ယောက်မှ လွတ်မြောက်ခွင့် မပေးချင်သည့်ပုံပင်။
ထိုစဉ် ကြယ်ကြွေမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူအများအပြားက ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူတို့၏ ဝတ်စုံများအရ သူတို့သည် မတူညီသောဂိုဏ်းနှစ်ခုမှ လူများ စုဖွဲ့ထားပုံ ရသည်။ ဝတ်စုံတစ်ခုမှာ ရွှေရောင်အနားသပ်နှင့် ငွေရောင်ဖြစ်ပြီး ကျန်တစ်ခုသည် အစိမ်းရောင် ဖြစ်နေသည်။ ကြည့်ရတာ လမ်းမှန်နှင့် မိစ္ဆာတာအိုနှစ်ဖက်လုံးသည် အတူပူးပေါင်း လှုပ်ရှားတာ ဖြစ်မည်။
ဟန်လိသည် တိုက်ပွဲ သည်မျှ မြန်မြန် ပြီးသွားသည့်အပေါ် အတော်လေး အံ့အားသင့်မိ၏။ သို့သော် မကြာခင် ဤသည်မှာ လက်သင့်ခံနိုင်မှန်း သူ သိသွားသည်။ ကာကွယ်သူနှင့် တိုက်ခိုက်သူများကြား စွမ်းအားမှာ ကြီးစွာ ကွာခြားချက် ရှိနေ၏။ ကြယ်နန်းတော်သည် အကောင်းဆုံး လုပ်ဆောင်ခဲ့သော်ငြား သူတို့သည် လူသူအင်အား နည်းခြင်းကိုမူ ဖြည့်တင်းနိုင်စွမ်း မရှိခဲ့ပေ။
ဟန်လိသည် သည်အခြေအနေ၌ ကျွန်းမှ ထွက်သွားရင်း ကောင်းမလား၊ မကောင်းမလား စဉ်းစားနေစဉ် အစိမ်းရောင်အုပ်စုထဲမှ အဘိုးအိုတစ်ယောက် ပျံသန်းထွက်လာသည်။ ဟန်လိက ထိုသူ့ကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ချိန်၌ ထိုအဘိုးအိုသည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှန်း သိလိုက်ရသည်။
ထိုသူသည် ဘေးမှ ကြည့်နေသူများ၏ အထက်သို့ တည်တည်ငြိမ်ငြိမ် ပျံသန်းလျက် အားလုံးကို ဝေ့ဝိုက်ကြည့်ရှုသည်။ ယင်းနောက် သူက အလေးအနက်လေသံဖြင့် ပြော၏။
“အားလုံးပဲ သေချာ နားထောင်ကြပါ…တာအိုရောင်းရင်းတို့။ ကြယ်ကြွေမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဝမ် အမိန့်အတိုင်း ကြီးကြပ်သူဖြစ်တဲ့ ကျုပ် စန်းယွမ်လုံဟာ ကြေငြာစရာ တစ်ခု ရှိပါတယ်။ ကြယ်နန်းတော်ဟာ ဒီကျွန်းကို လက်လွှတ်ရှုံးနိမ့်သွားပြီ ဖြစ်တယ်။ တခုခု လွဲတာချော်တာ မဖြစ်ရအောင်လို့ ဘယ်သူမှ ဒီကျွန်းပေါ်ကနေ မထွက်သွားဖို့ ကျုပ် မျှော်လင့်တယ်။ နောက်လေးနာရီအထိ ကျုပ်တို့က ကြယ်နန်းတော်က အကြွင်းအကျန် အင်အားစုတွေကို ရှာဖွေမှာ ဖြစ်တယ်။ အဲ့တာပြီးရင်တော့ လူတိုင်း ထွက်သွားနိုင်ပါပြီ။ အားလုံးပဲ တည်တည်ငြိမ်ငြိမ် ရှိနေပေးဖို့ ကျုပ် တောင်းဆိုပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့က ကြယ်နန်းတော်နဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့တွေအပေါ်မှာပဲ ပစ်မှတ်ထားပါတယ်။ အခြား ရောင်းရင်းတွေကို ဆန့်ကျင် တိုက်ခိုက်မှာ မဟုတ်ပါဘူး…”
သူ၏အသံသည် ကျယ်လောင်လှခြင်း မရှိသော်လည်း အနီးဝန်းကျင်ရှိ ကျင့်ကြံသူများကို ကောင်းစွာ ကြားရစေသည်။
အနီးဝန်းကျင်၌ ကွယ်ဝှက်နေသော ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်၏။ မည်သူကမျှ စ၍ ရှေ့ထွက်မလာကြသည့်အခါ သည့်နောက်တွင် လုံးဝ တိတ်ဆိတ်သွားချေသည်။
ထိုအဘိုးအို၏ စကားများကို ကြားသည့်အခါ၌ ဟန်လိသည် စိတ်သက်သာရာ ရသွားသည်။ အခြားသူများ၏ စိတ်နှလုံးကိုပါ အောင်နိုင်နိုင်ဖို့ ကြယ်ကြွေမဟာမိတ်အဖွဲ့မှ သူများသည် ဟိုဘက်လည်းမပါ၊ ဒီဘက်လည်းမပါသော ကျင့်ကြံသူများအပေါ် မမျှမတ ဆက်ဆံပြုမူချင်စိတ် မရှိကြပေ။ အကယ်၍ ဟန်လိသည် သူ ထွက်သွားရမှာ နောက်ကျသွားခဲ့လျှင်လည်း အဆင်ပြေ၏။ မည်သို့ပင်ဖြစ်စေ သူ အခု ထွက်သွားခဲ့လျှင်လည်း ကောင်းကင်ကြယ်မြို့ထဲသို့ အလစ် ဝင်နိုင်၊ မဝင်နိုင်မှာ မသေချာပေ။
ဟန်လိက ထိုသို့ တွေးနေစဉ် အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအိုသည် စကားမဆိုဘဲ လှည့်၍ ပျံသန်းသွားသည်။ ဟန်လိသည် ထိုသူ ပျောက်ကွယ်သွားတာ မြင်သည့်အခါ၌လည်း သူက ချက်ခြင်း မလှုပ်ရှားသေးပေ။
ဖြစ်နိုင်သည်မှာ အဘိုးအို၏ စကားမျာကြောင့် သို့မဟုတ် သူတို့၏ တာဝန်များကြောင့် အခြားကျင့်ကြံသူများသည်လည်း ဆိပ်ကမ်းမှ ထွက်ခွာကြခြင်း မရှိသေးပေ။ ထိုအစား သူတို့သည် ကြယ်ကြွေမဟာမိတ်အဖွဲ့၏ လုပ်ဆောင်ချက်များကိုသာ အနီးကပ် စောင့်ကြည့်နေသည်။
ထိုအခိုက်တွင် ငွေရောင်ဝတ်စုံနှင့် ကျင့်ကြံသူများသည် စည်းစနစ်ကျစွာ သူတို့၏ ကိုယ်ပိုင်အစီအရင်မန္တာန်ကို တည်ဆောက်ကြတော့သည်။ အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူများထဲမှ တစ်ဝက်ကမူ ဆိပ်ကမ်းအနီးဝန်းကျင်တွင် စောင့်ကြပ်နေထိုင်ပြီး အခြားသူများသည် ဟန်လိတို့ကို ကျော်၍ ကျွန်းဗဟိုချက်သို့ ပျံသန်းသွားကြသည်။ သည်ကြယ်လင်တောင်ပိုင်းကျွမ်းသည် ကောင်းကင်ကြယ်မြို့သို့ တိုက်ခိုက်မည့်အခါ၌ ကြယ်ကြွေမဟာမိတ်အဖွဲ့၏ ခြေကုပ်စခန်းတစ်ခု ဖြစ်လာတော့မည့်ပုံ ရသည်။
ထိုကျင့်ကြံသူများ၏ ထိုသို့ လုပ်စရာ ရှိတာများကို ကျနစွာ လုပ်ဆောင်နိုင်ခြင်းက ဟန်လိကို တုန်လှုပ်စေ၏။ ကြည့်ရတာ လမ်းမှန်နှင့် မိစ္ဆာတာအိုတို့သည် ပြန့်ကြဲကြယ်ပင်လယ်များ၌ အုပ်စိုးခွင့်ရရန် ကြံစည်ထားတာ ကြာနှင့်လောက်ပြီ။ တကယ်တော့ ဤကဲ့သို့ စည်းကမ်းသေဝပ်အောင် ကျင့်ပေးထားသော ကျင့်ကြံသူများကို ရရန်မှာ ဆယ်နှစ်လောက်ဖြင့် ဖြစ်လာနိုင်သည့် ကိစ္စမျိုး မဟုတ်နေပေ။
သို့ရာတွင် ကြယ်နန်းတော်သည် ကြယ်ကြွေ မဟာမိတ်အဖွဲ့မှာ တိုက်ခိုက်လာမည်ကို သည်အတိုင်း ထိုင်စောင့်နေသည့်အပေါ်မှာတော့ ဟန်လိသည် စဉ်းစားမရနိုင်ဘဲ ရှိ၏။ သူတို့သည် တန်ပြန်တိုက်ခိုက်မှု မလုပ်နိုင်အောင် အားနည်းနေ၍လား သို့တည်းမဟုတ် ကောင်းကင်ကြယ်ပညာသခင်နှစ်ယောက် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာနိုင်မည့် အခွင့်အရေးအတွက် အချိန်ဆွဲနေကြသလား။
ဟန်လိသည် သည့်အတွက် အတော်လေး စဉ်းစားမရ ဖြစ်မိသည်။ သို့သော် နောက်ထပ် တွေးကြည့်ပြီးသည့်နောက် သူက အားပါးတရ ရယ်ချင်မိ၏။ ကြယ်နန်းတော်နှင့် ကြယ်ကြွေမဟာမိတ်တို့၌ မည်သို့ပင် ဖုံးကွယ်ထားသော အကြံအစည်များ ရှိနေပါစေ သူကဲ့သို့ လေလွင့်ကျင့်ကြံသူတစ်ယောက်နှင့် လားလားမျှ မဆိုင်ချေ။ သူသာ သူ့လမ်းကိုယ်သူ ဂရုတစိုက် သတိထား၍ သွားပါက သူတို့၏ အကြံအစည်များထဲ၌ ကြားညှပ်ပါနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးကာ ဟန်လိသည် တည်ငြိမ်မှု ပြန်ရသည်။ လေးနာရီလောက် စိတ်ရှည်ရှည် စောင့်နေပြီးသည့်နောက်မှာ အစိမ်းရောင်ဝတ်စုံအဘိုးအိုနှင့် နောက်ထပ် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် ကျွန်းဆိပ်ကမ်းသို့ ပြန်ရောက်လာကြသည်။
ထိုအဘိုးအိုသည် လေထဲ၌ ရပ်၍ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောလာသည်။
“တာအိုရောင်းရင်းတို့ ခင်ဗျားတို့ ဒီကျွန်းကနေ ထွက်သွားချင်တယ်ဆိုရင် ခင်ဗျားတို့ ဘယ်သူဘယ်ဝါအမှတ်အသား ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းပညာရပ်ကို ပြသပေးရုံနဲ့ ထွက်သွားလို့ ရနိုင်ပါပြီ။ ခင်ဗျားတို့က မထွက်သွားချင်ဘူးဆိုလည်း ဒီမှာ ဆက်နေနိုင်ပါတယ်။ ခင်ဗျားတို့က ကြယ်ကြွေမဟာမိတ်ရဲ့ ရန်သူ မဟုတ်သရွှေ့ ကျုပ်တို့က မျှမျှတတ ဆက်ဆံမှာပါ…”
ထိုစကားများကို ပြောကြာပြီးသည့်နောက်မှာ အုတ်အော်သောင်းနင်း ခဏဖြစ်ကုန်၏။ ယင်းနောက် ပြန်တိတ်ဆိတ်သွားသည်။ ထိုစကားများသည် ယဉ်ကျေးသည့်ပုံ ပေါ်နေသော်လည်း မည်သူကမျှ သူတို့ကိုယ်သူတို့ကို ထုတ်ဖော်ဖို့ ဆန္ဒမရှိကြပေ။
အထူးသဖြင့် လမ်းမှန်တာအို ကျင့်ကြံသူများသည် ထိုမိစ္ဆာတာအိုကျင့်ကြံသူများရှေ့၌ သူတို့ကိုယ်သူတို့ ဖော်ပြရန် အင်တင်တင် ဖြစ်နေကြသည်။
ဟန်လိသည်လည်း သည်အတိုင်း ဆက်နေနေ၏။ အခြားသူများ အရင်မထွက်ဘဲ သူကိုယ်တိုင်လည်း ထွက်ဦးမည် မဟုတ်ပေ။ တဖက်သူများသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသာ ဖြစ်၍ သူ့ကိုယ်သူ အေးဆေး ဖုံးကွယ်ထားနိုင်ပြီး ထိုသူများက သူတို့၏ စိတ်ဝိညာဉ်အာရုံများဖြင့် သူ့ကို ထောက်လှမ်းနိုင်စွမ်း ရှိကြမည် မဟုတ်ပေ။ အတော်ကြသည့်အထိ တိတ်ဆိတ်နေပြီးသည့်နောက် အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုသည် သုန်မှုန်လာချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခုသည် သူ့ထံ ပျံသန်းလာ၏။
လူငယ်တစ်ယောက်သည် ထိုအဘိုးအိုရှေ့တွင် ပေါ်လာပြီး သူက တလေးတစားဖြင့် နှုတ်ဆက်၏။
“ဂျူနီယာဟာ ကောင်းကင်ဖွင့်ဟခြင်းဂိုဏ်းရဲ့ တပည့်ရှင်းမင်ပါ။ အရင်တည်းက စီနီယာ့ကို ကျနော် မြင်ဖူးပါတယ်။ ဒါက ကျနော်ရဲ့ ဂိုဏ်းအမှတ်အသားဖြစ်တဲ့ အဖြူရောင်ရေဓားပါ…”
ထို့နောက်တွင် သူသည် တလက်လက် တောက်ပနေသော အဖြူရောင်ဓားတစ်လက်ကို ထုတ်ယူ၍ လှမ်းပေးသည်။
ထိုအဘိုးအိုသည် ၎င်းဓားကို စူးစမ်းပြီးနောက် သူ့မျက်နှာမှ သုန်မှုန်တာ ပြေလျော့သွားပြီး ၎င်းကို လူငယ်ထံ ပြန်ပေးရင်း ပြောလိုက်သည်။
“အို…ကောင်းကင်ဖွင့်ဟခြင်းဂိုဏ်း၊ ကျုပ်လည်း အရင်တုန်းက ဂိုဏ်းခေါင်းဆောင် တာအိုရသေ့လျှိုနဲ့ ဆုံခဲ့ဖူးပါတယ်။ ဒီဓားက မင်းတို့ဂိုဏ်း အပိုင်ပဲ။ မင်း သွားနိုင်ပါပြီ…”
ထို့နောက်တွင် လူငယ်သည် ပြုံးပြပြီး တလေးတစား နှုတ်ဆက်၍ ဆိပ်ကမ်းမှ ပျံသန်းထွက်ခွာသွားတော့သည်။ ကြယ်ကြွေမဟာမိတ်ဘက်မှ မည်သည့်ကျင့်ကြံသူကမျှ သူ့ကို မတားကြချေ။
ထိုလူငယ် အခက်အခဲ မရှိ ထွက်သွားနိုင်တာ မြင်သည့်အခါ အခြားသူများလည်း ထိုအဘိုးအိုထံ ပျံသန်းလာပြီး သူတို့ကိုယ်သူတို့ ဖော်ပြကြသည်။
ထိုအဘိုးအိုကား အတွေ့အကြုံ ကြွယ်လှချေ၏။ ဂိုဏ်းတစ်ခု၏ ကျင့်ကြံခြင်း ပညာရပ် သို့မဟုတ် တုန်ကင်အမှတ်အသားကို ထုတ်ပြသည်နှင့် သူသည် တချက်ကြည့်ရုံဖြင့် ခွဲခြားသိနိုင်စွမ်း ရှိနေသည်။ ထိုအဖြစ်က ဟန်လိကို များစွာ အံ့အားသင့်စေသည်။
ဟန်လိသည် သူကဲ့သို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကိုလည်း ထွက်ခွာခွင့်ပေးတာ မြင်သည့်အခါ စိတ်မရှည် ဖြစ်လာ၏။ ယင်းနောက် သူက သူ့ကိုယ်သူ ဖော်ပြပြီး ကောင်းကင်ထက်သို့ မိုးပြာအလင်းတန်းအဖြစ် ပြောင်းကာ ပျံသန်းထွက်လာသ်ည။
“ဒီတာအိုရောင်းရင်းကကော ဘယ်သူများလဲ…” ထိုအဘိုးအိုသည် ဟန်လိမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်မှန်း မြင်သည့်အခါ၌ သူ့လေသံက ပျော့သွား၏။
“ကျုပ်က ပြင်းပြတေးသံသာဂိုဏ်းရဲ့ ဧည့်အကြီးအကဲပါ။ ဒါက ကျုပ်ရဲ့ ဂိုဏ်းတုန်ကင်…ကျေးဇူးပြုပြီး ကြည့်လိုက်ပါ…”
နတ်သမီးခရမ်းဝိညာဉ်က သူ့ကို ဧည့်အကြီးအကဲအဖြစ် လုပ်ပေးနိုင်မလားဟု တောင်းဆိုခဲ့သည့် နေ့တုန်းက ထိုတုန်ကင်အမှတ်အသားကို ပေးခဲ့တာ ဖြစ်၏။ သူက ၎င်းကို သည်အဘိုးအိုထံ ချက်ခြင်း ထုတ်ပြသည်။
အဘိုးအိုသည် တုန်ကင်ကို သေချာ ကြည့်ပြီး ဟန်လိကို စိုက်ကြည့်လျက် ပြောလာသည်။
“ပြင်းပြတေးသံသာဂိုဏ်း၊ ခင်ဗျားတို့ဂိုဏ်းမှာ ဧည့်အကြီးအကဲဟာ ဟန်လိနဲ့ ဝိညာဉ်သေဆိုပြီး နှစ်ယောက်ရှိတာလေ။ သူတို့နှစ်ယောက်လုံးဟာ သီးသန့်ကျင့်ကြံနေတာမို့ မြင်ရခဲတယ်။ ခင်ဗျားက အဲ့နှစ်ယောက်တည်းက ဘယ်သူများလဲ…”
ဟန်လိ၏ စိတ်ထဲ တုန်လှုပ်သွား၏။ သို့သော် သူက တည်ငြိမ်စွာ ပြုံး၍ တုန့်ပြန်သည်။
“ကျုပ် နာမည်က ဟန်လိပါ။ ရောင်းရင်းက ကျုပ်လို အမည်မရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို သိနေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…။ အထင်ကြီးစရာပါပဲ…”
ထိုအဘိုးအိုသည် တဟားဟား ရယ်မောပြီး မထင်မှတ်စွာဖြင့် ယဉ်ကျေးသော လေသံဖြင့် ပြောလာသည်။
“ဟားဟား…ဒါက မဟုတ်တာ။ ခင်ဗျားတို့ဂိုဏ်းက ပြန့်ကြဲကြယ်ပင်လယ်မှာ ကျော်ကြားတာပဲကို။ အထူးသဖြင့် ခင်ဗျားတို့ဂိုဏ်းရဲ့ နတ်သမီးခရမ်းဝိညာဉ်ပေါ့။ ကျုပ်တို့ဂိုဏ်းသခင်လေးဟာ သူမရဲ့ အကြွင်းမဲ့အလှကို မြင်ချင်နေတာ။ ရောင်းရင်းအနေနဲ့ ဒီစကားတွေကို ပါးပေးဖို့ ကျုပ် မျှော်လင့်မိပါတယ်…”
သူ့မျက်နှာထက်၌ တုန်လှုပ်ဟန် ခဏ ပေါ်သွားပြီးနောက်မှာ ဟန်လိသည် ချီတုံချတုံဖြင့် မေးလိုက်သည်။
“လူငယ်သခင်လေး…သူက ဘယ်သူများလဲ…”
“ဂိုဏ်းသခင်လေးဟာ ကြီးမြတ်တဲ့ဘိုးဘေးရဲ့ တစ်ဦးတည်းသော မျိုးဆက်ပါ။ သူ့နာမည်ကို လူအချို့ပဲ သိပေမယ့် နောက်ပိုင်းကျရင်တော့ ပြန့်ကြဲကြယ်ပင်လယ်များ တခွင်လုံး သိလာကြပါလိမ့်မယ်…”
ဟန်လိသည် စိတ်ထဲ၌ အံ့ဩတကြီး ဖြစ်သွား၏။ သို့သော် သူက သဘောတူသည်။ “ဟုတ်ပါပြီ…ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ဖြစ်ရင် ဒီစကားတွေကို သေချာပေါက် ပြန်ပြောပေးလိုက်ပါမယ်…”
ထိုအဘိုးအိုသည် ဟန်လိ၏ တုန့်ပြန်မှုကြောင့် အတော်လေး ကျေနပ်သွားသည်။ သူက တုန်ကင်ကို ခဏ ကြည့်ပြီး ဟန်လိထံ ပြန်ပေးရင်း ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒီတုန်ကင်က မမှားပါဘူး။ ခင်ဗျား သွားနိုင်ပါပြီ…”
ဟန်လိသည် သူ့ကို နှုတ်ဆက်ပြီးနောက် မနှေးမမြန် ပျံသန်းထွက်လာသည်။
ထိုအဘိုးအိုသည် မိုးကုပ်စက်ဝန်းထံ ပျံသန်းသွားသော ဟန်လိကို လှမ်းကြည့်နေရင်း သူ၏ အသွင်၌ ထူးခြားသည့်ဟန် ဖြစ်ပေါ်လာ၏။