← Chapters

နောက်ထပ် တိုက်လားခိုက်လား

Vol. 36 Ch. 503

နောက်ထပ် တိုက်လားခိုက်လား

Vol. 36 Ch. 503

အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကြားမှ ဗလတောင့်တောင့်နှင့်သူသည် အဘိုးအို၏ မျက်နှာဟန်ပန်ကို မြင်သည့်အခါ အံ့အားသင့်ဟန်ဖြင့် မေးလာသည်။

“ဘာများလဲ။ တစ်ခုခု မူမမှန်လို့လား။ သူ့နောက်ခံ ပုံရိပ်က မှားနေတာလား…”

ထိုအဘိုးအိုသည် လက်ချောင်းဖြင့် သူ့မုတ်ဆိတ်ကို လိမ်၍ ပြောလာသည်။

“သူ့နောက်ခံနဲ့ ပတ်သက်ပြီး ဘာမျှ မမှားဘူး။ ပြင်းပြတေးသံဂိုဏ်းက ကျုပ်တို့ လူတွေဆီကနေ အဲ့ဂိုဏ်းရဲ့ ဧည့်အကြီးအကဲနှစ်ယောက် ပုံတူတွေ ရထားပြီး ဖြစ်တယ်။ ကျုပ်တို့ ရထားတာနဲ့ သူ့ရုပ်သွင်ဟာ အတူတူပဲ။ သူဟာ အကြီးအကဲဟန် ဖြစ်တာ သံသယ ရှိစရာ မလိုပါဘူး။ သူက လျှို့ဝှက်ပညာရပ်တစ်ခုခု အသုံးပြုပြီး ဟန်ဆောင်သူ ဖြစ်ခဲ့မယ်ဆိုရင်တောင် သူ ဆိပ်ကမ်းကနေ ထွက်သွားတဲ့အချိန် အကြီးအကဲဝမ်ရဲ့ ထက်ရှတဲ့ မျက်လုံးအောက်ကနေ လွတ်နိုင်မှာ မဟုတ်ပါဘူး…”

ဗလာတောင့်တောင့်နှင့်သူသည် မကျေမနပ်ဖြင့် ထပ်ပြောလာသည်။

“ဘာ ပြဿနာမှ မရှိတာကို ခင်ဗျားက ဘယ်လိုကြောင့် ခုလိုဟန်ပန်မျိုး ဖြစ်နေရတာလဲ…”

တစ်ကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ ထိုအဘိုးအိုက ဆက်ပြောသည်။

ပြင်းပြတေးသံဂိုဏ်းရဲ့ အကြီးအကဲဟန်ဟာ မရိုးရှင်းဘူး။ “ကျုပ်တို့ သူ့ကို တားဆီးမယ်ဆိုရင်တောင် ကျုပ်တို့ မလုပ်နိုင်မှာကို စိုးမိတယ်…”

လူထွားကျင့်ကြံသူသည် မင်သက်သွားပြီး သူက ခေါင်းရမ်းသည်။ အဘိုးအို၏ စကားကို မယုံကြည်သည့်ဟန်ဖြင့် သူက ပြောလာ၏။

“ဘာကို ဆိုလိုတာလဲ။ သူလည်း ကျုပ်တို့လို အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် မဟုတ်လား။ ဒါ့အပြင် သူဟာ လေလွင့်ကျင့်ကြံသူတစ်ယောက်။ ကျုပ်တို့ရဲ့ ဘိုးဘေးတွေရဲ့ သင်ကြားမှုကို လက်ခံရရှိထားတဲ့ ကျုပ်တို့နှစ်ယောက်ကို သူက ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ…”

ထိုအဘိုးအိုသည် အနှီစကားများကြောင့် နည်းနည်းလေးမျှ စိတ်မကွက်သွားခဲ့ပေ။ သူက တည်တည်ကြည်ကြည့်ဖြင့် ရှင်းပြ၏။

“ကြီးကြပ်သူလျှို…ကျုပ်တို့ရဲ့ မိစ္ဆာခုနစ်ဖောက်ပညာရပ်ဟာ ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်း ပညာရပ်တစ်ခု မဟုတ်ပေမယ့် ကျုပ်တို့ဟာ အန္တရာယ်ချီပမာဏနဲ့ ပတ်သက်ပြီး အာရုံခံစားမှု အလွန်မြင့်မားကြတယ်။ အဲ့လူ ပိုင်ဆိုင်ထားတဲ့ ဒီချီပမာဏဟာ ကျုပ် မြင်ဖူးတဲ့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေထဲမှာ အလေးလံဆုံးပဲ။ သူ့လက်နဲ့ သေခဲ့ရတဲ့ ကျင့်ကြံသူ အရေအတွက်ဟာ နည်းလိမ့်မှာ မဟုတ်လောက်ဘူး…”

လူထွားသည် လက်မခံပြန်ပေ။

“ဒါက ဘာထူးခြားလို့လဲ။ သူက အဆင့်နိမ့်ကျင့်ကြံသူတွေကို သတ်ခဲ့လို့ကော မဖြစ်နိုင်ဘူးလား။ အဲ့လိုကတော့ ကျုပ်လည်း လုပ်နိုင်တာပဲ…”

“မတူဘူး။ ခင်ဗျားအနေနဲ့ အဲ့လို နည်းလမ်းနဲ့ အားနည်းတဲ့ အန္တရာယ်ချီတွေကို စုဆောင်းနိုင်ပေမယ့် ဒါက သိပ်ကြာကြာ မခံဘူး။ လွယ်လင့်တကူ ပြန်ပျောက်ကွယ်သွားနိုင်တယ်။ အဲ့လူကတော့ သူ့ရဲ့ အန္တရာယ်ချီဟာ အလွန် သိပ်သည်းရုံသာမက အေးစက်လွန်းနေတယ်။ ဒါက အဆင့်တူ ကျင့်ကြံသူ အရေအတွက် များများ ဒါမှမဟုတ် ပိုအဆင့်မြင့်တဲ့သူတွေကို သတ်ဖူးထားမှသာ ဖြစ်နိုင်တာမျိုး။ သူသာ သူ့ကိုယ်သူ အန္တရာယ်ချီ ပမာဏကို ဖုံးကွယ်ဖို့ အထူးလျှို့ဝှက်ပညာရပ်တွေကို အသုံးမပြုထားရင် ဒါက သူ့ခန္ဓာကိုယ်ပေါ်မှာ ထာဝရ ရှိနေလိမ့်မယ်…”

သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားပြီးနောက်မှာ သူက စကားထပ်ဆက်သည်။

“ဒါ့အပြင် သူက အံ့ဖွယ်ကောင်းတဲ့ ဓားချီပညာရပ်အချို့ကိုလည်း နားလည်သဘောပေါက်ထားပုံ ရတယ်။ ဒါက သူ့ရဲ့ အန္တရာယ်ချီကို ပိုထက်ရှစေတာပဲ။ ဒီဟာက အမှန်တကယ် အံ့ဩထိတ်လန့်ဖို့ ကောင်းတယ်။ သာမန်ကျင့်ကြံသူတစ်ယောက်ကသာ သူနဲ့ တိုက်ခိုက်မယ်ဆို သူတို့ရဲ့ လှည့်ဖြားတဲ့ ပညာရပ်တွေဟာ အားနည်းသွားရုံသာမက သူ့ရဲ့ အန္တရာယ်ချီကိုသာ အပြည့်အဝ ကျင့်ကြံနိုင်ခဲ့ရင် သူ့ရန်သူဟာ အဲ့တာကို မကာကွယ်နိုင်ဘူးဆို တိုက်ခိုက်ရင်း ရှုံးနိမ့်သွားနိုင်တယ်။ သူသာ ကျုပ်တို့ရဲ့ မိစ္ဆာခုနစ်ဖော် ပညာရပ်တွေကို ကျင့်ကြံမယ်ဆို မြန်မြန် ခရီးရောက်နိုင်လိမ့်မယ်…”

တကယ်တော့ ထိုအဘိုးအိုသည် ဟန်လိမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ အချို့လောက်ကိုသာ သတ်ဖူးထားမှန်း မသိပေ။ သို့သော် ဟန်လိသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများနှင့် အဆင့်တူသည့် အဆင့်ငါးနတ်ဆိုးသားရဲများစွာကို သတ်ထားသူ ဖြစ်၏။ ဟန်လိ၏ အန္တရာယ်ချီ လေးလံအေးစက်နေရသည့် အကြောင်းရင်းသည် သူ ထင်ထားသည်နှင့် ကွဲပြားပေ၏။

လူထွားကျင့်ကြံသူသည် ခဏ သည်အတိုင်း စိုက်ကြည့်နေပြီးနောက်မှာ စဉ်းစဉ်းစားစားနှင့် သူက မေးလိုက်၏။

“ကြီးကြပ်သူစန်း…ခင်ဗျားက သူ့ကို တပည့်အဖြစ် ခေါ်ချင်နေတာလား။ သူ့ရဲ့ အန္တရာယ်ချီဟာ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ သူဟာ ခင်ဗျားရဲ့ တပည့်တော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ သူလည်း အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ယောက်ဆိုတာကို မမေ့လေနဲ့…”

အဘိုးအိုသည် တည်ငြိမ်စွာ ပြော၏။

“သူ့ကို တပည့်အဖြစ် ခေါ်ဖို့လား။ မဟုတ်တာ။ ကျုပ်က သူ ဒီလောက်အားကောင်းတဲ့ အန္တရာယ်ချီကို ဘယ်လိုများ စုဆောင်းနိုင်ဖို့ ဘယ်လို နည်းလမ်းကို အသုံးပြုခဲ့လဲကို စိတ်ဝင်စားမိရုံပဲ။ သူ့မှာ လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်…”

ထိုစကားကို ကြားသည့်အခါ လူထွားသည် စိတ်မဝင်စားတော့ပေ။ သူ၏ ကျင့်ကြံခြင်းပညာရပ်သည် ၎င်းအန္တရာယ်ချီ စုဆောင်းခြင်း ပညာရပ်များနှင့် မသက်ဆိုင်၍ ထိုသို့ စိတ်မဝင်စားတော့တာပင်။

သို့သော် လူထွားကျင့်ကြံသူသည် ခဏအကြာ၌ တစ်စုံတစ်ခုကို တွေးမိသွားပြီး စဉ်းစားမရသည့်ဟန်ဖြင့် မေးလာသည်။

“လူငယ်သခင်လေးက ပြင်းပြတေးသံဂိုဏ်းရဲ့ နတ်သမီးခရမ်းဝိညာဉ်အပေါ် စိတ်ဝင်စားတယ်လို့ ခင်ဗျား ပြောခဲ့သလားလို့။ ကျုပ် အရင်တုန်းက ဒါကို မကြားမိခဲ့ပါလား။ သခင်လေးက ခင်ဗျားကိုများ နှစ်ကိုယ်ကြား ပြောခဲ့တာများလား…”

“ဟားဟား…လူငယ်သခင်လေးက ကျုပ်ကို ပြောဖို့ မလိုပါဘူး။ သခင်လေး ကျင့်ကြံတဲ့ ကျင့်ကြံခြင်းပညာရပ်ကို ခင်ဗျားလည်း သိမှာပါ။ နတ်သမီးခရမ်းဝိညာဉ်ရဲ့ အလှသတင်းဟာ ကျော်ကြားလှတဲ့အတွက် ကျုပ်တို့သာ အဲ့အမျိုးသမီးကို သခင်လေးဆီ အရောက်ပို့ပေးနိုင်ရင် ဆုလဒ်အများအပြား ရလိမ့်မယ်လေ။ သခင်လေးဟာ အခုမှ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကို ရောက်ခါစ။ မြင့်မြတ်တဲ့ ဘိုးဘေးရဲ့ ညွှန်ကြားမှုတွေနဲ့ အကာအကွယ်နဲ့ဆို သူဟာ လာမယ့် နှစ်ပေါင်းတစ်ရာအတွင်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမယ်လို့တော့ ကျုပ် ထင်ထာပဲ…”

လူထွားသည် ခဏတော့ ပြောစရာ စကားမဲ့သွားသည်။ ပြီးမှ သူသည် စိတ်လှုပ်တရှားဖြင့် ခေါင်းညိတ်ပြ၏။

ထို့နောက်တွင် လူထွားကျင့်ကြံသူသည် ဆိုးယုတ်သည့်အပြုံးဖြင့် ပြောလာသည်။

“ဒီတော့ ကျုပ်တို့ ဘာလုပ်သင့်လဲ။ သခင်လေးက တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတော့မယ်နဲ့ တူတယ်…”

ထိုအဘိုးအိုသည် တည်ငြိမ်စွာ ပြော၏။

“အလျင်လိုစရာ မလိုဘူး။ လာမယ့် တိုက်ပွဲကြီးပြီးမှ ဒီကိစ္စကို လုပ်တာက အကောင်းဆုံးပဲ။ တကယ်တော့ ကျုပ်တို့ရဲ့ ကြယ်ကြွေမဟာမိတ်အဖွဲ့ ခွန်အားကို ပြသပြီးတဲ့နောက်မှ လှုပ်ရှားတာကသာ အကောင်းဆုံး မဟုတ်လား။ အဲ့အချိန်ရောက်လာလို့ သူတို့ဟာ မနာခံချင်ရင်တောင် ကျုပ်တို့က သူမဟာ ကြယ်နန်းတော်နဲ့ ပတ်သက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူမကို အတင်းအကြပ် ဖမ်းဆီးလို့ ရတယ်လေ။ သူမရဲ့ ဂိုဏ်းဟာ ကောင်းကင်ကြယ်မြို့ထဲမှာပဲ တည်ထောင်ထားတော့ သူမဟာ နာခံ လိုက်လျောရလိမ့်မယ်…”

ဗလတောင့်တောင့်နှင့်သူသည် ကျေနပ်စွာဖြင့် ရယ်မောကာ ပြန်ပြောသည်။

“ကောင်းတယ်။ သူတို့မှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် အကြီးအကဲနှစ်ယောက်ပဲ ရှိထားတာဆိုတော့ ကျုပ်တို့ရဲ့ အကြံအစည်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ရောင်းရင်းစန်းက တကယ် တော်ပါပေတယ်…”

ထိုအဘိုးအိုသည် သည်စကားကို ကြားသည့်အခါ ပြုံး၏။ တချိန်တည်းမှာ သူသည် တဆက်တည်း တွေးမိသည်။

“အဲ့လိုဆိုရင် ကျုပ်ကလည်း ပြင်းပြတေးသံဂိုဏ်းရဲ့ အကြီးအကဲဟန်ဆီကနေ အန္တရာယ်ချီ ဘယ်လို စုဆောင်းလဲ ဆိုတဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကို ပေးဖို့ ဖိအားပေးနိုင်လိမ့်မယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ…”

ထိုအတွေးဖြင့် အဘိုးအိုသည် မျက်လုံးမှေးကျဉ်းသွားပြီး ထူးခြားသည့်အသွင်ဟန်ပန် ဖြစ်ပေါ်သည်။

...

အခု ဟန်လိသည် ဆိပ်ကမ်းအဆုံးသပ်နားသို့ ရောက်လာပြီ ဖြစ်၏။ သူက အရှိန်မြင့်ရန် ဆုံးဖြတ်သည်။ သို့သော် ထိုစဉ် အားကောင်းလှသော စိတ်ဝိညာဉ်အာရုံတစ်ခုသည် သူ့အပေါ် ခြုံလွှမ်းလာသည်။ ဟန်လိ မင်သက်သွား၏။ သို့သော် ခဏအကြာတွင် သူက ပျံသန်းနေတာကို ရပ်၍ ကောင်းကင်၌ လွင့်မြောလျက် ရှိသည်။ သူ အစောတည်းက မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ကြယ်ကြွေမဟာမိတ်အဖွဲ့သည် တုန်ကင်အမှတ်အသားကဲ့သို့ ရိုးရှင်းသော အရာတစ်ခုနှင့် ကျွန်းပေါ်ရှိ ကျင့်ကြံသူများကို မည်သို့ ထွက်ခွာခွင့် ပြုပါ့မည်နည်း။

ဟန်လိသည် ထိုစိတ်ဝိညာဉ်၏ ပိုင်ရှင်မှာ သူတို့၏ ခေါင်းဆောင်ဖြစ်သူ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်လိမ့်မည်ဟု ထင်သည်။ သူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများက သူတို့၏ ရုပ်အသွင်ကို ပြောင်းလဲ၍ ကျွန်းကနေ ပုံမှားရိုက်ကာ ထွက်သွားမည်ကို တားဆီးမည့် သဘောပင်။

ဟန်လိသည် တည်ငြိမ်လျက်သာ။ သူက နည်းနည်းလေးမျှ ကြောက်ရွှံ့သွားဟန် မပြပေ။ သူသည် အစတည်းက နောက်ခံပုံရိပ်အမှားတစ်ခုကို အသုံးပြုမည်ဟု စဉ်းစားမထားခဲ့ပေ။ အကြောင်းမှာ လူတစ်ယောက်က ရှေးဟောင်းအချိန်တည်းက ဒဏ္ဌာရီလာ ပညာရပ်တစ်ခု သို့မဟုတ် အလွန်အဖိုးတန်သော မှော်ရတနာတစ်ခုကို အသုံးပြုထားခြင်း မဟုတ်ပါက ထိုပညာရပ်များကို အားကောင်းလှသော စိတ်ဝိညာဉ်အာရုံဖြင့် ဖြတ်မြင်နိုင်သောကြောင့်ပင်။

သူသာ လိမ်ညာ၍ သူ့ရုပ်သွင်နှင့် နောက်ခံပုံရိပ်အတုကို လုပ်ဆောင်ခဲ့ပါက တဖက်သူသာ ဤသည်ကို သိသွားခဲ့လျှင် တန်ပြန်ဒဏ်ကြီးကြီးမားမား ခံသွားရနိုင်သည်။ ထိုအစား ဟန်လိသည် ကျိနစ်ယင်နှင့် အခြားသူများအတွက် သဲလွန်စ ကျန်ခဲ့မည့် အန္တရာယ်ကို စွန့်စား၍ ပြင်းပြတေးသံဂိုဏ်း၏ အကြီးအကဲဟူသော သူ၏ အဆင့်အတန်းအမှန်ကိုသာ အသုံးပြုခဲ့ပေသည်။

ထိုမိစ္ဆာအိုကြီးများက သူ့ကို ခြေရာခံနိုင်မည့် အချိန်ရောက်လာလျှင် သူသည် ပြင်ပကြယ်ပင်လယ်များထံ ရောက်နှင့်နေလောက်ပြီ မဟုတ်လား။ သူ့ကို ထိ၍ ရနိုင်တော့မည် မဟုတ်ပေ။ စိတ်ထဲ၌ ထိုသို့ တွေးပြီး ဟန်လိသည် စဦးစိတ်ဝိညာဉ်ကျင့်ကြံသူက သူ့အပေါ် စစ်ဆေးနေတာကို တည်ငြိမ်စွာ ခွင့်ပြုသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုစိတ်ဝိညာဉ်သည် ခဏအကြာ၌ သူ့ခန္ဓာကိုယ်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။ ဟန်လိ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပင်လယ်ပြင်ထံ တည်တည်ငြိမ်ငြိမ် ပျံသန်းလာတော့၏။

ဟန်လိသည် ကျွန်းမှ ထွက်ခွာလာပြီး များမကြာမီတွင် သူက သူ၏ အမြင့်ဆုံးနှုန်းနှင့် စ၍ ပျံသန်းသည်။ သွေးနီရောင်ဝတ်ရုံသည် အနီးဝန်းကျင်၌ ပဍိပက္ခများ ဖြစ်နေ၍ အာရုံစိုက်ခံရဖို့ များသည့်အတွက် ဟန်လိသည် သည်အတိုင်းသာ ပျံသန်းလာခဲ့သည်။

နေ့တစ်ဝက်လောက် ကြာသည့်နောက်မှာ ဟန်လိသည် ပျံသန်းနေရင်း မြို့ထဲသို့ မည်သို့ ဝင်ရင်ကောင်းမလဲဟု ကြံဆနေရင်းကနေ ရုတ်တရက် သူ ရပ်၏။ သူ မျက်မှောင်ကြုတ်လျက် သူ့ပတ်ဝန်းကျင်ကို စူးစမ်းသည်။

သူ့အကြည့်သည် အကွာအဝေးတစ်ခုထံ ကျရောက်သွားချိန် သူ့အမူအရာသည် ရုတ်ချည်း တင်းမာသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ မိုးပြာအလင်းလွှာတစ်ခုကို ခြုံလွှမ်းစေလျက် သူသည် နေရာတွင်သာ ရပ်နေလိုက်သည်။ ခဏအကြာတွင် အပြာနှင့် အနီရောင်အလင်းတန်းတို့သည် လျှပ်စီးအလား အမြန်နှုန်းဖြင့် သူ့ထံ ပျံသန်းလာကြသည်။ ထိုအလင်းတန်းများက သူ့ရှေ့သို့ ရောက်သည်နှင့် ငွေရောင်ဝတ်ရုံများဖြင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူနှစ်ယောက်၏ အသွင် ပေါ်လာသည်။

ကြယ်ကြွေမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ။

သူတို့နှစ်ယောက်လုံးသည် အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူများသာ။ သူတို့ထဲမှ တစ်ယောက်သည် ပညာရှိဟန် ပေါက်ကာ ဖြူရော်ရော်မျက်နှာကို ပိုင်ဆိုင်ထား၏။ အခြားတစ်ယောက်ကမူ ဒူပေနာပေခံမည့် ရုပ်သွင်နှင့်လူတစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်သည် ပေါ်လာသည်နှင့် ဟန်လိကို စကားတခွန်းမှ မဆိုဘဲ အေးတိအေးစက် စိုက်ကြည့်ကြသည်။ သူတို့၏ စိတ်ဝိညာဉ်အာရုံများမှာ ဟန်လိပေါ်၌ သိသာစွာ ကျရောက်လျက် ရှိ၏။

ထိုအခိုက်တွင် ဟန်လိ၏ အမူအရာသည် တင်းမာသွားသည်။ ထို့နောက်တွင် သူက မေး၏။

“ခင်ဗျားတို့နှစ်ယောက် ဘာကိစ္စရှိလို့လဲ။ ကျုပ် အလျင်လိုနေတယ်။ ပြောစရာ မရှိဘူးဆို ကျုပ် ကိုယ်လမ်းကိုယ် သွားတော့မယ်…”

“မရဘူး…မင်း ကျုပ်တို့နဲ့ လိုက်ခဲ့ရမယ်…” ကြမ်းကြမ်းတမ်းတမ်းရှိမည့်ပုံ ရသူက အမိန့်ပေးသည့် လေသံဖြင့် ပြောလာသည်။

ဟန်လိ၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခဲ ပေါ်သည်။

“ကျုပ်က ခင်ဗျားတို့ကို ရန်စခဲ့ဖူးလို့လား။ ဒါမှမဟုတ် ကြယ်ကြွေမဟာမိတ်က သူတို့ စိတ်ကြိက် လူတွေကို ဖမ်းဆီးအနိုင်ကျင့် ဗိုလ်ကျတာမျိုးလား…”

“ရောင်းရင်း…ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကျုပ်တို့လည်း အမိန့်အတိုင်း ကြယ်နန်းတော်က လက်ကျန်သူတွေ နောက်ကို လိုက်သုတ်သင်နေတာပါ။ အစောပိုင်းတုန်းက ကြယ်နန်းတော်ရဲ့ ကျင့်ကြံသူ တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့လို့ သူက လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုပြီး ဒီဘက်ကို ထွက်ပြေးသွားနိုင်ခဲ့တယ်။ ကျုပ်တို့က သူ့နောက်ကို ထပ်လိုက်ရင်း ရောင်းရင်းကို တွေ့တာပါ။ ကျုပ်တို့က ရောင်းရင်းရဲ့ ရုပ်သွင်ဟာ အစစ်အမှန်လားဆိုတာ မပြောနိုင်တော့ အဲ့လူကို တွေ့တဲ့အထိ ခင်ဗျားက ကျုပ်တို့နဲ့အတူတူ ရှိနေပေးနိုင်မလား…”

ပညာရှိဟန်ပန်နှင့် သက်လတ်ပိုင်းလူ၏ စကားများသည် ယဉ်ကျေးသော်ငြား ဟန်လိကို လွှတ်ပေးရန် စိတ်ကူး သူ့၌ ရှိမနေတာ သိသာလှသည်။

All Chapters