စီမံခန့်ခွဲခြင်း
Vol. 008 Ch. 728
ရီဖူရှင်းက ဓားသခင်၏နေထိုင်ရာ နေရာ ကော့တေးတပည့်များ စတည်းချသော အဆောင်သို့ ရောက်လာသည်။ ကျူကော့မင်းယွီက ရီဖူရှင်းကို မြင်သည်တွင် လှမ်း၍ နောက်ပြောင်သည်… “မောင်ငယ်လေး… ဒီနေ့ စောပါလား…”
“အစ်မ၂လည်း စောစောထသားပဲ..” ရီဖူရှင်းက မသိချင်ယောင် ဆောင်ကာ ပြုံးလျက် ပြောသည်… “အစ်ကိုကြီး.. ကျွန်တော်က ဆွေးနွေးစရာ တစ်ခုရှိတယ်…”
“အင်း ပြောပါ…” ဓားသခင်က ခေါင်းညိတ်သည်။
“အရှေ့မြေရိုင်း ဒေသက အခု အေးချမ်းသွားပြီ ဆိုမှတော့ အစ်ကိုကြီးက ဒီမှာ ဆက်နေစရာ မလိုလောက်တော့ဘူး… အစ်ကိုကြီးက တော်ဝင်ကျဲ နန်းတော်ကို ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ပါလား…” ရီဖူရှင်းက ပြောသည်… “ကျွန်တော်… အစ်ကို၇နဲ့ ယူချင်းတို့လည်း အဲဒီမှာ ရှိကြတယ်… ဒါကြောင့် ကော့တေး တပည့်တွေလည်း အဲဒီမှာ လေ့ကျင့်သင့်တယ်လို့ ကျွန်တော် ထင်တယ်…”
“ညီငယ်လေး…” ဘေးတွင် ရပ်နေသော ဂူတုံးလျိုက ပြောသည်… “ငါက အစ်ကိုကြီးနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ… အခု အရှေ့မြေရိုင်းဒေသမှာ အေးချမ်းနေပြီ… မင်းကလည်း တော်ဝင်ကျဲနန်းတော်သခင် ဖြစ်လာပြီး အင်အားစုတွေက မင်းကို ထောက်ခံကြတယ်… ငါတို့ရဲ့ နောက်ရည်မှန်းချက်က ပြည်နယ်ကိုးခု ဖြစ်သင့်တယ်… ငါတို့က မင်းနဲ့အတူ တော်ဝင်ကျဲနန်းတော်ကို သွားမယ်…”
ဓားသခင်က ခေါင်းညိတ်၍ ပြောသည်… “တုံးလျိုပြောတာ မှန်တယ်…”
ရီဖူရှင်း ဝမ်းသာသွားသည်။ ဤအရာကပင် ကော့တေး မဟုတ်ပါလား။ အားလုံးက သူ့ဘေးတွင်နေရာ လိုလားကြကာ တော်ဝင်ကျဲနန်းတော်အား အောင်မြင်အောင် အတူတူကြိုးစား လိုကြပေသည်။
“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက သည်ကိစ္စကို မပြောမီတွင်ပင် သူ၏အစ်ကိုနှင့်အစ်မများကား ကြိုတင်ဆွေးနွေးထားပြီ ဖြစ်နေသည်။
“ငါက ကျောင်းတော် ကျောင်းအုပ်နေရာကို ဘေလိရှာကို ပေးဖို့ စီစဉ်ထားတယ်…” ဓားသခင်က ပြောသည်။ ဘေလိရှာကား ယခင် ကျောင်းအုပ်၏ လက်ရင်းတပည့် ဖြစ်ကာ ကိုယ်ကျင့်တရားပိုင်း သာမက အရည်အချင်းပါ ပြည့်စုံသော လူတစ်ယောက်ဖြစ်သည်။
“ကောင်းပြီ… ကျွန်တော်တို့က အရှေ့မြေရိုင်းဒေသက ကိစ္စတွေ အကုန် စီစဉ်ပြီးတာနဲ့ တော်ဝင်ကျဲ နန်းတော်ကို ပြန်မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
***
ခုနစ်ရက်အကြာ တော်ဝင်ကျဲနန်းတော်သို့ တန်ခိုးရှင်တစ်စု ရောက်လာကြသည်။ သူတို့အုပ်စုကား ရီဖူရှင်းတို့ ဖြစ်ကြသည်။ ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့လည်း ရီဖူရှင်းနှင့်အတူ ပါလာကြသည်။ ဟွာဂျီယူကား သူတို့၏ တစ်ဦးတည်သော ကလေးဖြစ်ကာ ရီဖူရှင်းကလည်း ဟွာဖန်းလူ၏ တပည့်ဖြစ်သည်။ ယခု သူတို့နှစ်ယောက် လက်ထပ်ပြီး ရီဖူရှင်းက နန်းတော်သခင် ဖြစ်လာရာ ဟွာဖန်းလူတို့ကလည်း နန်းတော်ကို ဝင်ရောက်ခြင်းက ပုံမှန်ကိစ္စသာ ဖြစ်သည်။
ထို့အပြင် ရီဝူချင်း၏ မိဘများလည်း ပါလာကြသော်လည်း ယိချန်မူကား လိုက်မလာခဲ့ပေ။ သူကား ဒွန်ဟိုင်ကျောင်းတော်မှ တပည့်များကိုသာ သင်ပေးရန် စိတ်အား ထက်သန်နေပြီး ထိုအဘိုးကြီးကား ခေါင်းမာလွန်းရကား ရီဖူရှင်းက လက်မှိုင် ချထားရသည်။ သူလုပ်နိုင်သော တစ်ခုတည်းသော အရာကား ယူချင်းနှင့် ယချိန်ချန်တို့အား သူ့ထံသို့ မကြာမကြာ သွားရောက် လည်ပတ်စေခြင်းပင်။
ရီဖူရှင်း ပြန်ရောက်လာသည်ကို ကြားလျှင် မရေမတွက်နိုင်သော နန်းတော် တပည့်များက တော်ဝင် ရှီနန်းဆောင်သို့ သွားနေကြသည်။ ရီဖူရှင်းက နန်းတော်သခင် နေရာကို လက်ခံလိုက်ပြီး ယခု သူကနန်းတော်ကို ပြန်ရောက် လာသောအခါ သူ၏အမိန့်များက မည်သို့ဖြစ်မည်ကို အားလုံးက သိလိုကြသည်။
လူအုပ်ကြီးကား ကြီးမားများပြားကာ အများစုသော နန်းတော်တပည့်များ ရောက်လာနေကြသည်။
ရီဖူရှင်းတို့အဖွဲ့က တော်ဝင်ရှီနန်းဆောင်ကို ဆင်းသက် လာကြသည်။ တော်ဝင်ရှီနန်းဆောင်မှ လူများက သူ့ရှေ့ကို ရောက်လာကာ ထိုအထဲတွင် အကြီးအကဲများလည်း ပါဝင်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို မြင်သည်တွင် ဦးညွှတ်ကာ ပြောသည်… “နန်းတော်သခင်ကို အရိုအသေ ပြုပါတယ်…”
“အေးအေးသက်သာ နေပါ အကြီးအကဲတို့…” ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ပြောသည်… “ကျွန်တော့်ရဲ့ တန်ခိုးအဆင့်က နိမ့်ပါသေးတယ်… နန်းတော်သခင် နေရာကို ယူလိုက်တယ် ဆိုပေမဲ့ အားလုံရဲ့ လမ်းညွှန်မှုကို လိုပါသေးတယ်…”
“ဆရာ.. ဦးလေးတို့… နန်းတော်ရဲ့ အကြီးအကဲတွေကို ဒီမှာ စုစည်းပေးပါ…” ရီဖူရှင်းက ထောင်ကျန်းတို့အား ပြောသည်။ သူတို့က ခေါင်းညိတ်ကာ မိမိတို့၏ နန်းဆောင်များကို ပြန်လျက် အကြီးအကဲမျာအား သွားရောက် ခေါ်ငင်ကြသည်။ မကြာမီ နန်းတော်မှ အကြီးအကဲများ အားလုံးက တော်ဝင်ရှီ နန်းဆောင်ရှေ့ကို ရောက်လာကြသည်။ သူတို့က ရီဖူရှင်းအား မြင်သည်တွင် ဦးညွှတ်ကာ ပြောကြသည်… “နန်းတော်သခင်ကို ဂါရဝပြုပါတယ်…”
ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ပြောသည်.. “ကျွန်တော်က နန်းဆောင်သခင်တွေနဲ့ ဒီကို မလာခင် ဆွေးနွေးပြီးပြီ… ကျွန်တော်က နန်းတော်နဲ့ ဝေးကွာနေတာ ကြာပြီဖြစ်ပြီး လေ့ကျင့်တာကလည်း လိုအပ်နေသေးတာ သိပါတယ်… နန်းတော်သခင် နေရာက ကျွန်တော်နဲ့ မသင့်တော်သေးဘူး… ဒါပေမဲ့ ကျွန်တော်က အခုဒီနေရာမှာ ရောက်နေမှတော့ အကြီးအကဲများက ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ဘေးဖယ်ပြီး တော်ဝင်ကျဲနန်းတော် ပိုပြီး အားကောင်းလာဖို့ ကြိုးစားကြမယ်...”
“ဒါကလည်း အရင် နန်းတော်သခင်ရဲ့ ဆန္ဒပါပဲ… ကျုပ်တို့အားလုံးက နန်းတော်သခင်ကို ယုံကြည်ကြပါတယ်…” တစ်ယောက်က ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်… “ဒီမတိုင်ခင် တိုက်ပွဲက တော်ဝင်ကျဲနန်းတော်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်… မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိလို့ ကျုပ်တို့က အနိုင်ကျင့်ခံခဲ့ရတယ်… ကျိရှမ်းကမ်းပါးက တော်ဝင်ကျဲနန်းတော်ကို နင်းခြေဖို့ ကြံစည်တယ်… ကျုပ်တို့က အချိန်သိပ်မရှိတာမို့ အကြီးအကဲများက အတူတူ ကြိုးစားကြဖို့ တိုက်တွန်းပါတယ်…”
ထောင်ကျန်းက ရီဖူရှင်း၏ ဘေးတွင်ရပ်ကာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေပဲ… ကျုပ်တို့အားလုံးက ရှန့်ထိုတစ်ပါး မွေးဖွားရန် ကြိုးစားတဲ့အချိန်မှာ နန်ရှင်းလို့ ပုဂ္ဂိုလ်ရေး ပြဿနာတွေအတွက် အငြိုးအတေး ထားတဲ့လူရင် ခြွင်းချက်မရှိ ဖြတ်တောက်ရမှာပဲ…”
“ပြီးတော့ လမ်းမှာ ကတည်းက နန်းတော်သခင်နဲ့အတူ ကျုပ်တို့က ကိစ္စတွေ အတော်များများ ဆွေးနွေးလာခဲ့ကြတယ်… ဒါကို နန်းတော်သခင် ကိုယ်တိုင်က ကြေညာလိမ့်မယ်…” ဓားမိစ္ဆာက ထပ်ပြောသည်။ လက်ရှိ တော်ဝင်ကျဲ နန်းတော်သခင် နေရာတွင်ရှိသော ရီဖူရှင်အား နန်းဆောင်သခင်များက ကောင်းကောင်း ထောက်ပံ့ပေးနေကြောင်း အားလုံးက သတိထားမိကြသည်။
“ပထမဆုံးကိစ္စက ထျန်ရှင်းနန်းဆောင်ကို ဓားသခင် နန်းဆောင်အဖြစ် သတ်မှတ်ပြီးတော့ ဓားသခင်က အုပ်ချုပ်လိမ့်မယ်… ဂူတုံးလျိုနဲ့ ကျူးကော့မင်းယွီက အဲဒီနန်းဆောင်မှာပဲ လေ့ကျင့်ပြီးတော့ ဓားသခင်ကို ကူညီကြလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။ အားလုံးက စိတ်လှုပ်ရှား သွားကြသည်။
ထျန်ရှင်း နန်းဆောင်ကား နာမည်တစ်လုံးသာ ကျန်တော့ကာ ယခု ထျန်ရှင်းက အဆများစွာ အားကောင်းသော ဓားသခင်ကိုယ်တိုင် ထျန်ရှင်း၏နေရာတွင် အစားထိုး ဝင်ရောက်ခြင်းက အလွန် ကောင်းမွန်သော အရာဖြစ်ပေသည်။ ထို့အပြင် ပိုင်လွေလီနှင့် တန်းတူပါရမီမြင့်သော ဂူတုံးလျို၊ ကျူးကော့မိသားစု၏ သမီးကျူးကော့မင်းယွီတို့ ကလည်း နန်းတောင်၏ အင်အားကို ထပ်ဖြည့် ပေးနိုင်ပေသည်။ သည်နည်းဖြင့် ဓားသခင် နန်းဆောင်အသစ်ကား ယခင်ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်း နိုင်ပေလိမ့်မည်။
“ဒုတိယတစ်ခုက ထိုက်ဟန်တေင်က တော်ဝင်ကျဲနန်းတော်ကို ပြောင်းရွှေ့လိမ့်မယ်… ထိုက်ဟန်တောင်ဘုရင် ယန်ဟောင်က တော်ဝင်ရှီနန်းဆောင် ဒုတိယသခင်အဖြစ်နဲ့ ကျွန်တော့်ကို ကူညီပြီးတော့ နန်းတော်ကို စီမံခန့်ခွဲလိမ့်မယ်…” ရီဖူရှင်းက ထိုကြေညာချက်ကို ထုတ်ပြသည်တွင် အားလုံးက အံ့ဩသွားကြသည်။ သည်အရာကား နန်းတော်၏ ဆုံးရှုံးနစ်နာမှုများ အတွက် အကောင်းဆုံးသော ဖြည့်တင်းမှု တစ်ခုလည်းဖြစ်သည်။ တော်ဝင်ရှီနန်းဆောင်၏ ယခင်ဂုဏ်ပုဒ်အား ပြန်လည်ရရှိရန် လိုအပ်ချက်များစွာ ရှိသေးသော်လည်း ယန်ဟောင်ကိုယ်တိုင် နန်းတော်ကို ကူညီထောက်ပံ့ခြင်းက နန်းတော်ကား အလွန်တောင့်တင်း ခိုင်မာစေတော့မည် ဖြစ်သည်။ သူတို့အားလုံးက ရီဖူရှင်း ပိုမို အားကောင်းလာသည်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။
နန်းတော်သခင် ဟောင်းကား အမှန်ပင် ကောင်းမွန်သော အမြင်ရှိပေသည်။ ရီဖူရှင်းကို နန်းတော်သခင်အဖြစ် ခန့်အပ်ခြင်းက နန်းတော်ကို သွေးသစ်လောင်းလိုက် သည်နှင့် အမှန်ပင် တူညီပေသည်။ ထို့အပြင် ဓားသခင်နှင့် ယန်ဟောင်တို့ ကိုယ်တိုင် နန်းတော်ကို ဝင်လာခြင်းက ရီဖူရှင်းအတွက် တတပ်တစ်အား အထောက်အပံ့ ဖြစ်စေသည်။
“တတိယကတော့ တော်ဝင်ကျဲနန်းတော်ရဲ့ စည်းမျဉ်းနဲ့ သက်ဆိုင်တယ်… ရှီနန်းတော်ထဲကို ဝင်ခွင့်ရဖို့ လိုအပ်ချက်စံနှုန်းက အရမ်မြင့်နေတယ်… မျိုးဆက်တစ်ခုစီက တစ်ယောက်ကိုသာ ဝင်ခွင့်ပေးခြင်းက မျိုးဆက်ရဲ့ ပါရမီရှင်တွေကို ကန့်သတ်လိုက်တာနဲ့ အတူတူပဲ… ဒါကြောင့် နန်းဆောင်သခင်တွေ အားလုံးက လက်ခံ သဘောတူရတဲ့လူဆိုရင် ဘယ်သူမဆို ရှီနန်းတော်ကိုဝင်ပြီး ရှန့်ထိုအမွေအနှစ်ကို ဆက်ခံခွင့်ရှိတယ်… ဒါက တော်ဝင်ကျဲနန်းတော်မှာ ရှန့်ထို ဖြစ်လာမည့်လူတွေ ပိုမိုပေါ်ထွက်လာဖို့ မျှော်လင့်တယ်…”
ရီဖူရှင်းက ထိုသို့ပြောသည်တွင် အားလုံးက ခေါင်းညိတ်ကြသည်။ နန်းတော်၏လက်ရှိ အကျပ်အတည်းတွင် တခြားပြည်နယ်များနှင့် ယှဉ်နိုင်သော ပိုမိုများပြားသော ပါရမီရှင်များ လိုအပ်နေသည်။
“နံပါတ်လေး…” ဒါက တော်ဝင်ကျဲနန်းတော်နဲ့ မသက်ဆိုင်တဲ့ကိစ္စပဲ… မြေရိုင်းပြည်နယ်ရဲ့ အရှေ့ဘက်ဒေသက အားနည်းတဲ့နေရာ တစ်ခုပဲ… ရှန့်ထိုမျိုးဆက်က သုံးစုကွဲသွားတဲ့ အချိန်မှာ အဲဒီဒေသက အရင်က ထက်ပိုပြီး အားနည်းသွားတယ်… အဲဒီနေရာက ကောင်းကင်မြေရိုင်း အဆင့်မှာ တစ်ယောက်ပဲ ရှိတာက ဒါကို သိသာစေတယ်… ဒါကြောင့် မိုးမြေကောင်းကင် မြို့က ထိပ်သီးကျောင်း သုံးကျောင်းကို တစ်ကျောင်းတည်းအဖြစ် ပြန်ပေါင်းစည်းပြီး ကျိုက်ရှင်း အိမ်တော်ကလည်း အုပ်ချုပ်ရေးပိုင်းမှာ ပြန်ပြီးဝင်ပါရမယ်… ရှန့်ထိုအမွေအနှစ်ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပြီးတော့ လူငယ်မျိုးဆက်တွေကို လက်ဆင့်ကမ်းရမယ်… ကျောင်းအုပ်နေရာကို ကြယ်မင်းကျောင်းအုပ် ချန်းယွန်က ယူပြီးတော့ ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က လက်ထောက် ကျောင်းအုပ်အနေနဲ့ ဆောင်ရွက်ရမယ်… သူရိယနေမင်း ကျောင်းအုပ်ယန်ထန်းနဲ့ စန္ဒာငွေလမင်းကျောင်းအုပ် ကုန်းခွေတို့က အကြီးအကဲများအဖြစ် တာဝန်ယူရမယ်… “ရီဖူရှင်းက ထပ်ပြောသည်… “ကျုပ်က ဒီအမိန့်ကို မိုးမြေကောင်းကင်မြို့သို့ လူလွှတ် အကြောင်းကြားစေမယ်…”
“နံပါတ်ငါး… ဒါက ကျုပ်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စပဲ… အရှေ့မြေရိုင်းဒေသကို လာပြီး ကု့ချင်းသံစဉ် လုယက်ခဲ့တဲ့လူတွေ… သူတို့အားလုံးကို ကျုပ်က အပြစ်က ကင်းလွတ်ခွင့်ပေးမယ်… ဒါပေမဲ့ သူတို့အဖွဲ့အစည်းရဲ့ ရတနာတစ်ခုကို နန်းတော်ကို ဆက်သပြီးတော့ ဒါကို နန်းတော်ရဲ့ ပိုင်ဆိုင်မှုထဲမှာ ထည့်သွင်းစေမယ်…” ရီဖူရှင်းက နံပါတ်ငါးအချက်ကို ဖြည်းညင်းစွာ ပြောသည်။
ရီဖူရှင်းက အမိန့်ပေးလိုက်သည်နှင့် နန်းတော်က ချက်ချင်း စတင်၍ ဆောင်ရွက် ကြတော့သည်။ ထျန်ရှင်းနန်းဆောင်ကား ပြန်လည်၍ အသက်ဝင်လာပြီဖြစ်ကာ ဓားသခင် နန်းဆောင်အဖြစ် နာမည်ပေးခဲ့သည်။ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က ဓားသခင်ကို ကူညီကြပေမည်။
ရှီနန်းတော်သို့ ဝင်ခွင့်ရသော လူများမှာလည်း ရီဖူရှင်း၏ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်ကို အားလုံးက သတိထားမိကြသည်။ တိုက်ခိုက်ရေး ရှီနန်းဆောင်မှ ယူချင်း၊ ယိရှောင်ရှီနှင့် ယန်ကျန်း၊ ထို့ကျန်းနန်းဆောင်မှ ယွန်စွေ့ရှင်း၊ ဖီးနစ်နှင့် ဟွာဂျီယူ၊ ဓားနန်းတော်မှ ရီဝူချင်း၊ ကျွေ့ချိန်ချူနှင့် စုချွဲ၊ တော်ဝင် ရှီနန်းဆောင်မှ ဟောင်ကျူဂီ၊ ဓားသခင် နန်းဆောင်မှ ကျူးကော့မင်းယွီ၊ ဂူတုံးလျို၊ ရွှီယီ၊ လျိုဖန်းနှင့် ယူချီတို့အားလုံးက ရှီနန်းတော်ကို ဝင်ကြမည်ဖြစ်သည်။ သို့သော်လည်း လူအများအပြားက ထိုကိစ္စကို ထူးဆန်းသည်ဟု မတွေးကြပေ။ ရီဖူရှင်းက နန်းတော်သခင် ဖြစ်လာသည်နှင့် ထိုအရာများက ဖြစ်ကို ဖြစ်လာတော့မည့်ကိစ္စ ဖြစ်သည်။ ထို့အပြင် ထိုလူများ အားလုံးကလည်း လက်ရှိမျိုးဆက်တွင် အကောင်းဆုံးများ ဖြစ်ကြရာ မည်သူကမှ ထိုဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်ကြပေ။
ထို့အပြင် ထိုလူများမှာ နောင်တွင် ရီဖူရှင်းနှင့်အတူ ခရီးရှည်ကြီးကို အတူ ဖြတ်သန်းကြမည့် အပေါင်းအဖော်များ ဖြစ်ကြသည်။ အများစုက ရီဖူရှင်းနှင့်အတူ ယှဉ်တွဲ၍ တိုက်ပွဲဝင်လာကြသူများ ဖြစ်ကြသည်။ အကယ်၍ ရီဖူရှင်းက ဘေးတွေ့ပါ ထိုလူများက သေချာပေါက် ဝင်ရောက်၍တိုက်ခိုက်ပေးကြမည်မှာ မေးခွန်းထုတ်ရန် မလိုပေ။
ထို့အပြင် ထိုလူများကို အခွင့်အရေး ပေးခြင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးမှ အင်အားစုများ၏ ထောက်ခံမှုကို ပိုမိုအားကောင်း စေပေသည်။ တစ်ဖက်တွင် ထိုလူများအားလုံးမှာ ကောင်းကင်မြေရိုင်းအဆင့် ထပ်သီးများ၏ မျိုးဆက်များ မဟုတ်ပါလား။
အရာအားလုံးက ရီဖူရှင်း၏ လွှမ်းမိုးနိုင်စွမ်းတွင် ဗဟိုပြု၍ ဖြစ်တည်လာခဲ့သည်။
ရီဖူရှင်း၏ လွှမ်းမိုးမှုကလည်း သည့်ထက် နန်းတော်ထက် ဘောင်ကျော်ခဲ့ကာ အူကီယိုသံစဉ်ကို လုယက်ခဲ့ကြသည့်အတွက် အင်အားစုများစွာက နန်းတော်ကို လက်ဆောင်ပဏ္ဍာများ ပေးအပ်လျက် ယခင် အပြစ်များကို သင်ပုန်းချေခဲ့ကြသည်။ ထို့ကြောင့်ပင်လျှင် သူတို့က ဦးစွာ စာအုပ်တောင်ကို သွားရောက် ဂုဏ်ပြုခဲ့ကြခြင်းဖြစ်ပြီး သူတို့က ဓားကျေးရွာနှင့် အင်ပါယာ မိသားစုတို့ကဲ့သို့ မဖြစ်လိုကြပေ။
မိုးမြေကောင်းကင်မြို့မှ ထိပ်သီးကျောင်း သုံးကျောင်းက တရားဝင် ပြန်လည် ပေါင်းစည်းခဲ့ကြကာ ကျိုက်ရှင်း အိမ်တော်ကလည်း ကြယ်မင်းကျောင်းကို ပြန်သွားခဲ့သည်။ ကျောင်းအုပ်ယန်ထန်းနှင့် ကျောင်းအုပ်ကုန်းခွေတို့က မလိုလားကြသော်လည်း သူတို့က ရီဖူရှင်း၏ဆုံးဖြတ်ချက်ကို မည်သို့ ဆန့်ကျင်နိုင်မည်နည်း။
အကယ်၍ သူတို့ကသာ ချန်းယွန်၏ ကမ်းလှမ်းမှုကို လက်ခံလျက် ရီဖူရှင်းကို ထိုစဉ်က ကူညီထောက်ပံ့ခဲ့လျှင် ယခုအချိန် မြေရိုင်းပြည်နယ်၌ အရေးပါသော အခန်းကဏ္ဍတစ်နေရာ၌ ရှိနေမည်လားဟူသော မေးခွန်းများကလည်း သူတို့ခေါင်းထဲတွင် ရှိနေခဲ့ကြပေတော့သည်။
***