နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Vol. 38 Ch. 4.77
ဝတ်ရုံနက် အဘိုးအို၏ ဦးခေါင်းအထက်တွင် လျှပ်စီးတစ်ချက် လင်းလတ်သွားပြီး အနက်ရောင် ဆံပင်များ ထောင်တက်သွားသည်။ တစ်ကိုယ်လုံး တုန်လှုပ်သွားသလို မျက်နှာလည်း မည်းတူးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူ မသေသေးချေ။
လုရွှမ်က သက်ပြင်းချမိသည်။ တစ်ဖက်က သူတော်စင်တစ်ပိုင်း ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် သာမန် အသွင်ပြောင်းခြင်း နယ်ပယ်ထက် ကျော်လွန်သွားသော လူတစ်ယောက် ဖြစ်သည်။
သူတော်စင်နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ကြားက ကွာဟချက်ပဲ ဖြစ်၏။
“ဝတ်ရုံနက်?”
အခြား အဂ္ဂိရတ်ပညာရှင် အကြီးအကဲ နှစ်ဦးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
လူတစ်ယောက်က လုရွှမ်ကို လိုက်ဖမ်းနေခြင်းမှ ရပ်တန့်၍ မြေပြင်ပေါ်က ဝတ်ရုံနက်ဆီကို ပြေးသွားစဥ် ကျန်တစ်ယောက်က လုရွှမ်ကို မုန်းတီးစွာ စိုက်ကြည့်နေ၏။
လုရွှမ်ကတော့ သူ့စိတ်ထဲကနေ အေးစက်စက်ပဲ လှောင်ရယ်လိုက်သည်။ မိုးကြိုး လျှပ်စီးကြောင်း တစ်ချက်စီသည် အခြားအရာများထက် ပိုပြင်းထန်သည်။ ပထမတစ်ချက်ကို ခံနိုင်ရည် ရှိရင်တောင် ဒုတိယတစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်တော့ပေ။
ကျီးကန်းရဲ့ စကားအရ ဆိုရင် လျှပ်စီးကြောင်း တစ်ချက်မှာ မိုးကြိုး ကိုးချက် ပစ်ချနိုင်သည်။ လျှပ်စီးကြောင်း ၃ချက် ဆိုရင်တော့ မိုးကြိုး၂၇ချင်ပေါ့။ သူ့ရတနာကို သိမ်းယူချင်နေတယ် ဆိုမှတော့ စွန့်စားရပေတော့မည်။
ယခုအချိန်တွင် လုရွှမ်သည် လူများလာလေ ပိုကောင်းလေဟုပင် ဆန္ဒပြုနေမိသည်။
မှောင်မိုက်နေသော တိမ်တိုက်များအောက်တွင် မိုးခြိမ်းသံနှင့် လျှပ်စီး အရောင်တို့သည် လူအများစုကို အလစ်သုတ်လာသည့် ရန်မှ ဖယ်ထုတ်ထားဆဲဖြစ်သည်။ မိုးကြိုးလျှပ်စီးကို သူတော်စင်တစ်ပိုင်းက ခုခံနိုင်ပေမယ့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူကတော့ လုံးဝ မခံနိုင်ပေ။
ဒုတိယမိုးကြိုးက ထပ်မံ ရိုက်ခတ်တော့မည့် အခိုက်တွင် လုရွှမ် လက်ထဲ နတ်ဘုရားအသွင်ပြောင်းဆေး တုန်လှုပ်သွားတာကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် ထုံကျင်နေပြီး အရှိန်ကလည်း ရုတ်တရက် နှေးကွေးသွားသည်။
ဝုန်း!
လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို မိုးကြိုး ပစ်ချသွားသည်။
ဤအခိုက်အတန့်တွင် အခြားသူများကို တိုက်ခိုက်ရန် အာရုံမထားနိုင်တော့ပေ။ ဆင်သံချပ် ရွှေကိုယ်ထည်သည် ကန့်သတ်ချက်အထိ လည်ပတ်နေပြီး တစ်ကိုယ်လုံး အဝါရောင် အလင်းဖြင့် ဖုံးလွှမ်းထားသည်။
ဒါတောင် မိုးကြိုးနဲ့ လျှပ်စီးတွေက သူ့ကို ရိုက်ခတ်နေဆဲပင်။ မြေပြင်ပေါ် ဒူးတစ်ဖက်ထောက် လဲကျသွားကာ သူ့အဝတ်အစားတွေလည်း စုတ်ပြဲသွားသည်။
လုရွှမ် နောက်ကို လိုက်လာတဲ့ သူတော်စင်တစ်ပိုင်းတွေက သူတို့ကိုပါ ငြိစွန်းလာမှာ ကြောက်လို့ အမြန်နောက်ကို ဆုတ်လိုက်ကြသည်။
ပါးစပ်က သွေးတွေ ထွက်လာတော့ လုရွှမ်လည်း တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။ နတ်ဘုရားအသွင်ပြောင်း ဆေးက သူ့ကို လုပ်ကြံလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။
"ကောင်လေး... နတ်ဘုရားအသွင်ပြောင်း ဆေးကို လုံးဝ မလွှတ်ချလိုက်နဲ့... မင်း မိုးကြိုးပစ်ခံရတိုင်း ဆေးလုံးပုံစံက ပိုဆန်းကြယ်လာလိမ့်မယ်။ ပြီးတော့ ကိုင်ထားတဲ့ မင်းအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်"
ကျီးကန်း၏ စကားများသည် ကျောက်စိမ်းပြား အတွင်းမှ ထွက်ပေါ်လာ၏။ လုရွှမ် ကျီးကန်းကို အတွေးတစ်ခုဖြင့် တိတ်တဆိတ်သာ ကြိမ်းမောင်းလိုက်သည်။
သူသည်လည်း မိုးခြိမ်းသံနဲ့ မိုးကြိုးပစ်ချက်ကြောင့် နတ်ဘုရားအသွင်ပြောင်းဆေး ဆီကနေ သူ့ခန္ဓာကိုယ်ဆီသို့ လျှို့ဝှက် ဆန်းကြယ်တဲ့ စွမ်းအင်စီးကြောင်းတွေ တိုးဝင်လာတာကို ခံစားမိပါသည်။
တောက်ကျင့်စဥ် လမ်းကြောင်းသည် ယခင်ကကဲ့သို့ပင် သူ့ကိုယ်တွင်းရှိ နိယာမများကို ပြီးမြောက်အောင် လုပ်ဆောင်နေခဲ့သည်။
သူ့လက်ထဲက ဆေးလုံး တုန်လှုပ်သွားပြန်၏။ လုရွှမ်လည်း တတိယအကြိမ် မိုးကြိုးပစ်တော့မည်ကို သိလိုက်သောကြောင့် သူသည် မစဉ်းစားဘဲ မြေပြင်မှ ခုန်တက်ကာ တစ်ဖက်သို့ ရှောင်ထွက်လိုက်သည်။
ကောင်းကင်ယံမှာ မိုးခြိမ်းသံက မြေပြင်ကို ခပ်ပြင်းပြင်း ရိုက်ခတ်သွားပြီး ကျောက်တုံးတွေ ပြိုကျစေကာ အချင်းဝက် ၃ မီတာနဲ့ အနက် တစ်မီတာကျော်ရှိတဲ့ မီးတောင်ဝကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တွင်း၏ အတွင်းပိုင်းသည် မည်းမှောင်နေပြီး လှုပ်ခါနေသော်လည်း သဲနှင့်ကျောက်များ အရည်ပျော်ကျသွားသည်။ လုရွှမ် သူ့လျှာကို ကိုက်လိုက်သည်။
ဒီမိုးကြိုးပစ်ချက်က ကြောက်စရာ ကောင်းလွန်းတာပဲ။
ဒါက တတိယ မိုးကြိုးပစ်ချက် ဖြစ်သည်။ တစ်ချက်ထက် တစ်ချက် ပိုပိုအားကောင်းလာတာ နောက်တစ်ချက်ကို ဘယ်သူကများ ခံနိုင်ရည် ရှိမှာလဲ။
အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အကြီးအကဲများ ပို၍ပင် အံ့အားသင့်သွားသည်ကို သူမသိခဲ့ပေ။ သူတို့၏ အစွမ်းသတ္တိမှာ ထိပ်တန်းမဟုတ်သော်လည်း အမြင်အာရုံကတော့ ထူးခြားနေပါသေးသည်။
တတိယ မိုးကြိုးချက်က အစောက ၂ချက်ထက် ပိုမိုအားကောင်းသော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲ ရှိတဲ့ လူငယ်က တစ်ချက်ထိမှန်ခဲ့ပြီး အနည်းငယ်မျှ ထိခိုက်မှု မရှိခဲ့ပုံပင်။
ပြီးတော့ အနက်ရောင် အဝတ်အစားတွေနဲ့ အဘိုးကြီးကတော့ မိုးကြိုးထိမှန်လို့ မြေပြင်မှာ လဲလျောင်းနေတာ မနိုးသေးဘူး မဟုတ်လား။
ဒီတစ်ခါတော့ သူတို့တကယ် အမှားတစ်ခု လုပ်မိသွားတာ ဖြစ်နိုင်မှန်း ချက်ချင်း သဘောပေါက်သွားကြသည်။ ဒီလိုပါရမီရှင် တစ်ယောက်က သူ့ကိုကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး သူဟာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ထဲကို မ၀င်ရောက်နိုင်ရင်တောင်မှ စိတ်မဆိုးသင့်ချေ။
ယခုတော့ အချိန် နှောင်းသွားပြီ။ ဤလူသည် မိုးကြိုးဘေးဒဏ်မှ လွတ်မြောက်ပြီး ပုန်းအောင်းနိုင်လိုက်သည်နှင့် သူသည် အနာဂတ်တွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာမည်မှာ သေချာပါသည်။
သူ့စိတ်ထဲတွင် နက်ရှိုင်းသော နောင်တတရားက ဖုံးလွှမ်းသွား၏။ ဒီနေရာက အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူငယ်လေး သုတ်သင်လိုက်ကြောင်း သူကြားခဲ့ရသည်။
ထိုသင်ခန်းစာကို နားလည်ဖို့ ခေါင်းမာခဲ့ရုံမက ပိုဆိုးသွားအောင်တောင် လုပ်ခဲ့မိသေးတယ်။ အခု ဒီအချိန်ကို ရောက်လာတော့ အားလုံးက ကိုယ့်အမှားပဲလား ဆိုတာ သဘောပေါက်လာခဲ့၏။
"အကြီးအကဲချောင်...အကြီးအကဲချောင် ခင်ဗျား ဘာဖြစ်နေတာလဲ?"
လုရွှမ်ကို လိုက်ဖမ်းနေတဲ့ အကြီးအကဲက ရုတ်တရက် ရပ်သွားတာကို တွေ့တော့ အခြားလူကြီးက လုရွှမ်ဆီက အကွက်ချခံလိုက်ရပြီဟု ထိတ်လန့်စွာ တွေးကာ ပြေးလာပြီး သူ့ကို ဆွဲလိုက်သည်။
"ပိုင်မြန့်... ဒီလူက ပါရီရှင်ပဲ.... ငါတို့ သူနဲ့ ရန်သူမဖြစ်သင့်တော့ဘူး"
နောက်ထပ် အကြီးအကဲ တစ်ဦးက ပျံလာတာကို မြင်တော့ အကြီးအကဲချောင်က သူ့ကို အလျင်စလို လှည့်ကြည့်ကာ ဆိုလေ၏။
သို့သော် အဘိုးကြီး ပိုင်မြန့်က
"မိုးခြိမ်းသံကြောင့် မင်းရူးသွားတာလား? ငါကတော့ ဒီကောင်လေး မိုးကြိုး ဘေးဒဏ်တွေကို ခံနိုင်ရည် ရှိတယ်ဆိုတာ မယုံဘူး... တခြားမိသားစုကြီးတွေက မကြာခင် ရောက်လာတော့မယ် ကောင်းကင်နဲ့ မြေကြီးရဲ့ ပိုက်ကွန်အောက်မှာ ဒီကောင် သေချာပေါက် သေမှာပဲ"
ဝတ်ရုံနက် အဖိုးအို၏ သွေးကြောများ ပြတ်တောက်သွားကာ ပြန်လည် ကောင်းမွန်လာပါက နောင်တွင် အသုံးမဝင်သူသာ ဖြစ်လာမည် ဖြစ်ကာ ထိုသတင်းသာ ပျံ့နှံ့သွားပါက အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ တစ်စိတ်တစ်ပိုင်း မြင့်မြတ်သော အကြီးအကဲ သုံးဦးတို့သည် လူငယ်လေးဆီမှာ ရှုံးနိမ့်သွားခဲ့ကြောင်း အလွန်အမင်း အရှက်ကွဲသွားမှာ ဖြစ်သည်။
တကယ့် ဟာသကြီးပဲ။ ဒီလိုသာဆို အဂ္ဂိရတ်ပညာရှင် အဖွဲ့ဟာ အနာဂတ်မှာ အင်ပါယာတွေထဲ ခြေကုပ်ယူနိုင်ပါ့ဦးမလား။
"ဒါပေမဲ့ ဆိုတာ မရှိဘူး... ဒီကောင်လေး သေကိုသေရမယ်"
ပိုင်မြန့်က လက်ကို ဝှေ့ယမ်းပြီး ဆေးမီးဖို တစ်လုံးကို ထုတ်လိုက်သည်။ မီးဖိုအဖုံးကို ဖွင့်လိုက်တာနဲ့ ဆေးလုံးတစ်လုံး ခုန်ထွက်လာ၍ လုရွှမ်ဆီသို့ မီးလုံးတစ်လုံး အဖြစ် ပြေးထွက်သွားသည်။
တဟုန်းဟုန်း တောက်နေသော မီးများသည် လုရွှမ်၏ ခန္ဓာကိုယ်ကို ချက်ချင်း လောင်ကျွမ်းစေပြီး မီးလျှံများ ဖုံးလွှမ်းသွားသည်။
"ကောင်လေး... ဒါက ဒီအဘိုးကြီး သန့်စင်ထားတဲ့ ဆေးလုံးမီးပဲ...သူတော်စင်တစ်ပိုင်း ဝိညာဥ်သားရဲတောင်မှ ဒီလောင်မြိုက်တဲ့ မီးတောက်တွေကို မခံနိုင်ဘူး.... မင်းတော့...."
ပိုင်မြန့် ရုတ်တရတ် ထိတ်လန့်သွားပြီး စကားပင် ရပ်သွား၏။ လုရွှမ်၏ သွက်လက်သော ခန္ဓာကိုယ်သည် မီးတောက်များ ဖုံးလွှမ်းသွားသော်လည်း သူ့အား လုံးဝ ဂရုမစိုက်သလို ပြန်ကြည့်လျက် ရှိသည်။
"အဘိုးကြီး.... အသက်ကြီးတိုင်း ရိုင်းစိုင်းတာတော့ မဟုတ်သေးဘူးနော်"
လုရွှမ်က အော်ဟစ်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော အနက်ရောင်ဝတ် အဘိုးအိုဆီသို့ ပြေးသွားလိုက်သည်။ မီးတောက်များက အနက်ရောင်ဝတ် လူကြီး၏ ခန္ဓာကိုယ်ကို ချက်ချင်းနီးပါး ဖုံးလွှမ်းသွားသည်။
"ဒီအဆင့်လောက်ပဲ ရှိတဲ့ မီးတောက်လေးကို ဖယ်လိုက်.... ငါ့မီးတောက်ကို လာမြည်းစမ်းကြည့်လိုက်"
လုရွှမ် လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ့လက်ထဲမှာ ခရမ်းရောင် ဖီးနစ်မီးတောက် တစ်ဆုပ် ထွက်ပေါ်လာပြီး အနက်ရောင်ဝတ် အဘိုးအိုရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက် ဝင်ရောက်သွားပါတော့သည်။
ဤမီးတောက်သည် ထူးဆန်းသော ရတနာ ဖီးနစ်အမွေးမှ ရရှိလာခဲ့တာ ဖြစ်ပေ၏။ ၎င်း ဝင်ရောက်သွားသည်နှင့် မေ့မြောသွားခဲ့သော ဝတ်ရုံနက် အဘိုးအို၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြာဖြစ်သွားရှာသည်။
"မလုပ်နဲ့!"
လုရွှမ် မရှောင်တိမ်းတော့ဘဲ ကျန်နေတဲ့ နှစ်ယောက်ဆီ အပြေးအလွှား သွားကာ သူ့လက်ဖဝါးကို ဖွင့်၍ နတ်ဘုရားအသွင်ပြောင်းဆေးကို ပြလိုက်ပြီး
"လိုချင်ရင် အသက်ကိုပါ ချန်ထားခဲ့လိုက်တော့!"
လျှပ်တစ်ပြက် အတွင်း မိုးကြိုးတစ်ချက် ပစ်ချလာ၏။ တစ်ဖက်က နှစ်ယောက်မှာ ရုတ်တရက် ရှောင်ချိန် မရကြတာကြောင့် သူတို့ရဲ့ မှော်လက်နက်များကို ဆွဲထုတ် ကာကွယ်ထားလိုက်သည်။
မိုးကြိုးသည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း သူတို့သုံးယောက်၏ ပေါင်းစပ် ကြိုးပမ်းမှုကြောင့် အန္တရာယ် မရှိခဲ့ပေ။
"ကျေးဇူးပဲ!"
လုရွှမ်သည် နတ်ဘုရားအသွင်ပြောင်းဆေးမှ ကူးစက်လာသော နိယာမ အသွင်အပြင်၊ ရုပ်ခန္ဓာ ခွန်အား၊ ယွမ်ချီ သို့မဟုတ် စိတ်ဝိညာဉ်၏ စွမ်းအားတို့သည် တစ်ဖန်ပြန်လည် အားကောင်းလာတာကို ခံစားလိုက်ရသည်။
နယ်ပယ်က မပြောင်းလဲသေးပေမယ့် အသုံးချနိုင်တဲ့ အလားအလာတွေ ထပ်ပြီး တိုးလာခဲ့ပါ၏။ မိုးကြိုးကို ရင်ဆိုင်လိုက်ရင်း လုရွှမ်ရဲ့ အကြောက်တရားဟာ ဒီအချိန်မှာ လျော့ကျသွားပြီး ကြိုးစားချင်စိတ်တွေ ပြင်းပြလာခဲ့သည်။
သူ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေတိုင်း ပျော်ရွှင်နေသလို ခံစားလာရပြီး တောက်ကျင့်စဥ် စွမ်းအင်ရဲ့ နောက်ထပ် အခြေခံမူတွေကို စောင့်မျှော်နေတော့သည်။