ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Vol. 39 Ch. 4.92
"ဘာလို့ တုံ့ဆိုင်းနေသေးတာလဲ? အခွင့်အရေးကို မစွန့်လွှတ်သင့်ဘူးလေ"
ကျောင်းကျန့် ရုတ်တရက် ရယ်မောလိုက်ပြီး မြို့သခင်ရဲ့ စံအိမ်ကြီးထဲကနေ ပြေးထွက်သွားခဲ့လေသည်။
လေထုထဲတွင် ရပ်တန့်နေသော လုရွှမ်ဆီသို့ ပျံသန်းလာသောအခါတွင် တစ်ဖက်လူက ငြိမ်သက် အေးဆေးနေပြီး ကျောင်းကျန့် ရောက်လာမှာကို မျှော်လင့်ထားသကဲ့သို့ နှုတ်ခမ်းထောင့်စွန်းက ကွေးလျက် ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
"သေချာ စဥ်းစားပြီးပြီလား?"
လုရွှမ်က အနည်းငယ် ရုန်းကန်နေရဆဲ ဖြစ်သော ကျောင်းကျန့်ကို တည်ငြိမ်စွာ ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
အသက်ပြင်းပြင်းရှူရင်း ကျောင်းကျန့်သည် အောက်မှ လူအုပ်ကြီး ကောင်းကင်ကို တစ်ယောက်ပြီး တစ်ယောက် မျှော်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူ့ခမျာ ကူကယ်ရာမဲ့ မျက်နှာကြီး နီရဲလာပြီး သူ့ကိုကြည့်နေမှန်း သိလေသည်။
ဒါပေမဲ့ အခုအချိန်မှာတော့ သူ့စိတ်တွေ လှုပ်ရှားနေ၏။ ထပ်ပြီး တုံ့ဆိုင်းနေရင် သူ့ရဲ့ တည်ငြိမ်နေတဲ့ ပုံမှန်စိတ်တွေ ပျောက်ဆုံးသွားတာကို သိပါသေးသည်။
"ဗုန်း!" ဆိုတဲ့ အသံနဲ့အတူ လေထုက တုန်ခါသွားပြီး ကျောင်းကျန့်ဟာ သူ့ကိုယ်သူ ဒူးထောက်ခိုင်းစေခဲ့တဲ့ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒီလက်အောက် ငယ်သား ကျောင်းကျန့်က သခင်လေးကို ဂါရဝပြုပါတယ်... ဒီနေ့ကစပြီး ကျုပ် သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်"
ကျောင်းကျန့် သူ့အသံကို တမင်တကာ မြှင့်၍ သူ့အသံလှိုင်းကို မြို့အနှံ့ ဖြန့်ချလိုက်သည်။
သူ့တွင် အစီအမံ တချို့ရှိသော်လည်း သူသည် လက်နက်ချရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သောကြောင့် သူရဲကောင်း ပီသစွာ သူ့ဆန္ဒကို ပွင့်ပွင့်လင်းလင်း ချပြခဲ့သည်။
တခဏချင်းမှာပဲ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး လူတိုင်းက ကောင်းကင်ထက်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်ကြသည်။ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးဟာ လုရွှမ် ရှေ့မှာ ဒူးထောက်နေ၏။
သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်က သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ပဲရှိတဲ့ လူငယ်လေးရဲ့ ရှေ့မှောက်မှာ အရှုံးပေးခဲ့တယ်တဲ့လား။
ဗုန်း! ဗုန်း! ဗုန်း!
ကျောင်းကျန့် ၃ကြိမ်တိတိ ဂါဝရပြုလိုက်သည်။
လုရွှမ် ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။ ယခင်ဘဝတွင် သူတော်စင်တစ်ပိုင်း မဟုတ်တဲ့ သူတော်စင်တစ်ပါးပင် ဖြစ်ခဲ့သော်လည်း သူတော်စင်ကြီးများ၏ ဂါဝရပြုမှုကပင် သူ့ကို အနည်းငယ်မျှ စိတ်လှုပ်ရှားစေခြင်း မဖြစ်စေခဲ့ပေ။
သို့သော် ဤဘ၀တွင် သူ၏ လက်ရှိ အနေအထားအရ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သာ ရှိသေးသည်။ ယခုလို အနေအထားက ကာလကြာရှည်စွာ ကျေနပ်မှု ပျောက်ဆုံးသွားသော ခံစားချက်သည် နောက်ဆုံးတွင် ခံစားမိလာခဲ့သည်။
"အရမ်းကောင်းတယ်.... ဒုခန်းမသခင်ကျောင်း ကျေးဇူးပြုပြီး ထပါ... မင်းမှာ အမြော်အမြင် ကြီးကြီး ရှိတယ်လို့ ပြောရမယ်... မင်းငါ့နောက်လိုက်ရင် လုံးဝ မမှားနိုင်ဘူး"
လုရွှမ်က ပြုံးပြီး ဆိုလိုက်သည်။ တစ်ယောက်ရှိရင် နှစ်ယောက်လည်း ရှိလာလိမ့်မယ်။ သူ့နောက်လိုက်မယ့် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေ ပိုများလာရင် ဒီနေရာရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပို၍ပို၍ ကြွယ်ဝလာလိမ့်မည်။
ကျောင်းကျန့် မတ်တပ်ထရပ်ပြီး လုရွှမ်၏ နောက်တွင် နေရာယူလိုက်သည်။ လုရွှမ်သည် မလိုအပ်ကြောင်း အချက်ပြကာ လက်ကိုဝှေ့ယမ်းပြ၏။
"မင်းကျင့်ကြံ ရောယှက်ထားတဲ့ တောက်ကျင့်စဥ် ပုံသဏ္ဌာန်က မင်းနောက်ကျောက ပုဆိန်ကြီးမလား? နိယာမစွမ်းအင်ကို လက်နက်နဲ့ ရောစပ်တာက သာမန်ပါပဲ... အဲဒါက တိုက်ပွဲရဲ့ ထိရောက်မှုကို အားကောင်းစေတယ်... ဒါပေမဲ့ ကျင့်ကြံတဲ့အခါ တိုးတက်လာမှုက အနာဂတ်မှာ အများကြီး နှေးကွေးသွားလိမ့်မယ်"
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ငါ မင်းအတွက် တောက်ကျင့်စဥ် လမ်းစဥ်တစ်ခု ဖန်တီးပေးမယ်... မင်းကိုယ်တိုင် နားလည်နိုင်အောင် ကြိုးစားကြည့်ပေါ့"
လုရွှမ် သူ့လက်ညှိုးကို ထုတ်လိုက်တဲ့အခါ လက်ညှိုးထိပ်မှာ ဝိညာဉ်စွမ်းအင် အလင်းရောင် အနည်းငယ် ပွင့်လန်းလာခဲ့သည်။ ထို့နောက် ကျောင်းကျန့်၏ နဖူးပေါ်တွင် ရိုက်နှိပ်လိုက်သည်။
ရုတ်တရက် ကျောင်းကျန့်မှာ သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ဘဲ မသက်မသာ ခံစားနေရတာကို သတိထားမိလိုက်သည်။
တောက်ကျင့်စဥ်ရဲ့ နိယာမစွမ်းအင်ကို နားလည်ဖို့ ပြောနေတာလား?
ထားပါတော့။ သူ လက်နက်ချဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ တစ်ဖက်လူက သဘာဝအတိုင်း အသုံးချမယ် ဆိုရင်တောင် အေးအေးဆေးဆေး လက်ခံလိုက်ရုံပဲ။
ရုန်းကန်ရန် စိတ်ကူးကို ရပ်တန့်လိုက်ပြီး သူ့နဖူးထဲသို့ ရောင်ဝါများ ထိုးသွင်းလာတာကို လက်ခံလိုက်သည်။
သူ့စိတ်ထဲမှာ အေးမြမှုတစ်ခု ဝင်လာပြီး ကျောင်းကျန့်ရဲ့ စိတ်နှလုံးက ထိတ်လန့်သွားခဲ့သည်။ သူဟာ သူတော်စင်တစ်ပိုင်း ဖြစ်လို့ သဘာဝကျကျ သူ့စိတ်ထဲ ရောက်လာတာက တကယ်ပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ တောက်လမ်းစဥ် ကျင့်ကြံမှုတစ်ခု ဆိုတာကို သိပေ၏။
သူ့စိတ်ထဲမှာ ထိတ်လန့်သွားပြီး တောက်လမ်းစဥ်ကို လူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုနည်းနဲ့ တွန်းပို့နိုင်တာလဲဟု အတွေးများသွားသည်။ ထိုအခိုက် သူ့နားထဲတွင် ရုတ်တရက် လုရွှမ်ရဲ့အသံက ထွက်လာခဲ့သည်။
"စိတ်အေးအေးထားပြီး ခံစား နားလည်နိုင်အောင် ကြိုးစားကြည့်လိုက်ပါ.... ဒါက မင်းလွယ်လွယ်နဲ့ နားလည်နိုင်တဲ့ တောက်ကျင့်စဥ် မဟုတ်ဘူး... မင်းနားလည်နိုင်ဖို့ အမွှေးတိုင် တစ်ချောင်းစာပဲ အချိန်ရှိတယ်.... ပေါက်ကရတွေ လျှောက်မတွေးနဲ့"
"လတ်စသတ်တော့ သူအကုန်သိနေတာကိုး!"
ကျောင်းကျန့် နှလုံးသားထဲမှာ ထိတ်လန့်သွားတဲ့ ခံစားချက်က ပေါ်လာခဲ့သည်။ ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သာ ဖြစ်သော်လည်း စိတ်ခွန်အားသည် ပို၍ကြောက်စရာ ကောင်းလှသည်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အရမ်းကောင်းတဲ့အခွင့်အရေးကို ကျောင်းကျန့် လက်လွတ်မခံဝံ့တဲ့ အတွက် လျင်မြန်စွာ တင်ပျဥ်ခွေ ထိုင်၍ တောက်လမ်းစဥ် နိယာမစွမ်းအင်ကို ခံစားလိုက်သည်။
အမွှေးတိုင် တစ်ချောင်း၏ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျောင်းကျန့် မျက်လုံးများ ပွင့်လာပြီး မျက်လုံးများ၏ ဖွဲ့စည်းပုံများသည် နိယာမစွမ်းအင် ပုံစံများ ရောယှက်နေပြီး ယခင်ထက် ပိုမိုလေးနက်လာခဲ့သည်။
လူတစ်ကိုယ်လုံး၏ စိတ်နေစိတ်ထားသည်လည်း အနည်းငယ် ပြောင်းလဲသွားသလိုပင်။ မဆင်မခြင်ရှိသော အပြုအမူများ အနည်းငယ် လျော့သွားသည်။ ယခုအခါ အာရုံခံစားမှုများ ပိုမို ရှိလာကာ ပိုင်းခြားသိမြင်သော ပုဂ္ဂိုလ်တိုင်း နယ်ပယ် တိုးတက်လာကြောင်းကို သိမြင်နိုင်သည်။
ကျောင်းကျန့် ရွှင်မြူးနေပြီး လေထုထဲတွင် ဒူးထောက်ကာ လုရွှမ်အား အထပ်ထပ် အခါခါ တလေးတစား ဂါဝရပြုနေတော့သည်။ ဤတစ်ကြိမ်တွင် သူသည် အလွန်ရိုးသားပြီး အလွန်ကျေးဇူးတင်မိသည်။
သခင်လေးက ကျုံရာကျပန်း နည်းလမ်းဖြင့် ကယ်တင်လိုက်ရုံသာ ဖြစ်သော်လည်း သူကိုယ်တိုင် ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက် ကြိုးစားအချိန်ယူရမှာ ဖြစ်လေသည်။
"ထပါ.... အခု တောက်ကျင့်စဥ် သူတော်စင်လမ်းစဥ်ကို နားလည်ဖို့ နတ်ဆေးလုံးရေကန်ကို သွားတော့ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်"
"ဟုတ်ကဲ့!"
ကျောင်းကျန့် အော်လိုက်ပြီး ရိုကျိုးစွာ ဦးညွှတ်ပြီး နောက်လှည့်ကာ အောက်သို့ ပြေးသွားဖို့ ပြင်လိုက်၏။ ရုတ်တရက် ခြေလှမ်းတွေ ရပ်တန့်သွားကာ သူ့စိတ်ထဲမှာရှိတဲ့ တစ်စုံတစ်ခုက မမေးဘဲ မနေနိုင်အောင် မေးချင်လာသည်။
"သခင်လေး... ကျုပ် မေးစရာတစ်ခု ရှိတယ်.... တကယ် စိတ်မထိန်းနိုင်တော့ဘူး"
လုရွှမ်က ရယ်ပြီး
"မင်းကို ထိန်းချုပ်ဖို့ အခွင့်အရေး ရှိရဲ့သားလို့ ဘာလို့ မသုံးခဲ့တာလဲ ဆိုတာကို မင်း အံ့သြနေတာလား?"
ကျောင်းကျန့် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများက ရိုးသားနေသည်။ ယခုအချိန်တွင် လုရွှမ်သည် သူ့ကို ထိန်းချုပ်နိုင်ရန် ဆန္ဒရှိပါက ကောင်းမွန်စွာ ထိန်းချုပ်ထားခြင်းဖြင့် သူ့အား ပိုမိုသက်တောင့်သက်သာ ဖြစ်စေပြီး လုရွှမ် သူ့ကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည် ဖြစ်စေ စိတ်ပူစရာ မလိုတော့ပေ။
"သူတော်စင်တစ်ပိုင်း ဖြစ်ဖို့ မင်းက ငါ့ကို လက်နက်ချဖို့ အခွင့်အရေး ရှိတယ်လို့ စောစောက ပြောခဲ့တယ်မလား?.... သူတောင်စင်တစ်ပိုင်း အဆင့်လေးပဲလေ ငါ့မျက်လုံးထဲ သိပ်ပြီး အထင်မကြီးပါဘူး"
လုရွှမ်ရဲ့ အသံက ရိုးရှင်းတဲ့ ကိစ္စတစ်ခုကို ပြောနေသလိုပင်။
သို့သော် ကျောင်းကျန့်မှာ နားထောင်ပြီးနောက်တွင် သခင်လေးပြောတာ မှန်သည်ဟု ခံစားမိသည်။ သူတကယ် သူတော်စင်တစ်ပိုင်းတွေကို ဂရုမစိုက်ကြောင်း သိလိုက်ပြီမို့ ဒီသခင်လေးကို စွန့်ခွာလိုက်ရခြင်းမှာ သူ့အတွက် ဆုံးရှုံးမှုကြီး ဖြစ်သွားမှာကိုလည်း အလိုလို နားလည်သွားခဲ့၏။
"ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီလက်အောက်ငယ်သားက နားလည်သွားပါပြီ"
ကျောင်းကျန့် တရိုတသေ ဂါဝရပြုကာ နတ်ဆေးလုံးရေကန် အနားသို့ ဆင်းသက်လိုက်သည်။ မော့ကောင်းရွှမ်း နှင့် အခြားလူများကို ခေါင်းညိတ်ပြပြီးနောက် ဘာမှမပါဘဲ လေထုအလယ်၌ မျက်လုံးမှိတ်လျက် တင်ပျဥ်ခွေ ထိုင်နေလိုက်လေသည်။
မော့ကောင်းရွှမ်း နှင့် အခြားသူများသည် လုရွှမ်နှင့် ကျောင်းကျန့်တို့ အကြားက လှုပ်ရှားမှုများကို သဘာဝအတိုင်း မြင်ခဲ့ကြပြီး ဤသခင်လေးကို သူတို့၏ နှလုံးသားထဲတွင် ပို၍ပို၍ ကြည်ညိုလေးစားလာကြသည်။
ထိုကဲ့သို့သော သခင်လေး နောက်သို့ လိုက်နိုင်ရခြင်းသည် သူတို့အတွက် ကံကောင်းခြင်းသာ ဖြစ်လေ၏။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီ။ လုရွှမ် နတ်ဆေးလုံးမြို့ကို နေ့တိုင်း လှည့်ပတ် ပျံသန်းခဲ့ပြီး အခင်းအကျင်း တစ်ခုချင်းစီရဲ့ မျက်လုံးကို စစ်ဆေးပြီး လျှိုဝှက် အခင်းအကျင်း များကိုလည်း ဖွက်ထားခဲ့သည်။
ကျန်အချိန်များတွင် အဂ္ဂိရတ်ဆေး အမြောက်အမြားကို သန့်စင်ခဲ့ပြီး ၎င်းတို့အားလုံးမှာ ဟန်ရွှယ်နှင့် အခြားသူများအတွက် သီးသန့်ထားရှိသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က ဆေးများဖြစ်သည်။
ယခုတွင် စိတ်ဝိညာဉ်စွမ်းအားသည် ချည်နှောင်ခြင်းများကို ဖြတ်ကျော်သွားသောကြောင့် သူသည် အမျိုးသမီးများ၏ အတွေးအမြင်များကို ပိုမိုရှင်းလင်းစွာ သိမြင်လာခဲ့သည်။
မိန်းကလေး ငါးယောက်ရဲ့ စိတ်ထဲမှာ ပြောင်းလဲသွားတာကို သူမြင်ရပြီး စိတ်ခံစားမှုများကို လွှတ်ထားနိုင်ခဲ့သည်။
အနာဂတ်မှာ ကွာဟချက်က ပိုပိုကြီးလာမှာပဲ။ သူ့လိုမျိုး မဟုတ်ဘဲ အနာဂတ်မှာ ကျင့်ကြံမှု မအောင်မြင်ရင် သူနဲ့အတူ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်ပါဘူး။
မကြာမီ ဆယ်ရက်မြောက်ကို ရောက်တော့မည် ဖြစ်ကာ လာမည့်ရက် အနည်းငယ်တွင် လုရွှမ်သည် အဆောက်အအုံကြီး၏ အပြင်ဘက်တွင် စုရုံးနေသော အရပ်ရပ်မှ အင်အားစုများကို ခံစားမိနေပြီ ဖြစ်သည်။
ကျောင်းကျန့် နိုးလာပြီးနောက် သူ့ရဲ့ ကျင့်ကြံမှု အခြေအနေက ကောင်းလာလေပြီ။ သူရွေးချယ်သော လမ်းသည် ရှေ့သို့သာ တိုးနိုင်ပြီး နောက်ဆုတ်သွားမည် မဟုတ်ပေ။
လုရွှမ်ဆီက အကြံဉာဏ်ကို လက်ခံပြီးနောက် ရှေ့ဆက်ရမည့် လမ်းသည် ပိုမိုကျယ်ပြန့်လာမှာကို သိရှိထားပြီး သူ၏အနာဂတ် အလားအလာမှာလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်သည်။
"သခင်လေး ဒီလက်အောက် ငယ်သား စစ်ထွက်တိုက်ဖို့ လိုလား?"
ကျောင်းကျန့် လေးစားစွာ ကိုင်းညွတ်၍ မေးလိုက်သည်။
ဘက်ပေါင်းစုံမှ အင်အားစုများသည် အပြင်ဘက်တွင် စုရုံးနေကြကာ ဤနေရာကို လောဘကြီးစွာ စိုက်ကြည့်နေကြပြီမို့ တိုက်ပွဲကြီး ဖြစ်လာမှာကို ရှောင်လွှဲ၍ မရသည်မှာ ထင်ရှားလေသည်။
လူသစ်တစ်ယောက် အနေဖြင့် ကျောင်းကျန့်သည် ၎င်း၏ သစ္စာစောင့်သိမှုကို သဘာဝအတိုင်း ဖော်ပြလာခဲ့သည်။
"အဟက်.... လောလောဆယ်တော့ မလိုပါဘူး... ဒီလောက် အင်အားအများကြီး ဆိုတော့ မင်း အထီးကျန်မနေဖို့ လူနည်းနည်းလောက် သိမ်းယူလိုက်ဦးဖို့ မျှော်လင့်ထားသေးတယ်"