ရှီနန်းတော်ထဲကို ဝင်ရောက်ခြင်း
Vol. 008 Ch. 729
တစ်လခန့် ကြာသောအခါ အရှုပ်အထွေးများ ဖြည်းဖြည်းချင်း ရှင်းလင်းလာပြီး နန်းတော်ကလည်း နဂိုမူလကဲ့သို့ ပုံမှန်ပြန်၍ လည်ပတ်လာခဲ့သည်။ မြေရိုင်းပြည်နယ်မှ အစိုင်အခဲ အရှုပ်အထွေးများလည်း ကင်းစင်လာခဲ့သည်။
လက်ရှိတွင် မြေရိုင်းပြည်နယ်မှ လူများ၊ အင်အားစုများအကြား ပိုမို၍ နီးကပ်လာခဲ့ကာ ထိုအရာအား နိုဘယ်တစ်ယောက်က ယူဆောင်လာခြင်း ဖြစ်သည့်အပေါ်တွင် ယုံကြည်နိုင်ဖွယ်ပင် မရှိပေ။ ရီဖူရှင်းနှင့် နှိုင်းယှဉ်ပါက ယခင်ဆက်ခံသူ ပိုင်လွေလီကား နန်းတော်တစ်ခုတည်း၏ ထောက်ခံမှုဖြင့် ရွေးချယ်ခဲ့သူဖြစ်သည်။
ယခုလက်ရှိတွင် ရီဖူရှင်းက တော်ဝင် ရှီနန်းဆောင်ထဲ၌ ထောင်ကျန်း၊ ဓားမိစ္ဆာ၊ ထို့ကျန်း၊ တခြားစီနီယာများနှင့် နန်းတော်၏ထူးချွန်သော တပည့်များ ဖြစ်ကြသော ဟွာဖန်းနှင့် ထို့ခွန်တို့နှင့် အတူတွေ့ဆုံ စကားပြောနေကြသည်။
“ဆရာ… ဆရာဦးလေး.. ရှန့်ထိုအဆင့်ဆိုတာ ဘာလဲ…” နန်းဆောင်သခင် သုံးယောက်ရှိနေချိန် ရီဖူရှင်းကလည်း အခွင့်အရေးကိုယူ၍ မေးမြန်းသည်။
“ရှန့်ထိုအဆင့်…” ထိုအထဲမှ လူအနည်းငယ်ကလည်း စိတ်ဝင်စား သွားကြသည်။ သူတို့အတွက် ရှန့်ထိုဆိုသည်မှာ ခန့်မှန်း တွက်ဆမရနိုင်သော ဘောင်အပြင်မှ အရာဖြစ်သည်။ ထိုအရာက စိတ်ကူးယဉ် ကမ္ဘာထဲတွင်သာ တည်ရှိသည်။
“ကောလာဟလတွေ အရတော့ ရှန့်ထိုအဆင့်က အမှားကင်းစင်တဲ့ အဆင့်လို့ ပြောကြတယ်… သူတို့က ပြီးပြည့်စုံတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ စိတ်နှလုံးက တစ်နည်းနည်းသော လွတ်မြောက်ခြင်းကို ဖြတ်သန်းရတယ်... စိတ်နှလုံး တည်ကြည် ခိုင်မြဲပါတယ်ဆိုတဲ့ လူတွေတောင်မှ အဲဒီအဆင့်ကို ရောက်အောင် မလုပ်နိုင်ဘူး... သူတို့လျှောက်လှမ်းတဲ့ လမ်းစဉ်၊ ပညာရပ်နဲ့ပတ်သက်ပြီး သံသယတွေနဲ့ အမှားတွေရှိခဲ့မယ် ဆိုရင်တော့ ဒါက သေချာပေါက် မရောက်နိုင် မဖြစ်နိုင်တဲ့ အဆင့်ပဲ... ” ထောင်ကျန်းက ပြောသည်။
ရီဖူရှင်းက တစ်နည်းနည်းဖြင့် နားလည်သွားကာ ထပ်မေးသည်… “ရှန့်ထိုအဆင့်က ရောက်ဖို့ အဲဒီလောက်တောင် ခက်တာလား...”
“ဟုတ်တယ်…” ဓားမိစ္ဆာက ခေါင်းညိတ်သည်... “မြေရိုင်းပြည်နယ်က လူတွေအတွက်က ပိုပြီးတောင် ခက်ခဲသေးတယ်… သူတို့က ရှန့်ထိုတန်ခိုးရှင်တွေရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကို မမြင်ဖူး မတွေ့ဖူးတဲ့ဘူး… တစ်ခုတည်းသော အခွင့်အရေးက တော်ဝင်လမ်းခရီးပဲ… ပြည်နယ်ကိုးခုလုံးက အခြေအအနေ အတူတူပဲ… အင်ပါယာရှားစီစဉ်တဲ့ တော်ဝင်လမ်း တိုက်ပွဲက အရေးအကြီးဆုံး ပြိုင်ပွဲတစ်ခုပဲ… မြေရိုင်းပြည်နယ်က အရင်ကတည်းက ရှန့်ထိုမရှိတဲ့အတွက် ဝင်ပြိုင်တဲ့လူက နည်းပါးသလို စွမ်းအားမြင့်တဲ့ လူတွေကလည်း မြန်မြန်ဆန်ဆန်ပဲ ပြိုင်ပွဲက ထွက်ကြရတယ်…”
“မြေရိုင်းပြည်နယ်က စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်တွေတောင်မှ ဝင်မပြိုင်ရဲတဲ့ တော်ဝင်လမ်းပြိုင်ပွဲ ဆိုတာ ဘာလဲ…” ရီဖူရှင်းက မေးသည်။
“ဒါက ရှန့်ထိုတစ်ပါး ဖြစ်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ… အဲဒါက ပြည်နယ်ကိုးခုရဲ့ အတော်ဆုံး ရှီတန်ခိုးရှင်တွေရဲ့ တိုက်ပွဲပဲ… ပြည်နယ်ကိုးခု ကိုယ်စားပြု ရှီတန်ခိုးရှင်တွေ ကိုင်ဆောင်တဲ့ ရှန့်ထိုလက်နက်တွေက နဂိုက ရှန့်ထိုတွေ ကိုယ်တိုင် ကိုင်ဆောင်တဲ့ လက်နက်တွေပဲ… မြေရိုင်းပြည်နယ်ကတော့ ထူးချွန်တဲ့ ကိုယ်စားပြုသူ မရှိသလို စွမ်းအားမြင့် ရတနာ လက်နက်တွေလည်း သိပ်မရှိဘူး… တကယ်လို့ အဲဒီလို ရတနာတွေ ရှိခဲ့ရင်လည်း တခြား အဖွဲ့အစည်းတွေရဲ့ အာရုံစိုက်မှုကို ရပြီး လုယက်ခံရနိုင်တယ်…” ထောင်ကျန်းက ရှင်းပြသည်။
“ဒါက စိတ်ပျက်စရာပဲ...” ရီဖူရှင်းက ရေရွက်သည်။ တော်ဝင်က လမ်းတွင် သူတို့အတွက် တခြားလူများထက် ခက်ခဲသည်မှာ သေချာပေသည်။
“ရှန့်ထိုတစ်ပါးတောင် မရှိတော့တဲ့ မြေရိုင်းပြည်နယ်က ကောင်းမွန်တဲ့ အထောက်အပံ့တွေ ကင်းမဲ့နေတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… အရင်တုန်းက ပြည်နယ်ကိုးခုလုံးက ငါတို့ပြည်နယ်ကို လာရောက် လည်ပတ်ကြပေမဲ့ နောက်ပိုင်း မြေရိုင်းပြည်နယ် ဆိုတာ အမေ့လျော့ခံပြည်နယ် တစ်ခုပဲ ဖြစ်လာခဲ့တယ်…”
“ဒါဆိုလည်း ကျုပ်တို့က ရှီနန်းတော်ရဲ့ အထောက်အပံ့ကို ကောင်းကောင်း အသုံးချဖို့ လိုတာပဲ…” ရီဖူရှင်းက ပြောသည်… “ဟွာဖန်း.. မင်းက ရှီနန်းတောင်ထဲကို ဝင်ဖူးတယ်… ဘယ်လိုခံစားရလဲ…”
ဟွာဖန်းက ရီဖူရှင်းကို ပြန်ပြောသည်… “အဲဒီတုန်းက လောကဓာတ်တွေ ဆင့်ကဲ ပြောင်းလဲတာတွေ ရှီနန်းတော်ထဲ ဆင်ခြင် နားလည်ခဲ့ပြီး ရှီအဆင့်ကို တက်လှမ်းခဲ့တယ်…”
ရီဖူရှင်းက ထိုမှတ်ချက်ကို ခေါင်းညိတ်လိုက်သည်။ ယခင်က လျူချန်းလည်း နိုဘယ်အဆင့်ကို ကျော်လွန်ရန် ရှီနန်းတော်သို့ ဝင်ခဲ့ဖူးသည်။
“ရှီနန်းတော်ကို ဝင်ရောက်တာက မင်းကို ပိုပြီး ခိုင်မာတဲ့ အခြေခံကောင်းကို ပိုင်ဆိုင်စေလိမ့်မယ်…” ထောင်ကျန်းက ရီဖူရှင်းနှင့် ထို့ခွန်ကိုကြည့်ကာ ပြောသည်။ ယနေ့အထိ ထို့ခွန်ကလည်း တိုက်ခိုက်ရေး ရှီနန်းဆောင်၏ အကောင်းဆုံး တပည့်တစ်ယောက် ဖြစ်ကာ သူကလည်း ရှီနန်းတော်ထဲတွင် လေ့ကျင့်မည် ဖြစ်သည်။
“နားလည်ပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “လက်ရှိ ရှီနန်းတော်ကို ဝင်တဲ့အဖွဲ့က နန်းတော်ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလိမ့်မယ်…”
“မင်းရဲ့အချိန်တွေကို ကောင်းကောင်း အသုံးချသင့်တယ်…” ထောင်ကျန်းက ပြောသည်။ သူက ရီဖူရှင်းကို ယုံကြည်သော်လည်း အင်ပါယာရှားက သူတို့အား အချိန် သိပ်မပေးခဲ့ပေ။ ဤအုပ်စုအား အချိန်တိုအတွင်း ထိုရည်မှန်းချက်ကို ပြည့်မီအောင် လုပ်ခိုင်းသည်ကား အလွန်အမင်း ခက်ခဲသောကိစ္စလည်း ဖြစ်သည်။
“ကျွန်တော်တို့ မနက်ဖြန် ရှီနန်းတော်ထဲကို တိုက်ရိုက်ဝင်မယ်…” ရီဖူရှင်းက ပြောသည်။ သူတို့တွင် စောင့်နေရန် အချိန်သိပ်မရှိပေ။
“ကောင်းပြီ… ငါက တခြားတပည့်တွေကို အသိပေးပြီး ရှီနန်းတော်ထဲကို ဝင်ဖို့ ပြင်ဆင်ခိုင်း လိုက်တော့မယ်…” ထောင်ကျန်းက ထရပ်ကာ သူ့လူများနှင့်အတူ ထွက်သွားသည်။
ရီဖူရှင်းက ထောင်ကျန်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ရှီနန်းတော်ထဲကို ဝင်ကာ ရှီအဆင့်သို့ တက်လှမ်းရန် ပိုမို၍ စိတ်အား ထက်သန်လာခဲ့၏။
“အရှင်…” ဘေးမှ တစ်ယောက်က ဦးညွှတ်ကာ ပြောသည်… “ကျူးကော့ရှင်းက အရှင့်ကို တွေ့လိုပါတယ်…”
“ကျူးကော့ရှင်း…” ဖူရှင်း၏ အမူအရာက ပြောင်းလဲသွားကာ ပြောသည်… “သူ့ကို ဝင်ခွင့်ပေးလိုက်…”
“ဟုတ်ကဲ့… အရှင်…” အစေခံက နောက်ဆုတ်သွားကာ အပြင်ကို ထွက်သွားသည်။
အတန်ကြာလျှင် ကျူးကော့ရှင်းက လက်ပိုက်ကာ ဟန်ကြီး တစ်ခွဲသားဖြင့် ဝင်လာကာ ပြောသည်… “ထိပ်သီးနိုဘယ် တစ်ယောက်ဖြစ်တဲ့ ငါက ရှီနန်းတော်ထဲကို ဝင်ဖို့ တောင်းဆိုတယ်…” ကျူးကော့ရှင်းက သိပ်လိုလားဟန် မရဘဲ ပြောသည်။ ယခုအချိန်အခါတွင် သူက ရီဖူရှင်းကို တွေ့လျှင် ဦးညွတ်ရပြီး တွေ့ခွင့်လည်း တောင်းရသေးသည်။ သို့တိုင်အောင် ရှီနန်းတော်ထဲကို ဝင်မည့်လူများအား ရွေးချယ်သောအခါ သူပါဝင်ခဲ့ခြင်း မရှိပေ။
“မင်းလား… ပြန်သွားလေ့ကျင့်ဦး…” ရီဖူရှင်းက ကျူကော့ရှင်းအား စွေစောင်းကြည့်ကာ ငြင်းပယ်လိုက်သည်။
ကျူးကော့ရှင်းကလည်း ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက သူ့အား သဘောမကျသည်ကို သူသိသည်။ ကျူးကော့ရှင်း ကိုယ်တိုင်ကလည်း ရီဖူရှင်းအား အတိုက်အခံ လုပ်ရသည်ကို အသားကျနေပြီ ဖြစ်သည်။ သို့သော် သူကား မည်သို့ဆိုစေ ကျူးကော့မိသားစုဝင် တစ်ယောက်ဖြစ်သည်။ ကျူးကော့မိသားစု မရှိဘဲ ရီဖူရှင်းက ဤနေရာကို မည်သို့ ရောက်လာမည်နည်း။ သေချာပေါက် အသတ်ခံရပြီး ဖြစ်မည်။
“ရီဖူရှင်း… မင်းက ငါ့ကို အငြိုးအတေး ထားတာ ငါသိတယ်… ဒါပေမဲ့ မင်းက ကျူးကော့မိသားစုအတွက် ဒီလို ပြုမူသင့်လား…” ကျူးကော့ရှင်းက ပြောသည်.. “ကျူကော့မိသားစုက မင်းအတွက် လုပ်ပေးခဲ့တာတွေ မင်းမမေ့နဲ့…”
“ကျူးကော့ရှင်း.. မင်းတော်တော် အတင့်ရဲတယ်…” ဟွာဖန်းက ဝင်ပြောသည်။
ရီဖူရှင်းက ကျူးကော့ရှင်းကို စူးစိုက်ကြည့်ကာ ပြောသည်... “ကျူးကော့မိသားစုက ငါ့အတွက် ဘာလုပ်ပေးခဲ့လဲ… မိသားစုတစ်ခုလုံး လုပ်ပေးခဲ့တာနဲ့ ဦးလေးက ငါ့ကို ကာကွယ် ပေးခဲ့တာက မတူကွဲပြားတဲ့ အကြောင်းအရာပဲ…”
ကျူးကော့ချန်းဖန်က သူ့အား ကာကွယ် ပေးခဲ့သော်လည်း ကျူးကော့မိသားစုက သူ့အား မည်သို့ ဆက်ဆံ ပေးခဲ့သနည်း။ သူတို့က ကျူးကော့ချန်းဖန်၏ အမိန့်ကို မလွန်ဆိုင်နိုင်၍သာ ဂူတုံးလျိုနှင့် ရီဖူရှင်းအား ထုတ်မပေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူတို့အား မပြစ်မတင်ခဲ့ပေ။ မည်သို့ဆိုစေ ကျူးကော့ချန်းဖန်ကား ကျူးကော့မိသားစု ခေါင်းဆောင် ဖြစ်သည်။ ယခု ကျူးကော့ရှင်းက မည်သို့ ကျူးကော့မိသားစု နာမည်ကို အသုံးချရဲရသနည်း။
“ဘာကွာလို့လဲ…” ကျူးကော့ရှင်းက သုန်မှုန်စွာ မေးသည်။
“မင်းက ကျူးကော့မိသားစုဝင် မဟုတ်ရင် ဒီနေ့ ငါမင်းကို တွေ့မှာတောင် မဟုတ်ဘူး…” ရီဖူရှင်းက ပြန်ပြောကာ ဟွာဖန်းကို မေးသည်… “အစ်ကိုဟွာဖန်း… အကြီးအကဲနဲ့ နန်းတော်သခင်ကို မလေးမစားလုပ်ရင် ဘယ်လို အပြစ်ပေးလဲ…”
“နန်းတော်ထဲမှာ စည်းကမ်းတွေ သိပ်မရှိဘူး… ဒါပေမဲ့ အကြီးအကဲနဲ့ ဆရာတွေကို မဖြစ်မနေ လေးစားရတယ်… သူ့ကို နန်းတော်က ထုတ်ပယ်တာက သင့်တော်တဲ့ ဆုံးဖြတ်ချက်ပဲ…” ဟွာဖန်းက ပြောသည်။
“ကျူးကော့ရှင်းကို နန်းတော် အပြင်ဘက် လိုက်ပို့လိုက်…” ရီဖူရှင်းက အမိန့်ပေးလိုက်သည်။
“ရီဖူရှင်း... မင်း... မင်း…” ကျူးကော့ရှင်းက ဒေါသတကြီး လက်ညှိုးထိုးကာ မည်သို့ပြောရမည်ပင် မသိတော့ပေ။
“ထွက်သွား… မင်းငြင်းဆန်နေရင် မင်းအစွမ်းတွေ အဖျက်ခံရလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။ ရွှေလူဝံကြီး တစ်ကောင်က ရှေ့ကို တက်လာကာ ကျူးကော့ရှင်းအား အတင်း ဆွဲခေါ်သွားသည်။
***
နောက်တစ်နေ့ ညနေခင်းတွင် တော်ဝင်ရှီနန်းဆောင်၏ နောက်ဘက်၌ ရှီနန်းတော်ထဲကို သွားသော လမ်းကြောင်း တစ်ခုရှိကာ ယခု နန်းဆောင် သခင်များနှင့် အကြီးအကဲများက တပည့်များ ရှီနန်းတော်ထဲသို့ ဝင်ရောက်သည်ကို လိုက်ပါ ပို့ဆောင်ကြသည်။
ရီဖူရှင်း၊ ဟွာဂျီယူ၊ ဓားသခင်၊ ဂူတုံးလျို၊ ကျူးကော့မင်းယွီ၊ ယူချင်း၊ ရီဝူချင်း၊ ဟောင်ကျူဂီနှင့် တခြားလူများ အားလုံးက ဝင်ပေါက်ဂိတ်တံခါးကို ကြည့်နေကြသည်။ တစ်ဖက်ခြမ်းမှ ရောင်စဉ်ရောင်ဝါများ ထွန်းလင်းနေသော နန်းတော်ကြီးအား သူတို့က ရေးရေးမျှ မြင်ကြရသည်။ နန်းတော်ကြီးထဲတွင် နန်းဆောင် ခြောက်ခုကို ကိုယ်စားပြုသော တံခါးပေါက် ခြောက်ခုရှိပေသည်။
“ဆရာ… ဦးလေးတို့… နန်းတော်က ဆရာတို့ လက်ထဲမှာပဲ…” ရီဖူရှင်းက ထောင်ကျန်းကို ကြည့်ကာ ပြောသည်။
“သွားကြ…” အားလုံးက ခေါင်းညိတ်ကြသည်။
“ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့က တစ်နှစ်ကြာရင် ပြန်ထွက်ခဲ့မယ်…” ရီဖူရှင်းက ပြောကာ တခြား တပည့်များနှင့်အတူ ရှီနန်းတော်ထဲကို ဝင်ရောက် သွားကြတော့သည်။
မြေရိုင်းပြည်နယ်ကား ယခင်အတိုင်း အလုံးစုံ တည်ငြိမ် နေပြီဖြစ်သည်။
အချိန်ရာသီများ ကုန်ဆုံးခြင်းက မြန်ဆန်လွန်းလှသည်။ ရီဖူရှင်းနှင့် သူ့လူများ အားလုံးက ရှီနန်းတော်ထဲကို ဝင်ရောက်ခဲ့သည်မှာ နှစ်ဝက် ရှိပြီဖြစ်သည်။ ခြောက်လ အတွင်းတွင် နန်းတော်ထဲကို နန်းတော်သခင်များ စုစည်းကြပြီး တပည့်များ မည်သို့ မြန်မြန်ဆန်ဆန် တိုးတက်မည်ကို ပြောဆို ဆွေးနွေးကြကာ ရီဖူရှင်းတို့ မည်သို့ အခြေအနေ ရှိမည်ကိုလည်း ခန့်မှန်း ပြောဆိုကြသည်။
တစ်နှစ်အတွင်း ရီဖူရှင်းက ရှီအဆင့်ကို ရောက်သင့်ပေသည်။ တခြားလူများမူကား သူတို့က အနည်းဆုံး အဆင့်မြင့်နိုဘယ် ဖြစ်ကာ ရင့်ကျက်သော လောကဓာတ်များအား နားလည်သင့်ပေသည်။ သို့မှသာ သူတို့က နောင်ရှန့်ထိုတိုက်ပွဲ၌ ပါဝင်ယှဉ်ပြိုင် နိုင်ပေမည်။
လက်ရှိတွင် လူအနည်းငယ်က တော်ဝင်ကျဲနန်းတော်၏ ရှီနန်းတော်အတွင်း ကြီးမားသော ရုပ်တုတစ်ခုရှေ့တွင် လူအနည်းငယ်က လေ့ကျင့်နေကြသည်။ ဟောင်ကျူဂီနှင့် ယူချင်းတို့က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ဟောင်ကျူဂီက ကြောက်မက်ဖွယ် ကောင်းသော အရိပ်သဏ္ဌာန်တစ်ခုအား ထုတ်ဖော်လျက် ယူချင်းထံသို့ ပြေးဝင်လာသည်။ သားရဲများကဲ့သို့ပင် အရိပ်သဏ္ဌာန်၏ ကြီးမားသော အားအင်က ပတဝန်းကျင်မှ အရာခပ်သိမ်းကို စုပ်ယူနိုင်ပြီး တစ်ဖက်လူအား တိုက်ခိုက်သည်။
တန်ပြန်အနေဖြင့် ယူချင်းကလည်း ကိုယ်ပိုင်ပုံရိပ်တစ်ခု ဖန်တီးကာ လက်မြှောက်လျက် လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ ထို့နောက်တွင် ဟောင်ကျူဂီ၏ သနားစဖွယ် အော်သံနှင့်အတူ သူကား အဝေးကို လွင့်စဉ် သွားတော့သည်။
မြေပြင်က တုန်ခါလာပြီး ယူချင်းက ရှေ့ကို ပြေးတက် လာသည်တွင် ဟောင်ကျူဂီက မြန်မြန်ဆန်ဆန်ပင် အော်ဟစ်သည်.. “တော်ပြီ… တော်ပြီ…”
ယူချင်းက ခေါင်းညိတ်ကာ သူ၏စွမ်းအားများကို သိမ်းဆည်း လိုက်သည်။ ဘေးမှ ကြည့်နေသူများ အားလုံးက ရယ်မောလိုက်ကြကာ စုချွဲကပြောသည်… “ဟောင်ကျူဂီ... မင်းက မာနကြီးတယ်ဆို.. အခု ဘယ်လိုလုပ် အော်ဟစ်နေရတာလဲ…”
“မင်းကိုယ်တိုင် မစမ်းကြည့်ချင်ဘူးလား…” ဟောင်ကျူဂီက ပြန်ပြောသည်။
“ငါက မတိုက်ခိုက်နိုင်ဘူး…” စုချွဲက လက်ပိုက်ကာ ပြောသည်။ ယူချင်းနှင့် တိုက်ခိုက်ခြင်းကား ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်သည်။
“မင်းတို့ရဲ့ လောကဓာတ် အခြေခံအဆင့်က စတင်ပြီး ပုံပေါ်လာပြီ… မင်းတို့အားလုံးက တိုက်ခိုက်ရေး ရှီနန်းဆောင်ရဲ့ စွမ်းအားတွေကို အသားပေး ဆင်ခြင်သင့်တယ်… မင်းတို့အားလုံးက အဲဒီအထဲက ဖုံးကွယ်နေတဲ့ စွမ်းအားတွေကို ခံစားမိလိမ့်မယ်…” ရီဖူရှင်းက သူတို့ထံကို လျှောက်လာရင်းက ပြောသည်… “မှော်ပညာကို လေ့ကျင့်တဲ့ တန်ခိုးရှင်တွေကတော့ ကွဲပြားခြားနားတယ်… သိုင်းပညာ လေ့ကျင့်တဲ့လူတွေ ကိုယ်တိုင်က ဓမ္မခန္ဓာကိုယ် လောကဓာတ်ကို ဖန်တီးနိုင်မယ်လို့ ငါထင်တယ်… ခန္ဓာကိုယ်က မင်းတို့ရဲ့ အခြေခံ ထောက်တိုင်လို့ ဆရာက ပြောဖူးတယ်… ခန္ဓာကိုယ် ကိုယ်တိုင်ကလည်း လောကဓာတ်ရဲ့ အခြေခံပင်မ တစ်ခုဖြစ်မယ်လို့ ငါထင်တယ်…”
ဆရာက သူ့အား သင်ပေးခဲ့သော တိုက်ခိုက်ရေးပုံစံကား ပင်မခန္ဓာကိုယ်က လောကဓာတ်အဖြစ် မပြောင်းလဲမီ အခြေခံအဆင့် ဖြစ်ပေမည်။
ရှီနန်းတော်ထဲမှ ရှန့်ထိုစွမ်းအင်များကို ခံစားခြင်းဖြင့် သူက များစွာသော လောကဓာတ်များအား သိနားလည်ခဲ့သည်။ အထူးသဖြင့် သူ၏လွတ်လပ်ခြင်း ကျင့်စဉ်က အရာအားလုံး၏ အစစ်အမှန်နှင့် အခြေခံကျသော ပုံစံများအား နားလည် သဘောပေါက် စေသည်။
ဟောင်ကျူဂီနှင့် ယူချင်းတို့ ခေါင်းညိတ်ကြသည်။ သူတို့နှစ်ယောက်လုံးက သိုင်းပညာကို အလေးထား လေ့ကျင့်ကြကာ စိတ်စွမ်းအားက ဒုတိယဦးစားပေးသာ ဖြစ်သည်။
“မင်း လေ့ကျင့်တာကရော ဘယ်လောက်အထိ ရောက်နေပြီလဲ...” ကျွေ့ချိန်ချူက ရီဖူရှင်းကိုမေးသည်။
“မင်းက အဲဒါဘယ်လိုလဲ ခံစားကြည့်ချင်လား…” ရီဖူရှင်းက ရယ်မော၍ ပြောသည်။
“သိပ်မပြင်းစေနဲ့…” ကျွေ့ချိန်ချူက ရီဖူရှင်းကို ပြောသည်။
“စိတ်ပူနဲ့… ငါက ကောင်းကောင်း ထိန်းနိုင်တယ်..” ရီဖူရှင်းက မဲ့ပြုံးပြုံးကာ ပြောသည်တွင် ကျွေ့ချိန်ချူက မကောင်းသော ခံစားချက်များ ရလာသည်။
“ဒါက ရှီနန်းတော်ရဲ့ ပင်မခန်းမထဲမှာ နားလည် ထားသမျှတွေကို တစ်ကွက်တည်းအဖြစ် ပြန်ဖန်တီးထားတာပဲ… မင်းခံစားကြည့်…” ရီဖူရှင်းက ကျွေ့ချိန်ချူဘက်ကို ကြည့်လိုက်သည်။ သူ၏အသံနှင့်အတူ ရုတ်တရက် ကျွေ့ချိန်ချူက အနီးမှ ပတ်ဝန်းကျင်တစ်ခုလုံး တင်းမာလာသည်ကို ခံစားရသည်။
ထို့နောက်တွင် လျှပ်စီး အက်ကွဲသံများကို ကြားလာရကာ ရီဖူရှင်း၏ မျက်လုံးများက အလွန်အမင်း ထူးဆန်းလာသည်။ ကျွေ့ချိန်ချူက ပြန်ကြည့်သည်တွင် ရီဖူရှင်း၏ မျက်လုံးများက ခရမ်းရောင် လျှပ်စီးလေပွေတစ်ခု ဖြစ်ပေါ်လာပြီး သူက အထဲကို နစ်ဝင်သွားသလို ခံစားရကာ လုံးဝ ပျော့ခွေသွားပြီး အင်အားများ ကုန်ဆုံးသွားရသည်။ ထိုအခိုက်တွင် ကျွေ့ချိန်ချူကား လွတ်မြောက်လိုစိတ် ရှိလျှင်ပင် မလွတ်မြောက် နိုင်တော့ပေ။ သူ၏စိတ်ဝိညာဉ်က လျှပ်စီးလေပွေထဲကို နစ်ဝင်သွားပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်လာနေသည်။
“ဒါက အရမ်းများတယ်…” စုချွဲက ဘေးမှ သနား ကရုဏာသက်စွာ ပြောသည်။ ရီဖူရှင်းကလည်း သူ၏စွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ကာ စုချွဲအား ကြည့်သည်တွင် စုချွဲက ကျောချမ်းသွားသည်။
“ငါ…” ကျွေ့ချိန်ချူက ပြန်၍ သတိလည်လာပြီးနောက် ဒေါသတကြီး အော်ရန် ကြိုးစားလိုက်ပြီးမှ ရီဖူရှင်း၏အကြည့်ကို မြင်သည်တွင် ချက်ချင်း ပါးစပ်ပိတ် လိုက်သည်။
အနာဂတ်တွင် သူက ရီဖူရှင်းနှင့် လုံးဝ လက်ရည်မစမ်းရန် ဆုံးဖြတ်လိုက်သည်။
“ရီဖူရှင်းက ရှီအဆင့်ကို မရောက်သေးပေမဲ့ သူက သာမန် ရှီတစ်ယောကနဲ့ မခြားဘူး.. သူ့ရဲ့ ပြင်းထန်တဲ့ လောကဓာတ်တွေကလည်း တကယ့် အဆင့်မြင့်ဓာတ်တွေပဲ… မင်းလိုလူက သေချာပေါက် အကြည့်တစ်ချက်နဲ့ ရှုံးနိမ့်မှာပဲ… ဒါကထူးဆန်းတာ မဟုတ်ဘူး…” ဟောင်ကျူဂီက ပြောသည်။
“နင်က ဘယ်လို လုပ်ခဲ့တာလဲ…” ဖီးနစ်က ဘေးမှ တိတ်ဆိတ်စွာ မေးသည်။
“ပညာရပ်တစ်ခုကို နားလည်သွားတဲ့လူက သက်ဆိုင်တဲ့ တခြား စွမ်းရည်တွေကိုလည်း ဆက်လက် ဖော်ထုတ်နိုင်တယ်… ရှီနန်းတော်ထဲက စွမ်းအားတွေကို ခံစားတဲ့အခါ မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ကိုလည်း နားလည် ဆင်ခြင်ပြီးတော့ ပိုနက်ရှိုင်းနဲ့ အဆင့်တစ်ခုကို ရောက်ဖို့ပဲ အားထုတ်ရမယ်… ဒီနည်းနဲ့ မင်းတို့က အသက်ရှူ လေ့ကျင့်ခန်း လုပ်နေရင်းနဲ့တောင်မှ မင်းတို့ရဲ့ လောကဓာတ်တွေက တဖြည်းဖြည်း ရင့်သန်လာလိမ့်မယ်..” ရီဖူရှင်းက ထပ်ပြောသည်.. “ပြီးတော့ … အခု ငါအသစ် နားလည်ခဲ့တဲ့ လောကဓာတ်က မရင့်ကျက်သေးဘူး… တကယ်လို့ ဒါကသာ ရင့်ကျက်ခဲ့ရင် တစ်ဖက်လူရဲ့စိတ်ကို ငါ့အတွေးနဲ့တင် ဖျက်ဆီးနိုင်လိမ့်မယ်…”
အနီးမှ လူများအားလုံးက ဆွံ့အသွားကြသည်။ အပြောကား လွယ်ကူပေသည်။
“ဒါဆို မင်းက ဘာလို့ ရှီအဆင့်ကို မရောက်သေးတာလဲ…” စုချွဲက မေးသည်။
“အခု ငါ့ရဲ့ စိတ်စွမ်းအားက လုံလုံလောက်လောက် အားမကောင်းသေးဘူး… ဒါပေမဲ့ သိပ်မကြာတော့ဘူးလို့ ငါခံစားရတယ်…” ရီဖူရှင်းက ပြန်ပြောသည်… “နောက်နှစ်ဝက် ကျန်သေးတယ်… မင်းတို့ နားမလည်တာတွေ ရှိရင် ငါ့ကို လာမေးလို့ရတယ်... ပြီးတော့ အစ်ကိုကြီးနဲ့ ဒုတိယ အစ်ကိုတို့ကလည်း မင်းတို့ကို ကူညီနိုင်တယ်… ရှီနန်းတော်က ထွက်တဲ့အခါ မင်းတို့ကို ရှီဖြစ်ရမယ်လို့ ငါမတောင်းဆိုဘူး... ဒါပေမဲ့ အနည်းဆုံးတော့ ရင့်သန်တဲ့ လောကဓာတ်တစ်ခုကို နားလည် ဆင်ခြင်နိုင်စေ ချင်တယ်…”
လောကဓာတ်ကို နားလည်ခြင်းက လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။ ယခင်ပါရမီရှင် အဆင့်၁ဖြစ်သူ စီမင်ဟန်ကျင့်ပင် ယခုထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း ချင်ကျောင်းကို ဥပမာထား၍ သူကလည်း သူ့လူများကို များစွာ မျှော်လင့် ထားပေသည်။ မည်သို့ဆိုစေ သည်နေရာကား ရှန့်ထိုစွမ်းအင်များအား လွတ်လပ်စွာ နားလည် ဆင်ခြင်နိုင်သော ရှီနန်းတော် ဖြစ်သည်။
အကယ်၍ သူတို့ကသာ ထိုမျှလောက် အဆင့်အထိ မရောက်လျှင် တခြား ပြည်နယ်ကိုးခုဖြင့် မည်သို့ ယှဉ်နိုင်မည်နည်း။
ထို့ကြောင့်ပင် ရီဖူရှင်းက တခြားလူများရှေ့တွင် ကျွေ့ချိန်ချူအား သူ၏စွမ်းရည်များအား ပြသခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် တခြားလူများ အားလုံးက ပိုမိုကြိုးစားရန် တွန်းအားများ ဖြစ်စေနိုင်ပေမည်။
“ကောင်းပြီ… ဆက်လေ့ကျင့် ရအောင်…” ရီဖူရှင်းက ပြောသည်တွင် သူ့အနီးမှ လူများအားလုံးက ကိုယ်စီ သွားရောက် လေ့ကျင့်ကြတော့သည်။ သူတို့အားလုံးတွင် ဖိအား ကိုယ်စီရှိကာ ရီဖူရှင်းက သူတို့အပေါ် မည်သို့ မျှော်လင့်ထားသည် ကိုလည်း နားလည်ကြသည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက် တစ်နှစ်ဟူသော အချိန်ကာလက ပြည့်မီကာ ရီဖူရှင်းတို့ ရှီနန်းတော်ထဲမှ ထွက်ရန် နေ့ရက်ကို ရောက်လာသည်။
ရှီနန်းတော် အပြင်ဘက်တွင် နန်းဆောင် သခင်များနှင့် အကြီးအကဲများစွာက စောင့်ဆိုင်းနေကြသည်။ သူတို့ရှေ့တွင် ရှည်လျားသော လမ်းတစ်ခုရှိပြီး မကြာမီ လူတစ်စု သူတို့ထံကို လျှောက်လှမ်း လာကြသည်။
ရီဖူရှင်းကား လွန်ခဲ့သော တစ်နှစ်ခန့်ကနှင့် လွန်စွာ ကွဲပြား ခြားနားသွားသည်။ သူ့ထံမှ ယုံကြည်ချက် မြင့်မားသော အငွေ့အသက်များ ဖြာထွက်နေကာ ယခင်ကထက်လည်း ရင့်ကျက် တည်ငြိမ်ဟန်ရနေသည်။ သူ့အနီးမှ တပည့်များကလည်း ပိုမို၍ ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများ ကိုယ်စီရှိကြသည်။
လက်ရှိ မျိုးဆက်သစ်တို့ကို ကြည့်ကာ နန်းဆောင် သခင်များနှင့် အကြီးအကဲများ အားလုံးက သဘောကျ ကျေနပ်ကြသည်။ သည်နှစ်အတွင်း၌ ရှီနန်းတော်၏ ခေါင်းလောင်းကလည်း မကြာမကြာ မြည်ကာ ကောင်းချီးပေးခဲ့ရာ လက်ရှိမျိုးဆက်က ယခင်မျိုးဆက်များထက် ပိုမိုကြီးမားစွာ စွမ်းဆောင်နိုင်မည်ကို အားလုံးက ပိုမို၍ ယုံကြည်လာခဲ့ကြသည်။ ရှီနန်းတော်၏ သမိုင်းတွင် တစ်နှစ်တည်း၌ ထိုမျှ များပြားသော ကောင်းချီး မင်္ဂလာမျိုး တစ်ခါမှ သူတို့ မကြားဖူး မမြင်ဖူးကြပေ။
“ဆရာ... ဆရာဦးလေးတို့…” ရီဖူရှင်းက ခေါ်သည်။
“အဆင့်တက်ခဲ့ပြီလား…” ထောင်ကျန်းက မေးသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ တိတိကျကျ ပြောရလျှင် သူကား ရှီအဆင့်ကို လွန်ခဲ့သော သုံးလခန့်ကတည်းက ရောက်ခဲ့ပြီးဖြစ်ကာ အခြေခံ အုတ်မြစ်များလည်း ခိုင်မာအောင် လုပ်နိုင်ခဲ့ပြီး ယခုဆိုလျှင် ရှီအဆင့်တန်ခိုးရှင် တစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ဆိုနိုင်ပြီဖြစ်သည်။
သူ့ဘေးတွင် ယွန်စွေ့ရှင်းကလည်း ရှီအဆင့်ကို ဦးဆုံး ရောက်ရှိခဲ့သည်။ သူမက နိုဘယ်အဆင့်ဖြင့် ရပ်တန့်ခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်ကာ ယခု သူမက လောကဓာတ်များကို အသားပေး နားလည် ဆင်ခြင်နိုင်ပြီး နောက်တွင် အတားအဆီးအား အောင်အောင်မြင်မြင် လွန်မြောက်ခဲ့သည်။ ဟောင်ကျူဂီကလည်း ရှီအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ တခြားလူများကလည်း နိုဘယ်အဆင့် အမြင့်ဆုံး၌ ရှိနေကြကာ မကြာမီ ရှီအဆင့်ကို တက်လှမ်း နိုင်ကြတော့မည် ဖြစ်သည်။
***