လူသတ်ဓားရဲ့အစွမ်း
Vol. 40 Ch. 4.108
"သခင်လေး?"
လုရွှမ် နားမလည်စွာဖြင့် ထိုမိစ္ဆာမဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် မိစ္ဆာမက သူ့မျက်နှာကို ကြည့်ပြီး ရွှင်မြူးစွာ အော်ပြောလာခဲ့သည်။
"ဒီလက်အောက်ငယ်သားက လေမိုးကြိုးဂိုဏ်းက ယွမ့်လင်ပါ... သခင်လေးကို ဂါရဝပြုပါတယ် သခင်လေး လုံခြုံအေးချမ်းပါစေလို့ ဂါဝရပြု ဆုတောင်းပါတယ်!"
လုရွှမ် အံ့အားသင့်သွားလေသည်။ လတ်စသတ်တော့ ဒီမိစ္ဆာမက လေမိုးကြိုးဂိုဏ်းက ဖြစ်နေတာပဲ။ ဆိုတော့ လေမိုးကြိုးဂိုဏ်းက အခုထိ အသက်ရှင်နေသေးတာလား။
"ဟားဟား.... အဲဒါက လေမိုးကြိုးဂိုဏ်းရဲ့ အကြွင်းအကျန်လေး သာသာပါပဲ.... ဟမ့် ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်!!"
တုံးဖန်းပိုင်က အော်ဟစ်လိုက်လေသည်။
လုရွှမ်သည် အစောက သူ၏ ပြင်းထန်သော ဓားကို တားဆီးထားနိုင်သော်လည်း လုရွှမ်ရဲ့ တုံ့ဆိုင်းသွားမှုကိုလည်း သူမြင်ခဲ့ရသည်။ အမှန်တော့ သူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်လေးပဲ ရှိတာကြောင့် ဒီလို အစွမ်းသတ္တိက သူ့မျက်လုံးထဲမှာ ဘောင်မဝင်ချေ။
ယွမ့်လင်ကတော့ လုရွှမ်ဘက်သို့ ပျံသန်းသွားပြီး ယွိလင်းလုံကို လုရွှမ်ထံ လေးစားစွာ ပေးအပ်လိုက်သည်။
"သခင်လေး... ဒီယွိလင်းလုံကို လက်ခံပေးပါ"
ယခင်က သူမသည် ယွိလင်းလုံအတွက် တိုက်ပွဲဝင်ခဲ့ဖူးသော်လည်း ယခု ထိုအရာအား လေးစားစွာ ပေးအပ်လာရာ လုရွှမ်သည် သူ့တုံ့ပြန်မှု မပြုနိုင်လောက်အောင် အခြေအနေက ပြောင်းလဲနေပြီဟု ခံစားလိုက်ရသည်။
ခဏလောက် စဉ်းစားပြီးနောက် လုရွှမ် ယွိလင်းလုံကို ယွမ့်လင်ထံ ပြန်တွန်းပို့လိုက်သည်။
"ငါက မင်းရဲ့သခင်လေး မဟုတ်ဘူး.... မင်းငါ့ကိုအရမ်း လေးစားနေစရာ မလိုဘူး... ပြီးတော့ ငါဒီ ယွိလင်းလုံကို မလိုချင်ဘူး မင်းအတွက်ပဲသိမ်းထားလိုက်"
လုရွှမ်လည်း ဒီလိုဈေးပေါတဲ့ ပစ္စည်းကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိခဲ့ဘူး။
လုရွှမ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါ ယွမ့်လင်မှာ ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့၏။
"ဟုတ်ကဲ့.... သခင်လေးက ထူးဆန်းတဲ့ ရတနာတွေတောင် ရနိုင်ခဲ့တာပဲ ဒါကြောင့် ဒီအရာက သခင်လေးရဲ့ မျက်လုံးထဲမှာ သဘာဝကျကျ ဘောင်ဝင်မှာ မဟုတ်ဘူး.... ဒီလက်အောက် ငယ်သားက ဒါကို ခဏသိမ်းထားလိုက်ပါ့မယ်။ နောင်တစ်ချိန် သခင်လေး လိုအပ်လာရင် ဒီငယ်သားက ထုတ်ပေးပါ့မယ်!"
စကားပြောပြီးသောအခါ ယွမ့်လင် ယွိလင်းလုံကို ဖယ်ထားလိုက်သည်။ ထို့နောက် လုရွှမ် ရှေ့မှာ တလေးတစား ကျောပေးရပ်၍ တုံးဖန်းပိုင်ကို စူးစိုက်ကြည့်ကာ
"တုံးဖန်းပိုင်.... နင်က ငါ့သခင်လေးကို ဒုက္ခပေးဝံ့တယ်ပေါ့.... ငါအခုနင်နဲ့ အသေအကြေ တိုက်ပြီး နင့်ရဲ့ခွေးအသက်ကို နှုတ်ပစ်မယ်"
စကားပြီးသောအခါ သူမက
"သခင်လေး မြန်မြန်သွားတော့ ကျွန်မသူ့ကို တားထားမယ်!"
ယွမ့်လင်က သူမခန္ဓာကိုယ်ထဲက စွမ်းအင်အားလုံးကို လှိမ့်ချလိုက်ပြီး တုံးဖန်းပိုင်ဆီ ပစ်သွင်းလိုက်၏။ လုရွှမ် ယွိလင်းလုံကို ကောက်ကိုင်၍ ရန်ဖြစ်နေပြီ ဖြစ်သော နှစ်ယောက်ကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် ခါးသက်သက် ပြုံးလိုက်လေသည်။
သူ ယွိလင်းလုံကို ငုံ့ကြည့်လိုက်တော့ ထူးထူးခြားခြား ရတနာတစ်ခု ဖြစ်မယ်လို့ ယူဆပြီး ကျောက်စိမ်းပြားထဲကို တိတ်တဆိတ် ပစ်ချလိုက်ပြီး ကလေးမလေးကို ကစားဖို့ ပေးလိုက်၏။
သူတို့နှစ်ယောက်ကြားက ရန်ပွဲကြောင့် မြေကြီးတွေ ပြိုကျပြီး ပတ်ဝန်းကျင်လည်း အလွန်အမင်း ပျက်စီးနေပြီ။
နှစ်ယောက်စလုံးက သူတော်စင်တစ်ပိုင်း အဆင့် ၄ဆိုပေမယ့် တုံးဖန်းပိုင် အနည်းငယ် ပိုအားကောင်း နေတယ်ဆိုတာ သိသာလေသည်။ လေမိုးကြိုးဂိုဏ်း ကျဆုံးခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လေမိုးကြိုးဂိုဏ်း နောက်ဆုံးတပည့်အဖြစ် ယွမ့်လင်ရခဲ့တာက လေမိုးကြိုးဂိုဏ်းရဲ့ ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်တဲ့ အမွေဖြစ်မည်။
မဟုတ်ရင် အင်အားချင်း သိပ်မကွာဘူး ဆိုရင်တောင်မှ မပြည့်စုံတဲ့ အမွေတွေကြောင့် မဟုတ်ရင် ယွမ့်လင်ဟာ တုံးဖန်းပိုင်ဆီကနေ နေရာပေါင်းစုံမှ ဖိနှိပ်ခံရမည် မဟုတ်ပေ။
လက်ရှိ အခြေအနေကို ကြည့်လျှင် ယွင့်လင်သည် ခေါင်းဖြတ်ခံရတော့မှာ မလွဲမသွေပင်။
သွားရမလား?
လေမိုးကြိုးဂိုဏ်းနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ အဲဒီနှစ်တုန်းက သူ လေမိုးကြိုးဂိုဏ်းကို ဝင်တိုက်ပြီး သဘောထားကြီးကြီးနဲ့ တခြားသူတွေဆီကနေ အပြီးအပိုင် အမွေရလိုက်တဲ့ အရာတွေတောင် ရှိခဲ့ဖူး၏။
အခုတော့ မူလပိုင်ရှင်ဆီ ပြန်ပေးရမယ့် အချိန်ရောက်ပြီ ထင်ပါသည်။
"ယွမ့်လင် ခဏလောက် အနားယူလိုက်.... ငါလာမယ်!"
ယွမ့်လင်က စိတ်လှုပ်ရှားနေပေမယ့် တုံးဖန်းပိုင်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် တားဆီးလိုက်သည်။
"သခင်လေး သွားတော့!! သခင်လေးရဲ့ အရည်အချင်းက ထူးကဲပေမယ့် အခု မသန်မာသေးဘူး.... ဒါကြောင့် ထင်းမစိုက်ဘဲ စိမ်းလန်းတဲ့ တောင်တွေကို ကယ်တင်လို့ မရဘူး.... အနာဂတ်မှာ လေမိုးကြိုးဂိုဏ်းကို ပြန်တည်ဆောက်ပြီး ဂိုဏ်းကို ပြန်အသက် သွင်းနိုင်မယ်ဆိုရင် ဒီ လက်အောက် ငယ်သားလည်း စိတ်အေးလက်အေး သေနိုင်ပါပြီ"
လုရွှမ် ခဏတာ စကားမပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။ အခုသူ ထွက်သွားချင်ရင်တောင် အနည်းငယ် အားနာနေမိလိမ့်မည်။
သူသည် ရှေ့သို့ ပြေးသွားပြီး နောက်ထပ် လေဟာနယ် လေပြင်းလက်ဝါးများကို ကျဲချလိုက်သည်။ တစ်ကိုယ်လုံး မမောပန်းလာခင် စိမ်းပြာနဂါးရဲ့ နှလုံးဟာ အရင်ကလို တဟုန်ထိုး ခုန်နေပြီး ထွက်လာတဲ့ စွမ်းအားတွေရော ခွန်အားရော အရည်အသွေးရော အရင်ကထက် ပိုပြင်းထန်လာလေ၏။
ဒါက စိမ်းပြာနဂါးရဲ့ နှလုံးကို မြှင့်တင်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လုရွှမ် မသိခဲ့တာက စိမ်းပြာနဂါးရဲ့ နှလုံးဟာ ဒီနှစ်အတွင်း လေ့ကျင့်မှုကြောင့် သူ့ခန္ဓာကိုယ်နဲ့ လုံးလုံးလျားလျား ပေါင်းစပ်သွားခြင်းပင်။ ထို့ကြောင့် သူသည် သူ၏စွမ်းအင်များ ကုန်ဆုံးပြီးနောက် စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းက ခုန်တက်သွားပြီး သူ၏ ခွန်အားများ တိုးလာခြင်း ဖြစ်သည်။
မဟုတ်ပါက သူ့ခန္ဓာကိုယ်သည် လုံးဝ ခံနိုင်တော့မည် မဟုတ်ပေ။
တုံးဖန်းပိုင်၏ မျက်လုံးများသည် ပို၍လေးနက်လာပြီး ကောင်းကင်တွင် ပျံဝဲလာသော လေဟာနယ် လေပြင်းလက်ဝါးကို မယုံနိုင်စွာ ကြည့်နေမိသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
လေပြင်းလက်ဝါးနှင့် ပတ်သက်၍ တုံးဖန်းပိုင် ဒဏ္ဍာရီတချို့ကို ကြားဖူးခဲ့သည်။ ၎င်းသည် လေမိုးကြိုးဂိုဏ်း၏ အကျော်ကြားဆုံးသော ကျွမ်းကျင်မှု တစ်ခု ဖြစ်သည်။
တိုက်ခိုက်ရေး စွမ်းအားအရ သူတော်တစ်ပိုင်း အောက်တွင်ရှိပြီး သူတော်စင်တစ်ပိုင်း ပြီးနောက် သဘာဝအတိုင်း နဂါးဆင်ရွှေလက်ဝါးကိုပင် အုပ်စိုးနိုင်သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း သုံးရာအတွင်း ဧကရာဇ်ငါးပါးထဲ ဧကရာဇ်တစ်ပါး၏ မဟာစစ်ပွဲကြီး အပြီးမှာတော့ ဂိုဏ်းခြောက်ခုလုံး ဆုတ်ယုတ်သွားကာ လျှို့ဝှက်စာအုပ်ကြီးများလည်း ပျောက်ဆုံးသွားရာ ယနေ့ခေတ်မှာ ဘုန်းကျက်သရေကို ဘယ်တော့မှ ပြန်မတွေ့ရတော့သည်မှာ နှမြောစရာ ကောင်းလှသည်။
တုံးဖန်းပိုင်သည် ဤဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့သော်လည်း သူ့တွင် အလိုလိုသိနားလည်မှု မရှိခဲ့ပေ။ သို့သော် ယခု သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူငယ်တစ်ဦးက ကြီးကျယ်ခမ်းနားတဲ့ လက်ဝါးကို အမှန်တကယ် ထုတ်ပြလာခဲ့ရာ သူ့ကို အလွန် မနာလို ဖြစ်စေခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ထုတ်လွှတ်လိုက်သော ကြီးကျယ်ခမ်းနားသော လေဟာနယ် လေပြင်းလက်ဝါးသည် သူ၏ သူတော်စင်တစ်ပိုင်း အဆင့်၄ စွမ်းအားရဲ့ ၈၀ ရာခိုင်နှုန်းကို အမှန်တကယ် ပိတ်ဆို့ထားနိုင်သည်။
အခုအချိန်မှာတော့ လုရွှမ်ကို ဖမ်းပြီး လျှို့ဝှက်ထားတဲ့ လေပြင်းလက်ဝါး စာအုပ်နဲ့ သူ့ခန္ဓာကိုယ်ပေါ်က ရတနာတွေကို ရှာဖွေဖို့ အတွေးတစ်ခုပဲ ရှိလေတော့သည်။
"မင်းမှာ စွမ်းအင်တွေ ရှိသေးတာပဲ"
တုံးဖန်းပိုင် သိပ်မအံ့သြဘဲ အော်ဟစ်လိုက်ပြီး ဒီလူမှာ တခြားမှော်ရတနာတွေ ရှိမယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွား၏။ ဒါတွေက သူ့စိတ်ကို ဆက်လက် တိုက်ပွဲဝင်နိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့သည်။
ရတနာတွေအကုန် သူ့အပိုင်သာ ဖြစ်ရမည်။
လုရွှမ်မှာ တုံးဖန်းပိုင် ဘာတွေ တွေးနေမှန်းကို မသိသလို သူသိလည်း စိတ်မဝင်စားပေ။ ယခုအချိန်သည် လေဟာနယ် လေပြင်းလက်ဝါး၏ စွမ်းအားသည် ယခင်အကြိမ်ထက် ပိုမိုမြင့်မားနေသေးကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး စိမ်းပြာနဂါးကြီး၏ စွမ်းအားကိုပင် ဖျတ်ခနဲ သယ်ဆောင်သွားခဲ့သည်။
သူ့စိတ်တွေ လှုပ်ရှားလာသည်နှင့် တပြိုင်နက် ယွမ်ယန်ကျင့်စဥ်သည် တခဏချင်းတွင် စိမ်းပြာ နဂါးကြီး၏ အရိပ်အာဝါသကို တုပကာ ရုတ်တရက် စိမ်းပြာရောင် နဂါးကြီးအသွင် ပြောင်းလဲသွားပြီး လေထ ပျံထွက်သွားခဲ့သည်။
ဝူး!
နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံက တောင်တွေ သစ်တောတွေဆီအထိ ပဲ့တင်ထပ်သွားလေသည်။
စိမ်းပြာနဂါးသည် အသက်ရှင်နေသည့် အတိုင်းပင်။ သူ့မျက်လုံးများသည် တကယ့် နဂါးတစ်ကောင်ကဲ့သို့ သွက်လက်သည်။ တောင်တန်းများပေါ်ရှိ တောအုပ်ထဲ ဝိညာဥ်သားရဲများမဗာ ကြက်တွေ၊ ခွေးတွေ ပျံဝဲနေသလို ကြောက်အားကြီးစွာ ထွက်ပြေးကြ၏။
တချို့က မြေပြင်ပေါ်တွင် ပျပ်ဝပ်၍ အလိုလို လက်မြှောက်လိုက်ကြသည်။
တုံးဖန်းပိုင် အံ့အားသင့်သွားပြီး ခဏလောက် စိတ်ပျက်လုနီးပါး ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ရွှင်မြူးကာ တစ်ဖန် ပို၍ပင် ထိတ်လန့်သွားခဲ့ပြန်သည်။
ကံကောင်းထောက်မစွာပင် ပြိုင်ဘက်သည် လုံလောက်စွာ ကြံ့ခိုင်မှု မရှိခဲ့ပေ။ မဟုတ်ပါက သူသည် တိုက်ခိုက်ရန် မလိုတော့ဘဲ ဤနဂါး၏ တိုက်ရိုက် ချေမှုန်းခြင်းကို ခံခဲ့ရပေလိမ့်မည်။
ယွမ့်လင်သည် လေဟာနယ် လေပြင်းလက်ဝါးမှ ဖြစ်ပေါ်လာသော စိမ်းပြာရောင် နဂါးကြီးကို စိုက်ကြည့်ကာ လုရွှမ်ကို ပို၍ မြတ်နိုး လေးစားလာကာ ချက်ချင်းပင် သူမမျက်လုံးများ မျက်ရည်များ စီးကျလာသည်။
"ဆရာ.... နောက်ဆုံးတော့ တပည့်တို့ရဲ့ လေမိုးကြိုးဂိုဏ်း ပြန်ပြီး နလန်ထူနိုင်တော့မယ်!!"
ထိုအချိန်တွင် လုရွှမ်သည် သူ၏ခေါင်း ကိုက်လာခြင်းမှာ အလွန်ပြင်းထန် လာသည်ဟုသာ ခံစားနေရသည်။ စိမ်းပြာနဂါးရဲ့ အရှိန်အဝါက သူ့ရဲ့ယွမ်ချီနှင့် စိတ်ဝိညာဉ် စွမ်းအားများကို ကုန်ဆုံးလုနီးပါး ဖြစ်စေသည်။
ခဏကြာတော့ စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံသည် အနည်းငယ် နှေးကွေးသွားသည်။
နောက်ဆုံးတွင် စိမ်းပြာနဂါး၏ အသွင်သဏ္ဌာန်မှာ လုရွှမ်ထံမှ စွမ်းအားကို မစုပ်ယူတော့ပေ။ လုရွှမ် ဖီးနစ်အတောင်ပံများကို သူ့နောက်ကျောတွင် ဖြန့်ကျက်လျက် အတတ်နိုင်ဆုံး ကြိုးစားထိန်ထား၏။
မဟုတ်ပါက ယခုချက်ချင်းပင် လဲကျပြီး သေသည်အထိ ပစ်ချခံရမည် ဖြစ်သည်။
တုံးဖန်းပိုင်၏ တစ်ကိုယ်လုံး ယွမ်ချီများ ပျံ့နှံ့သွားပြီး သူတော်စင်တစ်ပိုင်း၏ စွမ်းအား သဲလွန်စများ ထွက်ပေါ်လာကာ သူ့နောက်မှ လူသတ်ဓားသည် တစ်ဖန် ပြန်လည် ပုံဖော်လာခဲ့သည်။
ယခင်ပြင်းထန်သော ဓားနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ပိုကြီးပြီး အန္တရာယ်များလာကာ ၎င်း၏အရောင်မှာ သွေးနီရောင် မဟုတ်တော့ဘဲ အနက်ရောင် ဖြစ်လာသည်။
လူသတ်ဓား၏ အစွမ်းကို လူတိုင်း ခံစားမိသည်။ ဤဓားသည် သရဲတစ္ဆေများ အော်ဟစ်သံများကို သယ်ဆောင်ထားလျက် ဓားစွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ တခဏချင်းတွင် တောင်များနှင့် မြစ်တို့သည် အရောင် ပြောင်းသွားသကဲ့သို့ ကမ္ဘာကြီးသည်လည်း အသံပျောက်သွားလေသည်။