← Chapters

ဒီကိစ္စကို ရှင်းပြစမ်း

Vol. 10 Ch. 9

ဒီကိစ္စကို ရှင်းပြစမ်း

Vol. 10 Ch. 9

“ပိုးကောင်နယ်မြေထဲကို သွားစုံစမ်းရင်းနဲ့ သူတို့ရဲ့စစ်နောက်ခံဒေသတွေမှာ ပိုးကောင်တွေနည်းနည်းပဲရှိနေတာကို သတိပြုခဲ့မိပါတယ်။ ဂိုင်ယာရဲ့တွက်ချက်မှုအရ ဘယ်ဘက်ကနေ ကျွန်မတို့ကို လာတိုက်မလဲ မသိရပေမဲ့ ရန်သူက စစ်မျက်နှာအသစ်ဖွင့်ဖို့တော့ သေချာနေပါပြီ။”

အေမီက ပြန်ရောက်ရောက်ချင်းပဲ ရုံးခန်းထဲဝင်လာပြီး မက်ဒါနာကို အစီအရင်ခံပါတယ်။ မက်ဒါနာက အေမီရဲ့ပျက်စီးလာတဲ့ စစ်နတ်သမီးဝတ်စုံကို လက်နဲ့ကိုင်ပြီး သုံးသပ်ကြည့်နေတယ်။

“ယင်ကောင်နဲ့တွေ့ခဲ့တာလား၊ သူလည်း ပိုစွမ်းအားကြီးလာတဲ့ပုံပဲ။ ပြောရရင် ပိုးကောင်ဗိုလ်ချုပ်တွေအားလုံး အခုတလောစွမ်းအားကြီးပြီး စည်းလုံးလာနေတာ။”

မက်ဒါနာနဲ့အေမီက တစ်​ယောက်ကိုတစ်​ယောက်ကြည့်လိုက်ကြပါတယ်။ စစ်မြေပြင်က အပြောင်းအလဲတွေထဲမှာ သိပ်မသိသာတဲ့အပြောင်းအလဲဖြစ်ပေမဲ့ မက်ဒါနာက အဲဒီအချက်ကို အနည်းနဲ့အများတော့ သတိထားမိတယ်။

“စစ်မြေပြင်မှာ ဘာရွန်ပေါ်မလာတာကြာပြီပဲ။ ဘာရွန်ကြောင့် ဗိုလ်ချုပ်တွေမစည်းလုံးဖြစ်နေရာကနေ အခုစည်းရုံးသွားတယ်ဆိုတော့။” မက်ဒါနာက စဥ်းစားနေရင်းကနေပြီး ပြောလိုက်တော့ အေမီကလည်း သူတွက်ချက်မိတဲ့အပိုင်းကို ထုတ်ပြောလာခဲ့ပါပြီ။

“ပိုးကောင်စစ်တပ်ကို တာဝန်ယူတဲ့လူ ပြောင်းသွားတာမျိုး ဖြစ်နိုင်မလား။”

“ဖြစ်နိုင်တယ်၊ ပြီးတော့ ဘာရွန်ကို အစားထိုးနိုင်တဲ့သူဆိုလို့ ငါတွေးမိသလောက် အသစ်ရောက်လာတဲ့ ပိုးဟပ်ပဲရှိတာ။”

အဲဒီနောက်တော့ သူတို့နှစ်ယောက်စလုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်သွားကြတယ်။ အေမီက ပထမဆုံး သတိပြန်ဝင်လာသူဖြစ်ပြီး သခင်မလေးကို ဦးညွှတ်လိုက်ပါတယ်။

“ဒီသုံးသပ်ချက်ကို မဟာမိတ်တွေနဲ့ကျန်တဲ့မစ်ရှင်အဖွဲ့သားတွေဆီ ကျွန်မပို့ပေးလိုက်ပါမယ်။လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေတွေမရှိပေမဲ့ အဲဒီလက္ခဏာမျိုးရှိနေပြီဆိုတော့ သတိထားရမယ်။”

စစ်ပွဲတစ်ပွဲမှာ ရန်သူဘက်က စစ်သူကြီးပြောင်းလဲသွားခြင်းဟာ အရေးကြီးတဲ့ပြဿနာပါ။ စစ်သူကြီးအသစ်ရဲ့ဗျူဟာတွေ၊ ချဥ်းကပ်ပုံတွေက အရင်ကနဲ့ တူတော့မှာမဟုတ်လို့ လက်ရှိမိမိတို့အသုံးပြုနေတဲ့ တုံ့ပြန်နည်းဗျူဟာတွေကလည်း စစ်သူကြီးအသစ်ရဲ့ဗျူဟာတွေနဲ့ ကိုက်ညီချင်မှ ကိုက်ညီတော့မှာပါ။ ဒါက စစ်မြေပြင်တစ်ခုလုံးအတွက် အရေးကြီးတဲ့ သတင်းဖြစ်တယ်။

အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတဲ့နောက်မှာတော့ အေမီက တိုင်ကပ်နာရီက ပြနေတဲ့အချိန်ကို ကြည့်လိုက်တယ်။ အခန်းထဲက အမှိုက်ပုံးထဲမှာ ယိုကီဆိုဘာပေါင်မုန့်ထည့်တဲ့ ပလစ်စတစ်အိတ်ကိုမြင်တော့ မမလေးနေ့လယ်စာစားပြီးပြီဖြစ်ကြောင်း သုံးသပ်ပြီး ပြောလိုက်တယ်။

“နေ့လယ်စာစားချိန်ကျော်သွားပြီဆိုပေမဲ့ မမလေးအတွက် အစာပြေလက်ဖက်ရည်နဲ့သရေစာတွေပြင်ပေးမယ်လေ။ အခုတော့ ခွင့်ပြုပါဦး။”

အေမီက မက်ဒါနာအတွက် လက်ဖက်ရည်ဝိုင်းပြင်ပေးဖို့ အခန်းထဲကနေ ကြော့ကြော့​လေး စတင်ထွက်ခွာတယ်။ ဒါပေမဲ့ အခန်းတံခါးလက်ကိုင်ဘုကို လှည့်ဖွင့်နေတုန်း မက်ဒါနာကို လှည့်ကြည့်ပြီး သတိပေးလိုက်လေရဲ့။

“မမလေး၊ အသင့်စားပေါင်မုန့်တွေက ဗိုက်ဝတယ်ဆိုပေမဲ့ အဆာမခံသလို ကြာရှည်ခံဆေးတွေကြောင့် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ ကျွန်မမရှိရင် အနည်းဆုံးတော့ ကန့်တင်းသွားပြီး ထမင်းစားသင့်ပါတယ်။”

“ဟုတ်ပါပြီ၊ ငါမှတ်ထားလိုက်ပါ့မယ်။” မက်ဒါနာက အေမီကို လက်ပြလိုက်တယ်။ ဒီတော့မှ ​အေမီက သက်ပြင်းချပြီး အခန်းအပြင်ကိုထွက်သွားတယ်။

...

“ကောင်လေး၊ မင်းက တကယ်ကြီး ဒုတိယနှစ်တွေကို စိန်ခေါ်မလို့လား။ ပြီးတော့ အဲဒီကာတာနာနဲ့ကောင်မလေးတဲ့။”

အီဂိုက သူ့ရှေ့က ကောင်လေးကို သေချာအောင် ကြည့်ပြီးမေးလိုက်တယ်။ ဆံပင်ကို အနီရောင်ဆိုးထားပြီးတော့ ဆိုင်ကယ်ဂိုဏ်းက လူမိုက်ခေါင်းဆောင်လိုလိုဘာလိုလိုနဲ့။

“ဆရာက ဘာလဲ၊ ​ကျွန်တော့်ကို အားနည်းတယ်လို့ထင်တာလား။ ပထမနှစ်မှာ ကျွန်တော့်ကိုနိုင်မယ့်လူမရှိလို့ ဒုတိယနှစ်ကိုလာပြီး စိန်ခေါ်တာလေ။”

အီဂိုက ဖီးလစ်ကို ဘယ်လိုမှဖျောင်းဖျမရတဲ့အတွက်သက်ပြင်းချလိုက်ပြီး ပခုံးကိုပုတ်ကာ နားနားကပ်ပြီး တီးတိုးပြောလိုက်လေရဲ့။

“ငါလည်း ပထမတုန်းက မင်းလိုပဲ ယုံကြည်ချက်တွေအပြည့်နဲ့ ဖြစ်ခဲ့တာကွ။ ဒါပေမဲ့ အဲဒီကောင်မလေးကို စိန်မခေါ်ခင် ပိုအားနည်းတဲ့ကောင်တွေကို စိန်ခေါ်သင့်တယ်လို့မထင်ဘူးလား။”

အီဂိုကလည်း ဒီကလေးတွေကို ဆိုးဆိုးဝါးဝါးရှုံးခဲ့ဖူးတဲ့သူမလို့ ဖီးလစ်ကို အကြံပေးလိုက်တာပါ။ ဒါပေမဲ့ ဖီးလစ်ကတော့ တစ်မျိုးမြင်သွားပါတော့တယ်။

“ခင်ဗျားက ကျုပ်စွမ်းအားကို မယုံဘူးပဲ။ ဒါဆိုလည်းကောင်းပြီလေ။ အဲဒီနှစ်ယောက်ကို စိန်ခေါ်မယ်။”

အီဂိုက ဂိုးလ်နဲ့ဘယ်လာကို လက်ညိုးထိုးပြီးပြောတယ်။ အီဂိုက မျက်ခုံးပင့်လိုက်ပြီးတော့ “ကောင်လေး၊ မင်းက ဒီကိုတစ်ယောက်ချင်းစိန်ခေါ်ဖို့လာတာမဟုတ်ဘူးလား။”

“ဒါပေမဲ့ အဲဒီနှစ်​​ယောက်က အားနည်းတယ်မဟုတ်ဘူးလား။ ဝင်ခွင့်စာမေးပွဲတုန်းက D rank ကိုတောင်မတားနိုင်ဘူးလေ။”

ဘယ်လာနဲ့ဂိုးလ်ကတော့ ဖီးလစ်ရဲ့စကားတွေကို နားထောင်ရတာ ပင်ပန်းနေပြီဖြစ်ပြီးတော့ အီဂိုကို ပြောလိုက်တယ်။

“ဆရာအီဂို၊ ကျွန်တော်တို့ ဒီကောင်လေးကိုတိုက်ဖို့ သဘောတူပါတယ်။”

“ကောင်းပြီလေ။” အီဂိုလည်း စိတ်အားထက်သန်နေတဲ့ တပည့်တွေကို မတားတော့ဘဲ တိုက်ဖို့စီစဥ်​ပေးပါတယ်။ အီဗန်၊ နျူရေနဲ့ တခြားကျောင်းသားတွေက တိုက်ပွဲကွင်းပြင်ရဲ့ပရိသတ်ထိုင်ခုံတွေမှာ နေရာယူလိုက်ပြီး ပွဲထဲမှာတော့ ဒိုင်အဖြစ်နေမယ့် အီဂိုရယ် တိုက်ခိုက်မယ့် ဘယ်လာ၊ ဂိုးလ်၊ ဖီးလစ်တို့ပဲ ကျန်ခဲ့တယ်။

“အတန်းကြီးတွေ၊ ဒီနေ့မင်းတို့ကို ငါပြာချပစ်မယ်။”

ဖီးလစ်က တိုက်ပွဲစစချင်းမှာပဲ သူ့လက်ထဲ မီးတွေကို စုစည်းလိုက်ပြီး စွမ်းအင်တန်းတစ်ခုအဖြစ်နဲ့ ဘယ်လာနဲ့ဂိုးလ်တို့ကို ပစ်လိုက်ပါတယ်။ ဘယ်လာကတော့ သလင်းကျောက်ဒိုင်းတစ်ခုကိုဖန်တီးလိုက်ပြီး မီးတန်းကိုကာကာ ဂိုးလ်ကတော့ ခုန်ထွက်ပြီးစတိုက်တယ်။

“နှစ်ယောက်တစ်ယောက်တိုက်တယ်ဆိုပြီးတော့ လူအင်အားသာတာကို အသုံးချတန်ပြန်တိုက်စစ်ဆင်မလို့လား။ မရဘူးကွ။”

ဖီးလစ်က ဘယ်လာကိုတိုက်နေတဲ့ မီးတန်းကိုလက်တစ်ဖက်တည်းနဲ့ထိန်းပြီး တခြားတစ်ဖက်နဲ့ ဂိုးလ်ကိုလှည့်တိုက်ဖို့ပြင်ပေမဲ့ သူ့လက်တွေခြေတွေကို လှုပ်လို့မရတော့ဘူး။

“ဘာ...” သူ့ကိုယ်သူ ပြန်ငုံကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံးကို သလင်းကျောက်လွှာတစ်ခုက ဖုံးလွှမ်းနေပြီဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကနေစလို့ ပခုံးအထိ ရုပ်ထုတစ်ခုလိုဖြစ်နေပါပြီ။

“ငါတို့ရဲ့တိုက်စစ်က မင်မီးလုံးမပစ်ခင်ကတည်းက စနေခဲ့တာပါနော်။ မင်းက သတိမထားမိရုံပဲ။”

ဘယ်လာက လေသံအေးအေးနဲ့ပြောလိုက်ပါတယ်။ ဖီးလစ်က သူ့စွမ်းအားတွေကို ခန္ဓာကိုယ်ထဲကနေ ဖောက်ထုတ်ပြီး သလင်းကျောက်အလွှာတွေကို ရှင်းထုတ်ဖို့လုပ်ပေမဲ့ နောက်ကျသွားပြီ။ ဂိုးလ်ရဲ့ဧရာမလက်သီးက သူ့မျက်နှာကို ထိုးမိပြီးသားဖြစ်သွားပြီမလို့ပါ။

ဘုန်း....

ဖီးလစ်ရဲ့ခန္ဓာကိုယ်က လေထုထဲမြောက်တက်သွားပြီး အခန်းထောင့်တစ်ထောင့်မှာ ကွေးကွေးလေးပြန်ပြုတ်ကျလာပါတယ်။ အီဂိုက ဖီးလစ်ရဲ့အခြေအနေကို စစ်ဆေးလိုက်ပြီးတော့ ပြောလိုက်လေရဲ့။

“မင်းနားလည်ပြီလား၊ မင်းအခုရင်ဆိုင်နေတာက ဒုတိယနှစ်ရဲ့အထူးတန်းပဲ။ တချို့ကလေးတွေက ငါ့ထက်တောင် စွမ်းအားကြီးတယ်။ ပြီးတော့ မင်းရင်ဆိုင်ခဲ့တဲ့နှစ်ယောက်က အတွဲလိုက်တိုက်ခိုက်တဲ့နေရာမှာ နာမည်အကြီးဆုံးပဲ။”

ဖီးလစ်ကတော့ ဖူးရောင်နေတဲ့ သူ့ပါးပြင်ကိုဆုပ်ကိုင်ရင်း ပြန်မတ်တပ်ရပ်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ တိုက်ပွဲဝင်ချင်စိတ်အပြည့်နဲ့ တောက်ပနေဆဲပဲ။

“မိုက်တယ်၊ ဒုတိယနှစ်တွေထဲမှာ ကြောက်စရာကောင်းလောက်အောင် သန်မာတဲ့သူတွေရှိနေတာပဲ။ မဆိုးဘူး၊ မဆိုးဘူး.... ငါ့ရဲ့လှေကားထစ်ဖြစ်လာမယ့်သူတွေရှိနေတာပဲ။”

အီဂိုက ကောင်လေးရဲ့စိတ်ဓာတ်ခွန်အားကိုကြည့်ပြီးမျက်ခုံးပင့်လိုက်မိပါတယ်။ ဖီးလစ်ကတော့ ကွင်းထဲရှိနေသေးတဲ့ ဂိုးလ်နဲ့ဘယ်လာကို လက်ညိုးထိုးပြီး ပြောလိုက်လေရဲ့။

“ငါက လေ့ကျင့်ပြီးတိုင်း ပိုသန်မာလာမှာ၊ နောက်တစ်လအတွင်း မင်းတို့နှစ်ယောက်ကို အနိုင်ယူပြမယ်။”

အဲဒီနောက်တော့ ဖီးလစ်က သူနဂိုက စိန်ခေါ်ဖို့လုပ်ခဲ့တဲ့ လီနာကို ပြန်ကြည့်လိုက်တယ်။ “ပြီးတော့ မင်း၊ မင်းက သူတို့ထက် ပိုသန်မာတယ်မဟုတ်လား။ ဒီနှစ်ဝက်မကုန်ခင် ငါမင်းကို စိန်ခေါ်ပြမယ်။”

လီနာကတော့ ဖီးလစ်ကို ခံစားချက်မဲ့တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး အေးစက်စွာပြောလိုက်ပါတယ်။ “အဲဒီလိုအရာမျိုး ဖြစ်လာမှာမဟုတ်ဘူး။”

တခြားဒုတိယနှစ်တွေက သိပ်ပြီးတော့ ထူးထူးခြားခြားခံစားရပုံမပေါ်ဘူး။ ဒါပေမဲ့ အီဗန်ကတော့ ဖီးလစ်ကို သဘောကျသွားခဲ့ပါပြီ။

“ဒီကောင်က ဆိုးဆိုးဝါးဝါးအရိုက်ခံထားရတာတောင် မာန်တက်ရဲနေတုန်းပဲ။ ဝင်ခွင့်တုန်းက ငါ့အရှိန်အဝါအောက်မှာ ဖိနှိပ်ခံခဲ့ရပေမဲ့ နောက်ဆုံးတော့လည်း ပန်းဝင်ခဲ့တာပဲမဟုတ်လား။” သူက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

...

“ဟား... အကြာကြီးတိုက်ပွဲဝင်ခဲ့ပြီးမှ အိပ်ရာပေါ်မှာအကြောဆန့်ခွင့်ရတာပဲ။” အသစ်ခင်းထားတာ မကြာသေးတဲ့ အိပ်ရာခင်းပေါ်မှာ ကျောဆန့်ရင်းနဲ့ နတ်သူငယ်မလေးက ညည်းညူလိုက်တယ်။

ဒီနေ့က ဆိုဖီယာအတွက် နားရက်လေးပါ။ ဖရက်နဲ့ဖရာလီတာက ဒီနေ့သူ့အစား တာဝန်ကျတယ်လေ။ ဒါကြောင့်မလို့ နေ့မွန်းလွဲတဲ့အထိ အိပ်ရာထဲ အနားယူခွင့်ရနေတာပါ။

ဂွီ...

ဒါပေမဲ့ ဝမ်းဗိုက်ဆိုတဲ့ လက်တွေ့ဘဝရဲ့အန္တရာယ်ကောင်ကြီးက မြည်ဟီးလာတဲ့အတွက် အနားယူရာမွေ့ရာလေးကနေ ထဖို့အတွက် အကြောင်းဖန်လာပါလေရော။

“အာ့... နေ့လယ်စာစားချိန်တောင် ကျော်သွားပြီပဲ။” ဆိုဖီယာက စားပွဲခုံပေါ်က စားပွဲတင်နာရီကိုကြည့်ရင်း ရေရွတ်လိုက်တယ်။ ကန့်တင်းမှာ ဒီအချိန်ဆို ဘာစားစရာမှ မကျန်တော့ဘူးလေ။

“နေ့တော့၊ လိုင်းပေါ်ကနေပဲ မှာစားတော့မယ်။” ဆိုဖီယာက သူ့ဘာသာပြောလိုက်ရင်း ဖုန်းကိုလှမ်းယူပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တံခါးခေါက်သံထွက်လာပါလေရော။

ဒေါက်... ဒေါက်... ဒေါက်...

“ဝင်ခဲ့ပါ။” ဆိုဖီယာက ပြောလိုက်တော့ အခန်းတံခါးပွင့်လာပြီး ပန်းနုရောင်လက်ဆောင်ထုပ်ကြီးကိုသယ်လာတဲ့ စကော်ပီယိုနဲ့မျက်လုံးချင်းဆုံမိသွားပါတော့တယ်။

“စကော်ပီယိုပါလား၊ အခုက တာဝန်ချိန်ပဲရှိသေးတာမဟုတ်လား။”

ဆိုဖီယာရဲ့စကားကို စကော်ပီယိုက ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်ပါတယ်။ အခုစကော်ပီယိုက ကျောင်းရဲ့လုံခြုံရေးမှူးပါ။ မကြာခင်မှာပဲ စကော်ပီယိုက သူလာတဲ့အကြောင်းကို ပြောပါတယ်။

“ကျောင်းကို ဝန်ထမ်းဆောင်လိပ်စာနဲ့ အထုပ်တစ်ထု​ပ်ရောက်လာလို့လေ။ လုံခြုံရေးအကြောင်းပြချက်ကြောင့် အပြင်လူတွေကို အထဲဝင်ခွင့်မပြုတာနဲ့ အထုပ်ကို ဂိတ်မှာတင်လက်ခံပြီး ကိုယ်တိုင်လာပို့တာ။ ပြီးတော့ ဝန်ထမ်းဆောင်မှာ လောလောဆယ်ရှင်ပဲရှိနေတာဆိုတော့။”

“အင်း၊ ထားပါတော့။” ဆိုဖီယာက ချီလုလုအမေဆိုင်ကို ဖုန်းကနေတစ်ဆင့် အမှာစာပို့လိုက်ရင်းနဲ့ စကော်ပီယိုကို အထုပ်ချဖို့ခွင့်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ စကော်ပီယိုကလည်း လက်ဆောင်ထုပ်ကြီးကို စားပွဲပေါ်တင်ပြီး တာဝန်ကျရာကို ပြန်သွားတယ်။

“ဒါပေမဲ့ ဘယ်သူက လက်ဆောင်ထုပ်လိုမျိုး ဝန်ထမ်းဆောင်ကို ပစ္စည်းပို့မှာပါလိမ့်။ အွန်လိုင်းကနေ ပစ္စည်းဝယ်ရင်လည်း ဒီလိုအပြင်အဆင်မျိုးနဲ့ပို့တာရှားပါတယ်။”

ဆိုဖီယာက တွေးကြည့်ပေမဲ့ သူ့စိတ်ထဲမှာ လူတစ်ယောက်ရဲ့မျက်နှာပဲပေါ်လာလေရဲ့။ “မက်ဒါနာကို ဒီလိုပို့မယ့်အပြင်လူဆိုလို့ တင်မီကလွဲပြီး တခြားသူစဥ်းစားလို့မရဘူး။ ဒါပေမဲ့ အဲဒီကောင်လည်း လင်ဒါရဲ့လက်ထောက်လေးနဲ့ ညတိုင်းလျှောက်လည်နေတာမဟုတ်လား။”

ဆိုဖီယာက ဆိုင်းရပ်အကြောင်းကို တွေးလိုက်ပါတယ်။ နောက်တော့ ချီလုလုပို့ထားတဲ့ မနေ့ညက မက်ဆေ့တစ်ခုကို ပြန်ကြည့်လိုက်မိတယ်။ ‘အစ်မကြီးဆိုဖီယာရေ၊ ဒီနှစ်ယောက်က အတွဲတွေဖြစ်သွားပြီလားဟင်။’ ဆိုတဲ့စာသားနဲ့အတူ ဘားဆိုင်လေးတစ်ဆိုင်မှာ အတူထိုင်နေတဲ့ တင်မီနဲ့ဆိုင်းရပ်ရဲ့ပုံကို တွဲပေးထားတာ။

“အသည်းကွဲသမားချင်း ပေါင်းမိသွားတာလား၊ တွဲမိကုန်တာလားမသိပေမဲ့ တင်မီ မက်ဒါနာကိုလိုက်မရှုပ်တော့တာ ဝမ်းသာစရာပဲ။”

ဆိုဖီယာက အခုလိုပြောလိုက်ရင်းနဲ့ လက်ဆောင်ထုပ်ကို ထုပ်ပိုးထားတဲ့ ဖယောင်းစက္ကူကို ဆွဲခွာလိုက်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ အားပေးတဲ့အနေနဲ့ ပြောလိုက်သေးတယ်။

“ဒါက သူများပစ္စည်းကိုဖွင့်ကြည့်ပြီး စပ်စုတာမဟုတ်ဘူးနော်။ ငါက မဟာမိတ်မစ်ရှင်အဖွဲ့ရဲ့လုံခြုံရေးကိုစိတ်ပူလို့ အဖွဲ့ဝင်အနေနဲ့ စစ်ဆေးပေးတာ ဟုတ်ပြီလား။”

ဆိုဖီယာက နောက်ဆုံးတော့ လက်ဆောင်ထုပ်ကိုဖြေချနိုင်ပြီး အထဲက စက္ကူဘူးခွံကို ဖွင့်လိုက်နိုင်တယ်။ အထဲမှာတော့ ကျကျနနချုပ်ထားတဲ့ ချစ်စရာဂါဝန်အဖြူလေးနှစ်ထည်။ တစ်ထည်က အတော်လေးသေးပြီး တစ်ထည်ကတော့ ကြီးတယ်။

“နေပါဦး၊ ဒီကိုယ်တိုင်းက....” ဆိုဖီယာက စပ်စုချင်စိတ်အပြည့်နဲ့ အပေါ်ဆုံးမှာရှိနေတဲ့ ဂါဝန်အသေးကို သာသာလေး ဖြန့်ကြည့်လိုက်ပါပြီ။

“ကိုယ်တိုင်းက နည်းနည်းလွဲနေတယ်ဆိုပေမဲ့ ငါဝတ်လို့ရတဲ့အရွယ်ပဲ။ ပြီးတော့ ဒီဂါဝန်အမျိုးအစားကို ငါတော်တော်လေးရင်းနှီးတယ်။ ခေါင်းပေါ်မှာတင်ရမယ့် ဇာပုဝါလေးလည်း ပါသေးတာပဲ... ဒါက....”

ဆိုဖီယာရဲ့အတွေးတွေက လက်တွေ့ဘဝကိုစွန့်ခွာသွားပြီး အတွေးကမ္ဘာဆီ မျောလွင့်သွားပါတယ်။ အတွေးထဲမှာတော့ တောအရပ်ဒေသက ချက်ကျောင်းလေးတစ်ကျောင်း ပေါ်လာပြီး ဖာသာကြီးရဲ့ရှေ့မှာ ဆိုဖီယာနဲ့ငွေရောင်ဆံပင်နဲ့နတ်သမီးလေးက အတူရပ်နေပါတယ်။ ပြီးတော့ နှစ်ယောက်လုံးက မင်္ဂလာဆောင်ဂါဝန်တွေနဲ့။

“ဟုတ်သားပဲ၊ ငါနဲ့မက်ဒါနာတို့က လက်ထပ်ရမယ့်အဆင့်တောင် ရောက်နေပြီဥစ္စာ။”

ဆိုဖီယာက ကျေနပ်စွာနဲ့ ဂါဝန်အသေးလေးကိုဘေးမှာပုံချထားလိုက်ပြီး ဂါဝန်အကြီးကို ကြည်နူးစွာနဲ့ ထုတ်ကြည့်တယ်။

“အမှန်ပဲ၊ ဒီကိုယ်တိုင်းက မက်ဒါနာရဲ့ကိုယ်တိုင်းပဲ။ ကြည့်ရတာ မက်ဒါနာက ငါ့ကိုမပြောရဲလို့ ပစ္စည်းဝယ်ပြီးပို့လိုက်တာဖြစ်ရမယ်။ ဒါကြောင့် ငါ့ကိုယ်တိုင်းက နည်းနည်းမှားနေတာ။ ကိစ္စတော့မရှိပါဘူးလေ၊ အိမ်မှာ ကိုယ့်ဘာသာသီလိုက်ရင် အဆင်ပြေသွားပြီပဲဥစ္စာ။”

ဆိုဖီယာက သူ့စိတ်ကူးလေးနဲ့သူ တစ်ကိုယ်တည်းပြောနေရင်းနဲ့ ဂါဝန်လေးနှစ်ထည်ကို သေချာပြန်ခေါက်ပြီး ဘူးထဲပြန်ထည့်လိုက်တယ်။ အဲဒီနောက်တော့ ဘူးဖုံးကို ကျကျနနပြန်ပိတ်ရင်း စိတ်ထဲတွေးမိလိုက်တယ်။

“ချုပ်တဲ့ပုံကျသားပဲ၊ ဘယ်ဆိုင်က ချုပ်တာလဲ။” သူ့စိတ်ထဲမှာ သိချင်တဲ့စိတ်ဖြစ်လာပြီး ဘူးဖုံးပေါ်က နာမည်ကိုကြည့်လိုက်တယ်။ နာမည်နဲ့အတူ စာရွက်လေးတစ်ရွက်ကပ်ထားပေးတယ်။

“မဒမ်ဝင့်ဆိုင်ကပဲ၊ ပြီးတော့ စာရွက်လေးတစ်ရွက်ပါသေးတယ်။”

ဆိုဖီယာဖတ်ကြည့်လိုက်တော့ ‘မဒမ်ဝင့်မှ ဝယ်ယူသူများဖြစ်သော မက်ဒါနာနှင့်သူ့ညီမလေးဖရာလီတာအတွက် အကောင်းဆုံးချုပ်ပေးလိုက်ပါသည်။’တဲ့။

ဂျွတ်....

ဒေါသက ရုတ်ချည်းထောင်းခနဲထွက်လာတာကြောင့် ဆိုဖီယာကိုင်ထားတဲ့ စက္ကူဘူးခွံက တစ်စစီဖြစ်သွားပြီ။ နောက်တော့ သက်ပြင်းချလိုက်ပြီး ‘ငါမှားဖတ်မိတာနေမှာပါ။’ ဆိုတဲ့အထာနဲ့ ပြန်ဖတ်ကြည့်လိုက်တယ်။ ဒါပေမဲ့....

“ဘာဖြစ်တယ်... မက်ဒါနာနဲ့ညီမလေးဖရာလီတာအတွက် ဟုတ်လား....”

ရုတ်တရက် စိတ်လှုပ်ရှားလွန်းတာကြောင့် ဆိုဖီယာရဲ့နတ်သူငယ်ခန္ဓာကိုယ်က သဘာဝစွမ်းအင်တွေပေါက်ကွဲထွက်လာပြီး ဝန်ထမ်းဆောင်က သူ့အခန်းတစ််ခုလုံးက ပြတင်းပေါက်မှန်တွေကွဲထွက်ကုန်ကာ နံရံတွေမှာပါ အက်ကြောင်းတွေ ထင်လာပါတော့တယ်။

“နင်တို့နှစ်ယောက်က ငါ့ကိုမပြောဘဲနဲ့ တိတ်တိတ်လေး မင်္ဂလာဆောင်ဖို့ ကြံနေကြတယ်ပေါ့လေ။ ခွင့်မလွှတ်နိုင်ဘူး။”

ဆိုဖီယာက ဂါဝန်အသေးလေးကို ဆွဲထုတ်လိုက်ပြီး သေချာဖြန့်ကြည့်လိုက်တယ်။ “သူငါ့ကိုယ်တိုင်းကို မှားနေတယ်ထင်တာ၊ လက်စသတ်တော့ ဟိုဗြိတိသျှမကိုယ်တိုင်းဖြစ်နေတာပဲ။ ရွံစရာကောင်းလိုက်တာ။”

ဆိုဖီယာက ဖရာလီတာရဲ့မင်္ဂလာဆောင်ဂါဝန်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး တစ်စစီဆွဲဖြဲပစ်လိုက်တယ်။ အဲဒီနောက်တော့ မက်ဒါနာရဲ့မင်္ဂလာဆောင်ဂါဝန်ကိုကိုင်ပြီး အခန်းထဲကနေ ခြေလှမ်းတစ်လှမ်းချင်းစီ လှမ်းပြီးထွက်လာပါတော့တယ်။

“ခွင့်မလွှတ်နိုင်ဘူး... ငါ့နောက်ကွယ်မှာ ဖြစ်ချင်တိုင်းဖြစ်နေရတယ်လို့။”

တဖြည်းဖြည်းနဲ့ဆိုဖီယာက ကျောင်းအုပ်ကြီးရုံးခန်းရှိတဲ့ ပထမနှစ်ဆောင်ဆီရောက်လာပြီး ပထမနှစ်ကျောင်းသားတွေရဲ့စာသင်ခန်းတွေကို ဖြတ်သန်းလာပါတယ်။ ကျောင်းသားတွေက သဘာဝစွမ်းအင်တွေ

ဝန်းရံနေပြီး မင်္ဂလာဆောင်ဂါဝန်တစ်ထည်ကို တရွတ်တိုက်ဆွဲလာတဲ့ နတ်သူငယ်မလေးကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြလေရဲ့။

နောက်ဆုံးတော့ ဆိုဖီယာက ရုံးခန်းရှေ့ရောက်လာပြီး တံခါးခေါက်မနေတော့ဘဲ တံခါးကိုဆောင့်ကန်ပြီးဖွင့်လိုက်တယ်။

ဂျိန်း....

“အောင်မလေး....” ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ အေမီနဲ့အတူ လက်ဖက်ရည်သောက်နေတဲ့ မက်ဒါနာကတော့ ရုတ်တရက်ဝင်လာတဲ့ ဆိုဖီယာကြောင့် ထိတ်လန့်သွားတော့တာပေါ့။ ဒါပေမဲ့ မက်ဒါနာကစိတ်ကို ပြန်ထိန်းရင်း ဆိုဖီယာကို စကားစလိုက်တယ်။

“ဟော ဆိုဖီယာပါလား။ စစ်မြေပြင်က ပြန်လာကတည်းက အိပ်ရာထဲက မထွက်သေးတာဆိုတော့ ဗိုက်ဆာလို့ထလာတာလား။ လက်ဖက်ရည်အတူသောက်ကြမယ်လေ။”

ဆိုဖီယာကတော့ မြေပြင်ကိုစိုက်ကြည့်ရင်းကနေ မင်္ဂလာဆောင်ဂါဝန်ကို မြှောက်ပြကာ မေးလိုက်ပါပြီ။

“ကောင်မစုတ်၊ နင်ဒီကိစ္စနဲ့ပတ်သက်ပြီး ငါစိတ်ကျေနပ်အောင် ရှင်းစမ်း၊ မရှင်းလို့ကတော့ နင့်ကိုလပေါ်ရောက်တဲ့အထိ ကန်ပြမယ်။”

“.....”

All Chapters