အချိန်သခင်
Vol. 111 Ch. 1152
ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ် ပေါ်လာတာကို တွေ့လိုက်ရတဲ့အတွက် တုန်တက်သွားပြီး တလေးတစား ပြောလိုက်ပါတယ် “သခင်ကို ကြိုဆိုပါတယ်”
နတ်သစ်ပင်က ကိုယ်ပွားတစ်ခုလို့ ပြောလို့ရပါတယ်။ သူ့စိတ်ဆန္ဒက အရင်အတိုင်းပဲ ရှိပြီး သီးခြား စိတ်ဝိညာဉ် ဖြစ်မလာပါဘူး။ ဒါက ဖူစန်းသစ်ပင် တစ်ချိန်တည်းမှာ အလုပ်နှစ်ခု လုပ်နေတာလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ် “မင်း မူလ ကာလဒေသနဲ့ ဆက်သွယ်မှု တည်ဆောက်လို့ ရလား”
လွန်ခဲ့တဲ့ နှစ်ဆယ်သန်းကျော်က ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ အသံလွှင့်ပြီး ဒီတာဝန် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဖူစန်းသစ်ပင်က အချိန်-အာကာသကို ကြီးကြပ်သူပါ။ မူလ ကာလဒေသကိုတောင် မထိန်းသိမ်းနိုင်ရင် အချိန်-အာကာသ နတ်ဘုရားလို့ အခေါ်ခံရဖို့ ထိုက်တန်မှာ မဟုတ်ပါဘူး။
“ကျွန်မ သခင်ပြောတဲ့ မူလ ကာလဒေသကို ရှာလို့ မရဘူး၊ ဒါပေမဲ့ ဒီအတောအတွင်း အချိန်-အာကာသကို ဖြတ်သွားတဲ့ ကျင့်ကြံသူတွေ ပိုပိုများလာတယ်၊ ကျွန်မတို့တွေ အချိန်-အာကာ ဖွဲ့စည်းမှုကို တည်ဆောက်သင့်လား၊ အချိန်-အာကာသ ခိုင်ခံ့သွားရင် ကျွန်မ မူလ ကာလဒေသကို အာရုံခံနိုင်လောက်တယ်” နတ်သစ်ပင်ဟာ ရှက်ရှက်နဲ့ ပြန်ဖြေပါတယ်။
“အချိန်-အာကာသ ဖွဲ့စည်းမှုကို တည်ထောင်ဖို့ ငါ ခွင့်ပြုတယ်၊ ငါ မင်းကို အခွင့်အာဏာ ပေးအပ်တယ်၊ ငါ့ကို ဘာမှ မမေးနဲ့၊ မင်း အလုပ် ကောင်းကောင်း မလုပ်ရင် ငါ တခြားလူကို အခွင့်အာဏာ ပေးလိုက်မယ်၊ မင်း ဘာမှမလုပ်ရင်လည်း ဒီနေရာမှာထိုင်ဖို့ မထိုက်တန်ဘူး”
ဖူစန်းသစ်ပင်ဟာ တုန်ယင်သွားပြီး သစ်ရွက်တွေ ကြွေကျလာပါတယ်။ ဒီသစ်ရွက်ကြွေတွေက ဖျော့တော့တဲ့ ဟင်းလင်းပြင်ကို အလှဆင်နေသလို ရှိပါတယ်။
“ကျွန်မ ကြိုးစားပါ့မယ်”
ဖူစန်းသစ်ပင်ရဲ့ အသံဟာ ရှက်ကြောက်နေတဲ့ မိန်းမပျိုလေးလိုမျိုး အားနည်းလှပါတယ်။
ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ ထွက်ခွာလာခဲ့ပါတယ်။
ပထမတော့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို လမ်းညွှန်ချင်တာပါ။ ဒါပေမဲ့ ဒီလောက်ထိ အသုံးမကျတဲ့အတွက် စိတ်ပျက်သွားပါတယ်။ တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်မှပဲ ဆုချမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ မပြန်ဘဲ ဗလာနယ်မြေရဲ့ ထိပ်ဆုံးကို သွားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းဟာ ဒီနေရာမှာ သာလွန်နတ်ခန်းမဆောင်ကို တည်ဆောက်ထားပါတယ်။ ဒါက သူရဲ့ မြင့်မြတ်လှတဲ့ အဆင့်အတန်းကို ပြသတာဆိုရင် မမှားပါဘူး။
ဟန်ကျွယ်လည်း တစ်ခု ဖန်တီးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဖန်တီးချင်တာက ခန်းမဆောင်တစ်ခု မဟုတ်ပါဘူး။ ကမ္ဘာတစ်ခုပါ။
ဟန်ကျွယ်ဟာ သာလွန်နတ်ခန်းမဆောင်ရဲ့ အထက်မှာ လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဒါကို ဘယ်သူမှ အာရုံမခံမိပါဘူး။ ဉာဏ်ပညာ ကြီးမားလှပါတယ်ဆိုတဲ့ သဏ္ဍာန်မဲ့နတ်မင်းလည်း အာရုံမခံမိပါဘူး။
ဖန်တီးရှင်သခင်နဲ့ တာအိုဖန်တီးရှင်ရဲ့ ကွာခြားချက်က ကြီးမားလွန်းပါတယ်။ ဟန်ကျွယ် အလိုမရှိရင် ဟန်ကျွယ် သူ့ရှေ့မှာ ရပ်နေတာတောင် အာရုံခံမိဖို့ ခက်ခဲလွန်းပါတယ်။
ဒီနည်းလမ်းက ဗလာနယ်မြေရဲ့ အခြေခံကို အသုံးပြုထားတာပါ။
ဟန်ကျွယ်ဟာ သူဖန်တီးထားတဲ့ နယ်မြေထဲကို ဝင်လိုက်ပါတယ်။ ကောင်းကင်ပြင်ဟာ ငရဲပြည်လိုမျိုး နီရဲပြီး မှောင်မိုက်နေပါတယ်။
ဟန်ကျွယ် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကောင်းကင်ပြင်ဟာ ပြာလဲ့သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အောက်က အဆုံးမဲ့မြေပြင်ကို ကြည့််လိုက်ပါတယ်။
တောအုပ်ဟာ မြေပြင်ကို ဖုံးအုပ်ပြီး တိမ်တွေ စုစည်းကာ မိုးတွေ သဲကြီးမဲကြီး ရွာကျလာပါတယ်။ မိုးရေတွေဟာ တောင်ချိုင့်ဝှမ်းတစ်ခုမှာ စုစည်းပြီး ရေပြင်ကျယ်ကြီး ဖြစ်တည်လာပါတယ်။ ဒါက တရင်းတနှီးရှိတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။
တစ်ချက်ကြည့်ရင် သေမျိုးကမ္ဘာတစ်ခုနဲ့ ပိုတူပါတယ်။ ဟန်ကျွယ်ဟာ ဒီနေရာမှာ သူ့စိတ်ဆန္ဒ တစ်စွန်းတစ်စ ပါဝင်တဲ့ ကျောက်ရုပ်တုတစ်တု ထားခဲ့ပါတယ်။ ကံကြမ္မာပါတဲ့လူ ဒီကမ္ဘာကို ရောက်လာခဲ့ရင် သေချာပေါက် ဧရာမ အခွင့်အရေးကြီးကို ရရှိမှာပါ။
ဒီကမ္ဘာက သာလွန်နတ်ခန်းမဆောင်ရဲ့ အထက်မှာ တည်ရှိတာမလို့ ရှာတွေ့ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲလွန်းပါတယ်။
လောကကြီးက အမြဲတမ်း ပြောင်းလဲနေပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက အခုအချိန်မှာ သူ့စကားကို နားထောင်နေပေမဲ့ နောက်ကျရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တစ်နေ့ကျလို့ သဏ္ဍာမဲ့နတ်မင်းက တရားမျှတမှုကို စွန့်လွှတ်ပြီး ခေါင်းမာတဲ့လူ ဖြစ်လာရင် ဒီကမ္ဘာက ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်တဲ့ မသိကိန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးပြီး ပြန်ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်တာအို၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမ။
ကောင်းကင်အရှင်ရွှမ်တုဟာ ခန်းမထဲက လူတစ်ယောက်ကို ဘာမှမတတ်နိုင်တဲ့ အမူအရာနဲ့ ကြည့်နေပါတယ်။
“ငါ အရှင်သခင်ပေးတဲ့ အခွင့်အရေးကို တကယ် မသိဘူး၊ မင်း ရှာလို့ မတွေ့ရင် တခြားနေရာ သွားရှာချည်”
ကောင်းကင်အရှင်ရွှမ်တု စကားပြောနေတဲ့လူက ဝေ့လန်ရှန်မိပါ။ ဝေ့လန်ရှန်မိဟာ ပဋိပက္ခသိစိတ် ကောင်းကင်တာအိုထဲမှာ ချထားခဲ့တဲ့ နယ်ရုပ်တစ်ရုပ်ပါ။ အဲဒီအချိန်တုန်းက သူ့အရည်အချင်းဟာ ကောင်းကင်တာအိုကို အံ့ဩမှင်တက်စေခဲ့ပါတယ်။ ဒါပေမဲ့ ပဋိပက္ခသိစိတ် ပဋိပက္ခအစည်းအဝေးကို တိုက်ခိုက်ပြီးနောက်ပိုင်း တိတ်ဆိတ်သွားခဲ့ပါတယ်။
ဒီနှစ်တွေမှာ ဝေ့လန်ရှန်မိဟာ တံခါးပိတ်ပြီး ကျင့်ကြံအားထုတ်နေခဲ့ပါတယ်။ ဒီလိုကျင့်ကြံမှုကြောင့် အခုဆိုရင် ဝေ့လန်ရှန်မိဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဝေ့လန်ရှန်မိဟာ သူ့အစွမ်းအစနဲ့ တာအိုဖန်တီးရှင် ဖြစ်မလာနိုင်တာကြောင့် ရွေးချယ်စရာမရှိဘဲ ကောင်းကင်တာအိုကို ရောက်လာတာပါ။
ဝေ့လန်ရှန်မိဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီလိုဆိုရင်လည်း ကျွန်တော် ကောင်းကင်တာအိုထဲမှာ ခဏနေပါရစေ”
“ရတယ်၊ ဒါပေမဲ့ အငယ်တွေကို အနိုင်မကျင့်နဲ့”
ဝေ့လန်ရှန်မိရဲ့ စရိုက်က ဂျစ်ကန်ကန်နဲ့ပါ။ အရင်တုန်းက ကောင်းကင်တာအိုထဲမှာ သူ့ရန်သူ အမြောက်အမြား ရှိခဲ့ပါတယ်။ ဝေ့လန်ရှန်မိဟာ သတ်ခဲပေမဲ့ သူ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေဟာ အသတ်ခံရတာထက် ပိုပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းပါတယ်။
“ဟွန်း... ကျွန်တော် နားလည်ပါတယ်” ဝေ့လန်ရှန်မိဟာ လက်ဝှေ့ယမ်းပြီး ထွက်ခွာသွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ မချိပြုံး ပြုံးလိုက်ပါတယ်။
ဝေ့လန်ရှန်မိဟာ စကြဝဠာခန်းမထဲက ထွက်လာပြီးနောက် အင်မော်တယ်ကမ္ဘာကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ် “ထူးဆန်းတယ်... ငါ ဘာကို မေ့သွားတာလဲ” ဝေ့လန်ရှန်မိဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
ဝေ့လန်ရှန်မိဟာ တာအိုဖန်တီးရှင်ဖြစ်လာအောင် အခွင့်အရေး ရှာဖို့ပဲ ကောင်းကင်တာအိုဆီ ပြန်လာတာ မဟုတ်ပါဘူး။ တခြားအကြောင်းရင်းလည်း ရှိပါသေးတယ်။
ဝေ့လန်ရှန်မိဟာ မသိမသာနဲ့ သူ့တာအိုနှလုံးသားထဲမှာ မသက်မသာဖြစ်တဲ့ ခံစားချက်ကို ခံစားလာခဲ့ရပါတယ်။ တစ်ခုခုကို မေ့သွားတယ်လို့လည်း ခံစားမိလာပါတယ်။ ပထမတော့ ဝေ့လန်ရှန်မိဟာ ဒါကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီခံစားချက်က သူ့တာအိုနှလုံးသားထဲမှာ စွဲမြဲနေပြီး အချိန်ကြာလာတာတောင် ပျောက်ကွယ် မသွားပါဘူး။
ဝေ့လန်ရှန်မိဟာ အကြောင်းရင်းကို စဉ်းစားလို့မရတဲ့အတွက် အင်မော်တယ်ကမ္ဘာကို ကိုယ်တိုင်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိ အင်မော်တယ်ကမ္ဘာမှာ မဟာတာအိုပညာရှိချုပ်တွေ အများကြီး ပုန်းနေပါတယ်။ သူတို့အကုန်လုံးက ဖန်တီးရှင်သခင်ရဲ့ အခွင့်အရေးကို ရှာဖွေဖို့ ရောက်လာကြတာပါ။
သူတို့တွေဟာ အင်မော်တယ်ကမ္ဘာမှာ အမွေအနှစ်မျိုးစုံကို ဖန်တီးကြတဲ့အတွက် နောင်အနာဂတ်မှာ ပါရမီရှင် အမြောက်အမြား ထွက်ပေါ်လာဖို့ မျိုးစေ့ချပြီးသား ဖြစ်သွားပါတယ်။
.....
နဂါးရုံးတော်။
ဒီကမ္ဘာကို ဧရာမ ရွှေရောင်နဂါးကြီး တစ်ကောင်က ရစ်ပတ်ထားပါတယ်။ ဒီနဂါးရဲ့ စွမ်းအားက ဗလာနယ်မြေကိုတောင် တုန်လှုပ်စေတဲ့အတွက် သာမန်အင်အားစုတွေဟာ နဂါးရုံးတော်ကို အပြစ်မပြုရဲကြပါဘူး။
တိမ်ပင်လယ်ထက်မှာ ကျောက်သား ဇရပ်တစ်ဆောင် ရှိနေပါတယ်။ ဒီဇရပ်ထဲမှာတော့ အပြာရောင် အဝတ်အစားနဲ့ လူငယ်တစ်ယောက် ထိုင်နေပါတယ်။ ဒီလူငယ်ရဲ့ မျက်နှာအသွင်အပြင်ဟာ အနုစိတ် ထွင်းထုထားတဲ့ ပန်းပုရုပ်လိုမျိုး ချောမောလှပပြီး သူ့ရဲ့ ဆံပင်ရှည်တွေကိုတော့ သရဖူအောက်မှာ ချည်နှောင်ထားပါတယ်။ ဒါ့အပြင် စူးရှတဲ့မျက်ခုံးနဲ့ တောက်ပတဲ့ မျက်လုံးတွေရှိတာကြောင့် ပန်းချီကားထဲက ထွက်လာတဲ့ အင်မော်တယ်ငယ် တစ်ပါးလိုပါပဲ။
ဟန်လျန်ဟာ မျက်လုံးပွင့်လာပြီး သူ့လက်တွေကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ်။
“ဘာလိုနေတာလဲ...” ဟန်လျန်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ ဟန်လျန်ဟာ တွေးလေလေ စိတ်မချမ်းမသာ ဖြစ်လေလေပါပဲ။ ဟန်လျန်ဟာ ခေါင်းကို အတင်းကုပ်လိုက်တဲ့အတွက် သူ့သရဖူဟာ စောင်းသွားပါတယ်။
“မင်းက မင်းရဲ့ ပင်ကိုအသိစိတ်ကိုတောင် မမှတ်မိတော့ဘူးလား”
အသံတစ်သံနဲ့အတူ ဟန်လျန်ရဲ့ရှေ့မှာ လူတစ်ယောက် ပေါ်လာပါတယ်။
ဟန်လျန်ဟာ မျက်မှောင်ကြုတ်သွားပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ အေးစက်စွာ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
ဟန်လျန်ဟာ နဂါးရုံးတော်ကို ရောက်နေတာ အချိန်တစ်ခု ကြာသွားပါပြီ။ ဒီနေရာမှာ သူက အစွမ်းအထက်ဆုံးပါ။ လုံဟောင်တောင် သူ့ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်လျန်ဟာ သူ့ရှေ့က ဒီလူဆီကနေ အန္တရာယ်အငွေ့အသက်ကို ရနေပါတယ်။
ရုတ်တရက် ပေါ်လာတဲ့ ရုပ်သွင်က ပြန်ဖြေပါတယ် “မင်းငါ့ကို အချိန်သခင်လို့ ခေါ်လို့ရတယ်”
“အို... မင်းကိုယ်မင်း သခင်လို့ ခေါ်တာလား၊ မင်းက တကယ်ကို မောက်မာတာပဲ” ဟန်လျန်က အေးစက်စွာ ပြောလိုက်ပါတယ်။
အပြင်ဘက်က ကောင်းကင်ပြင်ဟာ အရောင်ပြောင်းသွားပါတယ်။ ဟန်လျန်ဟာ သူ့ဓမ္မစွမ်းအားနဲ့ ကောင်းကင်ကို ချိပ်ပိတ်ပြီး နဂါးရုံးတော်က သက်ရှိတွေ မတော်တဆ ဒဏ်ရာရမှာကို ကာကွယ်လိုက်ပါတယ်။
အချိန်သခင် “ဟားဟား... အသုံးမဝင်ဘူး၊ မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”
ဟန်လျန်ဟာ ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ ကျောက်သားဇရပ်ဟာ ပေါက်ကွဲထွက်ပြီး တိမ်ပင်လယ်ဟာ ချာချာလည်သွားပါတယ်။ ဒါပေမဲ့ ဟန်လျန်ရဲ့ ဓမ္မစွမ်းအားဟာ အချိန်သခင်ကို ဘာမှ မလုပ်နိုင်ပါဘူး။ အချိန်သခင်က အရိပ်တစ်ရိပ်လိုပါပဲ။
ဟန်လျန်ဟာ အချိန်သခင်ရှေ့ကို လျှပ်တပြက်ရောက်သွားပြီး ကောက်ဖမ်းလိုက်ပါတယ်။ ဒါပေမဲ့ ဟန်လျန်ရဲ့ လက်ဟာ အချိန်သခင်ကို ကျော်ဖြတ်သွားပါတယ်။ ဟန်လျန်ရဲ့ မျက်ဆံတွေဟာ ကျဉ်းသွားပါတယ်။ ဟန်လျန်ဟာ ဝိညာဉ်တိုက်ခိုက်နည်းနဲ့ ချက်ချင်း တိုက်ခိုက်ပေမဲ့ အသုံးမဝင်ပါဘူး။
ဟန်လျန် ဘယ်နည်းပဲသုံးသုံး အချိန်သခင်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ အချိန်သခင်က တကယ် မတည်ရှိဘဲ သူ ထင်ယောင်ထင်မှား ဖြစ်နေသလိုမျိုးပါပဲ။
ဟန်လျန်ဟာ တိုက်ခိုက်တာရပ်ပြီး မတိုးမကျယ် မေးလိုက်ပါတယ် “မင်းက ဘယ်သူလဲ”
“ငါက အချိန်၊ အချိန်က ငါပဲ၊ လောကမှာ အချိန်ဆိုတဲ့ သတ်မှတ်ချက် ရှိနေသမျှ ကာလပတ်လုံး ငါ ရှိနေမယ်၊ ငါ မင်းဆီလာတာကို မင်းရဲ့ ဘဝပေးတာဝန်ကို လမ်းညွှန်ပေးချင်လို့ပဲ”
“ဟန်လျန်... မင်းက အဆုံးမဲ့ခေတ်ရဲ့ နတ်ဘီလူး၊ မင်းရဲ့ အရည်အချင်းက ပဋိပက္ခနတ်ဘီလူးနဲ့ လောကဦးနတ်ဘီလူးတွေထက် အများကြီး သာတယ်၊ မင်းက အဆုံးမဲ့နတ်ဘီလူး ဖြစ်သင့်တယ်၊ မင်းရဲ့ တာဝန်က တခြားတည်ရှိမှုတွေအတွက် နယ်မြေကြီးတစ်ခု ဖန်တီးဖို့ပဲ၊ တခြားလူတွေအတွက် အလုပ်လုပ်ပေးပြီး သူတို့နဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။