အကွာအဝေး
Vol. 111 Ch. 1153
“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ... ဟွန်း...”
ဟန်လျန်ဟာ အသင့်အနေထား ဖြစ်သွားပါတယ်။ အချိန်သခင်က သူ့ကို အချိန်မရွေး တိုက်ခိုက်လာနိုင်တယ် မဟုတ်ပါလား။
အချိန်သခင်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ မင်းကို ဦးဆောင်ချင်တယ်၊ မင်းရဲ့ အရည်အချင်းကို ဒီထက် နှောင့်နှေးစေလို့ မဖြစ်တော့ဘူး”
“မင်းက တော်တော်လေး လေလုံးထွားတာပဲ၊ မင်းက ငါ့ကို ဘယ်လို ဦးဆောင်မလဲဆိုတာ ကြည့်ချင်သေးတယ်”
ဟန်လျန်ရဲ့ မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ပေါက်ကွဲ ထွက်လာပါတယ်။
အချိန်သခင်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့အသံဟာ လေထုထဲမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတယ်။
“ဟန်လျန်... မကြာခင်မှာ မင်း နားလည်လာလိမ့်မယ်၊ ငါက မင်းရန်သူ မဟုတ်ဘူး၊ နောက်ကျရင် ငါတို့နှစ်ယောက်က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားမှာ၊ မင်း တည်ရှိမှုတွေရဲ့ အနှစ်သာရကို ထိုးဖောက်မြင်ရင် နားလည်လာပါလိမ့်မယ်”
“နောက်တစ်ခါ ငါတို့ ထပ်တွေ့ရင် မင်း စွမ်းအားကြီးနေဖို့ မျှော်လင့်ပါတယ်၊ အဲဒီအချိန်ကျရင် ငါ အခုလိုမျိုး ဖျောင်းဖျနေမှာ မဟုတ်ဘူး”
ဟန်လျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဘေးနားဝန်းကျင်က ဓမ္မစွမ်းအားဟာ လွင့်ပါး ပျောက်ကွယ်သွားပြီး ဟန်လျန်ရဲ့ဘေးမှာ လုံဟောင် ပေါ်လာပါတယ်။
“ခုနက ဘာဖြစ်တာလဲ၊ မင်းရဲ့ ဓမ္မစွမ်းအားကို ရုတ်တရက်ကြီး ဘာလို့ သုံးလိုက်တာလဲ”
ဟန်လျန်ဟာ ဘာမှမဖုံးကွယ်ဘဲ အချိန်သခင်နဲ့ တွေ့ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြောပြပါတယ်။
လုံဟောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ နာမည်နဲ့တင် ဒီလူက ရင်ဆိုင်ဖို့ မလွယ်ဘူးဆိုတာ ခန့်မှန်းလို့ရပါတယ်။
ဟန်လျန်ရဲ့ စွမ်းအားက တော်တော်လေး ကြောက်ဖို့ကောင်းနေပါပြီ။ ဒါတောင် ရုတ်တရက် ပေါ်လာတဲ့ အချိန်သခင်ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။
‘အဆုံးမဲ့ခေတ်မှာ ဘယ်လိုလုပ်ပြီး ဒီလိုထိပ်သီးကျင့်ကြံသူ ပေါ်လာတာလဲ’
လုံဟောင်က မတိုးမကျယ် ပြောလိုက်ပါတယ် “ဆရာသခင်ကို သွားမေးချည်”
“ဘိုးဘိုးလား”
ဟန်လျန်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ ဟုတ်ပါတယ်။ ဒီလောကမှာ သူ့ဘိုးဘိုး မသိတာ မရှိပါဘူး။
.....
တတိယ တာအိုစက်ကွင်း။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ နောက်ထပ် နှစ်ဆယ်သန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အပြင်မှာစောင့်နေတဲ့ ဟန်လျန်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။ တာအိုစက်ကွင်းထဲမှာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားတွေ ရှိပေမဲ့ အဲဒီကိုယ်ပွားတွေက တပည့်တွေကို အပြင်ပို့တာ အထဲခေါ်တာနဲ့ တာအိုစက်ကွင်းကို စောင့်ကြပ်ဖို့ပဲ ရပါတယ်။
ဟန်လျန်ဟာ အပြင်မှာစောင့်နေတာ နှစ်သိန်းချီ ကြာသွားပါပြီ။ တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ ဟန်လျန်ဟာ ဟန်ကျွယ်ကို တရိုတသေ ဦးညွှတ်လိုက်ပါတယ်။
အကြောင်းအရင်း တချို့ကြောင့် ဟန်လျန်ဟာ ဟန်ကျွယ်ကို မျက်နှာချင်းဆိုင်ရမှာ တော်တော် ကြောက်နေပါတယ်။ ဒီစောင့်ဆိုင်းနေတဲ့ အချိန်ကာလမှာ သူတို့နှစ်ယောက်က မြေးအဘိုးတင် မဟုတ်ဘဲ အကွာကြီး ကွာဟနေတယ်ဆိုတာကို ဟန်လျန် သဘောပေါက်သွားပါတယ်။
တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပြီးနောက်မှာ ဟန်လျန်ဟာ သူ့ဘိုးဘိုးက ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို သိလိုက်ရပါတယ်။
ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
ဟန်လျန်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ်။ ပြီးတော့အခါမှာတော့ ဟန်ကျွယ်ကို မော့ကြည့်ပြီး “ဘိုးဘိုး... အချိန်သခင်ကို သိလား”
“သိတယ်”
“သူက ဘယ်သူလဲ”
“သူက မင်းရဲ့ ဆရာဦးလေးတွေထဲက တစ်ယောက်ပဲ၊ ဒါပေမဲ့ ကံဖြတ်လိုက်လို့ ဘယ်သူမှ သူ့ကို မမှတ်မိတော့ဘူး၊ သူ ဘယ်တုန်းကမှ မတည်ရှိခဲ့တဲ့အတိုင်းပဲ”
ဟန်ကျွယ်ဟာ ကိစ္စသေးသေးလေးကို ပြောနေသလိုမျိုး သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။
ဟန်လျန်ဟာ မျက်လုံးပြူးသွားပါတယ်။ ဟန်လျန်ဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ အချိန်သခင်က တစ်ဂိုဏ်းသားတည်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘တိတ်ဆိတ်ဂိုဏ်းက ဒီလောက်တောင် ကြောက်ဖို့ ကောင်းတာလား’
ငယ်ငယ်လေးကတည်းက သူနဲ့ တွေ့သမျှ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံတဲ့အတွက် ဟန်လျန်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့ အုတ်မြစ်ကို သတိမထားမိခဲ့ပါဘူး။
ဟန်လျန်က မေးလိုက်ပါတယ် “အဲဒါဆို ဘိုးဘိုး သား ဘယ်လိုလုပ်သင့်လဲ”
“မင်း ဘယ်လိုထင်လဲ”
“သား သူပြောတာကို နားထောင်လို့ မဖြစ်ဘူး၊ သူက သားရဲ့ ဆရာဦးလေးဆိုပေမဲ့ သူက သားကို ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး သင်ချင်နေတယ်၊ ဒါက ထောင်ချောက်လို့ ခံစားရတယ်”
“အဲဒါဆိုလည်း သူ့စကားကို နားမထောင်နဲ့”
“ဒါပေမဲ့ သား သူ့ကို မနိုင်ဘူး”
“အဲဒါဆိုရင် သူ့ကို ဆော်နိုင်ဖို့ နည်းလမ်းရှာ”
“သား...” ဟန်လျန်ဟာ ဆွံ့အသွားပါတယ်။
ဟန်ကျွယ် “မင်း ငါ့ဆီလာတာက သူ့နောက်ခံကို မေးဖို့လား၊ သူ့ကို ရင်ဆိုင်ဖို့ အကူအညီ တောင်းချင်တာလား”
ဟန်လျန်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်လျန်ဟာ အချိန်သခင်ကို ရင်ဆိုင်ဖို့ အကူအညီလိုချင်ပေမဲ့ အဲဒီလိုလုပ်လို့ မရဘူးဆိုတာကို သိပါတယ်။
သူက မဟာတာအိုပညာရှိချုပ်ပါ။ အရည်အချင်းအရှိဆုံး ပါရမီရှင်လို့လည်း လူတွေက လက်ခံထားကြပါတယ်။ ဒီလိုအခြေအနေမှာ သူက ပြဿနာတက်တိုင်း သူ့ဘိုးဘိုးဆီက အကူအညီကို လိုချင်နေလို့ မရပါဘူး။
ဒီသတင်းသာ ပျံ့နှံ့သွားရင် သူ့မျက်နှာ ထားစရာနေရာ ရှိတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး သူ့ဘိုးဘိုးကရော သူ့ကို ဘယ်လိုထင်သွားမလဲ။
ဟန်လျန်ဟာ ဟန်ကျွယ်က သူ့ကို မကူညီလောက်ဘူးဆိုတာ သိပါတယ်။ အချိန်သခင်ကလည်း ဟန်ကျွယ်ရဲ့ တပည့်တစ်ယောက် မဟုတ်ပါလား။
ဟန်လျန်ဟာ အံကြိတ်ပြီး ပြန်ဖြေပါတယ် “သားက သူ ဘယ်သူလဲဆိုတာကို သိချင်ရုံပါ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီလောက်ထိ ကြောက်စရာ မကောင်းပါဘူး၊ မင်း သူ့ကို ထိခိုက်အောင် လုပ်လို့မရတာက သူ မင်းရှေ့မှာ ပေါ်မလာရဲလို့ပဲ”
ဟန်လျန်ဟာ မှင်တက်သွားပါတယ်။
ဟန်ကျွယ်က အတည်ပြောနေတာပါ။ ဂျိရှင်းရှန်ဟာ အိပ်မက်နဲ့ ဆင်တူတဲ့ နည်းလမ်းတစ်မျိုးကို အသုံးပြုပြီး လက်တွေ့ဘဝမှာ ထင်ဟပ်စေတာပါ။ ဒါကို ဟန်လျန် မသိခဲ့ပါဘူး။
ဂျိရှင်းရှန်ဟာ ဟန်လျန်ဆီ ကိုယ်တိုင် မလာရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်လျန်ရဲ့ မူလသိစိတ်ကို ဒေါသထွက်စေမိမှာ ကြောက်လို့ပါ။
အနာဂတ်မှာ ဟန်လျန်ကလည်း တာအိုဖန်တီးရှင်ပါပဲ။ တာအိုဖန်တီးရှင်တွေက တခြားတာအိုဖန်တီးရှင်တွေ အချိန်-အာကာသကို ဖြတ်ကျော်ပြီး သူတို့ရဲ့ အတိတ်ကို လာပတ်သက်ရင် ချက်ချင်း အာရုံခံနိုင်ပါတယ်။ တစ်ဖက်လူက ဖန်တီးရှင်သခင်ဆိုရင်တော့ တစ်မျိုးပေါ့။
အဲဒါကြောင့် အနာဂတ်မှာ အနိုင်မယူနိုင်လို့ ရန်သူကို အတိတ်မှာ သတ်ချင်တာဆိုရင် အရူးအိပ်မက်လို့ပဲ ပြောရပါလိမ့်မယ်။
ရန်သူထက် စွမ်းအားကြီးရင် ဘယ်သူက အတိတ်ကို ပြန်သွားနေဦးမှာလဲ။
တာအိုပညာရှိနဲ့ သူတို့အထက်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ထိန်းချုပ်လို့ရတဲ့ နိယာမက အချိန်-အာကာသ နိယာမတွေပဲ ရှိပါတယ်။
ဟန်လျန်ဟာ ရုတ်တရက် လက်ခုပ်တီးပြီး အော်ပြောလိုက်ပါတယ် “သေစမ်း... ဒါဆို သူက ကျွန်တော် နားဝေတိမ်တောင်ဖြစ်အောင် တမင်လုပ်တာပေါ့”
ဟန်လျန်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်သခင်က အဲဒီလောက်ထိ ကြောက်စရာ မကောင်းဘူးဆိုတာကို သိလိုက်ရလို့ပါ။
ဟန်လျန်ဟာ ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကားဆိုပါတယ်။ အဲဒီနောက် စကားနည်းနည်းပါးပါး ထပ်ပြောပြီး ဟန်လျန်ဟာ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်လျန်ဟာ နဂါးရုံးတော်ကို ပြန်တဲ့လမ်းမှာ စိုးရိမ်စိတ်တွေ ဝင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘိုးဘိုးက သူ့ကို အရင်လိုမျိုး မချစ်တော့ဘူးဆိုတာကို ခံစားမိလို့ပါပဲ။ အခုအချိန် သူတို့ကြားမှာ အကွာအဝေးတစ်ခု ရှိနေပါပြီ။ ဒီအကွာအဝေးကြောင့်ပဲ ဟန်လျန်ဟာ သူတို့တွေ မြေးအဘိုးဆိုတာကို မေ့လုနီးပါး ဖြစ်သွားပါတယ်။
ဟန်လျန်ဟာ မုရုံချီရဲ့ စကားကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ တာအိုစက်ကွင်းထဲက ထွက်သွားရင် နောင်တရနိုင်တယ်လို့ မုရုံချီက သူ့ကို ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ ဟန်လျန်ရဲ့ မျက်လုံးတွေဟာ ပြန်ပြီးတော့ ပြတ်သားသွားပါတယ်။
‘ငါ ဟန်လျန်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်၊ သူများကို အမြဲတမ်း မှီခိုနေစရာ မလိုဘူး’
“အချိန်သခင်.... ကောင်းတယ်၊ မင်းက ငါ့ရဲ့ ဓားသွေးကျောက်ပဲ”
ဟန်လျန်ဟာ ယုံကြည်မှု ပြန်ရသွားပြီး စိတ်ဓာတ် တက်ကြွသွားပါတယ်။
တာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ကျွယ်ရဲ့ အမြင်မှာ ဂျိရှင်းရှန် အချိန်သခင်ယောင် ဆောင်တာက ကိစ္စသေးသေးလေး တစ်ခုပါ။
ဂျိရှင်းရှန်၊ ကောင်းကင်အရှင်ရွှင်နဲ့ ဖန်းလျန်က မူလ ကာလဒေသမှာ စုစည်းပြီး သဘောတူညီချက် ရသွားကြပါတယ်။ သူတို့လိုချင်တာက ဟန်လျန် မဟုတ်ပါဘူး။ တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်နိုင်ဖို့ပါ။
ဟန်လျန်ရဲ့ အရည်အချင်းက သူတို့ရဲ့ မျှော်လင့်ချက်ပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူတို့တွေ အောင်မြင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သူတို့သုံးယောက် ဟန်ဟွမ်၊ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ရဲ့ ခြေရင်းမှာ ခစားရတာကို မြင်ပြီးပါပြီ။
ဟန်ကျွယ် မြင်တဲ့ အနာဂတ်တွေက အများကြီးပါ။ အဲဒါကြောင့် ဟန်ကျွယ်အနေနဲ့ အနာဂတ် အကုန်လုံးကို လိုက်ပြီး သတိထားနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုလုပ်မဲ့အစား သက်ရှိအကုန်လုံးကို သတ်ဖြတ်ပြီး တစ်ယောက်တည်းနေတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် အဲဒီလိုလုပ်ရင် ဗလာနယ်မြေ အခြေခံနိယာမရဲ့ တန်ပြန်ဒဏ်ကို ခံရမှာပါ။
လောကဦးပဋိပက္ခ၊ ပဋိပက္ခနဲ့ ကောင်းကင်တာအို။
သူတို့ကို ဗလာနယ်မြေက သီးခြားခွဲထုတ်ထားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့ကို ကာကွယ်ထားတာပါ။ အခြေခံနိယာမကသာ တကယ်ဖျက်ဆီးချင်ရင် ဒီကမ္ဘာတွေ ဘယ်လိုနည်းနဲ့မှ ဆက်ပြီး တည်ရှိနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ ကိစ္စကို အသာထားပြီး စာစောင်တွေ ဖတ်တာကို အာရုံစိုက်ပါတယ်။ ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးဟာ ဒီအတောအတွင်း ခြေငြိမ်နေကြပါတယ်။ ကြည့်ရတာ အထွတ်အထိပ် နိယာမကို ခဲပြီး နောက်ပိုင်း သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို အားသွန်ခွန်စိုက် ကြိုးစား တည်ဆောက်နေပုံပါပဲ။
ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်ပါတယ်။
ဟန်ဟွမ်ရဲ့ လောကဦးပဋိပက္ခဟာ လောကဦးပဋိပက္ခ သုံးပါးထဲမှာ ဖွံ့ဖြိုးတိုးတက်တာ အမြန်ဆုံးပါ။ သူ့လောကဦးပဋိပက္ခရဲ့ အကျယ်အဝန်းက ကောင်းကင်တာအိုကို ကျော်တက်သွားပါပြီ။ နိယာမျိုးစုံနဲ့ မဟာတာအိုမျိုးစုံဟာလည်း တဖြည်းဖြည်းချင်း ပြီးပြည့်စုံလာတာကြောင့် မျိုးနွယ်စုတွေ အများကြီး ဝင်ရောက်လာကြပါတယ်။
တာအိုဘိုးဘေးကတော့ နည်းနည်း ပြဿနာတက်နေပါတယ်။ အရင်တုန်းက တာအိုဘိုးဘေးဟာ မဟာတာအို အနန္တကပ်ဘေးမှာ အခွင့်အရေးရဖို့အတွက် တာအိုကောင်းကင်မျိုးနွယ်စုကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ တာအိုကောင်းကင်မျိုးနွယ်စုက သူနဲ့ ပန်ကူးရဲ့ မဟာတာအိုကမ္ဘာကို စိုးမိုးထားပါတယ်။
အပြင်ဘက်က ဘယ်မျိုးနွယ်စုပဲလာလာ တာအိုကောင်းကင်မျိုးနွယ်စုရဲ့ ကျွန်ပြုခြင်းကို ခံရတာကြောင့် သူတို့ရဲ့ ဂုဏ်သတင်းဟာ တစ်နေ့တစ်ခြား ပိုပိုဆိုးရွားလာပါတယ်။
မျိုးနွယ်စုတစ်စုကို မှီခိုရုံနဲ့ ဘယ်လိုလုပ်ပြီး မဟာတာအိုကမ္ဘာကို တည်ထောင်နိုင်မှာလဲ။
တာအိုဘိုးဘေးဟာ တာအိုကောင်းကင်မျိုးနွယ်စုကို ဖိနှိပ်ဖို့ နည်းလမ်းစရှာလာပါတယ်။ ဒါပေမဲ့ တာအိုဘိုးဘေးဟာ ကိုယ်တိုင်လှုပ်ရှားလို့ မရပါဘူး။ အဲဒါကြောင့် ကောင်းကင်ကပ်ဘေးတွေ တာအိုကောင်းကင်မျိုးနွယ်စုရဲ့ ကံကြမ္မာတွေ စပေါ်လာပါတယ်။ ဒီအခါမှာတော့ ဒီစွမ်းအားကြီးမားလှတဲ့ မျိုးနွယ်စုဟာ ရွေးချယ်စရာမရှိဘဲ လောကကြီးကို စိုးမိုးချင်တဲ့ သူတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်ကို စွန့်လွှတ်လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးမှာ ဘယ်သူက တာအိုဖန်တီးရှင် အရင် ဖြစ်လာမလဲဆိုတာ ကြည့်ချင်နေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။