← Chapters

ပဋိပက္ခရဲ့ ဖွံ့ဖြိုးတိုးတက်မှု

Vol. 111 Ch. 1154

ပဋိပက္ခရဲ့ ဖွံ့ဖြိုးတိုးတက်မှု

Vol. 111 Ch. 1154

အဆုံးမဲ့ခေတ် ရောက်ရှိလာဖို့အတွက် ပဋိပက္ခ ပျက်စီးသွားခဲ့ရပါတယ်။ ဒါပေမဲ့ မဟာတာအိုကမ္ဘာတွေဟာ ဒီနာမည်ကို ဆက်ပြီးတော့ သုံးနေပါသေးတယ်။ ဥပမာအားဖြင့် တာအိုဘိုးဘေးနဲ့ ပန်ကူး ဖန်တီးထားတဲ့ မဟတာအိုကမ္ဘာတွေက သူတို့ကိုယ်သူတို့ ပဋိပက္ခလို့ ခေါ်ပါတယ်။

ပန်ကူးက အစွမ်းအထက်ဆုံး ပဋိပက္ခနတ်ဘီလူးဆိုတော့ သူ့ကိုယ်သူ ပဋိပက္ခလို့ခေါ်တာ နည်းလမ်းကျပါတယ်။

လက်ရှိပဋိပက္ခကို တာအိုကောင်းကင်မျိုးနွယ်စုက ဦးဆောင်နေပါတယ်။ မျိုးနွယ်စုတွေ အများကြီး မွေးဖွားလာပေမဲ့ တာအိုကောင်းကင်မျိုးနွယ်စု သတ်တာကို မခံရရင် ကျွန်ပြုတာ ခံရပါတယ်။ တာအိုကောင်းကင်မျိုးနွယ်စုဘက်က ကြည့်ရင် ဘာမှ မမှားပါဘူး။ အာဏာရတဲ့ မျိုးနွယ်စုတိုင်း ဒီလိုလုပ်ကြမှာပါ။

ဒါပေမဲ့ မကြာသေးခင်က ပဋိပက္ခထဲမှာ ကပ်ဘေးမျိုးစုံ ပေါ်လာပါတယ်။ မိစ္ဆာနတ်ဆိုးတွေတောင် မွေးဖွားလာပြီး ပဋိပက္ခထဲမှာ လျှောက်သောင်းကျန်းကာ တာအိုကောင်းကင် မျိုးနွယ်စုတွေကို စားသောက်ပါတယ်။

နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သဘာဝကပ်ဘေးနဲ့ လူလုပ်ကပ်ဘေးတွေကြောင့် တာအိုကောင်းကင်မျိုးနွယ်စုဟာ ပိုပိုပြီးတော့ လူအင်အား လျော့နည်းလာပါတယ်။

ဒီနေ့မှတော့ တာအိုကောင်းကင်မျိုးနွယ်စုရဲ့ မဟာတာအိုပညာရှိချုပ်တွေဟာ တာအိုဘိုးဘေးခန်းမမှာ စုဝေးပြီး တာအိုဘိုးဘေးကို တွေ့ဆုံခွင့်ပေးဖို့ တောင်းပန်ကြပါတယ်။

တာအိုကောင်းကင်မျိုးနွယ်စုရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတဲ့အတွက် နှစ်သန်း ၂၀၀ မပြည့်ခင်မှာဘဲ မဟာတာအိုပညာရှိချုပ် ငါးပါး ပေါ်ထွန်းလာခဲ့ပါတယ်။ အဆုံးမဲ့ခေတ် တစ်ခေတ်လုံးမှာ သူတို့က ပထမတန်းစား မျိုးနွယ်စုလို့ ပြောလို့ရပါတယ်။

လူသားဘိုးဘေး ငါးပါးဟာ ကြမ်းပြင်မှာ ထိုင်ပြီး တိတ်တဆိတ် စောင့်ဆိုင်းပါတယ်။

အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ တာအိုဘိုးဘေး ပေါ်လာပါတယ်။ တာအိုဘိုးဘေးဟာ ဆံပင်တွေ ဖြူဖွေးနေပေမဲ့ မျက်နှာကတော့ နုပျိုနေပါတယ်။ တာအိုဘိုးဘေးဟာ အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ပြီး ကြာပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ သူ့ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အလင်းရောင်တွေလည်း ဖြာထွက်နေပါတယ်။

လူသားဘိုးဘေး ငါးပါးဟာ ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။ လူသားဘိုးဘေး ငါးပါးဟာ မဟာတာအိုပညာရှိချုပ်တွေ ဖြစ်နေပြီဆိုပေမဲ့ တာအိုဘိုးဘေးရှေ့မှာ သာမန်ပါပဲ။

သူတို့တွေ ဒီနေရာကို ရောက်လာနိုင်တာက တာအိုကောင်းကင် မျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ကြောင့်ပါ။ မဟုတ်ရင် သူတို့ရဲ့ အရည်အချင်းနဲ့ မဟာတာအိုပညာရှိချုပ်ဖြစ်ဖို့ တော်တော်လေး ကြိုးစား ရုန်းကန်ရမှာပါ။

အလယ်မှာရှိတဲ့ လူသားဘိုးဘေးတစ်ပါးက ပြောလိုက်ပါတယ် “တာအိုဘိုးဘေး... တာအိုကောင်းကင်မျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့က လောလောဆယ် သိပ်မကောင်းဘူး၊ ပဋိပက္ခမှာ တစ်ခုခု ဖြစ်နေတာလား”

သူတို့တွေဟာ ဉာဏ်ကောင်းတဲ့လူတွေမလို့ ပြဿနာက ပဋိပက္ခမှာ ဆိုတာကို သဘောပေါက် နားလည်ကြပါတယ်။ မဟုတ်ရင် ဒီလောက်များတဲ့ ကပ်ဘေးတွေ မိစ္ဆာနတ်ဆိုးတွေက ရုတ်တရက်ကြီး ပေါ်လာစရာ အကြောင်း မရှိပါဘူး။

တာအိုဘိုးဘေးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ် “ပဋိပက္ခမှာ သူ့နိယာမနဲ့ သူရှိတယ်၊ ဒီပြဿနာတွေရဲ့ အဖြေကို ရှာချင်ရင် တာအိုကောင်းကင်မျိုးနွယ်စုကနေ စရှာသင့်တယ်၊ ပဋိပက္ခ မျက်နှာသာပေးခံရတဲ့ မျိုးနွယ်စုအနေနဲ့ မင်းတို့ရဲ့ အကျိုးအမြတ်ကို ထိန်းသိမ်းတာအပြင် တာဝန်လည်း ပိုယူသင့်တယ်”

လူသားဘိုးဘေးငါးပါးဟာ နှလုံးလှုပ်သွားကြပါတယ်။

လူသားဘိုးဘေးတစ်ပါးက စိတ်ညစ်ညစ်နဲ့ ပြောလိုက်ပါတယ် “ဘယ်လို တာဝန်ယူရမှာလဲ၊ ကျွန်တော်တို့တွေ ကျူးကျော်သူကို တွေ့တာနဲ့ ချက်ချင်း တိုက်ခိုက်တာပဲ၊ ကျွန်တော်တို့တွေ ပဋိပက္ခကိုတော့ မတည်ဆောက်နိုင်ဘူးမလား၊ နိယာမစွမ်းအားကို တာအိုဘိုးဘေးနဲ့ ဘိုးဘေးနတ်ဘုရား ပန်ကူး ဖန်တီးထားတာ၊ ကျွန်တော်တို့တွေ ဝင်ပါလို့ မရဘူး”

“ဟုတ်တယ်၊ ကျွန်တော်တို့တွေ အမြဲတမ်း အကောင်းဆုံး ကြိုးစားခဲ့တာပဲ”

“ကျွန်တော်တို့တွေ တခြားမျိုးနွယ်စုတွေကိုတော့ ကျွန်တော်တို့နဲ့ ရင်ပေါင်တန်း မရပ်ခိုင်းနိုင်ဘူး၊ ဒီလိုလုပ်ရင် ရေရှည်မှာ သေချာပေါက် ဘေးတွေ့လိမ့်မယ်”

“ဟုတ်တယ်၊ တခြား မျိုးနွယ်စုတွေ မဟာတာအိုကမ္ဘာထဲ ဝင်လာရင် အတောမသတ်နိုင်တဲ့ သဘောထား ကွဲလွဲမှုတွေ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မယ်”

“တာအိုဘိုးဘေး... တာအိုကောင်းကင်မျိုးနွယ်စုကို တာအိုဘိုးဘေးနဲ့ ဘိုးဘေးနတ်ဘုရား ပန်ကူး ကိုယ်တိုင် ဖန်တီးထားခဲ့တာ၊ အခု ကျွန်တော်တို့ကို စွန့်ပစ်တော့မှာလား”

လူသားဘိုးဘေး ငါးပါးဟာ ပြောလေလေ မခံမရပ်နိုင် ဖြစ်လာလေလေပါပဲ။

တာအိုဘိုးဘေးကတော့ တိတ်ဆိတ်နေပါတယ်။

အတန်ကြာလို့ လူသားဘိုးဘေးငါးပါး ငြိမ်ကျသွားတဲ့အခါ တာအိုဘိုးဘေးက ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “ငါ မင်းတို့ကို တစ်ခုမေးမယ်၊ အဆုံးမဲ့ခေတ်မှာ မဟာတာအိုကမ္ဘာတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့ အင်အားစုကြီးတွေ ရှိလား”

လူသားဘိုးဘေးတစ်ပါးက ပြန်ဖြေပါတယ် “တိတ်ဆိတ်ဂိုဏ်းကရော...”

တာအိုဘိုးဘေး “မဟုတ်ဘူး၊ တိတ်ဆိတ်ဂိုဏ်းက ဘယ်တုန်းက အရာအားလုံးကို ထိန်းချုပ်လို့လဲ၊ အခု သူတို့အချင်းချင်းတောင် ကွဲပြားပြီး သိသိသာသာရော မသိမသာရော တိုက်ခိုက်နေကြတာ၊ မင်းတို့တွေ ဒါကို မြင်မှာပါ”

လူသားဘိုးဘေးတွေဟာ တိတ်ဆိတ်သွားပါတယ်။

တာအိုဘိုးဘေးပြောတာ မမှားပါဘူး။ အဆုံးမဲ့ခေတ်မှာ ဘယ်အင်အားစုကမှ အာဏာရှင် မဆန်ရဲပါဘူး။

သဏ္ဍာန်မဲ့နတ်မင်းတောင် ဘာကိုမှ ဂရုမစိုက်တဲ့ ဖန်တီးရှင်သခင်ရဲ့ ဖိနှိပ်တာကို ခံရပါတယ်။

ဒါပေမဲ့ ပဋိပက္ခနဲ့ အဆုံးမဲ့ခေတ်ကို ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ။ သူတို့တွေ ပဋိပက္ခကို စုစည်းနိုင်ရင်တောင် အဆုံးမဲ့ခေတ်ထဲမှာ သမုဒ္ဒရာထဲက ရေတစ်စက်ပဲ ရှိမှာပါ။ နောက်ပြီး ဘယ်အင်အားစုကြီးတွေက မဟာတာအိုကမ္ဘာတစ်ခုကို မထိန်းချုပ်ထားလို့လဲ။

တာအိုကောင်းကင်မျိုးနွယ်စုထက် စွမ်းအားကြီးတဲ့ တချို့ အင်အားစုတွေဆိုရင် မဟာတာအိုကမ္ဘာ လေးငါးခုကိုတောင် သိမ်းပိုက်ကြပါတယ်။

ဒါကြောင့် သူတို့တွေ ဘာလို့ မလုပ်နိုင်ရမှာလဲ။

တာအိုဘိုးဘေးဟာ လူသားဘိုးဘေးတွေရဲ့ ရင်ထဲက မကျေနပ်မှုတွေကို ထိုးဖောက်မြင်ပါတယ်။

“ဒါက တာအိုကောင်းကင်မျိုးနွယ်စုရဲ့ ကပ်ဘေးပဲ၊ မင်းတို့နဲ့ မဆိုင်ဘူးထင်ရင်လည်း စောင့်ကြည့်ကြ၊ ဒါက ယေဘုယျအခြေအနေပဲ၊ အခု ငါက ကမ္ဘာဖန်တီးရင်း အလုပ်ရှုပ်နေတာ၊ မင်းတို့ကို ထပ်ပြီးတော့ မပံ့ပိုးပေးနိုင်တော့ဘူး”

စကားဆုံးတာနဲ့ တာအိုဘိုးဘေးဟာ ပျောက်ကွယ်သွားပါတယ်။

လူသားဘိုးဘေး ငါးပါးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ခေါင်းဆောင်က မတိုးမကျယ် ပြောလိုက်ပါတယ် “ပြန်ကြရအောင်၊ တာအိုဘိုးဘေးရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်ကြနဲ့”

ဒီလိုပြောလိုက်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒေါသငွေ့တွေ ယှက်သမ်းသွားပါတယ်။

ဒီလို အခြေအနေက လောကဦးပဋိပက္ခမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ တာအိုဘိုးဘေးထက် ပိုကြမ်းပါတယ်။ လောကဦးအရှင်ကို တခြားတစ်ယောက် ပြောင်းလိုက်ပါတယ်။ ဘယ်သူပဲ စောဒကတက်တက် ဟန်ဟွမ်ဟာ တစ်ချက်တည်း ဖျက်ဆီးပစ်ပါတယ်။

မဟာတာအိုကမ္ဘာ ဖွံ့ဖြိုးတိုးတက်ချင်ရင် မျိုးနွယ်စု အမြောက်အမြား မွေးဖွားလာပြီး အမြဲတမ်း ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။ အသက်ဓာတ်တွေ ပိုပိုဖြစ်ထွန်းလာမှ မဟာတာအိုကမ္ဘာဟာ ပိုပိုကျယ်ပြန့်ပြီး ဖန်တီးမှုကို ပိုပိုရရှိလာမှာပါ။

မျိုးနွယ်စုတစ်စုတည်းကသာ စိုးမိုးထားမယ်ဆိုရင် အဲဒီ မဟာတာအိုကမ္ဘာက ရှေ့ရောက်တော့မှာ မဟုတ်ပါဘူး။

ဟန်ဟွမ်နဲ့ တာအိုဘိုးဘေး အထွတ်အထိပ် နိယာမ ခဲလိုက်တဲ့ သတင်းဟာ အဆုံးမဲ့ခေတ်ထဲမှာ တောမီးလို ပျံ့နှံ့သွားပါတယ်။ အထွတ်အထိပ်နိယာမက ဖုံးကွယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အထွတ်အထိပ် နိယာမက မဟာတာအိုသုံးထောင်အထက်မှာ တည်ရှိတာဆိုတော့ မဟာတာအိုပညာရှိချုပ် အကုန်လုံး မြင်နိုင်ကြပါတယ်။

အဆုံးမဲ့ခေတ် စတင်ကတည်းက တာအိုဖန်တီးရှင်အဆင့်ဟာ မဟာတာအိုပညာရှိချုပ်အားလုံးရဲ့ ပန်းတိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မဟာတာအိုကမ္ဘာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် အထွတ်အထိပ် နိယာမကို မဖန်တီးနိုင်ခဲ့ကြပါဘူး။

ဒါပေမဲ့ အခုတော့ တာအိုဖန်တီးရှင်အသစ် ထွက်ပေါ်လာပါတော့မယ်။

တစ်ပါးတည်း မဟုတ်ပါဘူး။ နှစ်ပါးပါ။

ဒီအခြေအနေကြောင့် အဆုံးမဲ့ခေတ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။

ဟန်ဟွမ်က မဟာတာအို အနန္တကပ်ဘေးမှာ အကျိုးဆောင်ခဲ့တဲ့ လောကဦးနတ်ဘီလူးပါ။ တာအိုဘိုးဘေးကတော့ ပဋိပက္ခထဲမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ တာအိုဘိုးဘေးဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဒါပေမဲ့ အခု ပြန်ပေါ်လာချိန်မှာတော့ တာအိုဖန်တီးရှင် ဖြစ်ပါတော့မယ်။ တာအိုဘိုးဘေးက ဒဏ္ဍာရီတစ်ခုလို့ ပြောလို့ရပါတယ်။

ဟန်ဟွမ်နဲ့ တာအိုဘိုးဘေး နှစ်ယောက်ထဲမှာ ဘယ်သူက စွမ်းအားပိုကြီးမလဲဆိုတာ ထိပ်သီးကျင့်ကြံသူတွေရဲ့ စကားပြောစရာ အကြောင်းတစ်ခု ဖြစ်လာပါတယ်။ ဒီလိုဆိုပေမဲ့ မဟာတာအိုပညာရှိချုပ်အောက်က ကျင့်ကြံသူတွေကတော့ ဒီအကြောင်းကို လုံးဝ မသိကြပါဘူး။

ကြယ်တာရာ ကောင်းကင်ပြင်က ဥက္ကာခဲပေါ်မှာ ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ ဘေးချင်းယှဉ်ထိုင်ပြီး တရားထိုင်နေကြပါတယ်။ ချူရှောင်ချီဟာ ကြယ်တာရာကောင်းကင်နက်ထဲကို စိုက်ကြည့်နေပါတယ်။ သူဟာ တစ်စုံတစ်ခုကို စူးစမ်းလေ့လာနေတာပါ။

ချူရှောင်ချီဟာ သက်ပြင်းချလိုက်ပါတယ် “လောကဦးနတ်ဘီလူး ဟန်ဟွမ်၊ တာအိုဘိုးဘေး ဟုန်ကျွင်း... ဒီနှစ်ယောက်က ဘယ်သူတွေလဲ၊ သူတို့တွေ ဒီကြားထဲမှာ တော်တော်လေး နာမည်ကြီးလာကြတယ်”

ချန်ကျွယ် “အများကြီးမတွေးနဲ့၊ အဲဒါက ငါတို့တွေ ဝင်ပါလို့ မရသေးတဲ့ နယ်ပယ်တစ်ခုပဲ၊ မင်းမြင်တာက ရေရာမှုမရှိတဲ့ စကားတွေ၊ ငါတို့တွေက တာအိုဆန်းကြယ်နယ်မြေကနေတောင် ခုန်မထွက်နိုင်သေးဘူး”

ချန်ကျွယ်နဲ့ ချူရှောင်ချီဟာ မဟာတာအိုပညာရှိတွေ ဖြစ်လာပေမဲ့ မဟာတာအိုပညာရှိ ဖြစ်လာတာက သူတို့နှစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ တာအိုဆန်းကြယ်နယ်မြေထဲက တခြားပါရမီရှင်တွေလည်း မဟာတာအိုပညာရှိ ဖြစ်လာကြပါတယ်။

ဒါတင် မကသေးပါဘူး။ တာအိုဆန်းကြယ်နယ်မြေကလည်း ဆက်တိုက် ကျယ်ပြန့်နေပါတယ်။ တချို့အင်အားစုတွေဆိုရင် အပွတ်အတိုက်တွေ ရှိလာပါတယ်။

“ဟုတ်တယ်၊ စွမ်းအားကြီးတဲ့လူက အမြဲတမ်း ရှိတယ်၊ ဟန်လျန်ကိုပဲ ကြည့်... သူက တကယ်ကို ကြမ်းတာ၊ နောက်ပြီး တာအိုဆန်းကြယ်နယ်မြေကလည်း မဟုတ်ဘူး”

ချူရှောင်ချီဟာ သက်ပြင်းချလိုက်ပါတယ်။ မဟာတာအိုရေအိုင်အတွက် ယှဉ်ပြိုင်တဲ့ပွဲမှာ ဟန်လျန်က တကယ်ကို အကောင်းဆုံးပါ။

ဟန်လျန်အကြောင်း ပြောမိတဲ့အခါ ချန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ ချန်ကျွယ် ပထမဦးဆုံးအကြိမ် အကြီးအကျယ် ရှုံးနိမ်တဲ့ ခံစားချက်ကို ရခဲ့တာက ဟန်လျန်နဲ့ ရင်ဆိုင်တုန်းကပါ။

ချန်ကျွယ်ဟာ ဒီအကြောင်းကို ပြန်တွေးမိတဲ့အခါ ဒေါသထွက်သွားပြီး သူ့ဂုဏ်သိက္ခာကို တစ်နေ့ကျရင် ပြန်ယူမယ်လို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်။

ဒီအချိန်မှာပဲ သူတို့ရှေ့မှာ လူတစ်ယောက် ပေါ်လာပါတယ်။

ဟွမ်ဇွမ်တျန်ပါ။

ချူရှောင်ချီဟာ အံ့အားသင့်သွားပါတယ်။

“ဆရာသခင်...”

ချူရှောင်ချီဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။ ချန်ကျွယ်လည်း နောက်ကနေ မတ်တတ် လိုက်ရပ်ပါတယ်။ ချန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို တအံ့တဩ ကြည့််လိုက်ပါတယ် ‘ချူရှောင်ချီမှာ ဆရာ တကယ် ရှိတာလား’

ဟွမ်ဇွမ်တျန်ဟာ ချန်ကျွယ်ကို ဂရုမစိုက်ဘဲ ချူရှောင်ချီကို စိုက်ကြည့်လိုက်ပါတယ် “ဒီနှစ်တွေမှာ မင်းဘာတွေ လုပ်နေလဲ”

ချူရှောင်ချီဟာ မှင်တက်သွားပါတယ် “ကျင့်ကြံအားထုတ်ပါတယ်”

“ဟွန်း... မင်းတို့နှစ်ယောက်က အရည်အချင်း ရှိပြီး ပန်းတိုင် မရှိဘူး၊ အချိန်ကို အလကားသက်သက် ဖြုန်းတီးပစ်နေတာပဲ”

ချူရှောင်ချီဟာ နားမလည်တာကြောင့် ခေါင်းကုတ်လိုက်ပါတယ်။

ချန်ကျွယ်ကတော့ မျက်မှောင်ကြုတ်သွားပြီး နည်းနည်း ရှက်သွားပါတယ်။ ချန်ကျွယ်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေတာပါ။ ချန်ကျွယ်ဟာ တာအိုဟောကြားပြီး ဂိုဏ်းထောင်ဖို့ စိတ်ကူးခဲ့ပေမဲ့ တပည့်မွေးရတာကို စိတ်မဝင်စားပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters