တုကူးဝူ၊ ပါရမီရှင်နယ်မြေ
Vol. 111 Ch. 1155
“ဒါဆို ကျွန်တော်တို့တွေ ဘာကို ပစ်မှတ်ထားသင့်လဲ ဆရာ.... ကျွန်တော်တို့တွေ အာဏာအတွက် တိုက်ခိုက်ရမှာလား... ဟီးဟီး...”
ချူရှောင်ချီဟာ သူ့ရဲ့ လက်ရှိဘဝကို တော်တော်လေး ကျေနပ်ပါတယ်။ ကျင့်ကြံတာကလွဲပြီး တခြားဘာမှ လုပ်စရာမရှိသလို ကျင့်ကြံလို့ ပျင်းလာရင်လည်း ချန်ကျွယ်နဲ့အတူ အပြင်ထွက်လို့ ရပါတယ်။
“ဟွန်း... မင်းက တော်တော်တုံးတာပဲ၊ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်မှာ ကျင့်ကြံမှုတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး၊ မင်းတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးဖို့လိုတယ်၊ ဒီကမ္ဘာ ဖြစ်တည် မဖြစ်တည်က မင်းတို့ရဲ့ ပျိုးထောင်တဲ့စွမ်းအားအပေါ် မူတည်တယ်၊ သက်ရှိတွေများလာတာနဲ့ ပွတ်တိုက်မှုတွေကလည်း ပိုများလာလိမ့်မယ်၊ အရှုပ်အထွေးတွေကိုလည်း တားဆီးလို့ရမှာ မဟုတ်ဘူး”
ချူရှောင်ချီဟာ တိတ်ဆိတ်သွားပါတယ်။ ချူရှောင်ချီဟာ သူ့ဆရာစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပေမဲ့ တစ်ခုခု မှားနေတယ်လို့လည်း ခံစားမိလိုက်ပါတယ်။
ချန်ကျွယ်က မေးလိုက်ပါတယ် “စီနီယာ... ကမ္ဘာဖန်တီးတာအပြင် တကယ်ပဲ တခြားနည်းလမ်း မရှိဘူးလား”
ဟွမ်ဇွမ်တျန်ဟာ ချန်ကျွယ်ကို တစ်ချက် ကြည့်လိုက်ပါတယ် “ရှိလာနိုင်တယ်၊ လောလောဆယ်တော့ မရှိသေးဘူး၊ မင်းမေးခွန်းက စွမ်းအားကြီးလာဖို့ ကျင့်ကြံအားထုတ်တာကလွဲပြီး တခြားနည်လမ်း ရှိသလားလို့ မေးနေသလိုပဲ”
ချန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“တာအိုဆန်းကြယ်နယ်မြေက အကြီးအကျယ် ပြောင်းလဲတော့မယ်၊ မင်းတို့တွေ ဒါကို တားဆီဖို့ မဖြစ်နိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ” စကားဆုံးတာနဲ့ ဟွမ်ဇွမ်တျန်ဟာ ပျောက်ကွယ်သွားပါတယ်။
ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ယောက်မျက်လုံးထဲက သံသယတွေကို တစ်ယောက် မြင်တွေ့လိုက်ရပါတယ်။
‘ဆရာက ဒီအကြောင်းပြောဖို့ လာတာလား’
ချန်ကျွယ်ဟာ ပြန်ထိုင်ပြီး ရုတ်တရက် ပြောလိုက်ပါတယ် “ကြည့်ရတာ ငါတို့တွေ လမ်းခွဲဖို့ အချိန်ကျပြီနဲ့ တူတယ်”
ချူရှောင်ချီဟာ မျက်လုံးပြူးသွားပါတယ် “မင်း အင်အားစုတစ်စု တည်ထောင်ချင်ရင် ငါတို့တွေ ပူပေါင်းလို့ရတာပဲ”
“ငါတို့တွေ အလုပ် အတူတူလုပ်ခဲ့တာ တော်တော်ကြာသွားပြီ၊ အခု ခွဲခွာဖို့ အချိန်ကျပြီ၊ ရှောင်ချီ... လူတိုင်းမှာ ပန်းတိုင်ကိုယ်စီ ရှိတယ်၊ အပူအပင်ကင်းတယ်ဆိုတာ စကားအဖြစ် ပြောရုံပဲ”
ချန်ကျွယ်ဟာ ခေါင်းခါပြီး အဝေးကို လှမ်းကြည့်လိုက်ပါတယ်။ ချန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ စကားတွေကို နားထောင်ပြီး တော်တော်လေးကို ပြတ်သားသွားပါတယ်။ စိတ်ထဲမှာလည်း ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချမှတ်လိုက်ပါတယ်။
ချူရှောင်ချီဟာ တစ်ခုခု ပြောချင်ပေမဲ့ တုံ့ဆိုင်းသွားပါတယ်။ ချန်ကျွယ်ကို ကြည့်ပြီး စကားလုံးတွေဟာ လည်ချောင်းထဲမှာ တစ်သွားတာကြောင့် ဘာမှ မပြောနိုင်တော့ပါဘူး။
ဟုတ်ပါတယ်။ သူတို့တွေ အခုအချိန် မခွဲခွာရင် ဘယ်အချိန်ကျ ခွဲခွာမှာလဲ။ စုံတွဲတွေတောင် နှစ်သန်းချီကြာအောင် အတူနေနိုင်တာ မဟုတ်ပါဘူး။
.....
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
လောကကြီး ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ ဟန်ကျွယ်ကိုတော့ ဘာသက်ရောက်မှုမမှ မပေးနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲမှာနေပြီး တိတ်တဆိတ် ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်အတွက်တော့ အချိန်ကုန်တာက မြန်ဆန်လွန်းပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေမှာ အချိန်-အာကာသ ဖွဲ့စည်းမှုက ခိုင်ခံ့လာတဲ့အတွက် ဘဝပြောင်း ခရီးသည်တွေ မရှိသလောက် ရှားပါးသွားပါတယ်။ ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ် စိတ်ပျက်မှာကို ကြောက်တာကြောင့် တော်တော်လေး ကြိုးစားပါတယ်။ ဒီအကြောင်းကြောင့်လည်း အချိန်-အာကာသဟာ ပိုပြီးတော့ တည်မြဲလာပါတယ်။
ဖူစန်းသစ်ပင်ဟာ ကျင့်ကြံမှုလည်း တိုးလာတာကြောင့် အချိန်-အာကာသကို ပိုပြီးတော့ အလေးအနက် ထားလာပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ်သန်း ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက ထွက်လာပြီး နေကို မျက်နှာမူကာ အကြောဆန့်ပါတယ်။
‘သက်သောင့်သက်သာ ရှိလိုက်တာ’
လွန်ခဲ့တဲ့ နှစ်တွေမှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အရင်ကထက် အများကြီး တိုးတက်လာပါတယ်။ အန္တိမမူလကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ အကျိုးအမြတ် ရလိုက်တာပါ။
ဟန်လင်ဟာ အန္တိမမူလကမ္ဘာ မိစ္ဆာနတ်ဆိုးဆီက သွေးစည်းကို လိုချင်ပေမဲ့ ထပ်ခါထပ်ခါ ကျရှုံးပါတယ်။ မိစ္ဆာနတ်ဆိုးကတော့ ပိုပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။
အင်အားစုအသီးသီးရဲ့ အာရုံဟာ ဒီမိစ္ဆာနတ်ဆိုးဆီ ရောက်နေတဲ့အတွက် အောက်ခြေလူတန်းစားထဲက ပါရမီရှင်တွေ စပြီးတော့ ပေါ်ထွက်လာပါတယ်။ ဒါကြောင့် အန္တိမမူလကမ္ဘာဟာ အရင်လို မတည်ငြိမ်တော့ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။
အန္တိမမူလကမ္ဘာထဲက အင်အားစုကြီးတွေအတွက် ဝရုန်းသုန်းကား ဖြစ်တာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဝရုန်းသုန်းကား ဖြစ်တာက သက်ရှိအားလုံးအတွက် အကျိုးရှိပါတယ်။ အထူးသဖြင့် နောက်ခံမကောင်းတဲ့ သက်ရှိတွေအတွက်ပေါ့။
ဝရုန်းသုန်းကား ဖြစ်တာက သူတို့အတွက် အခွင့်အရေးကောင်းပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တောတွင်းဥပဒေသကတော့ မပြောင်းလဲပါဘူး။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲကနေ ကွယ်ပျောက်ပြီး အန္တိမမူလကမ္ဘာဆီ ရောက်လာပါတယ်။ ဒီနေရာက အန္တိမမူလကမ္ဘာရဲ့ အစွန်းတစ်နေရာပါ။
ဟင်းလင်းပြင်မှာ သွေးချီတွေ ပြည့်နေပြီး ဥက္ကာခဲ အပိုင်းအစတွေဟာ ကွင်းတစ်ကွင်းပုံစံ တည်ရှိနေပါတယ်။ ဒီကွင်းရဲ့ အလယ်မှာတော့ ဧရာမကျောက်ချပ်ကြီးတစ်ချပ် ရှိနေပါတယ်။ ဒီကျောက်ချပ်မှာ သွေးစားလုံးတွေ ရေးထွင်းထားပါတယ်။ ဒီနေရာရဲ့ သွေးချီဟာ ဒီသွေးစာလုံးတွေကနေ လာတာပါ။
ဒီကျောက်ချပ်ပေါ်မှာ လူတစ်ယောက် ထိုင်နေပါတယ်။ ဆံပင်တွေ ဖြူဖွေးနေတဲ့ အမျိုးသားတစ်ယောက်ပါ။ ဒီအမျိုးသားဟာ နည်းနည်းပိန်ပါးပြီး မျက်နှာကလည်း ချောမောပါတယ်။ ဒါပေမဲ့ အရေပြားနဲ့ အသားပဲ ရှိတဲ့အတွက် တော်တော်လေး အားနည်းပုံ ပေါ်နေပါတယ်။
“မင်းရဲ့ အရည်အချင်းကို ဒီလိုမျိုး ညှစ်ထုတ်နေရင် ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ”
ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြောင့် ဆံဖြူအမျိုးသားဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အတော်ကို ချောမောလှပတဲ့ ယောက်ျားတစ်ယောက် သူ့ရှေ့မှာ ပေါ်လာတာကို တွေ့လိုက်ရတဲ့အတွက် အလိုလို မျက်မှောင်ကြုတ်မိသွားပါတယ်။
ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသားကို ခပ်ယဲ့ယဲ့ပြုံးပြီး စိုက်ကြည့်လိုက်ပါတယ်။ ဒီဆံဖြူအမျိုးသားက ဟန်လင် လိုချင်နေတဲ့ မိစ္ဆာနတ်ဆိုးပါ။ သူက အန္တိမမူလကမ္ဘာထဲမှာ အရည်အချင်း အရှိဆုံးဖြစ်ပြီး မဟာတာအို နတ်ဘီလူးတွေထက် စွမ်းအားပိုကြီးပါတယ်။
ဆံဖြူအမျိုးသားဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
ဆံဖြူအမျိုးသားဟာ ဟန်ကျွယ်ကို မတိုက်ခိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဆီကနေ ရင်းနှီးတဲ့ ခံစားချက်ကို ရနေလို့ပါ။
ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသားရှေ့မှာ ထိုင်ပြီး ပြုံးလိုက်ပါတယ် “ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက မင်းရဲ့ ပြဿနာပဲ၊ မင်း ဒီအတိုင်း ဆက်သွားရင် မကြာခင်မှာ အဆုံးသတ်ကို ရောက်သွားလိမ့်မယ်”
ဆံဖြူအမျိုးသားဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး စိတ်လှုပ်တရှား မေးလိုက်ပါတယ် “စီနီယာက... ဘိုးဘိုးနတ်မင်းလား”
ဆံဖြူအမျိုးသားဟာ တော်တော်လေး စိတ်လှုပ်ရှားသွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဆံဖြူအမျိုးသားရဲ့ စကားကို မငြင်းပါဘူး။
ဆံဖြူအမျိုးသားရဲ့ အရည်အချင်းက အန္တိမမူလကမ္ဘာမှာ နံပါတ်တစ်ဖြစ်ပြီး မိုးကောင်းကင်က ကောင်းချီးပေးတာကိုလည်း ခံရပါတယ်။ ဒါကို ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကို အထူးတလည် ဂရုမစိုက်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို ပဋိပက္ခနယ်မြေကို အတုခိုးပြီး နယ်မြေတစ်ခု ဖန်တီးလိုက်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတဲ့လူ ဘယ်သူမဆို ဒီနယ်မြေထဲကို ဝင်ရောက်နိုင်ပါတယ်။
အန္တိမမူလကမ္ဘာရဲ့ ဒီပါရမီရှင်နယ်မြေ ဝင်ခွင့်က တော်တော်လေးကိုမှ မြင့်ပါတယ်။ လက်ရှိမှာ ဆံဖြူအမျိုးသားပဲ ဒီနယ်မြေထဲကို ဝင်နိုင်ပါတယ်။ ဒီဆံဖြူအမျိုးသားရဲ့ နာမည်က တုကူးဝူပါ။
တုကူးဝူဟာ မိဘမဲ့ဖြစ်ပြီး သူ့အကြောင်း သူသိပါတယ်။ ကံကောင်းချင်တော့ တုကူးဝူဟာ သွေးစည်း နိုးထခဲ့ပြီး ပါရမီရှင်နယ်မြေထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ပါရမီရှင်နယ်မြေထဲမှာရှိတဲ့ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စဟာ တုကူးဝူကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ကြားပေးခဲ့ပါတယ်။
ဒီတော့မှာပဲ တုကူးဝူဟာ ကျင့်ကြံခြင်းလောကမှာ နာမည်တစ်ခု ယူနိုင်ခဲ့ပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူ့မှာ အရည်အချင်း ဘယ်လောက်ရှိရှိ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။
တုကူးဝူ တခြားအင်အားစုတွေကို အထင်မကြီးတာက ပါရမီရှင်နယ်မြေမှာ ရှိတဲ့ အခွင့်အရေးတွေကြောင့်ပါ။
တုကူးဝူဟာ စိတ်လှုပ်တရှား ဦးချပါတယ်။
ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက ငါ့ရုပ်သွင်ကို ကြည့်တာနဲ့ ငါ ဘယ်သူလဲဆိုတာကို သိတာလား”
“ဘိုးဘိုးနတ်မင်းရဲ့ ရောင်ဝါက သိမ်မွေ့နက်နဲလွန်းတယ်၊ အန္တိမမူလကမ္ဘာတစ်ခုလုံးမှာ ဒီလိုမျိုးရောင်ဝါရှိတဲ့လူက ဘိုးဘိုးနတ်မင်းကလွဲပြီး တစ်ယောက်မှ မရှိဘူး၊ ဘိုးဘိုးနတ်မင်း... ကျွန်တော် ဘိုးဘေးနတ်မင်းကို ဆရာလို့ ခေါ်လို့ရလား” တုကူးဝူဟာ ဂရုတစိုက် မေးလိုက်ပါတယ်။
တုကူးဝူဟာ မဟာတာအိုပညာရှိချုပ်ပါ။ အန္တိမမူလကမ္ဘာတစ်ခုလုံးမှာ သူ့ကို ခုခံနိုင်တဲ့လူက လက်ချိုးရေလို့ ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရှေ့မှာတော သူ ဘာမှမလုပ်နိုင်ပါဘူး။ ဒါကြောင့်လည်း တုကူးဝူဟာ ဟန်ကျွယ်က သူ့မှတ်ဉာဏ်ထဲက လူဆိုတာ သေချာနေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ တပည့်လက်မခံဖြစ်တာ အတော်ကြာသွားပြီ”
“ဆရာ ကျွန်တော်ကို တပည့်အဖြစ် လက်ခံပေးပါ”
“မင်း ငါ ဘယ်သူလဲဆိုတာကို သိလား”
“မသိပါဘူး”
“မင်းရဲ့ သွေးစည်းကို လုယူချင်တဲ့ ဧကရာဇ်က ငါ့သမီး၊ မင်းကို အနိုင်ကျင့်တဲ့ မဟာတာအို နတ်ဘီလူးတွေနဲ့ ရှကျဲ့မျိုးနွယ်စုကို ဖန်တီးခဲ့တာလည်း ငါပဲ”
“ဗျာ...”
တုကူးဝူဟာ လန့်သွားပြီး သူ့နားကိုသူ မယုံနိုင်အောင် ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ တုကူးဝူကို စိုက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။
တုကူးဝူဟာ မျက်နှာအမူအရာ ပြောင်းလဲသွားသလို ခံစားချက်တွေလည်း ရှုပ်ထွေးသွားပါတယ်။
[တုကူးဝူသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
တုကူးဝူဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဆရာ... ဆရာက ကျွန်တော်ကို သေချာပေါက် ဒုက္ခပေးမှာ မဟုတ်ဘူး၊ ဆရာက မဟာတာအို နတ်ဘီလူးတွေနဲ့ ရှကျဲ့မျိုးနွယ်စုကို ဖန်တီးထားတဲ့လူဆိုတော့ သေချာပေါက် အန္တိမမူလကမ္ဘာရဲ့ အရှင်သခင် ဖြစ်ရမယ်”
“တွေးကြည့်ရင် ဆရာကလည်း ကျွန်တော်ရဲ့ အရည်အချင်းကို သဘောကျတယ်၊ ဆရာ့သမီးဆီမှာတောင် ကျွန်တော်ရဲ့ သွေးစည်းကို လုယူဖို့ နည်းလမ်းရှိနေရင် ဆရာဆီမှာ ဘယ်လိုလုပ်ပြီး မရှိဘဲ နေမှာလဲ၊ ဆရာ ဆရာ့သမီးကို မတားတာက ကျွန်တော်ကို လေ့ကျင့်ပေးချင်လို့မလား”
“ဒီလောကမှာ ကံကို ခန့်မှန်းလို့ မရဘူး၊ ရန်သူက မိတ်ဆွေ ဖြစ်လာနိုင်သလို မိတ်ဆွေကလည်း ရန်သူ ဖြစ်သွားနိုင်တယ်၊ မင်း တစ်ယောက်တည်း လျှောက်သွားနေတာ ကြာပြီ၊ မင်းရဲ့ ပြဿနာကို မင်း မြင်မှာပါ၊ တကယ်တော့ မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး”
ပထမတော့ မဟာတာအို နတ်ဘီလူးတွေဟာ တုကူးဝူကို စည်းရုံးပါသေးတယ်။ ဒါပေမဲ့ တုကူးဝူဟာ အဲဒီလူကို အထင်အမြင်သေးပြီး မောက်မောက်မာမာ ပြောဆိုတဲ့အတွက် တစ်ဖက်လူကို ဒေါသထွက်သွားစေပါတယ်။ အဲဒါကြောင့် သူတို့တွေဟာ ကောလဟာလတွေ လျှောက်ဖြန့်ပါတယ်။
ဒီကောလဟာလတွေကြောင့် မဟာတာအိုနတ်ဘီလူးတွေဟာ ဒေါသထွက်ပြီး တုကူးဝူကို တိုင်းတိုက်ပါတော့တယ်။ တုကူးဝူဟာ နဂိုကတည်းက တိုက်ခိုက်ဖို့ မျှော်လင့်နေတဲ့လူဆိုတော့ ဘာဖြေရှင်းချက်မှ မပေးဘဲ ပြန်တိုက်ပါတယ်။
ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ တုကူးဝူဟာ အန္တိမမူလကမ္ဘာတစ်ခုလုံးရဲ့ ရန်သူတော်ကြီး ဖြစ်လာပါတယ်။
တုကူးဝူဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ တုကူးဝူကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။