← Chapters

အတွေးတစ်ချက်နဲ့ ကံဖြတ်ခြင်း

Vol. 111 Ch. 1156

အတွေးတစ်ချက်နဲ့ ကံဖြတ်ခြင်း

Vol. 111 Ch. 1156

“ဆရာ... အခုကျမှ ကျွန်တော်က သူတို့နဲ့ ငြိမ်းချမ်းရေး ပြန်ယူရမှာလား” တုကူးဝူဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး မတိုးမကျယ် မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်းရဲ့ ကံတရားမှာ ဝင်မပါပါဘူး၊ ငါ မင်း စွမ်းအားပိုကြီးလာတာပဲ လိုချင်တယ်၊ မင်းက အပိတ်အဆို့တစ်ခုကို ရောက်နေပြီ၊ တိုက်ပွဲတွေက မင်း စွမ်းအားပိုကြီးလာအောင် မကူညီပေးနိုင်တော့ဘူး၊ ဒါပေမဲ့ မင်းက လူမုန်းများတော့ မင်း ကမ္ဘာတစ်ခု ဖန်တီးလိုက်တာနဲ့ မင်းရန်သူတွေက ဝိုင်းဖျက်ဆီးလိမ့်မယ်၊ မင်း နောင်တရလား”

တုကူးဝူဟာ သက်ပြင်းချလိုက်ပါတယ် “နောင်တမရဘူးလို့ပြောရင် လိမ်တာပဲ၊ ဒါပေမဲ့ ကျွန်တော်ရဲ့ မုန်းတီးမှုကို ဒီအတိုင်းကြီး လွှတ်မချနိုင်ဘူး၊ သူတို့လည်း လွှတ်ချနိုင်မှာ မဟုတ်လောက်ဘူး”

ဟန်ကျွယ် “အန္တိမမူလကမ္ဘာကို မင်း ဘယ်လိုထင်လဲ”

“ကျွန်တော် မုန်းတာက အဲဒီ တန်ခိုးစွမ်းအားကြီးမားတဲ့ နတ်ဘီလူးတွေပဲ၊ ကျွန်တော်က အန္တိမမူလကမ္ဘာမှာ မွေးဖွားလာတာဆိုတော့ အန္တိမမူလကမ္ဘာကို မမုန်းပါဘူး၊ ကျွန်တော်ရဲ့ ကျင့်ကြံမှု မြင့်လာတာနဲ့ ကျွန်တော်ရဲ့ အရည်အချင်းက အန္တိမမူလကမ္ဘာရဲ့ လက်ဆောင်ဆိုတာကို သိလာရတယ်”

“မင်း တခြား မဟာတာအိုကမ္ဘာ တည်ရှိမှုတွေကို သိလား”

“ကျွန်တော် သိပါတယ်၊ အန္တိမမူလကမ္ဘာရဲ့ အပြင်မှာ နေရာကျယ်ကြီးရှိတယ်၊ အဲဒီဧကရာဇ်က အပြင်လူပဲ၊ ကျွန်တော် ငရဲပြည်ကိုလည်း ရောက်ဖူးတယ်၊ အဲဒီမှာ အန္တိမမူလကမ္ဘာရဲ့ ကံတရား အထောက်အပံ့ဖြစ်အောင် ပြောင်းလဲတဲ့ နေရာတစ်ခု ရှိတယ်”

“အန္တိမမူလကမ္ဘာက တခြား မဟာတာအိုကမ္ဘာတွေထက် စွမ်းအားပိုကြီးတယ်၊ မဟုတ်ရင် ဒီလောက်များတဲ့ သက်ရှိတွေ လာမှာ မဟုတ်ဘူး”

တုကူးဝူဟာ မတိုးမကျယ် ပြန်ဖြေပါတယ်။

ဒါက အမှန်တရားပါ။ လက်ရှိ အဆုံးမဲ့ခေတ်တစ်ခုလုံးမှာ သက်ရှိတွေကို အဆွဲဆောင်နိုင်ဆုံးက အန္တိမမူလကမ္ဘာပါ။ ဖန်တီးရှင်သခင်ကိုယ်တိုင် ဖန်တီးထားတဲ့ ကမ္ဘာတစ်ခု ဖြစ်သလို စိတ်ဝိညာဉ်ချီကလည်း တခြား မဟာတာအိုကမ္ဘာတွေထက် အများကြီး သာလွန်ပါတယ်။

အထွတ်အထိပ် နိယာမ ကိုးပါးကလည်း စွမ်းအားကြီးပုဂ္ဂိုလ်တွေကို အရူးအမူး ဖြစ်စေပါတယ်။

အန္တိမမူလကမ္ဘာဟာ တော်တော်လေး စွမ်းအားကြီးပြီး အပြင်လူတွေကို ဖိနှိပ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်ရဲ့ အရည်အချင်းကို အန္တိမမူလကမ္ဘာ ကာကွယ်ဖို့အတွက် သုံးသင့်တယ်၊ အချင်းချင်း ပြန်တိုက်နေရမှာ မဟုတ်ဘူး၊ မင်း ဘယ်လို သဘောရလဲ”

တုကူးဝူဟာ မတတ်နိုင်တဲ့ လေသံနဲ့ “ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို ပြောပါ”

“ငါ သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်ပြီး မင်းဘဝကို ပြန်စခိုင်းမယ်”

တုကူးဝူဟာ မျက်လုံးပြူးသွားပါတယ်။ မှတ်ဉာဏ်ဖျက်တာက ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်ဖို့ဆိုတာကတော့...။

ဒီအထဲမှာ တုကူးဝူ ရင်ဆိုင်ရခက်တဲ့ ရန်သူတွေလည်း ပါပါတယ်။ တုကူးဝူဟာ ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “အဲဒီလုပ်တာ ကရိကထ မများလွန်းဘူးလား”

“ကရိကထများတယ်၊ အဲဒီလိုလုပ်ဖို့ အတွေးတစ်ချက်ပဲ လိုတယ်”

“ဟင်...”

မုန်တိုင်းမျိုးစုံကို တွေ့ကြုံဖူးတဲ့ တုကူးဝူတောင် လန့်သွားပါတယ်။

‘ဒါ ဘယ်လို အစွမ်းအစမျိုးလဲ’

ဟန်ကျွယ်ဟာ တုကူးဝူရဲ့ အတွေးတွေကို ထိုးဖောက်မြင်တာကြောင့် ညင်သာစွာ လက်ခုပ်တီးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ကောင်းပြီ၊ အခုအချိန်ကစပြီး သက်ရှိအားလုံး မင်းကို မေ့သွားပြီ”

သက်ရှိအားလုံး တုကူးဝူကို မေ့သွားအောင် လုပ်ဖို့က လွယ်ပါတယ်။ သက်ရှိအားလုံးနဲ့ ဆက်စပ်နေတဲ့ ကံကို ဖြတ်တောက်လိုက်ရုံပါပဲ။ ဖန်တီးရှင်သခင် မပြောနဲ့၊ တာအိုဖန်တီးရှင်တောင် ဒီလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖန်တီးရှင်သခင် လုပ်နိုင်တဲ့ နယ်ပယ်ထဲမှာ တာအိုဖန်တီးရှင်တွေလည်း ပါပါတယ်။

တုကူးဝူဟာ တုန်ယင်သွားပါတယ်။ တုကူးဝူဟာ ဘာမှ မခံစားလိုက်ရပါဘူး။ တစ်ဖက်လူက သူ အသိအမှတ်ပြုထားတဲ့ ဘိုးဘိုးနတ်မင်းသာ မဟုတ်ရင် တုကူးဝူဟာ တစ်ဖက်လူက သူ့ကို ကစားနေတယ်လို့ ထင်မိမှာပါ။

ဟန်ကျွယ် လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ဘေးမှာ ဟန်ယို ပေါ်လာပါတယ်။

တုကူးဝူဟာ ချက်ချင်း ရင်ထိတ်သွားပြီး လေးလေးနက်နက် စောင့်ဆိုင်းပါတယ်။

ဟန်ယိုဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတုန်းပါ။ ဟန်ယိုဟာ တစ်ခုခု မှားနေတယ်ဆိုတာကို အာရုံခံမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ကြောက်လန့်တကြား ဒူးထောက်လိုက်ပါတယ်။

ဒါဟာ ဟန်ယို ဒီလိုဖြစ်တာကို တုကူးဝူ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ ရှကျဲ့မျိူးနွယ်စု ခေါင်းဆောင်က အန္တိမမူလကမ္ဘာထဲမှာ စွမ်းအားအကြီးဆုံး တည်ရှိမှုတွေထဲက တစ်ခုပါ။ အရင်တုန်းက ဟန်ယိုဟာ သူ့ကို အမြဲတမ်း အထင်အမြင်သေးခဲ့ပါတယ်။

ဟန်ကျွယ် “မင်း ဒီကလေးကို သိလား”

ဟန်ယိုဟာ တုကူးဝူကို လှည့်ကြည့်ပြီး ခေါင်းခါလိုက်ပါတယ် “မသိပါဘူး”

အဲဒီနောက် ဟန်ကျွယ်ရဲ့ဘေးမှာ အသက်ဓာတ် နတ်ဘီလူးလည်း ပေါ်လာပါတယ်။

တုကူးဝူရဲ့ အမူအရာဟာ ထူးဆန်းသွားပါတယ်။

ဟန်ကျွယ် “ဒီကလေးရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ နောက်ကျရင် သူ အန္တိမမူလကမ္ဘာမှာ နေလိမ့်မယ်၊ သူက ငါ့ရဲ့တပည့်လို့ ပြောလို့ရတယ်၊ မင်းတို့တွေ အန္တိမမူလကမ္ဘာကို အတူတူ ကာကွယ်ကြချည်”

အသက်ဓာတ် နတ်ဘီလူးဟာ တုကူးဝူကို အကဲခတ်ပြီး ချီးကျူးလိုက်ပါတယ် “မင်းက ဒီလောက် ငယ်ငယ်လေးနဲ့ ငါ့ထက် စွမ်းအားပိုကြီးပါ့လား”

တုကူးဝူ “အဟွတ်..အဟွတ်... နောက်ကျရင် ကျွန်တော်ကို ဂရုစိုက်ပေးပါ”

“ရတယ်... ရတယ်... ဟားဟား...” အသက်ဓာတ် နတ်ဘီလူးဟာ ရယ်မောလိုက်ပါတယ်။

ဒီတော့မှ တုကူးဝူဟာ စိတ်သက်သာရာ ရသွားပြီး ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။

တုကူးဝူဟာ အမြဲတမ်း တစ်ယောက်တည်းပါ။ တုကူးဝူဟာ သူ့အရည်အချင်းကို ပြသကတည်းက ပစ်မှတ်ထားခံခဲ့ရပါတယ်။ သူ့ရဲ့ မုန်းတီးမှုက တိုက်ခိုက်မှုကနေ လာတာပါ။ သူ့မှာ မိသားစုလည်း မရှိသလို မိတ်ဆွေကောင်းလည်း မရှိတဲ့အတွက် သွေးကြွေး မရှိပါဘူး။

ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းတို့တွေ စကားပြောကြ... အဆုံးမဲ့ခေတ်က ထပ်ပြီးတော့ ပြောင်းလဲလိမ့်မယ်၊ အန္တိမမူလကမ္ဘာမှာ ပါရမီရှင်တွေ ပိုလိုတယ်၊ တခြား မဟာတာအိုကမ္ဘာတွေကို ငါတို့ကို လိုက်မမီစေနဲ့”

ပြောစရာရှိတာ ပြောပြီးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။ ဟန်ယိုနဲ့ အသက်ဓာတ် နတ်ဘီလူးဟာ တုကူးဝူကို အနေရခက်အောင် မလုပ်ဘဲ နွေးနွေးထွေးထွေး စကားပြောပါတယ်။

တုကူးဝူဟာ သူ အရင်တုန်းက မုန်းတီးခဲ့တဲ့ မျက်နှာနှစ်ခုကို ကြည့်ရင်း တော်တော်လေးကို မသက်မသာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာရှိတဲ့ စက်ဆုပ်ရွံရှာမှုကတော့ အများကြီး လျော့ကျသွားပါတယ်။

သူတို့တွေ ရန်သူ မဟုတ်တာက တကယ်ပဲ ကောင်းပါတယ်။

တုကူးဝူဟာ ဟန်ယိုနဲ့ အသက်ဓာတ် နတ်ဘီလူး သရုပ်ဆောင်နေမှာကို နည်းနည်း စိုးရိမ်ပါသေးတယ်။

အဲဒီနောက် တုကူးဝူဟာ အသက်ဓာတ် နတ်ဘီလူးနဲ့ ဟန်ယိုနောက်လိုက်ပြီး အန္တိမမူလကမ္ဘာထဲက အင်အားစုအသီးသီးရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ တစ်ခါမှ မခံစားခဲ့ရဖူးတဲ့ ဆက်ဆံမှုကို ခံစားရပါတယ်။

ဟန်ယိုဟာ တုကူးဝူကို မကောင်းကြံရဲတဲ့လူ မှန်သမျှ မခံစားနိုင်စရာ အကျိုးဆက်ရမယ်လို့ ပေါ်တင်ပြောပါတယ်။ ဒီတော့မှ တုကူးဝူဟာ ဟန်ကျွယ်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ သ‌ဘောပေါက်သွားပါတယ်။ လက်ခုပ်လေးတစ်ချက် တီးရုံနဲ့ သက်ရှိအားလုံးရဲ့ မှတ်ဉာဏ်တွေကို ပြောင်းပစ်နိုင်တာက နည်းတဲ့ စွမ်းအား မဟုတ်ပါဘူး။

.....

တတိယ တာအိုစက်ကွင်း။

တုကူးဝူကိစ္စ ပြီးတဲ့အခါ ဟန်ကျွယ်ဟာ အဆုံးမဲ့ခေတ်ကို ဆက်ပြီးတော့ အကဲခတ်ပါတယ်။

ဟန်ကျွယ် တုကူးဝူကို ကူညီတာက အကြောင်းရှိပါတယ်။ ဖန်တီးရှင်သခင်တစ်ပါးအနေနဲ့ သူ ဖန်တီးထားတဲ့ အန္တိမမူလကမ္ဘာရဲ့ သက်ရှိတွေထဲကနေ တာအိုဖန်တီးရှင် အသစ်တစ်ပါး ပေါ်ထွက်လာသင့်တယ် မဟုတ်ပါလား။

တုကူးဝူက ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးကို လိုက်မမီပေမဲ့ သိပ်အဝေးကြီး နောက်ကျ ကျန်နေခဲ့မှာတော့ မဟုတ်ပါဘူး။

နောက်ကျရင် အန္တိမမူလကမ္ဘာမှာ တာအိုဖန်တီးရှင်တွေ ပိုပိုပေါ်လာပြီး ပိုပို စွမ်းအားကြီးလာမှာပါ။ ဒါက လက်ရှိ တာအိုဖန်တီးရှင်တွေကို ကန့်သတ်နိုင်ပါလိမ့်မယ်။

ဟန်ကျွယ်ဟာ သူ့ကလေးတွေထက်စာရင် သူ့ရဲ့ အန္တိမမူလကမ္ဘာကို ပိုပြီးတော့ ယုံကြည်ပါတယ်။ အန္တိမမူလကမ္ဘာထဲမှာရှိတဲ့ သက်ရှိတွေကလည်း သူ့ကလေးတွေပါပဲ။ နောက်ပြီး အန္တိမမူလကမ္ဘာ စွမ်းအားကြီးလေလေ သူ စွမ်းအားကြီးလေလေပါပဲ။ သူစွမ်းအားကြီးလေလေ အန္တိမမူလကမ္ဘာက အကျိုးအမြတ် ရလေလေပါပဲ။

ဟန်ကျွယ်ဟာ အဆုံးမဲ့ခေတ်ကို တစ်ခဏ အကဲခတ်ပြီးနောက် မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံ အားထုတ်ပါတယ်။ ဒီလိုအမြဲတမ်း ကျင့်ကြံအားထုတ်နေမှပဲ အမြဲတမ်း သူများထက် စွမ်းအားကြီးနေမှာပါ။

ဖန်တီးရှင်သခင်အဆင့်ကို ကျော်လွန်ဖို့က ဟန်ကျွယ် လုပ်ကိုလုပ်ရမဲ့ အရာပါ။

ငရဲပြည်။

လုံဟောင်နဲ့ ဟန်လျန်ဟာ မေ့လျော့ခြင်းတံတားမှာ ရှေ့ဆက်သွားနေပါတယ်။

“ကျွန်တော်တို့တွေ ဘယ်ကို သွားနေတာလဲ” ဟန်လျန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ်။ လုံဟောင်ဟာ သူ့ကို ဆွဲခေါ်လာပေမဲ့ အခုထိ ဘာမှမပြောသေးပါဘူး။

လုံဟောင်ဟာ အပြုံးနဲ့ ပြန်ဖြေပါတယ် “အခွင့်အရေးတွေ ပြည့်နေတဲ့ နေရာတစ်ခုကို”

ဟန်လျန် “ဘယ်နေရာလဲ” ‘ဒီငရဲပြည်မှာ ဘာအခွင့်အရေး ရှိနိုင်မှာလဲ’

“အန္တိမမူလကမ္ဘာ” လုံဟောင်ဟာ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်နှာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်။

ဟန်လျန်ဟာ အံ့အားသင့်သွားပါတယ်။ ဟန်လျန်ဟာ အန္တိမမူလကမ္ဘာကို သိပါတယ်။ အန္တိမမူလကမ္ဘာက ဖန်တီးရှင်သခင် ကိုယ်တိုင် တည်ထောင်ထားတဲ့ ကမ္ဘာတစ်ခု ဖြစ်ပြီး အစွမ်းအထက်ဆုံး မဟာတာအိုကမ္ဘာလို့ လူသိများပါတယ်။

ဒါပေမဲ့ အန္တိမမူလကမ္ဘာဟာ တော်တော်လေးကိုမှ လူစိမ်း မကြိုက်ပါဘူး။ အန္တိမမူလကမ္ဘာသားတွေပဲ နေထိုင်နိုင်ပါတယ်။ သူတို့တွေ အန္တိမမူလကမ္ဘာထဲကို ဝင်ချင်ရင် သူတို့ရဲ့ကံကို ပြောင်းဖို့ လိုပါတယ်။

“ဒါပေမဲ့...”

“မစိုးရိမ်နဲ့၊ ငါ့မှာ ငါတို့ရဲ့ ကံကို ဝှက်ထားဖို့ နည်းလမ်း ရှိတယ်၊ ဒီအန္တိမမူလကမ္ဘာ ခရီးစဉ်က သိပ်ကြာမှာ မဟုတ်ဘူး၊ ငါတို့တွေ ရတနာတစ်ခု ရှာရုံပဲ၊ ဒီရတနာက မင်းရဲ့ မဟာတာအိုကမ္ဘာ ဖြစ်တည်အောင် ကူညီပေးနိုင်တယ်၊ မင်း မဟာတာအိုကမ္ဘာကို ဖန်တီးတိုင်း အမြဲတမ်း မအောင်မြင် ဖြစ်နေတယ် မဟုတ်လား၊ ပြင်ပ အကူအညီ လိုနေတာ ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် မင်းက ငယ်သေးတော့ အခွင့်အရေးမရှိရင် ဒီအဆင့်ကို ကျော်နိုင်ဖို့ မလွယ်ဘူး”

လုံဟောင်ဟာ ဟန်လျန်အတွက် တွေးပေးသလိုမျိုး လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။

ဒီအချိန်မှာ လူတစ်ယောက်‌ လျှောက်လာပြီး တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာတာကြောင့် လုံဟောင်နဲ့ ဟန်လျန်ဟာ ထိတ်လန့်သွားပါတယ်။

သူတို့တွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အံ့အားသင့်သွားကြပါတယ်။

“ပညာ... ဧကရာဇ်... ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ” လုံဟောင်က မေးလိုက်ပါတယ်။

လုံဟောင်ဟာ ပညာသင်ညီမလို့ ခေါ်ချင်ပေမဲ့ မသင့်လျော်ဘူးလို့ ခံစားရတာကြောင့် ဧကရာဇ်လို့ ခေါ်လိုက်တာပါ။ ဒီနေရာက ငရဲပြည်ဖြစ်တဲ့အတွက် ထောက်လှမ်းခံရဖို့ လွယ်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters