လျှို့ဝှက်ဆန်းကြယ် ကျောက်ရုပ်တု
Vol. 111 Ch. 1158
“ဟင်း... ဒီကောင်လေးက ငယ်ငယ်လေးကတည်းက နားထူတာ၊ သူ့အမေကို ငါ ချစ်တာ အားကိုးပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ၊ ငါ့ကို ကူပြီး ဒီကောင်လေးကို ဆုံးမပေးစမ်းပါ”
ဟန်ယွင်ကျင်းဟာ စိုးရိမ်တဲ့မျက်နှာနဲ့ သက်ပြင်းချလိုက်ပါတယ်။ တစ်ချိန်တုန်းက ဟန်ယွင်ကျင်းဟာ ဟန်လျန် လူဆိုး ဖြစ်လာမှာကို စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဟန်လျန်က ဘာမှမဖြစ်ဘဲ သူ့ရဲ့ သုံးစားမရတဲ့ သားတစ်ယောက်က ကောင်းကင်တာအိုရဲ့ ပြဿနာရင်းမြစ် ဖြစ်လာပါတယ်။
ဟန်ယွီဟာ ခေါင်းခါလိုက်ပါတယ် “ဒီကိစ္စက ဖြေရှင်းဖို့ မလွယ်ဘူး၊ နောက်ပြီး ငါ လှုပ်ရှားရင် အဲဒါ မင်းလက်ချက်ဆိုတာကို ခန့်မှန်းမိမှာပဲ”
ဟန်ယွင်ကျင်းဟာ သက်ပြင်း ထပ်ချလိုက်ပါတယ်။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “ငါတို့တွေ သူ့ကို ဘိုးဘေးသုံးပါးဆီ ပို့လိုက်မလား၊ သူတို့တွေမှာ ဒီကောင်လေးကို ဆုံးမဖို့ သေချာပေါက် နည်းလမ်း ရှိလိမ့်မယ်”
ဘိုးဘေးသုံးပါးဆိုတာက ဟန်ထော်၊ ဟန်ဟွမ်နဲ့ ဟန်လင်ကို ပြောတာပါ။ သူတို့တွေက တာအိုဖန်တီးရှင်အောက်မှာ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်နေပါပြီ။ တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်အင်အားစုတွေ ရှိပြီး သူတို့အင်အားစုတွေက ကောင်းကင်တာအိုထက် အင်အား ပိုကြီးပါတယ်။
ဟန်ယွင်ကျင်းက စိုးရိမ်စိတ်နဲ့ ပြောလိုက်ပါတယ် “ငါက အဲဒီကောင်လေး တကယ့်ပညာရပ်တွေ တတ်သွားပြီး ထိန်းမရ သိမ်းမရ ဖြစ်လာမှာကို စိုးရိမ်တာ”
ဟန်ယွီဟာ ခေါင်းခါလိုက်ပြီး ဟန်ယွင်းကျင်းကို ဆက်မဖျောင်းဖျတော့ပါဘူး။ ဟန်ယွီဟာ ဟန်ယွင်ကျင်းရဲ့ မိသားစုကိစ္စတွေမှာ ဝင်မပါချင်ပါဘူး။
အခုအချိန်က ငြိမ်းချမ်းနေတဲ့အတွက် ဟန်ယွီဟာ မဟာတာအိုကိုပဲ သုံးသပ်နားလည်ချင်ပါတယ်။ သူ့ကိုယ်သူ မနှိပ်စက်ချင်ပါဘူး။
ဟန်ယွင်ကျင်းဟာ ခပ်မြန်မြန် မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ယွီဟာ ပြုံးလိုက်ပါတယ်။ ဒီအချိန်မှာပဲ သူ့ဘေးမှာ လူတစ်ယောက် ပေါ်လာပါတယ်။
ချင်လင်း၊ ဟန်ယွီရဲ့ မြေးတပည့်ပါ။
ချင်လင်းဟာ ကောင်းကင်တာအိုဟောင်းရဲ့ စိတ်ဝိညာဉ်ဖြစ်ပြီး လောကဦးနယ်ပိုင် ခန္ဓာကိုယ်နဲ့ ဘိုးဘေးနဂါး ကံတရား အထောက်အပံ့ကို ပိုင်ဆိုင်ကာ အနန္တကပ်ဘေးသားတော်နဲ့ မိုးမြေသားတော်ဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာ သူဟာ သက်ရှိအားလုံးအထက်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ ဟန်ဟွမ်နဲ့ တခြားလူတွေကို လိုက်မီဖို့ကတော့ လိုပါသေးတယ်။
ချင်လင်းဟာ ဟန်ယွီရှေ့မှာ ထိုင်လိုက်ပါတယ် “အခြေအနေ မကောင်းဘူး၊ ဆရာ ပဋိပက္ခထဲမှာ ပျောက်သွားတယ်၊ ဒီတစ်ခါက သေဖို့များတယ်၊ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကတော့ လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်”
ချင်လင်းရဲ့ ဆရာသခင်၊ တျန်ယုံဟာ ဟန်ယွီရဲ့ တပည့်ဖြစ်သလို ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ သားလည်း ဖြစ်ပါတယ်။ အရင်တုန်းက ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ကပ်ဘေးမျိုးနွယ်စုကို ဦးဆောင်ပြီး ကောင်းကင်တာအိုကို ကျူးကျော်ဖို့ ကြိုးစားခဲ့ပေမဲ့ ဟန်ကျွယ်ရဲ့ လောကဦး ကောင်းကင်ထောင်ထဲမှာ အဆုံးသတ်ခဲ့ရပါတယ်။
တျန်ယုံနဲ့ ချင်လင်းက အမည်ခံ ဆရာတပည့် ဆက်ဆံရေးပဲ ရှိပါတယ်။ ချင်လင်းကို တကယ် ပညာသင်ပေးတာက ဟန်ယွီပါ။
ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ် “အဲဒီ ကျေးဇူးမသိတတ်တဲ့ တပည့် သေသွားပြီလား”
ဟန်ယွီဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီးနောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။ သူနဲ့ တျန်ယုံရဲ့ ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ဆရာတပည့် ဖြစ်နေတုန်းပါ။
ဟန်ယွီဟာ မတ်တတ်ရပ်လိုက်ပါတယ် “ပဋိပက္ခကို အတူတူ သွားကြရအောင်၊ တာအိုကောင်းကင်မျိုးနွယ်စုက တော်တော်လေးကို ဗိုလ်ကျတယ်လို့ ပြောကြတယ်၊ သူတို့တွေ ဘယ်လောက် ဗိုလ်ကျလဲဆိုတာ ငါ ကြည့်ချင်တယ်”
ချင်လင်းဟာ ခေါင်းညိတ်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ သူ့မျက်လုံးထဲမှာလည်း အေးစက်မှုတွေ ယှက်သမ်းသွားပါတယ်။ ချင်လင်းဟာ ပျင်းနေလို့ အကြောဆန့်ချင်တာ ကြာပါပြီ။ ဘယ်လိုလုပ်ပြီး ဒီလိုအခွင့်အရေးကို လက်လွှတ်ခံမှာလဲ။
.....
အချိန်ဟာ အိပ်မက်တစ်ခုလိုပါပဲ။ သေသွားတဲ့လူတွေဟာ သမိုင်းမှာ အရိပ်အယောင်ပဲ ကျန်နေခဲ့ပါတယ်။ သူတို့တွေ ဘယ်တုန်းကမှ မတည်ရှိခဲ့တဲ့ အတိုင်းပါပဲ။
နှစ်သန်းငါးဆယ် ကြာသွားတဲ့အခါ...
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်ကာ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပထမဆုံး တာအိုဘိုးဘေးရဲ့ ပဋိပက္ခကို ကြည့်လိုက်ပါတယ်။ တာအိုကောင်းကင် မျိုးနွယ်စုဟာ မရှိတော့ပါဘူး။
လွန်ခဲ့တဲ့ နှစ်သန်းငါးဆယ် အဖြစ်အပျက်တွေထဲမှာ အကြီးမားဆုံး အဖြစ်အပျက်က တာအိုကောင်းကင်မျိုးနွယ်စု ပျက်စီးသွားတာပါ။ တာအိုကောင်းကင် မျိုးနွယ်စုဟာ စွမ်းအားကြီးလွန်းတဲ့အတွက် အင်အားစု အများကြီးကို ရန်စမိခဲ့ပါတယ်။ ဒီလို ရန်စမိခဲ့လို့ အင်အားစုတွေ ဝိုင်းတိုက်တာ ခံခဲ့ရပါတယ်။
ပထမတော့ သူတို့တွေဟာ ခံစစ်သုံးပြီး တောင့်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တာအိုဘိုးဘေးက သူတို့ရဲ့ ကံတရား အထောက်အပံ့ကို ဖြတ်တောက်လိုက်တဲ့အတွက် တာအိုကောင်းကင် မျိုးနွယ်စုရဲ့ ဇာတ်သိမ်းခန်းကို ရောက်လာပါတယ်။
ပြောစရာရှိတာက နောက်ဆုံးမှာ တာအိုကောင်းကင်မျိုးနွယ်စုဟာ သူတို့ မျိုးနွယ်စုတစ်စုလုံးကို စတေးပြီး အရည်အချင်းအရှိဆုံး တာအိုကောင်းကင် သက်ရှိကို ဖန်တီးကာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ လွှင့်ပစ်လိုက်ပါတယ်။ တာအိုဘိုးဘေးတောင် သူတို့ကို မတားဆီးနိုင်ပါဘူး။
တာအိုကောင်းကင် မျိူးနွယ်စုက ပျက်စီးသွားပြီဆိုပေမဲ့ သူတို့တွေ ပြန်မလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာအိုဘိုးဘေးကို ဝိုင်းစကြပါတယ်။ တာအိုဘိုးဘေးက သူဖန်တီးထားတဲ့ မျိူးနွယ်စုကို ကိုယ်တိုင် ဖျက်ဆီးပြီး ပြဿနာရင်းမြစ်တစ်ခု ချန်ထားခဲ့တယ်လို့ ဝိုင်းစကြတာပါ။
ဒါက ဉာဏ်ပညာ ကင်းမဲ့လွန်းတဲ့ အပြုအမူပါ။
ဒါပေမဲ့ တချို့ကလည်း တာအိုဘိုးဘေး တာအိုဖန်တီးရှင် ဖြစ်သွားရင် ဒီပြဿနာတွေက ဘာမှမဟုတ်တော့ဘူးလို့လည်း ပြောကြပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီရဲ့တပည့် တျန်ယုံက တာအိုကောင်းကင်မျိုးနွယ်စု လက်ထဲမှာ သေသွားတာကို သတိထားမိလိုက်ပါတယ်။ တာအိုကောင်းကင် မျိုးနွယ်စုကို ဝိုင်းတိုက်တဲ့အထဲမှာ ကပ်ဘေးမျိုးနွယ်စု၊ ဟန်ယွီနဲ့ ချင်လင်းလည်း ပါပါတယ်။
တာအိုဘိုးဘေးရဲ့ စွန့်ပစ်မှုကလွဲရင် တာအိုကောင်းကင်မျိုးနွယ်စု ပျက်သုန်းသွားရတာက မောက်မာလွန်ပြီး အရည်အချင်း ထက်မြက်နေတာကြောင့်ပါ။ သူတို့တွေဟာ တခြားမျိူးနွယ်စုတွေကို အထင်သေးတဲ့အတွက် အချိန်ကြာလာတဲ့အခါ မျိုးနွယ်စုတိုင်းလိုလိုရဲ့ ချဉ်ဖတ် ဖြစ်လာပါတယ်။
ဟန်ကျွယ်ဟာ တျန်ယုံကို သိပ်ဂရုမစိုက်တဲ့အတွက် အသက်ပြန်ရှင်အောင် မလုပ်ပေးပါဘူး။ တိတ်ဆိတ်ဂိုဏ်းမှာ တပည့်တွေ အများကြီး ရှိပါတယ်။ သူ့မျိုးဆက်တွေကလည်း အမြောက်အမြားပါပဲ။ သူနဲ့ ပတ်သက်တဲ့လူတွေ အချိန်တိုင်း သေနေကြပါတယ်။
တာအိုကောင်းကင်မျိုးနွယ်စုကို ဖယ်ရှားပြီးနောက် ပဋိပက္ခထဲမှာ မျိုးနွယ်စု အမြောက်အမြား ပေါ်ထွက်လာပါတယ်။ ပန်းပေါင်းတစ်ရာ တစ်ချိန်တည်း ပွင့်လန်းသလိုပါပဲ။ နိယာမတွေကလည်း ပိုပိုပြီးတော့ ပြည့်စုံလာပါတယ်။
ဒီနှုန်းအတိုင်းဆို တာအိုဘိုးဘေး ဒုတိယ အထွတ်အထိပ် နိယာမကို ခဲနိုင်ဖို့က အချိန်တစ်ခုပါပဲ။
တာအိုဘိုးဘေးကလွဲရင် သူ့ဘေးက တခြားပဋိပက္ခမှာလည်း ပန်ကူးဟာ သူ့ရဲ့ ပထမဆုံး အထွတ်အထိပ် နိယာမကို ခဲနိုင်လိုက်ပါတယ်။
ဟန်ကျွယ် စစ်ဆေးကြည့်လိုက်တဲ့အခါ ဗလာနယ်မြေတစ်ခုလုံးမှာ မဟာတာအိုပညာရှိချုပ် ငါးပါးက အနည်းဆုံး အထွတ်အထိပ် နိယာမ တစ်ပါးစီ ခဲနိုင်လိုက်တာကို တွေ့လိုက်ရပါတယ်။ အဲဒီငါးပါးက ဟန်ဟွမ်၊ တာအိုဘိုးဘေး၊ ပန်ကူး၊ လောကဦးဘိုးဘေး နတ်ဘုရားနဲ့ မင်လင်းမယ်တော်တို့ ဖြစ်ပါတယ်။
မင်လင်းမယ်တော်ကတော့ ဟန်ကျွယ်ကို အံ့အားသင့်စေပါတယ်။
မင်လင်းမယ်တော်ဟာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့လူဖြစ်ပြီး သူက လောကဦး ဘိုးဘေးနတ်ဘုရားလောက် ရှေးကျပါတယ်။ သူက အဋ္ဌမပဋိပက္ခ ဖန်တီးခဲ့တဲ့ ပထမဆုံးသက်ရှိတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ အရည်အချင်းက ထိပ်တန်း မဟုတ်ပေမဲ့ အတွေ့အကြုံကတော့ လုံးဝကို ထိပ်တန်းပါ။
ဒါကလည်း ကောင်းတဲ့ကိစ္စပါပဲ။ ဘာပဲဖြစ်ဖြစ် မင်လင်းမယ်တော်က ဟန်ကျွယ်ရဲ့ အစေခံပါ။ သူမရဲ့ မျက်နှာသာပေးမှုက အမြင့်ဆုံးထိ ရောက်နေတာမလို့ သစ္စာဖောက်မှာကို စိုးရိမ်စရာ မရှိပါဘူး။
တစ်ချက်ကြည့်ရင် ဟန်ကျွယ်ရဲ့ စွမ်းအားက လွှမ်းမိုးနိုင်စွမ်း မရှိသလိုပါပဲ။ ဒါပေမဲ့ တကယ်တော့ ဟန်ကျွယ်ဟာ နယ်မြေထက်ဝက်ကျော်ကို နေရာယူထားပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုမျိုးပဲ ဆက်သွားချင်ပါတယ်။
ဟန်ကျွယ်ကို အာရုံစိုက်စေတာကတော့ မဟာတာအို အနန္တကပ်ဘေးမှာ ပေါ်လာခဲ့တဲ့ အနာဂတ် တာအိုဖန်တီးရှင် ကောင်းကင်အရှင်ရွှင် မွေးဖွားလာတာပါ။ သူက ကောင်းကင်တာအိုမှာ ပြဿနာ တော်တော်လေး ရှာထားပါတယ်။
အခုအချိန်မှာတော့ သူက ဟန်ထော်၊ ယီတျန်တို့နဲ့ လေ့ကျင့်နေပါတယ်။ သူက တာအိုဖန်တီးရှင် ဖြစ်လာဖို့ အဝေးကြီး လိုနေပါသေးတယ်။ လောလောဆယ်မှာ ဘာခြိမ်းခြောက်နိုင်စွမ်းမှ မရှိသေးပါဘူး။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး စာစောင်တွေကို စစစ်ဆေးပါတယ်။ စာစောင်တွေကလည်း စိတ်လှုပ်ရှားဖို့ ကောင်းတဲ့အတွက် ဟန်ကျွယ်ဟာ တိတ်တဆိတ် ဖတ်ရှုပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတဲ့အခါ ချက်ချင်း မကျင့်ကြံသေးဘဲ နတ်အခွင့်အာဏာ စနစ်ကို လှမ်းကြည့်လိုက်ပါတယ်။ နတ်အခွင့်အာဏာစနစ်က နောက်ထပ် ပိုင်ရှင်တစ်ယောက်ကို ထပ်ရှာတွေ့သွားပါပြီ။
ဒီပိုင်ရှင်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဖြစ်ပြီး တာအိုဆန်းကြယ်နယ်မြေရဲ့ ကမ္ဘာငယ်လေး တစ်ခုကပါ။
ကံကြမ္မာလို့ပဲ ပြောရပါ့မယ်။ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကနေ နတ်အခွင့်အာဏာ စနစ်ဟာ တာအိုဆန်းကြယ်နယ်မြေဆီ ရောက်သွားပါတယ်။ နတ်အခွင့်အာဏာ စနစ် ပိုင်ရှင်က နောက်ကျရင် ချူရှောင်ချီ၊ ချန်ကျွယ်တို့နဲ့ ထိပ်တိုက်တိုးတာ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရဲ့ အနာဂတ်ကို တမင်မကြည့်ပါဘူး။ အဲဒီလိုကြည့်ရင်း ပျင်းစရာကောင်းသွားမှမလို့ပါ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
.....
အန္တိမမူလကမ္ဘာ။
တုကူးဝူဟာ ဟင်းလင်းပြင်ထဲမှာ လမ်းလျှောက်နေပါတယ်။ သူ့ခန္ဓာကိုယ်ကို ခုနစ်ရောင်ခြယ် နိယာမ စွမ်းအားတွေက ဝိုင်းနေပါတယ်။ တုကူးဝူဟာ ရှေ့ကို စိုက်ကြည့်လိုက်ပါတယ်။
တုကူးဝူဟာ အန္တိမမူလကမ္ဘာရဲ့ လက်ခံမှုကို ရရှိပြီးကတည်းက လုံးဝကို စိတ်ပြေလက်ပျောက် ဖြစ်သွားပါတယ်။ ဟန်ကျွယ်နဲ့ တွေ့ဆုံခဲ့တာကိုလည်း ဝမ်းသာလို့ မဆုံးပါဘူး။ မဟုတ်ရင် မဟာတာအို နတ်ဘီလူးတွေ ရှကျဲ့မျိုးနွယ်စုတွေနဲ့ ဆက်ပြီးတော့ တိုက်နေရာမှာမလို့ နှစ်ဖက်စလုံး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်မှာ မဟုတ်ပါဘူး။
“ရှေ့မှာပဲ... အန္တိမမူလကမ္ဘာမှာ ဒီလိုမျိုးနေရာ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး” တုကူးဝူဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
တုကူးဝူဟာ မှောင်မိုက်တဲ့ ဟင်းလင်းပြင်ရဲ့ အဆုံးမှာ ခမ်းနားထည်ဝါတဲ့ ရုပ်သွင်တစ်သွင်ကို မြင်တွေ့လိုက်ရပါတယ်။ တုကူးဝူဟာ ဒီရုပ်သွင်ကို ခပ်ယဲ့ယဲ့ မြင်နေရပေမဲ့ ဘယ်လိုပုံစံ ရှိတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။
တုကူးဟာ တဖြည်းဖြည်း ချဉ်းကပ်သွားတဲ့အခါ ဒီစွမ်းအားကြီးရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ ဒီရုပ်သွင်က သက်ရှိ စိတ်ဝိညာဉ် မဟုတ်ဘဲ ကျောက်ရုပ်တုတစ်ခုပါ။
ဒီကျောက်ရုပ်တုရဲ့ ကိုယ်ဟန်ဟာ ရန်လိုမှုတွေနဲ့ ပြည့်နေပြီး ကောင်းကင်ကို ဟိန်းဟောက်နေသလိုမျိုးပါပဲ။
အတွေ့အကြုံရှိတဲ့ တုကူးဝူတောင် လန့်သွားပါတယ် ‘ဒါ ဘာမျိုးနွယ်စုလဲ’
တုကူးဝူဟာ ညာလက်ကို မြှောက်ပြီး ကျောက်ရုပ်တုရဲ့ မျက်နှာကို ဖိလိုက်ပါတယ်။ မျှော်စင်လို့ မြင့်မားတဲ့ ရန်လိုမှုတွေ ထိုးထွက်လာပြီး တုကူးဝူကို ရန်လိုမှုတွေထဲ ဆွဲနှစ်လိုက်ပါတယ်။
အတော်ကြာသွားမှ တုကူးဝူဟာ ရုတ်တရက် နိုးလာပြီး ပင့်သက်ရှိုက်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းပဲ သူ့လက်ကို ပြန်ရုပ်သိမ်းပြီး ကျောက်ရုပ်တုနဲ့ ဝေးရာကို ခုန်ထွက်လိုက်ပါတယ်။ စောစောတုန်းက တုကူးဝူဟာ သူ့ဝိညာဉ် ဝါးမျိုခံရတော့မယ်လို့ ခံစားလိုက်ရပါတယ်။
‘မဖြစ်နိုင်ဘူး... ငါက မဟာတာအိုပညာရှိချုပ်ပဲ၊ ဒီရုပ်တုက ဒဏ္ဍာရီလာ တာအိုဖန်တီးရှင်လား’
‘မဟုတ်သေးပါဘူး... အန္တိမမူလကမ္ဘာမှာ ဘယ်လိုလုပ်ပြီး တာအိုဖန်တီးရှင် ရှိနေရတာလဲ၊ ဆရာနဲ့ ပတ်သက်နေတာများလား...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။