လီယောင်နဲ့ ကောင်းကင်အရှင်ရွှင်
Vol. 111 Ch. 1160
လီယောင်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “စောစောက အဲဒါတွေက ဘာတွေလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ပြောလို့မရဘူး၊ အဲဒီလိုမျိုး လျှို့ဝှက်ချက်တွေက တာအိုဖန်တီးရှင်အဆင့်အောက်က လူတွေ ထိတွေ့လို့ရတဲ့အရာ မဟုတ်ဘူး၊ တခြားလူတွေ မသိစေနဲ့၊ ငါ မင်းကိုပဲ သင်ပေးတာ”
လီယောင်ဟာ နှလုံးလှုပ်သွားပြီး ဟန်ကျွယ်ကို နူးညံသိမ်မွေ့စွာ ကြည့်လိုက်ပါတယ်။
မဟာတာအို အနန္တကပ်ဘေး ပြီးကတည်းက လီယောင်ဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲတော့ပါဘူး။ လီယောင်ဟာ ဟန်ကျွယ်နောက်ကို အမီလိုက်ချင်နေတာပါ။ ဒါပေမဲ့ လီယောင်ဟာ သူ့ရည်မှန်းချက်ကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပါဘူး။
“တာအိုဖန်တီးရှင် အရေအတွက်က အကန့်အသတ်ရှိလား” လီယောင်က မေးလိုက်ပါတယ်။
“ဘာဖြစ်လို့ အဲဒီလို မေးတာလဲ”
“တာအိုဖန်တီးရှင်တွေက နိယာမတွေရဲ့ အထက်မှာရှိတဲ့ မသေနိုင် မပျက်စီးနိုင်တဲ့ တည်ရှိမှုတွေ၊ ဒီလို စွမ်းအားကြီးတဲ့ တည်ရှိမှုတွေ အများကြီး ရှိတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ နောက်ပြီး ဗလာနယ်မြေက ဒီလောက်များတဲ့ တာအိုဖန်တီးရှင်တွေကို ထမ်းထားနိုင်ပါ့မလား”
လီယောင်ဟာ သူမရဲ့ စိုးရိမ်သောကကို ထုတ်ပြောပါတယ်။ တကယ်တော့ လီယောင် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေမှာလည်း ဒီလိုမျိုး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေ ပထမဆုံး တာအိုဖန်တီးရှင် ဖြစ်လာဖို့ တိုက်ခိုက်နေကြတာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီလိုမျိုး ကန့်သတ်ချက် မရှိဘူး၊ တစ်ခုတည်းသော ကန့်သတ်ချင်က တာအိုဖန်တီးရှင်အဆင့်ကို တက်လှမ်းဖို့ ခက်ခဲတာပဲ၊ ကြိုးစားအားထုတ်ရုံနဲ့ မရဘူး၊ ပဋိပက္ခ မွေးဖွားလာတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ၊ ထရီလီယံပေါင်း ဘယ်လောက်ရှိလဲဆိုတာ ငါ မသိဘူး၊ အဲဒီလောက် ကြာတာတောင် တာအိုဖန်တီးရှင် ခြောက်ပါးပဲ ရှိတယ်၊ မင်းက ငယ်ပါသေးတယ်၊ ဟန်ဟွမ်လည်း အတူတူပဲ၊ မင်းတို့တွေက လောလွန်းအားကြီးတယ်”
လီယောင်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တာအိုဖန်တီးရှင် အရေအတွက်က အကန့်အသတ်မရှိဘူးဆိုတာကို သိလိုက်ရလို့ပါ။
လီယောင်ရဲ့ ဟန်ကျွယ်ရဲ့ လမ်းညွှန်မှုကို ရရှိပြီးနောက် သူ့ကိုယ်သူလည်း ယုံကြည်ချက် ရှိသွားပါတယ်။
ဟန်ကျွယ်နဲ့ လီယောင်ဟာ စကားဆက်ပြောကြပါတယ်။ ကျင့်ကြံတာကလွဲရင် သူတို့နှစ်ယောက် ပြောတဲ့ အကြောင်းက ဟန်ယွင်ကျင်း အကြောင်းပဲ ရှိပါတယ်။
လီယောင်ဟာ ဟန်ယွင်ကျင်းရဲ့ အမေအရင်း ဖြစ်ပေမဲ့ ဟန်ယွင်ကျင်းအတွက် မပူပန်ပါဘူး။ ကုန်ကုန်ပြောရရင် အပြင်ထွက်ပြီး သွားတောင် မတွေ့ပါဘူး။ ဟန်ယွင်ကျင်းကပဲ လီယောင်ဆီ လာလည်တာပါ။
ဟန်ကျွယ်ဟာ လီယောင်ကို အပြင်ထွက်ပြီး လောကကြီးကို လျှောက်ကြည့်ဖို့ အကြံပေးပါတယ်။ လီယောင်ဟာ နှစ်သန်းသုံးလေးရာအတွင်း တာအိုဖန်တီးရှင် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ မကြာမကြာ အပန်းဖြေတာက သူမရဲ့ စိတ်ကို ပြောလျော့စေပြီး နိယာမတွေကို သုံးသပ်နားလည်တဲ့ နေရာမှာ အကျိုးကျေးဇူး ရစေမှာပါ။
လီယောင် “ယောက်ျားက နှစ်သန်းလေးငါးရာတည်းနဲ့ ဘယ်လိုလုပ်ပြီး တာအိုဖန်တီးရှင် ဖြစ်လာနိုင်တာလဲ”
“ငါ့အရည်အချင်းက အားကောင်းတယ်လေ၊ ငါ့မှာ အကောင်းဆုံး အရည်အချင်းရှိတယ်၊ မဟုတ်ရင် လောကဦးနတ်ဘီလူးကို ဘယ်လိုလုပ်ပြီး မွေးထုတ်နိုင်မှာလဲ”
“ဟုတ်ပါပြီ”
လီယောင်ဟာ ဟန်ကျွယ်နဲ့ မနှိုင်းယှဉ်သင့်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ တခြားလူတွေနဲ့ ယှဉ်ရင် ဟန်ကျွယ်ရဲ့ တိုးတက်နှုန်းက လုံးဝကို ယုံနိုင်စရာ မရှိပါဘူး။
ဒါကို တွေးမိလိုက်တဲ့ လီယောင်ဟာ စိတ်လက် ပေါ့ပါးသွားပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ရဲ့ စိတ်ဓာတ် ပြောင်းလဲသွားတာကို သတိထားမိတာကြောင့် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပါတယ်။
ဟန်ကျွယ် တာအိုဘုံကျောင်းထဲက ထွက်လာပြီး မကြာခင်မှာပဲ လီယောင်ဟာ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။ လီယောင်ဟာ ပထမဆုံး သူ့သားဆီ သွားလည်ပါတယ်။
ကောင်းကင်တာအို။
ဟန်ယွင်ကျင်းဟာ ရုတ်တရက် ရောက်လာတဲ့ သူ့အမေကြောင့် ပျာယာခတ်သွားပါတယ်။ လီယောင်က သူ့ဆီကို ပထမဆုံးအကြိမ် လာလည်တာ မဟုတ်ပါလား။
ဟန်ယွင်ကျင်းဟာ သူ့မိန်းမတွေနဲ့ ကလေးတွေကိုခေါ်ပြီး လီယောင်ကို အရိုအသေပြုပါတယ်။
လီယောင်ဟာ သူ့သားရဲ့ မိသားစုကို ကြည့်ပြီး တော်တော် အံ့အားသင့်သွားပါတယ်။ လီယောင်ဟာ သူ့သားက ဒီလောက်ထိ မျက်နှာများလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
လီယောင်ဟာ ကျင့်ကြံအားထုတ်တာနဲ့ အလုပ်ရှုပ်နေတဲ့အတွက် အပြင်လောကကို ဂရုမစိုက်ပါဘူး။ အထူးသဖြင့် သူ့သားကို ပိုလို့တောင် ဂရုမစိုက်ပါဘူး။ လီယောင်ဟာ ဟန်ယွင်ကျင်းရဲ့နောက်မှာ တိတ်ဆိတ်ဂိုဏ်း ရှိနေတဲ့အတွက် ဘာအန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုတာကို သိပါတယ်။ အဲဒါကြောင့်လည်း ဟန်ယွင်ကျင်းကို ဂရုမစိုက်ဘဲ ပစ်ထားတာပါ။
မိန်းမနဲ့ ကလေးတွေ ထွက်သွားတဲ့အခါ ဟန်ယွင်ကျင်းဟာ သူ့အမေကို လက်ဖက်ရည်ငှဲ့ပေးရင်း မေးလိုက်ပါတယ် “အမေ... သားဆီကို ဘယ်ကနေဘယ်လို ရောက်လာတာလဲ၊ သား တစ်ခုခုလုပ်ပေးဖို့ လိုလား”
လီယောင်ဟာ ပြုံးလိုက်ပါတယ် “အမေက သားအဖေစကားကို နားထောင်ပြီး လမ်းလျှောက်ထွက်လာတာ၊ သားအဖေက သားကို ချီးကျူးတော့ ငါ့သားက အဲဒီလောက်တောင် တော်လှချည်းလာဆိုပြီး အံ့ဩနေတာ၊ အခုကြည့်ရတာ သားအဖေပြောတာ အမှန်ပဲ၊ ဟန်မိသားစု ဒီလောက် အင်အားကြီးတာ အံ့ဩစရာ မရှိတော့ပါဘူး။
ဟန်ယွင်ကျင်းရဲ့ မျက်နှာဟာ နီရဲသွားပါတယ် “အဟွတ်... အဟွတ်... အမေကလည်း နောက်ပြီ”
ဟန်မိသားစု ကြီမားကျယ်ပြန့်လာတာက ဟန်ယွင်ကျင်းကြောင့်ဆိုရင် လုံးဝ မမှားပါဘူး။ ဟန်ထော်၊ ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ဟန်လျန်တို့ဟာ ကလေး မရှိပါဘူး။ ဟန်ဟွမ်မှာ တစ်ယောက် ရှိပေမဲ့ ချူရှောင်ချီရဲ့ သရုပ်မှန်ကို ဘယ်သူမှ မသိပါဘူး။
လီယောင်ဟာ ဟန်ယွင်ကျင်း ဒီတစ်လော ဘာတွေ လုပ်နေလဲဆိုတာကို မေးမြန်းပါတယ်။
ဟန်ယွင်ကျင်းဟာ တစ်ခုချင်း ပြန်ဖြေပါတယ်။
“သားက ဘာြဖစ်လို့ သားကိုယ်ပိုင် မဟာတာအိုကမ္ဘာကို မဖန်တီးတာလဲ၊ ကောင်းကင်တာအိုထဲမှာ ဘယ်လောက်ကြာအောင် နေမလို့လဲ” လီယောင်က ရုတ်တရက် မေးလိုက်ပါတယ်။
ဟန်ယွင်ကျင်းဟာ မှင်တက်သွားပြီး တအံ့တဩ ပြန်မေးပါတယ် “သားလည်း မဟာတာအိုကမ္ဘာကို ဖန်တီးလို့ရတာလား”
ဟန်ယွင်ကျင်းဟာ သူ့ကျင့်ကြံမှုက ထိပ်ဆုံးကိုရောက်နေပြီလို့ ထင်နေတာပါ။ အဲဒါကြောင့် အများကြီး မတွေးပါဘူး။ ဘာပဲဖြစ်ဖြစ် သူက အင်မော်တယ်ဖြစ်ပြီး အာဏာကြီးပါတယ်။ ဘာကိစ္စနဲ့ ဆက်ပြီး ကျင့်ကြံအားထုတ်ရမှာလဲ။
တစ်နေ့ကျလို့ စွမ်းအားကြီးရန်သူကို ရင်ဆိုင်ရရင်လည်း ဟန်မိသားစု အင်အားကို မှီခိုပြီး တစ်ဖက်ရန်သူကို လုံးဝ ဖိနှိပ်လို့ရပါတယ်။ ကိုယ်တိုင်လှုပ်ရှားဖို့တော့ မလိုပါဘူး။
လီယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “နင် ဘာဖြစ်လို့ ဒီလောက်တောင် ရည်ရွယ်ချက် မရှိရတာလဲ၊ မျိုးဆက်သစ်တွေက တစ်နေ့တခြား စွမ်းအားကြီးလာတဲ့အချိန်မှာ နင်က နင့်ရဲ့ ဟန်မိသားစု ခေါင်းဆောင်နေရာကို အမြဲတမ်း ထိန်းသိမ်းထားနိုင်မယ် ထင်နေတာလား”
ဟန်ယွင်ကျင်းဟာ တိတ်ဆိတ်သွားပါတယ်။
“ဟုတ်တယ် ဖေဖေ... ဖေဖေက စိတ်ပျက်ဖို့ကောင်းတယ်၊ မိသားစု ခေါင်းဆောင်နေရာကို သားဆီ ဘာဖြစ်လို့ လွှဲမပေးတာလဲ”
ကျယ်လောင်တဲ့ ရယ်သံနဲ့အတူ ဝတ်ရုံပြာ လူငယ်တစ်ယောက် ခန်းမထဲကို ဝင်လာပါတယ်။ ဝတ်ရုံပြာလူငယ်ဟာ လီယောင်ရှေ့ လျှောက်လာပြီး တရိုတသေ ဦးညွှတ်လိုက်ပါတယ် “ဘွားတော်ကို ဂါရဝ ပြုပါတယ်”
လီယောင်ဟာ မျက်လုံး ကျဉ်းလိုက်ပါတယ်။ လီယောင်ဟာ မဟာတာအို အနန္တကပ်ဘေးမှာ ပေါ်လာတဲ့ ကောင်းကင်အရှင်ရွှင်ကို မှတ်မိပါတယ်။ ကောင်းကင်အရှင်ရွှင်က သူ့မြေး ဖြစ်နေလိမ့်မယ်လို့ လီယောင် ထင်မထားခဲ့ပါဘူး။
“ကောင်းကင်အရှင်ရွှင်... အဓိပ္ပာယ်မရှိလိုက်တာ၊ မင်း ဒီနာမည်ကို ဘာဖြစ်လို့ သုံးရတာလဲ”
ဟန်ယွင်ကျင်းဟာ လန့်သွားပြီး နည်းနည်း ပျာယာခတ်သွားပါတယ်။
ကောင်းကင်အရှင်ရွှင်ဟာ ပြုံးလိုက်ပါတယ် “ဒါက ကျွန်တော် မကြာသေးခင်က ရွေးထားတဲ့ နာမည်ပဲ၊ ကျွန်တော် ပေးထားတဲ့ နာမည်ကို ဘယ်လို သဘောရလဲ၊ အထင်ကြီးဖို့ ကောင်းတယ်လို့ မခံစားရဘူးလား”
“ရိုင်းလိုက်တာ... မင်း ဒီနာမည်ကို နောက်မသုံးရဘူး”
“ဘာဖြစ်လို့လဲ... ဦးလေးက ဘာမှ မပြောဘူး”
“မင်း... မင်းက ငါ့စကားကိုတောင် နားမထောင်ဘူးလား”
“အဖေ... ကျွန်တော်က ကြီးလာပြီ၊ ကျွန်တော် စောစောက ပြောတာက အတည်ပြောတာ”
ကောင်းကင်အရှင်ရွှင်နဲ့ ဟန်ယွင်ကျင်းဟာ တစ်ယောက်ကို တစ်ယောက် အကျော မပေးကြပါဘူး။ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက မာနတွေနဲ့ ပြည့်နေပါတယ်။
ဒီအချိန်မှာပဲ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်အရှင်ရွှင်ကို ဒူးထောက်တဲ့အထိ ဖိချလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှင်ဟာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လီယောင်ကို ကြောက်လန့်တကြား ကြည့်လိုက်ပါတယ် “ဘွားတော်...”
“ရိုင်းလိုက်တာ... နင့်အဖေက နင့်ကို ကောင်းကောင်း မသင်ထားဘူးနဲ့ တူတယ်” လီယောင်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှင်ဟာ သူ့အဘွားက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားတဲ့အတွက် တကယ်ကို လန့်သွားပါတယ်။
ဟန်ယွင်ကျင်းဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ယွင်ကျင်းဟာ မျက်နှာကို တည်ပြီး ပြောလိုက်ပါတယ် “အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချည်”
ကောင်းကင်အရှင်ရွှင်ဟာ ထွက်သွားချင်ပေမဲ့ လုံးဝ လှုပ်မရပါဘူး။
“ဒီကောင်လေးက နင့်ကို ဒီလိုပြောတာတောင် နင်က သူကို ကာကွယ်တုန်းပဲလား” လီယောင်ဟာ ဟန်ယွင်ကျင်းကို မပျော်မရွှင် ကြည့်လိုက်ပါတယ်။
“ဒီကျေးဇူးမသိတတ်တဲ့သား ဒီလိုလုပ်တာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး၊ သူက ပါးစပ်သရမ်းရုံပါ၊ သားစကားကို အမြဲတမ်း နားထောင်ပါတယ်”
ကောင်းကင်အရှင်ရွှင်ဟာ လီယောင်ကို မကျေနပ်တဲ့မျက်နှာနဲ့ မော့ကြည့်လိုက်ပါတယ်။
“ဒီကောင်လေးရဲ့ စရိုက်နဲ့ မကြာခင်မှာ ဘေးတွေ့လိမ့်မယ်၊ ဟန်မိသားစုဝင်ဆိုတာက သူ့ကို ကာကွယ်ပေးနိုင်တာ မှန်တယ်၊ ဒါပေမဲ့ သူက စွမ်းအားကြီးတဲ့ အမျိုးတစ်ယောက်ကို အပြစ်ပြုမိရင်ရော၊ သူက အဖေဖြစ်တဲ့ နင့်ကိုတောင် အထင်သေးရဲတာ၊ နောက်ကျလို့ သူ စွမ်းအားကြီးလာရင် နင့်ရဲ့ မောင်နှမတွေကိုလည်း အထင်အမြင်သေးမှာပဲ၊ သူ့ရဲ့ စီနီယာတွေကိုရော အထင်သေးဦးမှာလား”
ဟန်ယွင်ကျင်းဟာ နားထောင်လေလေ ပိုပြီးတော့ ပျာယာခတ်လေလေပါပဲ။ ဘာကြောင့်လဲဆိုတော့ မဟာတာအိုအနန္တကပ်ဘေးတုန်းက ကောင်းကင်အရှင်ရွှင်ကို ပြန်တွေးမိလိုက်လို့ပါ။ အဲဒီ ကောင်းကင်အရှင်ရွှင်က တကယ်ကို မောက်မာလွန်းပါတယ်။
ကောင်းကင်အရှင်ရွှင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော်က အမှန် အမှားကို မခွဲခြားနိုင်တဲ့လူ မဟုတ်ဘူး”
ဒီတစ်ခါတော့ ဟန်ယွင်ကျင်းဟာ ကောင်းကင်အရှင်ရွှင်အတွက် မပြောပေးတော့ပါဘူး။ ဟန်ယွင်ကျင်းဟာ လီယောင်ရဲ့ စကားကို နားထောင်ပြီးနောက် တော်တော်လေး လန့်သွားပါတယ်။ ဟန်ယွင်ကျင်းဟာ သူ့သားကြောင့် တိတ်ဆိတ်ဂိုဏ်း ဂိုဏ်းကွဲသွားမှာကို မလိုချင်ပါဘူး။
လီယောင် “ငါကလည်း ခရီးထွက်ချင်နေတာဆိုတော့ ငါ့ရဲ့ ဓားနယ်မြေမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ချည်”
လီယောင်ရဲ့ မျက်ခုံးကြားမှာ ငွေရောင်အလင်း ထွက်ပေါ်လာပြီး ကောင်းကင်အရှင်ရွှင်ကို စုပ်ယူသွားပါတယ်။
ဟန်ယွင်ကျင်းဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
လီယောင်က မေးလိုက်ပါတယ် “သား အမေ့ကို အဖော်လုပ်ပေးချင်လား”
“သား အမေ့ကို အဖော်လုပ်ပေးပါ့မယ်” ဟန်ယွင်ကျင်းဟာ ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ဟန်ယွင်ကျင်းဟာ ကောင်းကင်အရှင်ရွှင် တစ်ခုခုဖြစ်မှာကို စိုးရိမ်နေပါတယ်။
ဒီလိုနဲ့ သားအမိနှစ်ယောက်ဟာ ကောင်းကင်တာအိုကနေ ထွက်ခွာပြီး ဗလာနယ်မြေမှာ ခရီးနှင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဓားနယ်မြေထဲက ကြယ်တာရာ ကောင်းကင်ပြင်ဟာ မှောင်မိုက်နေပါတယ်။ ဓားအရိပ်အမြောက်အမြားကတော့ ကြယ်တွေနဲ့ တူပါတယ်။ ကောင်းကင်အရှင်ရွှင်ဟာ ဒီကမ္ဘာထဲကနေ ထွက်ပြေးလို့ မရပါဘူး။
ကောင်းကင်အရှင်ရွှင်ဟာ နံရံကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဓားအရိပ်တွေက တကယ် တိုက်ခိုက်တဲ့အခါ အလန့်တကြား ဖြစ်သွားရရှာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။