← Chapters

ကောင်းကင်ပြိုခြင်း

Vol. 112 Ch. 1165

ကောင်းကင်ပြိုခြင်း

Vol. 112 Ch. 1165

ရုတောက်လုံဟာ ဟန်ကျွယ်နဲ့ တွေ့တဲ့ ပထမဆုံး လေးငါးဆယ်နှစ်မှာ အဆင်ပြေပါတယ်။ အိမ်ထောင်ကျပြီး ကလေးတွေလည်း ရသွားပါတယ်။ ကလေးဆန်တာကနေ ရွာရဲ့ တာဝန်တွေကို ထမ်း‌ဆောင်တတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာပါတယ်။

အချိန်ကြာလာတာနဲ့ ရုတောက်လုံရဲ့ စိတ်ဟာ ပြောင်းလဲစ ပြုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က မအိုလို့ပါ။

ဟန်ကျွယ်ရဲ့ အမြဲနုပျိုတဲ့ ဒဏ္ဍာရီဟာ မိုင်တစ်သောင်းပတ်လည်ကို ပျံ့နှံ့သွားပြီး ဟန်ကျွယ်ကို ဆရာတင်ချင်တဲ့ ကလေးတွေ အများကြီး ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို နှင်မထုတ်ပေမဲ့ ဟုတ်တိပတ်တိ ဘာမှ မသင်ပေးပါဘူး။

ဟန်ကျွယ်ဟာ ကလေးတစ်သိုက်နဲ့ နေ့တိုင်း ရွာရိုးကိုးပေါက် လျှောက်သွားပါတယ်။

ရုတောက်လုံဟာ ဟန်ကျွယ်ဆီကနေ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သင်ယူချင်ပါတယ်။ ဒါပေမဲ့ ဇဝေဇဝါ ဖြစ်နေပါတယ်။ ဒီလိုနဲ့ မိသားစု အရေးကိစ္စတွေကြောင့် ရုတောက်လုံဟာ သူ့ရဲ့ မူလ ရည်ရွယ်ချက်ကို မေ့လျော့သွားပါတယ်။

နှစ်ခြောက်ဆယ် ကြာသွားတဲ့အခါမှာတော့ ရုတောက်လုံဟာ ငယ်ငယ်တုန်းကလိုမျိုး တက်တက်ကြွကြွ မရှိတော့ပါဘူး။ မိသားစုကိစ္စတွေကို ဆောင်ရွက်ပြီးရင် အချိန်အများစုမှာ ကောင်းကင်ကို ငေးကြည့်နေတတ်ပါတယ်။

ဒီနေ့မှာတော့ ရုတောက်လုံဟာ ဟန်ကျွယ်ဆီ သွားပြီး စကားပြောပါတယ်။

အိုမင်းနေတဲ့ ရုတောက်လုံဟာ သက်ပြင်းချလိုက်ပါတယ် “ဘိုးဘိုး... အရင်တုန်းက ဘိုးဘိုးပြောခဲ့တဲ့ ပုံပြင်တွေကို ထပ်ပြောပြပါလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါက ငယ်ရွယ်တယ်လို့ ထင်ပေမဲ့ အိုနေပြီ၊ တချို့ကကိစ္စတွေကို ငါ မမှတ်မိတော့ဘူး”

ရုတောက်လုံဟာ သက်ပြင်းချလိုက်ပါတယ် “ကံမကောင်းချင်တော့ ကျွန်တော်ရဲ့ အရည်အချင်းက သာမန်ပဲရှိတယ်၊ မဟုတ်ရင် ငယ်ငယ်တုန်းက သိုင်းလောကမှာ လျှောက်သွားတယ်... ဟင်း...”

လူတစ်ယောက် အိုလာတဲ့အခါ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကို ပြန်ပြီးတော့ သတိရတာ ဓမ္မတာပါပဲ။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ကောင်းကင်က ဘယ်လောက်မြင့်တယ်လို့ မင်းထင်လဲ”

ရုတောက်လုံဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟီးဟီး... ကျွန်တော်လိုမျိုး သေမျိုးတစ်ယောက်က ကောင်းကင်ပြာ ဘယ်လောက်မြင့်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။

“ဒါပေမဲ့ ဘိုးဘိုးစကားက ကျွန်တော်ကို သိချင်စိတ် ဖြစ်စေတယ်၊ ကောင်းကင်က ဘယ်လောက်မြင့်လဲ... လူတွေက ကောင်းကင်ပြို‌တော့မယ်လို့ မကြာခဏ ပြောကြတယ်၊ ဒါပေမဲ့ ကောင်းကင်က ဘယ်တုန်းက ပြိုလဲလို့လဲ၊ လူတွေပဲ အိုမင်းတာကို တောင့်မခံနိုင်ဘဲ ပြိုလဲကုန်ကြတာ”

ရုတောက်လုံဟာ ကောင်းကင်ကို မော့ကြည့်ပြီး ငေးမောသွားပါတယ်။

ဟန်ကျွယ်ဟာ ပျင်းရိလေးတွဲ့စွာ အကြောဆန့်ပြီး ပြောလိုက်ပါတယ် “ကောင်းကင် ပြိုကျတော့မယ်”

ရုတောက်လုံဟာ ဟန်ကျွယ်က နောက်နေတယ်လို့ ထင်တဲ့အတွက် ဘာမှ ပြန်မပြောပါဘူး။

ဒါပေမဲ့ မကြာခင်မှာပဲ ကောင်းကင်မှာ အလင်းရောင်တစ်ရောင် ပေါ်လာတာကို ရုတောက်လုံ တွေ့လိုက်ရပါတယ်။ ဒီအလင်းရောင်ဟာ လျင်မြန်စွာ ကျယ်ပြန့်ပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးကာ ကမ္ဘာတစ်ခုလုံးကို အရောင်မဲ့သွားစေပါတယ်။

ရုတောက်လုံဟာ လန့်သွားပြီး မျက်လုံးကို အလိုလို မှိတ်မိလိုက်ပါတယ်။ ရုတောက်လုံ ဘာမှ မတုံ့ပြန်နိုင်ခင်မှာဘဲ နားကွဲမတတ် ကျယ်လောင်လှတဲ့ ဝုန်းဆိုတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရပါတယ်။

ရုတောက်လုံဟာ ရုတ်တရက်ဆိုသလို ဟန်ကျွယ်စကားကို ပြန်တွေးမိလိုက်ပါတယ်။

‘ကောင်းကင်က ပြိုကျတော့မယ်...’

.....

အချိန်တစ်ခု ကြာသွားလို့ ရုတောက်လုံ နိုးလာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကနေ နာကျင်မှု ဝေဒနာကို ခံစားလိုက်ရပါတယ်။ ရုတောက်လုံး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ စုတ်ပြဲနေတဲ့ ကြက်သွေးရောင် ကောင်းကင်ပြင်ကို တွေ့မြင်လိုက်ရပါတယ်။

အနက်ရောင် အက်ကြောင်းတွေဟာ ကင်းမြီးကောင်တွေလိုပါပဲ။ တော်တော်လေး ကြောက်စရာ ကောင်းပါတယ်။ မျက်လုံးထဲမှာလည်း ဖုန်မှုန့်တွေ ဝင်နေတာကြောင့် ရုတောက်လုံဟာ မူးဝေသွားပါတယ်။

‘ဘာတွေ ဖြစ်ကုန်တာလဲ’

ရုတောက်လုံဟာ ခက်ခက်ခဲခဲ တွားသွားပြီး ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အကုန်လုံး ပျက်စီးသွားတာကို တွေ့လိုက်ရပါတယ်။ နေရာတိုင်းမှာ အပျက်အစီးတွေချည်းပါပဲ။ ရုတောက်လုံဟာ သူ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေရဲ့ ခေါင်းတွေကိုလည်း တွေ့မြင်လိုက်ရပါတယ်။

ဘယ်အ‌လောင်းမှ အကောင်းပကတိ မရှိပါဘူး။ ဒီမြင်ကွင်းက အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

“ဒုတ်... ဒုတ်... ဒုတ်...”

ရုတောက်လုံရဲ့ နှလုံးခုန်သံဟာ ပိုပိုမြန်မြန်လာပြီး ပိုပိုကျယ်လာပါတယ်။ ရုတောက်လုံဟာ ခေါင်းထဲမှာ ဗလာကျင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မယ်လို့ ခံစားလိုက်ရပါတယ်။

ရုတောက်လုံဟာ ကောင်းကင်မှာ တိုက်ခိုက်နေတဲ့ လူနှစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ ရုတောက်လုံဟာ သူ အမြင်မှားတယ် ထင်တဲ့အတွက် သူ့မျက်လုံးကို ပွတ်သပ်ပြီး ကြည့်လိုက်ပါတယ်။

‘လူတစ်ယောက်က ဒီလောက်မြင့်တဲ့ ကောင်းကင်မှာ ဘယ်လိုလုပ်ပြီး ရပ်နေနိုင်တာလဲ’

ရုတောက်လုံဟာ ကြောက်ရွံ့တုန်လှုပ်သွားပါတယ်။ မျှော်လင့်ချက် ကင်းမဲ့မှု၊ ဒေါသနဲ့ ကြောက်ရွံမှုတွေကြောင့် ရုတောက်လုံဟာ ကြက်သေသေသွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။

ရုတောက်လုံဟာ သူမြင်တွေ့ရတဲ့ အရာတွေကို လက်မခံနိုင်ဘဲ မျှော်လင့်ချက်ယဲ့ယဲ့လေး ရှိနေပါသေးတယ်။ ဒါတွေ အကုန်လုံးက အိပ်မက်တစ်ခုဆိုပြီးတော့ပေါ့။

“မင်း အဲဒီပုံပြင်တွေကို သိချင်တာလား၊ သူတို့က မင်းရှေ့ကို ရောက်နေပြီ”

တရင်းတနှီး ရှိလှတဲ့အသံကြောင့် ရုတောက်လုံ လှည့်ကြည့်လိုက်တဲ့အခါ အပျက်အစီးတွေကြားထဲမှာ ရပ်နေတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မတ်မတ်ရပ်နေပြီး သူ့ဝတ်ရုံက လေထဲမှာ လူးလွန့်သွားပါတယ်။

ရုတောက်လုံဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှ မတွေ့ဖူးလို့ပါ။ ဟန်ကျွယ်ရဲ့ ဟန်ပန်အမူအရာက ရုတောက်လုံကို အံ့ဩတုန်လှုပ်သွားစေပါတယ်။

အတန်ကြာမှ ရုတောက်လုံဟာ သတိပြန်ဝင်လာပြီး တုန်တုန်ယင်ယင် မေးလိုက်ပါတယ် “ဘိုးဘိုး... ဘိုးဘိုးပြောတာ ဘာအဓိပ္ပာယ်လဲ”

ဟန်ကျွယ်ဟာ ရုတောက်လုံဘက် လှည့်လာပြီး ငုံ့ကြည့်ကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “အရင်တုန်းက ငါ မင်းကို ကျင့်ကြံအားထုတ်ဖို့ ပြောခဲ့တယ်၊ ဒါပေမဲ့ မင်း စိတ်မဝင်စားခဲ့ဘူး၊ အခု ကျင့်ကြံသူတွေက ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ မြင်ပြီလား”

‘ကျင့်ကြံသူ...’ ရုတောက်လုံဟာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ကောင်းကင်ကို ဒေါသတကြီး မော့ကြည့်ကာ အံကြိတ်မေးလိုက်ပါတယ် “ဒါတွေအကုန်လုံးက ကျင့်ကြံသူတွေကြောင့်လား”

ဟန်ကျွယ်ဟာ ပြုံးပြီး ဘာမှမပြောပါဘူး။

ရုတောက်လုံဟာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို တွေးမိလိုက်တာကြောင့် ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဘိုးဘိုးကလည်း ကျင့်ကြံသူပဲလား၊ ဘာဖြစ်လို့ သူတို့ကို မကာကွယ်ပေးတာလဲ”

“ငါ မကယ်ရင် မင်း အသက်ရှင်နေဦးမှာလား”

“အဲဒါဆို သူတို့ကို ဘာဖြစ်လို့ မကာကွယ်ပေးတာလဲ...”

“သူတို့က ငါနဲ့ ဘာပတ်သက်လို့လဲ” ဟန်ကျွယ်က အေးစက်တဲ့လေသံနဲ့ ဖြတ်မေးလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ မျက်နှာက အလွန်တရာ အေးစက်သွားတာကြောင့် ရုတောက်လုံ အထိတ်တလန့် ဖြစ်သွားပါတယ်။

“ငါ မင်းဆီကို လာခဲ့တာ၊ မင်းအတွက်ပဲ၊ ဒီနှစ်တွေမှာ ငါ မင်းတို့ရွာကို ဘာအကြွေးမှ တင်မထားဘူး၊ ဒီနေ့ ငါ မရှိရင် မင်းလည်း သေမှာပဲ”

ရုတောက်လုံဟာ ခေါင်းငုံ့ဘေးပြီး ဘေးနားက ကျောက်တုံးကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်လိုက်ပါတယ်။ လက်သည်းခွံတွေ လန်ထွက်လုနီး ဖြစ်ပြီး သွေးတွေ စီးကျလာတဲ့ အထိပါပဲ။

ဟန်ကျွယ်ဟာ ရုတောက်လုံကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်း အခု ဒေါသထွက်နေတာ ငါ သိတယ်၊ ဒါပေမဲ့ မင်း ကျင့်ကြံမှုလမ်းပေါ်ကို ရောက်ရင် ဒါတွေအကုန်လုံးကို နားလည်လာလိမ့်မယ်၊ ကလဲ့စားချေမချေကတော့ မင်းကိစ္စပဲ၊ အဲဒီနှစ်ယောက်ကို မင်းဘာသာ လုပ်ချင်သလိုလုပ်”

“တောက်လုံ... ငါ ထွက်သွားဖို့ အချိန်တန်ပြီ၊ မင်းလည်း အခုအချိန်ကစပြီး ကိုယ့်လမ်း ကိုယ်လျှောက်သင့်ပြီ၊ ငယ်ငယ်တုန်းက မကျင့်ကြံခဲ့တာကို အခု နောင်တရနေပြီလား၊ အခု မင်း အစကနေ ပြန်စရလိမ့်မယ်၊ ဒီလိုအခွင့်အရေးမျိုးက မင်းဖမ်းဆုပ်နိုင်မလား အပေါ်ပဲ မူတည်တယ်၊ အရင်တုန်းက ငါ မင်းကို ဘယ်လို ကျင့်ကြံရမလဲဆိုတာ သင်ပေးချင်ခဲ့တယ်၊ ဒါပေမဲ့ မင်းက နှစ် ၅၀ ကြာအောင် အချိန်ဆွဲခဲ့တယ်၊ အရင်တုန်းကသာ မင်း ကျင့်ကြံဖြစ်ခဲ့ရင် သူတို့ကို ကယ်တင်နိုင်လောက်တယ်”

ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ မှတ်ဉာဏ်တစ်ခု ရုတောက်လုံရဲ့ စိတ်ထဲကို ဝင်သွားပါတယ်။ အဲဒီနောက် ရုတောက်လုံ အိပ်မောကျသွားပါတယ်။

.....

တာအိုဆန်းကြယ်နယ်မြေထဲက ဟင်းလင်းပြင်မှာ လူနှစ်ယောက် တိုက်ခိုက်နေကြပါတယ်။ ဆန်းကြယ်စွမ်းအားမျိုးစုံဟာ မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲပြီး တစ်ခုကိုတစ်ခု ဝင်တိုက်ကြပါတယ်။

ဒီလူနှစ်ယောက်က ချန်ကျွယ်နဲ့ ချူရှောင်ချီပါ။

“ဟားဟား... ငါရဲ့ ကံစွမ်းအားကို ခံစားမိပြီလား”

ချန်ကျွယ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်‌အောက်ပိုင်းကို ပြန်ခဲပြီး တအံ့တဩ ပြောလိုက်ပါတယ် “တကယ်ကို စွမ်းအားကြီးတယ်၊ မူလလောကဦးရဲ့ ကံဆန်းကြယ်စွမ်းအားထက်တောင် စွမ်းအားပိုကြီးသေတယ်၊ မင်းမှာ ဒီလိုအရည်အချင်းမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”

ချူရှောင်ချီဟာ ချန်ကျွယ်ရှေ့ ပျံသန်းသွားပြီး ကံစွမ်းအားကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ခေါင်းမော့ရင်ကော့ပြီး ပြောလိုက်ပါတယ် “စွမ်းရမယ်လေ၊ မဟုတ်ရင် ငါ့ရဲ့ဘိုးဘိုးက ငါ့ကို မြေးအဖြစ် လက်ခံခဲ့မှာ မဟုတ်ဘူး၊ ဒါနဲ့ ငါ့ဘိုးဘိုးက တာအိုဆန်းကြယ်နယ်မြေထဲကို ရောက်နေတယ်၊ မင်း သူနဲ့ တွေ့ချင်လား”

ချန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ မင်းအဘိုးကို ဘာလို့ တွေ့ရမှာလဲ”

“ငါ့ဘိုးဘိုးက တော်တော် စွမ်းအားကြီးတယ်”

“ငါ စွမ်းအားကြီးတဲ့ လူတွေ အများကြီးကို တွေ့ဖူးပါတယ်၊ မင်းနဲ့ငါလည်း စွမ်းအားကြီးတယ်လို့ ပြောလို့ရတာပဲ”

“ငါ့ဘိုးဘိုးက မတူဘူး”

“အို... သူက တာအိုဖန်တီးရှင်လား”

“မပြောတတ်ဘူး၊ မင်း တကယ်ပဲ ငါ့ဘိုးဘိုးနဲ့ မတွေ့ချင်ဘူးလား၊ ဒါက မင်းအတွက် အကြီးမားဆုံး အခွင့်အရေး ဖြစ်နိုင်တယ်နော်” ချူရှောင်ချီက ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။

ချန်ကျွယ်ကတော့ တိတ်ဆိတ်သွားပါတယ် ‘သူပြောတာ မှန်နေရင်ရော...’

ချူရှောင်ချီရဲ့ အခွင့်အရေးတွေကို ပြန်တွေးရင် ချူရှောင်ချီရဲ့ အရည်အချင်းက သိပ်ပြီး ကြမ်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့နောက်ကနေ ထက်ကြပ်မကွာ လိုက်နိုင်ပါတယ်။

ချူရှောင်ချီဟာ ပြုံးလိုက်ပါတယ် “သွားကြမယ်၊ အနားယူတယ်လို့ပဲ သဘောထားလိုက်”

ဒီတစ်ခါတော့ ချန်ကျွယ်ဟာ မငြင်းတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ ဟင်းလင်းပြင်ထဲက ချက်ချင်း ထွက်ခွာပြီး တာအိုဆန်းကြယ်နယ်မြေ အောက်ခြေက သေမျိုးကမ္ဘာတစ်ခုထဲ ဝင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချူရှောင်ချီအတွက် နောက်ဖေးတံခါး ဖွင့်ပေးထားပါတယ်။ အဲဒါကြောင့် ချူရှောင်ချီပဲ သူ့ရောင်ဝါကို အာရုံခံနိုင်ပါတယ်။

ချန်ကျွယ်နဲ့ ချူရှောင်ချီ ပေါ်လာချိန်မှာ ဟန်ကျွယ်ဟာ ငါးမျှားနေပါတယ်။

“ဘိုးဘိုး...”

ချူရှောင်ချီဟာ ပြုံးဖြဲဖြဲ မျက်နှာနဲ့ ဟန်ကျွယ်ဆီ လျှောက်လာပါတယ်။ ချူရှောင်ချီဟာ ဟန်ကျွယ်ရဲ့ရှေ့မှာ လူငယ်လေး ဖြစ်နေတုန်းပါ။

ချန်ကျွယ်ဟာ ဟန်ကျွယ်ကို တအံ့တဩ စိုက်ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို သူ လုံးဝ မမြင်ရလို့ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters