လျှိုဝှက်မှော်အခင်းအကျင်း
Vol. 41 Ch. 4.123
လုရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်ခဲ့ပြီ။ အမှန်တကယ်တော့ သူတော်စင် သားရဲဒီရေ မဟုတ်ပေ။
သူတော်စင် သားရဲများသည် သာမန် ဝိညာဥ်သားရဲများနှင့် မတူကြောင်း သိထားရမည်။ သူတို့၏ ဝိညာဉ်ရေး အသိဥာဏ်သည် အပြည့်အဝ အသက်ဝင်လာခဲ့ပြီးပြီ။ ၎င်းတို့သည် စကားမပြောနိုင်ရုံမှလွဲ၍ လူသားများနှင့် မတူပေ။
ဤကဲ့သို့ သားရဲဒီရေ တက်ရခြင်း အကြောင်းအရင်းမှာ သူတော်စင် သားရဲများ၌သာ ရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့ထက် သန်မာသော သူတော်စင် သားရဲများ၏ လိုက်ဖမ်းခြင်းကို ခံနေချိန်သာ ဖြစ်သည်။
ဤကဲ့သို့သော သေးငယ်သော အရပ်တွင် အပြင်ဘက်ထက် ဝိညာဥ်ချီအား ကောင်းသော်လည်း အဆင့်အတန်း မြင့်သော ဧကရာဇ်အင်ပါယာကဲ့သို့ ရက်စက် ကြမ်းကြုတ်မှု မရှိသောကြောင့် သဘာဝအားဖြင့် အဆင့်မြင့် သူတော်စင် သားရဲများကို မမွေးမြူနိုင်ပေ။
တစ်နည်းဆိုရသော် သားရဲဒီရေ ဖြစ်ပေါ်လာရန် အကြောင်း မရှိသလောက်ပင်။
အရူး ကျင့်ကြံသူများသည် ဒီသားရဲဒီရေကြောင့် ကြောက်လန့်ပြီး ဆယ်ရက်ကြာအောင် ပြေးလွှားနေခဲ့ရကြောင်း တခြားလူတွေ သိသွားခဲ့လျှင် အမှန်ပင် ရှက်စရာ ကောင်းလိမ့်မည်။
ဟုန်ချောင် မျက်လုံးများကို ဂရုတစိုက် ဖွင့်လိုက်ရာ သူမခန္ဓာကိုယ်အတွင်း ပြင်းထန်သော စွမ်းအင်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသော်လည်း သူမမှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
သူမကို အလွန်အမင်းကြောက်လန့်စေသော သားရဲအလုံးအရင်းမှာ လုံးဝပေါ်မလာခဲ့ပေ။ သူမသည် အံ့အားသင့်စွာ လှည့်ပတ်ကြည့်ကာ ဝမ်းသာအားရ အော်ပြောလိုက်၏။
"အဟ.... နင်တကယ် မှားသွားပြီ... ဘာသားရဲအလုံးအရင်းမှ မရှိဘူး!"
ကျေနပ်နေတာလား!
ဒီကောင်မလေးရဲ့ စကားတွေက တကယ်ကို စိတ်မကောင်းစရာ ကောင်းလှ၏။
"သွားကြစို့.... တကယ့် သူတော်စင် သားရဲကြီး ငါတို့ရှေ့မှာ ပေါ်လာတော့မယ်"
လုရွှမ် အပြုံးလေးနဲ့ ပြောလိုက်သည်။ ဟုန်ချောင်ရှေ့မှာ သူစိတ်လှုပ်ရှားနေတာကို သဘာဝအတိုင်း ထုတ်ဖော် မပြတာက ပိုကောင်း၏။
မြက်ပင်နှင့် သစ်ပင်များ စိမ်းလန်း စိုပြေလာကာ မကြာမီတွင်ပင် လုရွှမ်တို့သည် မြက်ခင်းပြင်ပေါ်တွင် ငြိမ်ဝပ်စွာ ကျက်စားနေသော သူတော်စင် သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက သူနဲ့ ဟုန်ချောင်တို့ကို နှစ်ခါမျှ ကြည့်၍ လျစ်လျူရှုကာ မြက်စားရန် ရှေ့ဆက်သွားလေ၏။
လုရွှမ်၏ နှလုံးသည် လှုပ်ခါသွားသည်။ သူတို့နှစ်ဦးကို မတိုက်ခိုက်တာက သူတို့ မကြာခင်က ထိတွေ့ခဲ့သော အလင်းလှိုင်းများကြောင့် ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် သူတို့ကို တိုက်ခိုက်တာ ဒါမှမဟုတ် ထွက်ပြေးတာတွေ မလုပ်ဘဲ အေးအေးဆေးဆေး ဆက်လက် ကျက်စားနေခြင်းပင်။
"စိတ်ထဲ အေးချမ်းလိုက်တာ.... လတ်ဆတ်တဲ့လေကို ရှုရှိုက်ရင်း ပေါက်လာတဲ့ အစာကို စားတယ် တိရစ္ဆာန်လေးတွေ မွေးတယ် ဒီနေရာက ဘယ်လောက်တောင် သာယာပြီး အေးချမ်းလိုက်လဲ...ဒါကို ဘာလို့အမြဲ တိုက်ခိုက် သတ်ဖြတ်ချင်နေရတာလဲ?"
ဟုန်ချောင်က ပြုံးပြီး သူတော်စင် သားရဲရှိရာသို့ ပြေးသွားလေ၏။ ရုတ်တရက်ပင် သူမသည် သူတော်စင်သားရဲ၏ ကျောပေါ် ခုန်တက်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လုရွှမ် ရုတ်တရက် ထိတ်လန့်သွားသည်။ သူမဆီကနေ ယခင်က လူသတ်ချင်နေသည့် အငွေ့အသက်များ ပျောက်ကွယ်သွားကြောင်း သိလိုက်ရပြီး သူမစိတ်ကလည်း အေးချမ်းသွားလေသည်။
ဤအခိုက်အတန့်၌ သူ့စိတ်ဝိညာဥ် တစ်ခုလုံးကလည်း ငြိမ်သက်မှုဖြင့် လွှမ်းခြုံခံနေရသလိုပင်။
အံ့သြစရာကောင်းတဲ့ နေရာပဲ!
"အစ်ကိုလုရွှမ်... ရှင်လည်း တက်ခဲ့ပါလား? ကျွန်မတို့ ခဏလောက် ကစားကြည့်ရအောင်"
ဟုန်ချောင်မှာ အရင်က လွှမ်းမိုးချုပ်ကိုင်မှု မရှိသည့် ချစ်စဖွယ် မျက်နှာထားဖြင့် ခေါ်နေကာ သူမသည် အမှန်တရားကို နားလည်သည့် ကလေးတစ်ယောက်လို ဖြစ်နေသည်။
လုရွှမ်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခြင်းအား မထိန်းနိုင်ခဲ့ပေ။ ဤအစ်ကိုဟူသည့် အခေါ်အဝေါ်မှာ အမှန်တကယ် သည်းမခံနိုင်သော်လည်း သူသည် သူတော်စင်သားရဲဆီသို့ လှမ်းသွားကာ နောက်ကျောပေါ်သို့ ခုန်တက်သွားဆဲပင်။။
ဝူး.....
သူတော်စင် သားရဲသည် တစ်ချက် အော်ဟစ်ပြီးနောက် မြက်ခင်းပြင်၏ နက်နဲရာဆီသို့ ပြေးထွက်သွားခဲ့သည်။
လမ်းဘေးမှာ ပန်းတွေနဲ့ အပင်တွေ အများကြီးရှိ၏။ ဟုန်ချောင်ရဲ့ မျက်လုံးတွေက ရှုပ်ထွေးနေပြီး ပန်းတွေကို ကောက်လျက် ပန်းကုံးတွေ ယက်ပြီး မရပ်မနား တခစ်ခစ်ရယ် နေသည်။
လုရွှမ် သူ့ပတ်ဝန်းကျင်ကို အာရုံစူးစိုက်ထားသည်။ သူ့အမြင်အာရုံထဲတွင် သူတော်စင် သားရဲ အရေအတွက်သည် ဆက်လက် တိုးမြင့်လာသည်။ မြေပြင်မှ ပြေးထွက်လာသော၊ ရေထဲသို့ ဝင်ရောက်သွားသော ကောင်းကင်ယံ၌ လွင့်ပျံနေသော သားရဲများကို မြင်လိုက်ရသည်။
သားရဲများသည် အလွန် လျင်မြန်ကြပြီး ၎င်းတို့၏ စွမ်းအားသည် သူတော်စင် အဆင့်တစ်မှ အဆင့်ကိုးကြားတွင် ရှိကြသည်။
ဤနေရာတွင် လုံလောက်သော ဝိညာဥ်ချီ မရှိ။ သူတော်စင်အဆင့် သားရဲများ မ၀င်ရောက်နိုင်ပေ။ သူတော်စင် သားရဲ၏ အဆင့်အတန်းသည် သူတော်စင်နယ်ပယ် ကျင့်ကြံသူ၏ တည်ရှိမှုနှင့် ယှဉ်နိုင်ပေသည်။
နက်နဲလာလေ သူတော်စင်သားရဲများကြား စည်းလုံးညီညွတ်မှုသည် အတုအယောင် ပုံသဏ္ဌာန် ဖြစ်လာပြီး အချင်းချင်း သတ်ဖြတ်နေကြသည်။ အားနည်းသူများနှင့် သန်မာသူများမှာ မျိုးနွယ်စု အချင်းချင်း သတ်ဖြတ်ကြသည်ကို တွေ့လိုက်ရသည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ဟုန်ချောင်သည် ပျော်ရွှင်မှုနှင့် ပတ်သက်သည့် အရာအားလုံးကို စောင့်ကြည့်နေသကဲ့သို့ အစွဲအလမ်းကြီးစွာ ပြုံးနေခဲ့သည်။
လုရွှမ်၏ နှလုံးသားထဲတွင် အချက်ပေးသံက ပြင်းထန်စွာ ထွက်ပေါ်လာပြီး ဤသူတော်စင် သားရဲကို သူတို့အား ဆက်လက် သယ်သွားခိုင်းလို့ မဖြစ်တော့ချေ။ မဟုတ်ပါက သူတို့နှစ်ယောက်လုံး အစားခံလိုက်ရမှာ သေချာလေ၏။
ဟုန်ချောင်ကို ဆုပ်ကိုင်၍ လုရွှမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ အောက်ကို ငုံ့ကြည့်သောအခါ သူတော်စင် သားရဲသည် တိုက်ရိုက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
သူ့စိတ်ထဲတွင် အံ့သြသွားကာ တိမ်ပင်လယ် နယ်မြေထဲတွင် ဤမျှမှော်ဆန်သော နေရာတစ်ခု ရှိမည်ဟု မထင်ခဲ့မိပေ။
သူ အရင်ဘဝက မာနကြီးလွန်းခဲ့ပြီး အမှန်တကယ်ပင် မသိနားမလည်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တာပဲ။
ဟုန်ချောင်၏ မျက်လုံးများသည် ချက်ချင်းပင် ကြည်လင်လာပြီး အံ့သြစွာ အော်လိုက်သည်။
"လုရွှမ် နင်ဘာလုပ်နေတာလဲ? ငါ့ကို မြန်မြန်ချလိုက်"
လုရွှမ် ဟုန်ချောင်ကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်ရာ သူမ မြေပြင်ပေါ်သို့ လဲကျသွားပြီး လုရွှမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ
"နံစော်နေတဲ့ လူ....မကောင်းတဲ့ကောင်ကြီး!!"
လုရွှမ် သူမအား လျစ်လျူရှုလိုက်သည်။ ဤကလေးမလေး၏ ဦးနှောက်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးပုံရ၏။
အချိန်အတော် ကြာအောင် ဆူပူကြိမ်းမောင်းပြီးနောက် သူမသည် ကြိမ်းမောင်းခြင်းကို ငြီးငွေ့လာ ပုံရပြီး လုရွှမ်ထံ ထပ်မံ ရောက်ရှိလာခဲ့သည်။
"ငါတို့ ဘယ်ရောက်နေတာလဲ? ချစ်စရာကောင်းတဲ့ သားရဲတစ်ကောင်က ငါတို့ကို ဒီနေရာကို ခေါ်လာခဲ့တာ မှတ်မိသေးတယ်... သူတော်စင် သားရဲ ဘယ်မှာလဲ? နင်စားပစ်တာလား??"
လုရွှမ် သူ့ခေါင်းကို သည်းမခံနိုင်လောက်အောင် ဖောက်ခွဲပစ်ချင်လာသည်။
"ပတ်ဝန်းကျင်ကို သေချာ အာရုံစိုက်ထား... မဟုတ်ရင် မင်းဘယ်လို သေသွားရမှန်း မသိဘဲနေမယ်"
လုရွှမ် အော်ပြောလိုက်သည်။ သူ့အသံကို ဝမ့်ရှင်းဂိုဏ်းရဲ့ အထူး တုန်လှုပ်သော အသံအဖြစ် အသုံးပြုခဲ့သည်။
ဟုန်ချောင်ရဲ့ စိတ်တွေ တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ဖြစ်ပျက်သမျှ အရာအားလုံးက သူမစိတ်ထဲ တဖြေးဖြေး ပြန်ပေါ်လာပြီး နောက်ဆုံးတော့ သူမ အသိစိတ်ဝင်လာကာ အေးစက်စက် ချွေးတွေပင် ထွက်လာခဲ့သည်။
"ဒီတွန့်တိုတဲ့လူကြီးတော့ နင့်အသက်ကို ငါကယ်ခဲ့တာလေ!"
ဟုန်ချောင် ဟစ်အော်လိုက်သည်။ ဘာလို့ သူ့ကို ရက်ရက်စက်စက် ပစ်ချလိုက်ရတာလဲ။
"ဒါဆို ဒီနေရာက ဘာလဲ?"
"လျှိုဝှက်မှော်အခင်းအကျင်း!"
"လျှိုဝှက်မှော်အခင်းအကျင်း?"
"အင်း အစောတုန်းက အလင်းလှိုင်းက ငါတို့ကို ဒီဖန်သားပြင် ပုံစံထဲကို တိုက်ရိုက် ခေါ်ဆောင်သွားခဲ့တာလို့ ငါထင်တယ်....ဒါက လူလုပ်တဲ့ အခင်းအကျင်း မဟုတ်ဘူး သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ အံ့သြစရာကောင်းတဲ့ လက်ရာတစ်ခုပဲ.... ဒါပေမဲ့ သားရဲတစ်စုဆီက သိမ်းပိုက် ခံခားရတာတော့ နှမြောစရာပဲ.. ကောင်းပြီ အရာအားလုံးက လူသားတွေနဲ့ သက်ဆိုင်နေတာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သူတော်စင်သားရဲတွေက လူသားတွေထက် ဉာဏ်ပညာ နည်းပါးတော့ ဒီနေရာကို သိမ်းပိုက်နိုင်တယ သဘာဝကျပါတယ်"
လုရွှမ်သည် ပျံသန်းနေသော သူတော်စင်သားရဲကို စေ့စေ့ကြည့်ကာ ရုတ်ချည်း ပျံသန်းသွားလေ၏။
"လေဟာနယ် လေပြင်းလက်ဝါး!"
ကောင်းကင်ယံ၌ ကြီးမားသော လက်ဖဝါးကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ စီးဆင်းကာ ပျံသန်းနေသော သူတော်စင်သားရဲကို ဖောက်ခွဲပစ်လိုက်သည်။
"လေဟာနယ် လေပြင်းလက်ဝါးတဲ့လား!"
ဟုန်ချောင် တိုးညှင်းသော အသံဖြင့် ညည်းညူလိုက်သည်။
သူမသည် မိသားစုကြီးမှ ဆင်းသက်လာသောကြောင့် ဂိုဏ်းကြီးခြောက်ခု အကြောင်းကို ကြားသိခဲ့ဖူးသည်။ လေဟာနယ် လေပြင်းလက်ဝါးမှာ လေမိုးကြိုးဂိုဏ်း၏ ထူးခြားသော သိုင်းစွမ်းရည် တစ်ခု ဖြစ်သည်။
ထိုသိုင်းစွမ်းရည်ကလည်း ကမ္ဘာပေါ်တွင် ကောလဟာလများ ပျောက်ကွယ်သွားသည်မှာ ကြာပါပြီ။
လက်ဝါးရာကြီးက ပျံသန်းနေသော သားရဲကို ဖောက်ခွဲပစ်ရာ ပေါက်ကွဲသံနှင့်အတူ ပျံသန်းနေသော သူတော်စင် သားရဲများ ချက်ချင်း ပျောက်ကွယ်သွားသည်။ လုရွှမ် ရုတ်တရက် ပြန်လှည့်လာပြီး ဟုန်ချောင်ကို ပွေ့ဖက်လိုက်ကာ သူ့ခန္ဓာကိုယ်က ကောင်းကင်ပေါ် ပျံတက်သွားခဲ့သည်။
"မင်း ကောင်းကင်ကို မပျံနိုင်ဘူး... ပြုတ်ကျလိမ့်မယ်!"
လုရွှမ် သူမအံံ့သြနေမှုကို လျစ်လျူရှုပြီး ကောင်းကင်သို့ အမြန် ပြေးသွားခဲ့သည်။ ခပ်မြင့်မြင့်သို့ ပျံသန်းလာသော် ဟုန်ချောင် ထိတ်လန့်စွာ အော်လိုက်သည်။ ထိုအခါ လုရွှမ်မှ
"ငါ့ကို ကိုင်ထား!"
"လေဟာနယ် လေပြင်းလက်ဝါး!"
"နဂါးဆင်ရွှေလက်ဝါး!"
ကျယ်လောင်သော အော်သံနှင့်အတူ လုရွှမ်၏ လက်ဝါးရာများသည် ကောင်းကင်ဆီသို့ အဆက်မပြတ် ဖောက်ခွဲပစ်နေသည်။ ကောင်းကင်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး လေဟာနယ် လေပြင်းလက်ဝါးနှင့် နဂါးဆင်ရွှေလက်ဝါးတို့က အဆက်မပြတ် ပြေးဝင် တိုက်ခိုက်နေ၏။
အလင်းစီးကြောင်းများ လွင့်မျောလာကာ လှိုင်းလုံးများကလည်း တဖျပ်ဖျပ် ခတ်လျက် အဆက်မပြတ် တုန်ခါလာခဲ့သည်။