အမြင်ကျဥ်းသွားတာပဲ
Vol. 41 Ch. 4.135
သစ္စာရှိ အဘိုးကြီးသည် နောက်ပြန် မလှည့်ဘဲ အော်ဟစ်ကာ လုရွှမ်ကို သူ့ဓားဖြင့် ခုတ်ချလိုက်သည်။ ရော့ယိုး တခြားသူများကို ပြန်ကြည့်လိုက်သည်။
ထိုလူတွေက သူမ မျက်လုံးများကို ရှောင်ကာ တစ်ယောက်ပြီး တစ်ယောက် ခေါင်းယမ်းလိုက်ပုံမှာ အဘိုးအိုကျုံးရဲ့ အမြင်ကို သဘောတူကြတာ သိသာလေသည်။
"ဘွားဘွား?"
ရော့ယိုးက ပါးရေတွေ ရှုံ့တွနေသော အဘွားကြီးကို ကြည့်ကာ တောင်းပန်လိုက်သည်။ အဘွားအိုက တခစ်ခစ်ရယ်ကာ သူမရဲ့ ရုပ်သွင်ပြင်မှာ အနည်းငယ် ပြုံးလျက် ရော့ယိုးရဲ့ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
"စိတ်မပူပါနဲ့.... ပါးစပ်စည်း မစောင့်တဲ့ လူတွေက သေထိုက်ပါတယ်!"
အဘွားအိုက သူ့အသံမှာ တည်ငြိမ်နေသော်လည်း ဒေါသအပြည့်ဖြင့် ထွက်လာရာ လုရွှမ်နဲ့ အဝေးမှ အဖိုးအိုကျုံးတို့ရဲ့ နားထဲအထိပါ ရောက်ရှိသွားသည်။
ရော့ယိုးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ဒါပေမဲ့..."
"ဟားဟား... စိတ်အေးအေးထားပြီး စောင့်ကြည့်ရအောင် ဘယ်သူ သေမလဲတော့ မသိဘူး"
အသံတစ်ခု ထွက်ပေါ်လာပြီး ရော့ယိုး အဘွားကြီးကို သံသယဖြင့် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့..."
အဘွားကြီးက တခစ်ခစ်ရယ်ရင်း
"သမီးလေး မင်းဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲ? တစ်ယောက်ယောက်က သေထိုက်ရင် သေသင့်တယ်... အဲ့ဒါက သူ့ကံကြမ္မာပဲ ဒီနေ့ သူနဲ့ မဆုံဖြစ်ရင်တောင် မြန်မြန်ဆန်ဆန် တွေ့ရမှာကဲ... မင်း သူ့ကိုကယ်ချင်ရင်လည်း ကယ်လို့ရမှာ မဟုတ်ဘူး"
"စိတ်အေးအေးထားပြီး စောင့်ကြည့်ရအောင်!"
သစ္စာရှိ အဘိုးကြီးသည် အဘွားကြီး၏ စကားကိုကြားသောအခါ ကြီးမားသော အပြုံးကို သယ်ဆောင်လာရင်း ဂုဏ်ယူစွာ ဟစ်ကြွေးလိုက်ပေ၏။
"ကောင်လေး မင်း ဒီနေ့ သေလိုက်တော့!"
"အရူး!"
လုရွှမ်သည် အဘိုးအိုအား အထင်အမြင် သေးစွာဖြင့် ကြည့်နေသည်။ သူ့မျက်ခုံးများကို ပင့်လျက် မျက်လုံးများက ဝံပုလွေတစ်ကောင်လို စိုက်ကြည့်ကာ မာနကြီးပြီး ကြီးစိုးနေသည့် အငွေ့အသက်များ ထုတ်လွှတ်ထားသည်။
ကောင်းစွာ ပြုစုပျိုးထောင်မှု မရှိသော ဤကဲ့သို့ လူများသည် သူတို့သခင်များကို သစ္စာဖောက်တာ ဒါမှမဟုတ် ထိခိုက် နစ်နာစေတာတွေ လုပ်လာနိုင်သည်။
အဘွားကြီးရဲ့ စကားက သူကိုပြောနေတာ ရှင်းနေတာပဲ။ သူ မသိလိုက်တာက တကယ်ကို တုံးနေတာပဲ။
"မင်းရဲ့ သူတော်စင်အဆင့် လက်နက်က မဆိုးပါဘူး.... အဲဒါ မင်းအတွက် မိန်းကလေးရော့ယိုး သန့်စင်ပေးထားတာ မဟုတ်လား? ငါလိုချင်တယ်"
ထိုအခါ သစ္စာရှိ အဘိုးအိုက
“ကောင်လေး မင်းက ငါ့ဓားကို လိုချင်တုန်းဆိုပေမယ့် မင်းသေရတော့မယ်”
"အရူး.... မင်းနဲ့ ပြောမနေတော့ဘူး!"
လုရွှမ်က ကျိန်ဆဲလိုက်ပြီး သစ္စာရှိတဲ့ အဖိုးအိုရဲ့ နှလုံး တည့်တည့်ကို တိုက်ရိုက် ပြေးထိုးလိုက်သည်။
ဤလက်ဝါးချက်သည် ကြီးမားသောအရှိန်အဟုန်နှင့် သူတော်စင် စွမ်းအားများဖြင့် ပေါင်းစပ်ထားတာကြောင့် ယခင်လက်ဝါးချက်နှင့် ကွဲပြားသည်။
ကျင့်ကြံမှုအခြေခံသည် သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိသွားခဲ့ပြီးနောက် နဂါးဆင်ရွှေလက်ဝါး တတိယအဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။
လက်သီးတစ်ချက်ဖြင့် အိမ်ငယ်လေးထဲရှိ ဝိညာဥ်စွမ်းအင်များ ချက်ချင်း နိုးကြားလာပြီး ပုံသဏ္ဌာန် တစ်ခုအဖြစ် စုစည်းလာသည်။
လုရွှမ်ရဲ့ လက်မောင်းထဲက နတ်နဂါးတစ်ကောင် ပြေးထွက်လာကာ လူတိုင်း၏ နားထဲတွင် စူးစူးဝါးဝါး အော်လိုက်သကဲ့သို့ နဂါး၏လက်သည်း လေးချောင်း ပုံသဏ္ဌာန်စွမ်းအင်ကို လှန်လိုက်ကာ သစ္စာရှိအဘိုးအိုကို ဖမ်းဆုပ်လိုက်သည်။
တစ်ဖက်တွင် ဧရာမတောင်ကြီးလို ဆင်ကြီး တစ်ကောင်သည် တုန်လှုပ် ချောက်ချားသည့် စွမ်းအားများဖြင့် ကောင်းကင်မှ ဆင်းသက်လာသလို ခွန်အားကလည်း ပါလာသေးသည်။
အဘိုးအိုကျုံးသည် သူ့ပတ်ဝန်းကျင်ရှိ အလင်းရောင်များ တိမ်ကောလာသည်ကို ရုတ်တရက် ခံစားလိုက်ရကာ ကောင်းကင်ကို မော့ကြည့်ရုံမှတစ်ပါး မတတ်နိုင်ခဲ့ချေ။ ကြည့်ပြီးနောက် ထိတ်လန့် တုန်လှုပ်လုနီးပါး ဖြစ်သွားခဲ့သည်။
"နဂါးဆင်ရွှေလက်ဝါး!"
ရွှမ်ချင်ဂိုဏ်း၏ ထိပ်တန်းအနေဖြင့် နှစ်ပေါင်းသုံးရာ ကြာသွားသော်လည်း နဂါးဆင်ရွှေလက်ဝါး သိုင်းကျမ်း ပျောက်ဆုံးသွားကြောင်း ကောလဟာလများပင် ရှိသေးသည်။
သို့သော် ဒီပြင်းထန်တဲ့ ရောင်ဝါ ထွက်လာတာနဲ့ တပြိုင်နက် ကမ္ဘာကြီးကို တုန်လှုပ် ချောက်ချားစရာ မြင်ကွင်းတွေ ပေါ်လာစေတော့မယ် ဆိုတာ မှန်းဆနေစရာ မလိုချေ။ နဂါးဆင်ရွှေလက်ဝါးကလွဲလို့ တခြားဘယ် သိုင်းပညာကမှ အဲဒီလို ရောင်ဝါမျိုး ထွက်လာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။
အဘိုးအိုကျုံး ခဏတာမျှ ကြောင်အသွားသည်။ သူသတိဝင်လာတဲ့ အချိန်မှာတော့ ကြောက်လန့်တကြား အော်ဟစ်ပြီးနောက် ခြေဖဝါးကို ပြင်းပြင်းထန်ထန် အသုံးချကာ အလျင်အမြန် နောက်ပြန်ဆုတ်လိုက်သည်။
"ငါ့ကို ကယ်ကြပါဦး!"
သူ့အင်အားက မလုံလောက်မှာကို စိုးရိမ်သဖြင့် သစ္စာရှိ အဘိုးကြီးသည် ရော့ယိုး နှင့် သူ့အဖော်များဆီကို အော်ဟစ်လိုက်ပြီး သူ့အမူအရာမှာလည်စ အလွန် ထိတ်လန့်နေသည်။
"ခွေးအိုကြီး.... မင်းကို အရူး တစ်ယောက်လို့ ငါပြောဖူးတယ်မလား? တစ်စုံတစ်ယောက်က သေသင့်တယ်လို့ လူတစ်ယောက်က ပြောခဲ့သေးတယ်... အဲဒီလူက ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ?"
လုရွှမ် ဟောက်ပြီး လေးလံသော အလင်းလှိုင်းများကို တစ်ချက်ချင်း သစ္စာရှိ အဘိုးအို၏ နှလုံးရှိရာ တည့်တည့် ထိုးဖောက်ပစ်လိုက်သည်။
နဂါးကြီး၏ အသံသည် ကောင်းကင်ကို တုန်လှုပ်စေကာ ဆင်တစ်ကောင်၏ မြေပြင်ပေါ် ခြေစောင့်လိုက်သော အသံနှင့်အတူ အဘိုးအို၏ ခန္ဓာကိုယ် ပေါက်ကွဲသွားကာ အသွေးအသားများ လွင့်ပျံသွားခဲ့သည်။
လုရွှမ်၏ ကြီးမားသော လက်ဝှေ့ယမ်းမှုနှင့်အတူ လေပြင်းများ တိုက်ခတ်လာကာ ပတ်ဝန်းကျင်မှ အသွေးအသားများ အားလုံးကို မှုတ်ထုတ်ပစ်လိုက်သည်။
လူအုပ်ကို ပြန်ကြည့်လိုက်တော့ အရင်ကသူ့ကို ကဲ့ရဲ့ဖူးသူတိုင်း တုန်လှုပ်သွားကာ မျက်နှာတွေ ဖြူဖျော့သွားတာ တွေ့ရလေ၏။ လုရွှမ်ရဲ့ မျက်လုံးတွေထဲက အလင်းရောင်ကို တွေ့လိုက်တဲ့အခါ စိတ်ထဲမှာ ကြောက်လန့်တကြားနဲ့ အကြည့်တွေ လွှဲသွားကြသည်။
သစ္စာရှိအဘိုးကြီး အပြင် သူတော်စင်တစ်ပိုင်း အဆင့်၈ အဘိုးအို နှစ်ဦးလည်း ရှိသေးသည်။ သူတို့၏ မျက်နှာများသည် ယခုအခိုက်အတန့်တွင် ပျက်ယွင့်နေကာ လက်ထဲတွင် ကိုင်ဆောင်ထားသည့် လက်နက်များမှာ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိတော့သလိုပင်။
လုရွှမ်မှာ ဒီလူလို အစေခံတစ်ယောက် ရှိနေရင် သူအစောကြီးကတည်းက သတ်ပစ်လိုက်မှာ ဖြစ်သည်။ သခင့်ထက် ခြေတစ်လှမ်း သာချင်နေတဲ့ အစေခံက သစ္စာရှိဖို့ မသေချာဘူးလေ။
သူတော်စင်တစ်ပိုင်း အဆင့်၇ သခင်က တကယ် အားကောင်းသူပင်။ လုရွှမ် အစွမ်းကုန် မကြိုးစားခဲ့ဘူးဆိုရင် သူ့ကို သတ်နိုင်ဖို့ ဒီလောက်လွယ်နေမှာ မဟုတ်ဘူး။
လုရွှမ် သစ္စာရှိအဘိုးအိုရဲ့ ဓားကို သူ့လက်ထဲ စုပ်ယူလိုက်ပြီး လက်ချောင်းများဖြင့် ပေါ့ပေါ့ဆဆ ပွတ်သပ်လိုက်သည်။ ဓားကို သန့်စင်ထားသော သံသည် သူတော်စင်အဆင့် လက်နက်များထဲတွင် ထိပ်တန်းအဆင့်ဟု ယူဆနိုင်သော်လည်း နောက်ဆုံးတွင် ရော့ယိုးရဲ့ ကျင့်ကြံမှုအဆင့်က တကယ့် သခင်နယ်ပယ်နဲ့ နှိုင်းယှဉ်ရင် ကွာဟချက်က မနည်းချေ။
သို့သော် အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုတွင် ၎င်း၏နာမည်နှင့် ထိုက်တန်သည်ဟု ဆိုနိုင်သည်။
လုရွှမ် ဓားကို သိမ်းလိုက်သည်။ နောင်မှာ တစ်ယောက်ယောက် ပေးဖို့အတွက် ထုတ်ယူနိုင်တယ်လေ။ ပေါ့ပေါ့ပါးပါး ပြုံးနေတဲ့ အဘွားအိုကို ကြည့်လိုက်ပြီး လုရွှမ်ရဲ့ မျက်လုံးတွေက ရော့ယ်ုးရဲ့ မျက်နှာမှာ ရေးထားတဲ့ မနှစ်သက်မှုတွေကို အတိုင်းသား မြင်နေရလေသည်။
သူ ပြုံးလိုက်မိသည်။ ဤမိန်းကလေး၏ အခင်းအကျင်း ဖွဲ့စည်းပုံအဆင့်ကို သူမြင်ပြီးပြီ။ ဒါက သာမန်ပဲ ရှိသည်။ ထို့ကြောင့် သဘာဝကျကျ လုရွှမ်လည်း ရပ်မနေချင်တော့ဘဲ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ တိုက်ရိုက် ပစ်လွှတ်လိုက်ကာ အခင်းအကျင်း များစွာကို ဖြတ်သန်းကာ ပြေးထွက်သွားတော့သည်။
ရော့ယိုး မယုံကြည် နိုင်လောက်အောင် အံ့ဩနေမိ၏။ နူးညံ့သော ငိုကြွေးသံကိုပင် မထုတ်နိုင်ဘဲ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများသာ ပြည့်နှက်နေသည်။
စားပွဲပေါ်က ခွက်ကိုဆွဲကိုင်ကာ ကောင်းကင်သို့ ပစ်လိုက်တဲ့အခါ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ခွက်သည် လေထုထဲတွင် အမှုန့် ဖြစ်သွားတော့သည်။
"သူ……"
အဘွားအိုက သက်ပြင်းချလိုက်ပြီး သူ့မျက်နှာက အနည်းငယ် အံ့သြသွားသည်။
"သူ့ကိုငါတို့ လျှော့တွက် မိသွားပုံရတယ်.... ဟူး အခု သူစိတ်ပျက်သွားတဲ့ ပုံကိုမြင်ရတော့ ဒီအခွင့်အရေးက ဆက်မဖြစ်နိုင်တော့ဘူး ထင်တယ်"
"အဘွားက ဘာကိုဆိုလိုတာလဲ?"
ရော့ယိုးမှ မေးလိုက်သည်။
"ဒီကောင်လေးရဲ့ ကျင့်ကြံမှုအခြေခံက သေးငယ်ပေမယ့် သူဘယ်လောက် သန်မာတယ် ဆိုတာ အားလုံး မြင်ကြတယ်မလား? သူ့ရဲ့ အခင်းအကျင်း ပညာရှင်အဆင့်က မင်းရဲ့အထက်မှာ ရှိနေနိုင်တယ်.... မင်းရဲ့ခန္ဓာကိုယ်ပေါ်က အပြစ်အနာအဆာတွေကိုတောင် မြင်နိုင်တယ်ဆိုတော့ မင်းပြဿနာကိုလည်း ဖြေရှင်းနိုင်လိမ့်မယ်"
"ဒီတစ်ကြိမ် သူ့ကိုတွေ့ရပေမယ့် နှမြောစရာက သူငါတို့ကို သဘောမကျသွားတာပဲ... အဲဒါကို အဆုံးမှာ ပြလိုက်တာပဲလေ မင်းခင်းကျင်းထားတဲ့ အစီအရင်တွေကို လျစ်လျူရှုပြီး တိုက်ရိုက် ထွက်သွားတာ မတွေ့ဘူးလား?"
အဘွားအိုက စကားပြောနေစဉ်တွင် သူမသည် လေးလေးနက်နက် သက်ပြင်းချမိသလို ရော့ယိုးကလည်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ဒါပေမဲ့ သူ သမီးသန့်စင်ထားတဲ့ ဓားကို ယူသွားတာ မဟုတ်ဘူးလား?"
"တုံးလိုက်တဲ့ ကောင်မလေး... အဲဒီလူက ဓားကိစ္စကို လုံးဝ ဂရုမစိုက်ဘူး... ငါတို့က မင်းကို ထောက်ခံသလို မင်းကလည်း အရမ်း မာနကြီးတယ်လေ... သူအစောက သုံးခဲ့တဲ့ လက်ဖဝါးသိုင်းကွက်က နဂါးဆင်ရွှေလက်ဝါးတဲ့.... အမြော်အမြင် ရှိလိုက်တာ... ငါတို့က အမြင်ကျဥ်းသွားတာပဲ!"
အဘွားကြီးသည် စကားရပ်လိုက်ပြီး သက်ပြင်းချကာ သူ့ဘာသာသူ ထွက်သွားခဲ့လေသည်။ တခြားသူတွေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အားလုံးက ခေါင်းညိမ့်လိုက်ကြသည်။
လုရွှမ် လေထဲတွင် လှည့်ပတ်ကာ ကျင့်ကြံသူ တစ်ဦးအား ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်မြို့တော် ဖြစ်သော ထျန်းလုံမြို့ကို ဘယ်လိုသွားရမလဲ မေးမြန်းလိုက်သည်။
ထိုကျင့်ကြံသူက သူ့လက်ထဲက ဓားကို မဝံ့မရဲကြည့်ရင်း ဝမ်းသာသွားသလို တစ်ဖက်ကလည်း တုန်လှုပ်သွားခဲ့သည်။