မင်းသမီးပိုင်လုံ
Vol. 42 Ch. 4.140
သူတော်စင်တစ်ပိုင်း အဆင့်၈!
အဆင့်၇!
အစ်ကိုလုံဆိုတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားရဲ့ ကျင့်ကြံမှု လျင်မြန်စွာ ကျဆင်းသွားပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အထိ ကျနေဆဲဖြစ်သည်။ သူဟာ လုံး၀ ကြောက်စရာ ကောင်းလောက်အောင် ဒွဟခုနစ်ပေါက်ကနေ သွေးတွေထွက်နေ၏။
"ပြော!! ဒီနတ်ဆိုးဓားကို ဘယ်ကရလာတာလဲ"
လုရွှမ် ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။ ထိုလူက အံ့ဩသွားပြီး ကြောင်တက်တက်နဲ့ ပြောလာခဲ့၏။
“ပြိုကျနေတဲ့ကောင်းကင်ဘုံ.... ကောင်းကင်ထက်က ပြိုကျနေတဲ့ကောင်းကင်ဘုံ…”
ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်သည် အနက်ရောင် တိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"ပြိုကျနေတဲ့ကောင်းကင်ဘုံ အဲဒါက ဘယ်လိုနေရာလဲ?"
လုရွှမ်ကတော့ တိမ်ပင်လယ် နယ်မြေမှာ ဘယ်တုန်းက ဒီလိုနေရာမျိုး ရှိခဲ့တာလဲလို့တောင် တွေးလိုက်မိသည်။
ကွမ်း!
"ဟမ်း... မင်းသိလား?"
လျှပ်စီးငှက်က သိနေမယ်လို့ မထင်ထားတာကြောင့် လုရွှမ် အံ့သြသွားခဲ့သည်။
ထိုနေ့တွင် သူနှင့် နတ်ဆိုးဧကရာဇ်၏ စစ်ပွဲအပြီးတွင် ပြင်ပကမ္ဘာကြီးသည် ပြိုကျနေတဲ့ကောင်းကင်ဘုံကို ဖန်တီးသူ ဖြစ်လာကြောင်း လုရွှမ် နားလည်သွားသည်။ အနှစ်သုံးရာ ကြာပြီးနောက် ပိုမိုကြီးမားလာပြီး နယ်မြေ ဖြစ်သွားသည်။
တစ်ခါတရံ မှော်ဆန်သည့် အရာများပင် ကျဆင်းလာတတ်သေးသည်ဟု ဆို၏။
လုရွှမ် ဒေါသတကြီးပြုံးကာ သက်ပြင်းချရင်း ငှက်ထီး၏ ကျောပေါ်သို့ လှမ်းတက်လိုက်သည်။ ငှက်မမှာ လန့်ဖျပ်သွားကာ ငှက်ထီး ထွက်သွားရာဖက်ကို ကြည့်ရင်း ကျန်နေတဲ့ လူလေးယောက်ဆီသို့ လျှပ်စီးကြောင်းတွေ ပြင်းပြင်းထန်ထန် ပစ်ခတ်လိုက်တော့သည်။
လုရွှမ် အစိတ်စိတ် အမွှာမွှာ ကွဲနေသော ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာသို့ သွားချင်ခဲ့သည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့စိတ်ထဲက တွန်းအားကို ရပ်လိုက်သည်။
သူ့လက်ရှိ ခွန်အားက မလုံလောက်သေးပေ။ အဲဒီနေရာမှာ ကျိုးရန်လည်း ရှိနေပေလိမ့်မည်။
နတ်ဆိုးဓား သို့မဟုတ် တခြားအရာများလည်း ပြုတ်ကျနိုင်သောကြောင့် ထိုနေရာတွင် အယတခြားနယ်ပယ် သို့မဟုတ် ဆက်စပ်နေသည့် တခြားနေရာများ ရှိနေကြောင်း ထင်ရှားသောကြောင့် ကျိုးရန် သွားမစူးစမ်းတာကမှ ထူးဆန်းနေလိမ့်မည်။
သူ့လောက် မသန်မာ သေးဘူးဆိုရင် အဲဒီကို ဘယ်တော့မှ မသွားဘူးလို့ သူ့စိတ်ထဲ ကြွေးကြော်လိုက်သည်။
ငှက်ခေါင်းကို လှည့်ကာ ထျန်းလုံဧကရာဇ် အင်ပါယာမြို့တော်သို့ တစ်ဖန် ပြန်လာခဲ့သည်။ ယွမ့်လင်သည် ဂိုဏ်းကြီးငါးခုမှ ပါ၀င်နေသော တပည့်များကို ရှာတွေ့ခဲ့ပြီး ထျန်းလုံမြို့ကို ရောက်နေပြီလား မသိ။
လုရွှမ် မသိလိုက်တာက သူကအခု ထျန်းလုံဧကရာဇ် အင်ပါယာမှာ အလိုအရှိဆုံးလူ ဖြစ်နေတယ် ဆိုတာပင်။ နေရာက ဝေးလံခေါင်သီပြီး သတင်း မထွက်သေးတာကြောင့်သာ မဟုတ်ရင် ထိုလူခြောက်ယောက်မှာ လုရွှမ်ကို လုပ်ကြံဖို့ သတ္တိမရှိကြသလို အစောကတည်းက ကိုယ့်ကိုကိုယ် သတ်သေပြီးလောက်ပြီ။
လျှပ်စီးငှက်နှင့်အတူ လုရွှမ်၏ အရှိန်သည် ယခင်ကထက်ပင် နှေးကွေးသွားသော်လည်း သူကိုယ်တိုင် ပျံသန်းရန် မလိုအပ်သောကြောင့် ခရီးသည် သဘာဝကျကျ ပိုမိုလွယ်ကူလာသည်။
လုရွှမ် လျှပ်စီးငှက်ရဲ့ ကျောပြင်ပေါ်တွင် ထိုင်ကာ နတ်ဆိုးဓားကို လေ့လာနေခဲ့သည်။
လဝက်ကျော်ကြာလောက် လေ့လာပြီးနောက်တွင် သူသည် အတွင်းပိုင်း ရုပ်သေး အခင်းအကျင်း ဖွဲ့စည်းပုံကို အခြေခံအားဖြင့် နားလည်သော်လည်း သူ့အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိသော တွေးခေါ်မှု နှစ်မျိုးရှိကြောင်း ခံစားခဲ့ရသည်။
သို့သော် ဤအသွင်အပြင်ကို ဖုံးကွယ်ထားပုံမှာ သူ၏ ကျင့်ကြံနားလည်မှုနှင့် လုံးဝကွဲပြားပြီး တခြားကမ္ဘာ၏ ထူးခြားသော အခင်းအကျင်း တစ်ခု ဖြစ်နိုင်လေသည်။
ပျံသန်းရင်း ငြီးငွေ့လာရာ မြို့တစ်မြို့ကို မြင်လိုက်ရတော့ လုရွှမ်လည်း ဆင်းသက်လာခဲ့သည်။
အင်ပါယာမြို့တော်နဲ့ ပိုနီးလေ ဝိညာဥ်စွမ်းအင်က ပိုအားကောင်းလေပင်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်လေလေ ထူးဆန်းတဲ့ မျက်လုံးတွေ အများကြီးကို မကြာခဏ တွေ့ရလေသည်။
သူတော်စင်အဆင့်၄ လျှပ်စီးငှက်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့် ဖြစ်နေတာကို တွေ့လိုက်ရတာကြောင့် အံ့သြနေကြခြင်းပဲ ဖြစ်လေ၏။
အကယ်၍ သူသည် လျှပ်စီးငှက်ကို မရပ်တန့်ရန် တိုက်ရိုက် မပြောခဲ့ပါက သို့မဟုတ် ငှက်အရှိန်က မမြန်လွန်းပါက ထိုလူများက ငှက်ကို ဖမ်းဖို့ သူ့ကို လိုက်သတ်ပေလိမ့်မည်။
ရွှေကျီးကန်းကို နှစ်သိမ့်ပေးပြီးနောက် လုရွှမ် သေရည်တွေ ဝယ်ပေးမည်ဟု ကတိလိုက်သည်။ လျှပ်စီးငှက်ကို ကျောက်စိမ်းပြားထဲသို့ ထည့်ထားလိုက်၏။ ရိုးသားစွာ ပြောရရင်တော့ ဖြစ်နိုင်ရင် သူ ရွှေကျီးကန်းကို တိုက်ရိုက် စီးပစ်ချင်သော်လည်း ထိုအတွေးကို လုံးဝထုတ်ဖော်ဝံ့ခြင်း မရှိပေ။
မဟုတ်ရင် ရွှေကျီးကန်းက သူ့ကို သေတဲ့အထိ နှောင့်ယှက်နေလိမ့်မယ်။
ယွမ်ယန်ကျင့်စဥ်ကို တတိယအဆင့်သို့ မြှင့်တင်ခြင်းဖြင့် ရွှေကျီးကန်းရဲ့ ကျင့်ကြံမှု အခြေခံသည်လည်း မြင့်တက်လာပြီး အရွယ်အစားကို လွတ်လပ်စွာ ပြောင်းလဲနိုင်နေပြီ။
သူသည် စားသောက်ဆိုင် တစ်ဆိုင်သို့ တိုက်ရိုက် ဆင်းသက်ကာ အကောင်းဆုံး သေရည် ၁၀ပုလင်းကို ယူဆောင်လာရန် စားပွဲထိုးလေးအား အော်ပြောလိုက်သည်။ ကျောက်စိမ်းပြားထဲ ထည့်ပေးလိုက်တော့မှ နောက်ဆုံး ရွှေကျီးကန်းလည်း ပါးစပ်ပိတ်သွား၏။
ပြတင်းပေါက် အနားမှာထိုင်ပြီး ရှုခင်းကြည့်ရင်း သေရည် ကောင်းကောင်း သောက်ရတာက သေရည် အရသာကို ပိုကောင်းစွာ မျိုချနိုင်သည်။ ရုတ်တရက် ယခင်နွေးထွေးသော လေထု ပျောက်ကွယ်သွားပြီး လေထုသည် တင်းမာမှု အပြည့်ဖြစ်လာတာကြောင့် လုရွှမ် မျက်မှောင်ကြုတ်သွားသည်။
လူသတ်ချင်တဲ့ အငွေ့အသက်တွေ!
သူ့ဆီကို လာတာလား?
လုရွှမ် တခြားသူများကို တစ်ချက်ကြည့်လိုက်ရာ မည်သူမျှ ကြောက်ရွံ့ခြင်း မရှိတာကို တွေ့လိုက်ရတဲ့အပြင် အပြုံးတစ်ဝက်နဲ့တောင် သူ့ကို စိုက်ကြည့်နေသေးသည်။
ဘာကြီးလဲဟ??
လုရွှမ် သံသယစိတ်များ နိုးကြားလာသည်ကို မြင်လိုက်ရသည်နှင့် လူတစ်စုက လုရွှမ်ကို ဝန်းရံလိုက်ကြသည်။
"ကောင်လေး...မင်းက အရမ်းသတ္တိ ကောင်းနေတာပဲ မင်းကို အင်ပါယာက အလိုရှိနေတာတောင် မင်းကဝင်လာပြီး အရက်ထိုင်သောက် နေသေးတယ်ပေါ့!"
အဘိုးအိုတစ်ဦးက ကျယ်လောင်စွာ အော်လိုက်၏။
ဧကရာဇ်အင်ပါယာက အလိုရှိတဲ့လူ??
"မင်းတို့ဘာတွေ ပြောနေတာလဲ ငါမသိဘူး?"
လုရွှမ် ငြိမ်ငြိမ်သက်သက်ပဲ ထိုင်နေပြီး သူ့စိတ်ဝိညာဉ် စွမ်းအားကတော့ လှည့်ပတ်နေပြီ။ သူတော်စင်များ တည်ရှိနေတာကို မခံစားရပေမယ့် တန်ခိုးအကြီးဆုံး သူတွေဖြစ်တဲ့ သူတော်စင်တစ်ပိုင်း အဆင့်၉ ကျင့်ကြံသူတွေကတော့ ဒီဘက်ခြမ်းကို ပြေးလာနေကြပြီ။
လူတိုင်းက သူ့ကို လှောင်ရယ်နေကြသည်။
"ဟာဟား... သူ့ကိုယ်သူ ဧကရာဇ်အင်ပါယာက အလိုရှိနေတဲ့ ရာဇဝတ်သားမှန်း မသိသေးဘူးထင်တယ်...အရမ်းမောက်မာနေတာ မဆန်းပါဘူး"
"ကောင်လေး ထျန်းလုံကျောင်းတော်ရဲ့ ဆရာကို မင်းခိုးဝင် တိုက်ခိုက်တဲ့ ကိစ္စက ပျံ့နေပြီ...အခု ထျန်းလုံကျောင်းတော်က သေမိန့်ထုတ်ထားတယ်... ဟားဟား မင်း ငါတို့စကားကို နာခံမှုရှိရှိ လိုက်နာရင် ငါတို့က သဘာဝအတိုင်း မင်အပေါ် သက်ညှာမှာပါ မဟုတ်ရင် မင်းဒုက္ခရောက်လိမ့်မယ်"
ဒီလိုကိုး။ လုရွှမ် စိတ်ထဲက လှောင်ရယ်လိုက်မိသည်။
ဒါပေမဲ့ သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူလို့ ပြောရကြတယ်ပေါ့။ ဟားဟား အဲဒီလူယုတ်မာက သူ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ထိုက်တန်တယ်လေ။ သူတို့ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာက ဖြူစင်တယ်ဆိုပြီး အတင်း ပြောနေပါရောလား။
"အားလုံးပဲ နှုတ်ဆက်ပါတယ်!"
လုရွှမ် အဖြစ်အပျက်ကို သိလိုက်တာနဲ့ မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးသွားတော့သည်။ သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလက လူတွေ သူ့နောက်ကို လိုက်လုတော့မှာ ဖြစ်သလို တစ်ယောက်ထက်မက ဖြစ်နေတယ်လေ။
လုရွှမ်သည် ဥက္ကာပျံကဲ့သို့ ပြတင်းပေါက်မှ ရုတ်တရက် ခုန်ဆင်းလိုက်သည်။ အလင်းတန်းသည် အလင်းအရှိန်ဖြင့် ပြေးလာကာ မြေထဲသို့ တိုက်ရိုက် ထိုးကျသွား၏။
ထို့နောက် မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြန်ထွက်လာသောအခါ လုရွှမ် လုံးဝ တခြားလူလို ဖြစ်သွားပြီ။ ရုပ်သွင်ပြင်၊ ကိုယ်သဏ္ဍာန်၊ စိတ်နေစိတ်ထား၊ နယ်ပယ်ပဲဖြစ်ဖြစ် အားလုံးက တခြားလူတစ်ယောက်လို ဖြစ်သွားသည်။။
ချောမောသော လူငယ်လေး တစ်ယောက်သည် ခါးမှ တွဲလောင်းကျနေသော ကျောက်စိမ်းဆွဲသီးနှင့် ဓားတစ်ချောင်းကို ခါးတွင် ချိတ်ထားသည်။
ချောမောသော အမူအရာနှင့် စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်ကြွနေရာ ဤလူငယ်လေးမှာ ထူးကဲထူးခြားသည့် ရှားပါး သူတော်စင်တစ်ပိုင်း ဝိညာဉ်သခင် ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။
ကောင်းကင်ယံတွင် လူအုပ်စုကြီးသည် လုရွှမ်၏ ခြေရာလက်ရာများကို အရပ်ရပ်သို့ ရှာဖွေနေဆဲဖြစ်သည်။ မထင်မှတ်ဘဲ တစ်ခဏလေး အတွင်းမှာပင် လုရွှမ်ကတော့ အခြားလူတစ်ဦး ဖြစ်လာခဲ့သည်။
အထပ်မြင့် အဆောက်အအုံပေါ်သို့ ထပ်မံတက်သွားကာ ယခင်အနေအထားအတိုင်း ထိုင်လိုက်ရင်း လုရွှမ် သေရည်ကောင်းများကို မှာ၍ ဆက်လက် မြည်းစမ်းကြည့်နေသည်။
"ဒီကသခင်လေးက အရမ်းချောမော ပြေပြစ်တာပဲ... အတူသောက်လို့ ရမလား"
ချောမောလှပသော မိန်းမချောလေး တစ်ယောက် လမ်းလျှောက်လာ၏။ သူမ ခွန်အားမှာ ထူးထူးခြားခြား သူတော်စင်တစ်ပိုင်း အဆင့်၅မှာ ရှိလို့ ဖြစ်ပြီး သူမအသက်အရွယ်မှာ ဒီအဆင့်ထိ ရောက်နိုင်တာ တကယ်ကို ထူးချွန်တယ်လို့ ဆိုရမည်။
"ကျွန်တော်က ယွမ်ယန်ပါ... မိန်းကလေး အားနာနေပါပြီ ထိုင်ပါဦး"
လုရွှမ် ပြုံးပြီး လောကဝတ်အရ မတ်တပ်ထရပ်ကာ အလှလေးကို နှုတ်ဆက်၍ ထိုင်ရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။
"မိန်းကလေးရဲ့ နာမည်ကို သိပါရစေ"
"ချင်းယွီ" မိန်းကလေးက ပြုံး၍ ဆို၏။
သူမရဲ့ မျက်လုံးများ စိတ်လှုပ်ရှားနေပုံရပြီး သူမရဲ့ နှုတ်ခမ်းနီနီက အနည်းငယ် ကွေးညွတ်နေသည်။
"သခင်လေးယွမ်ယန်က ထျန်းလုံဧကရာဇ် အင်ပါယာက မဟုတ်ဘူး ထင်တယ်နော်.... သခင်လေးယွမ်ယန်လို ပါရမီရှင် ဝိညာဥ်သခင် တစ်ယောက်က ကျွန်မတို့ အင်ပါယာမှာဆို အစောကတည်းက နာမည် ကျော်ကြားနေလောက်ပြီ"
လုရွှမ်က ခပ်ဖျော့ဖျော့ပြုံးပြီး သူ့လက်ကို နှိမ့်ချစွာ ဝှေ့ယမ်းလိုက်သည်။
"မိန်းကလေးက ချီးကျူးလွန်းနေပါပြီ... ကျွန်တော်က နည်းနည်းတော့ အောင်မြင်တယ် ဆိုပေမယ့် ဝိညာဉ်သခင် ဖြစ်ရတာ ရှက်စရာ ကောင်းပါတယ် မခံယူဝံ့ပါဘူး"
"သခင်လေးက ရှက်ပြီး မခံယူဝံ့ဘူးဆိုရင် ကျွန်မတို့နဲ့ တခြားသာမန်လူတွေက သေတဲ့အထိ ရှက်နေရတော့မှာပဲ... နောက်သုံးရက်ကြာရင် ကျွန်မရဲ့ ၃၉ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပတော့မယ်...သခင်လေးယွမ်ယန်က... ပိုင်လုံအိမ်တော်ကို ဂုဏ်ပြုဖို့ လာနိုင်မလား?"
"ပိုင်လုံအိမ်တော်?" လုရွှမ် အမြန်ထရပ်ပြီး လက်သီးလက်ဝါးဆုပ်၍ ဂါဝရပြုလိုက်သည်။
"လတ်စသတ်တော့ မင်းသမီးပိုင်လုံကိုး... အပြစ်ပြုမိပါပြီ အပြစ်ပြုမိပါပြီ!"