← Chapters

သူတော်စင် ထွက်လာပြီ

Vol. 42 Ch. 4.146

သူတော်စင် ထွက်လာပြီ

Vol. 42 Ch. 4.146

ဘယ်သူကမှ စကားမပြောဘဲ ခြံဝင်းထဲက လူတွေအားလုံးဟာ နဂါးဖြူဓားကိုသာ စွဲစွဲမြဲမြဲ စိုက်ကြည့်နေကြလေသည်။

"မင်းသမီး... ကျင့်ကြံမှု အဆင့်တက်သွားတာလား?"

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မင်းသမီးပိုင်လုံ၏ ဝိညာဥ်စွမ်းအင် ပြောင်းလဲမှုကို သတိပြုမိသွားပြီး သူမ၏ ခွန်အားကို အဆင့်တစ်ခုသို့ မြှင့်တင်နိုင်လိုက်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့သွားသည်။

သူတော်စင်တစ်ပိုင်း အဆင့်၅ ရုတင့်နယ်ပယ်မှ အဆင့်၆ လင်ထုံးနယ်ပယ်အထိ တိုးတက်သွားကာ ခန္ဓာကိုယ်ခွန်အားနဲ့ ဉာဏ်ရည်ကပါ ထက်မြက်လာခဲ့သည်။

မင်းသမီးပိုင်လုံလည်း သူမရဲ့နယ်ပယ် တိုးတက်လာတာကို သဘာဝအတိုင်း ခံစားမိတာကြောင့် သူမမျက်လုံးတွေက လုရွှမ်ကို ပို၍ပင် သဘောကျ လေးစားလာခဲ့၏။

"သခင်လေးယွမ်ယန်... ကျုပ်တို့ စွင်းမိသားစုက သခင်လေးကို လက်နက်တွေ သန့်စင်​ပေးဖို့ ဖိတ်ခေါ်ပါတယ်...ကျုပ်တို့ဘက်က ကျေကျေနပ်နပ်ကြီး ပေးချေပါ့​မယ်..."

"ကျုပ်တို့ လိမိသားစုကလည်း..."

...

လုရွှမ်က သူတို့အား လက်နက်များ သန့်စင်တဲ့နေရာမှာ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ကာ ရုတ်တရက် ထအော်သံနှင့်အတူ လူတိုင်းလည်း တစ်ယောက်တစ်မျိုးဖြင့် ဆို​လာကြသည်။ နဂါးဖြူဓားလို အတုမရှိ ဓားတစ်လတ်ကို မရရင်တောင် ချင်းယွီဓားထက် ပိုကောင်းရင်ကို အဆင်ပြေသည်။

လူအုပ်ထဲမှ လူတစ်ယောက်သည် စိတ်အားထက်သန်စွာ ထွက်ပြေးရန် ကြိုးစားနေ၏။ သူ ထိတ်လန့်ပြီး သူ့ကိုယ်သူ ​ပြန်ကျိန်ဆဲလိုက်မိသည်။ သူ တကယ် သေချင်နေပါပြီ။ ဒီလောက် အစွမ်းထက်တဲ့ လူတစ်ယောက်ကို ကျောက်တုံးလေး တစ်တုံးနဲ့ သွားနှိုးဆော်မိတယ်လေ။

မြန်မြန်ပြေးနိုင်မှ လွတ်လိမ့်မယ်။

ရုတ်တရက် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်လာ၏။ ၎င်းမှာ မင်းသမီးစံအိမ်မှ အစောင့်ဖြစ်သည်။ သူက အဝါရောင် မျက်နှာဖြင့် ထိုလူကို ဖမ်းဆွဲကာ လှဲချလိုက်သည်။

"မင်းသမီး.... ဒါ အစောက လူယုတ်မာပဲ"

"ဟားဟား... ကောင်လေး မင်းပြေးချင်နေတာကတော့ ထားပါ... ဒါပေမဲ့ ကျောက်တုံးကိုပါ ယူသွားချင်နေသေးတာလား? ဒါမင်းရဲ့ လောင်းကြေး မဟုတ်ဘူးလား?"

လုရွှမ် အပြုံးတစ်ဝက်ဖြင့် ဆိုလိုက်၏။

အဝါရောင် တောက်နေသော မျက်နှာနှင့် လူက ငိုတော့မလို ဖြစ်လာသည်။

"သခင်လေး... ကျွန်တော် မျက်စိကန်းပြီး သခင်လေူကို ရန်စခဲ့မိပါတယ်... ကျွန်တော် သေဖို့ ထိုက်တန်ပါတယ် ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့် အသက်ကို ချမ်းသာပေးလို့ ရမလား? ဒီကျောက်တုံးကို ရယူနိုင်တဲ့ အရည်အချင်း ကျွန်တော့်မှာ ဘယ်လိုလုပ် ရှိမှာလဲ ဒါက တခြားသူတွေကို ​ပြန်ပေးရမှာ....."

အဝါရောင် တောက်နေသော မျက်နှာဖြင့် ထိုလူ၏ လည်ပင်းပေါ်ကို ဓားတစ်ချောင်း ရောက်လာ၏။ ဓားနဲ့ ခုတ်ချလိုက်ပြီးနောက် မင်းသမီးပိုင်လုံက ဓားကို အစောင့်ဆီ ပြန်ပစ်​ပေးလိုက်သည်။

"ဟမ့်... ငါ့ရဲ့ နဂါးဖြူဓားက နင်သွေးတွေ စွန်းအောင် လုပ်ဖို့အထိ မတန်ဘူး"

မင်းသမီးပိုင်လုံသည် အဝါရောင် မျက်နှာရှိသော လူထံမှ ကျောက်တုံးကို ကိုယ်တိုင်ထုတ်ပြီး လုရွှမ်အား ပေးလိုက်သည်။

"အစ်ကိုယွမ်ယန်... ဒါ အစ်ကိုပိုင်တယ်"

အစ်ကိုယွမ်ယန်? ဒါကိုကြားတဲ့အခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ဒါက သူတို့ရဲ့ သီးသန့်ဆန် မာနကြီး၊ သန်မာပြီး ကိုယ့်ကိုယ်ကို အားကိုးတဲ့ မင်းသမီးပိုင်လုံရော ဟုတ်ရဲ့လား။

လုရွှမ် စကားမပြောဘဲ နှာခေါင်းကိုသာ ပွတ်လိုက်တော့သည်။ ဘာလို့ တစ်ယောက်ပြီး တစ်ယောက် ဒီလိုပြောရတာကို ကြိုက်နေကြပါလိမ့်။

လုရွှမ် ကျောက်တုံးကို ယူ၍ ခန်းမထဲ ပြန်ဝင်လာခဲ့သည်။ ၎င်းမှာ ကျောက်တုံး ဆိုသော်လည်း ကျောက်ပုတီးစေ့လို ဖြစ်ကာ ဒါဇင်နဲ့ချီတဲ့ ရှားပါးရတနာ လောင်းကစားတွေထက် အဆများစွာ တန်ဖိုးရှိလေသည်။

"သခင်လေးယွမ်ယန်... ကျုပ်လည်း လောင်းကစား လုပ်ချင်ပေမယ့် ရတနာကိုချဖို့ အချိန်မမီလိုက်ဘူး... အဲဒါကြောင့် ခင်ဗျားကို သဘာဝကျကျ ရှုံးသွားရတာပါ"

တခြားသူတွေကလည်း ခပ်တိုးတိုး ဆိုလာကြသည်။ လုရွှမ် ခပ်ဖွဖွသာ ပြုံးလိုက်သည်။ လုရွှမ် သူတို့ကိုပါ ရှင်းထုတ်ပစ်မှာကို ကြောက်နေမှန်း သိသာလေသည်။ သူတို့ဟာ အရင်က လုရွှမ်ကို ရယ်မောခဲ့ကြသော်လည်း အခုတော့ ငြိမ်သက်နေကြသည်။

သူတို့အသက်ကို ဝယ်ဖို့ လုရွှမ်ရှေ့က ရတနာတွေကို အဖိုးမဖြတ်နိုင်တဲ့ ရှားပါးပစ္စည်းအဖြစ် မမှတ်ယူနိုင်ပါဘူး။

"ကောင်းပြီ ဒါဆို ကျုပ်လက်ခံလိုက်မယ်"

လက်မခံစရာလား? ဒီလူတွေ သေရမှာ ကြောက်ကြတယ်လေ။ လုရွှမ် သူ့လက်ဖဝါး လှိုင်းလုံးတွေကြားမှာ ရတနာတွေ အားလုံး ပျောက်ကွယ်သွားတာကို ကြည့်ပြီး လူတိုင်း အံ့ဩသွားကြသည်။

မပြည့်စုံသော နည်းဥပဒေများနှင့် သိုလှောင်ရန် နေရာမရှိသော တိမ်ပင်လယ် နယ်မြေတွင် ပစ္စည်းများ ပါးလွှာသော လေထုထဲမှ ပျောက်ကွယ်သွားခြင်းသည် လုရွှမ်အပေါ် အခြားသူများ၏ အမြင်ကို အနည်းငယ် ပို၍ မှန်းဆမရနိုင် ဖြစ်လာစေသည်။

မွေးနေ့ပွဲလေးကတော့ ချောချောချူချူပဲ ပြီးသွားခဲ့သည်။ မင်းသမီးပိုင်လုံက အဓိကဇာတ်ရုပ် ဖြစ်သေးပေမယ့် လုရွှမ်ကို ဘယ်သူမှ လျှော့မတွက်ရဲကြဘဲ ကြီးလေးတဲ့ လေးစားမှုကိုပါ ပြသလာခဲ့ကြသည်။

"ကျွန်မမှာ စောင့်ထိန်းမထားနိုင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်... သခင်လေးယွမ်ယန်ရဲ့ ဆရာက ဘယ်သူများလဲ? ဒီနေရာကို မလာဖူးတဲ့ တခြားကမ္ဘာက သခင်တစ်ယောက်များလား?"

အဘွားအိုက မေးလိုက်သည်။ မွေးနေ့ပွဲညက ကိစ္စကို သူမ မေ့မရနိုင်သေးပေ။ သူတို့နှစ်ယောက် ပိုင်လုံကို ထောက်ပံ့ပေးနေတဲ့ အချိန်တုန်းက သူမရဲ့ သူတော်စင် စွမ်းအင်နဲ့ ယွမ်ချီတွေက သူတော်စင်တစ်ပိုင်း အဆင့်၂ လူငယ်လေးလောက်တောင် ကောင်းမွန်ခြင်း မရှိသလို ခံစားမိသည်။

လုရွှမ် မျက်လုံးထဲက လျှပ်စီးကြောင်းက သဘာဝအတိုင်း သူမထံမှ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ ဤလူငယ်သည် မကြာမီ သူတော်စင်တစ်ပိုင်း တတိယအဆင့် နယ်ပယ်သို့ ထိုးဖောက်တော့မှာပဲ ဖြစ်သည်။

သူ့ရဲ့ကျင့်ကြံမှုက လျင်မြန်ပြီး အခြေခံအုတ်မြစ်ကလည်း တည်ငြိမ်လှသည်။ သူမရဲ့ ဘ၀ကို ပြန်ကြည့်မိတဲ့အခါ ဒီလိုလူမျိုးနဲ့ ယှဉ်နိုင်တဲ့သူကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

"ကျုပ်ဆရာ? သူက အဆုံးကိုတောင် မမြင်နိုင်တဲ့ အဘိုးကြီးတစ်ယောက်ပဲ... သူ့ အမည်ရင်းကို ကျုပ်မသိပေမယ့် ကျုပ် ကောင်းကင်ဧကရာဇ်နယ်ပယ်ကို ရောက်တဲ့အခါ သူ ထပ်ပေါ်လာလိမ့်မယ်လို့ ထင်တယ်"

လုရွှမ် ပြော​နေတာက အမှန်တရားပင်။ သူ့အမြင်အရတော့ အရင်ဘဝက ဆရာသခင် မရှိခဲ့ဘူးဆိုတာ မှန်ပေမယ့် ဒီဘဝမှာ ဆရာကတော့ ယွမ်ယန်ကျင့်စဥ်ရဲ့ သခင်သာ ဖြစ်လိမ့်မည်။

ထိုပုဂ္ဂိုလ်ရဲ့ ကျင့်ကြံမှုအဆင့်သည် ကမ္ဘာငယ်လေးတွင် ကန့်သတ် မထားတော့ပေ။ သူ ကောင်းကင်ဧကရာဇ်နယ်ပယ်ကို ထိုးဖောက်သွားရင် ဒါမှမဟုတ် ဒီကမ္ဘာက ထွက်ခွာသွားနိုင်ပါက ရွှေကျီးကန်းက ၎င်း၏သခင်ကား မည်သူဖြစ်ကြောင်းကို ပြောပြနိုင်ပေလိမ့်မည်။

အဘွားအိုသည် လုရွှမ်၏ မျက်လုံးများကို စိုက်ကြည့်သော်လည်း မုသားအရိပ်အ​ယောင်ကို မတွေ့ခဲ့ရပေ။ သူမစိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနိုင်တဲ့သူ ရှိတယ်လား။ အဲဒီသခင်က ဘယ်သူများလဲ။

ဧကရာဇ်ကျိုးရန်လား? ဒါပေမဲ့ ဧကရာဇ်ကျိုရန်မှာ တပည့် ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ ဧကရာဇ်ကျိုးရန်မှာ တပည့် တစ်ယောက် ရှိလားဆိုတာကိုလည်း သူမ သိနိုင်တာတော့ မဟုတ်ချေ။

ဧကရာဇ်ကျိုးရန်တောင် သခင်လေးယွမ်ယန် ပြောတဲ့ ဆရာလောက် အစွမ်းထက်မှာ မဟုတ်ဘူးလို့ ခံစားနေရသည်။

သူမသည် လုံးဝစိတ်ရှုပ်သွားကာ သက်ပြင်းချကာ သူ့ဘာသာသူ ထွက်ခွာသွားခဲ့သည်။ အစက မင်းသမီးပိုင်လုံနဲ့ တစ်ဖက်လူကို လက်ထပ်ပေးဖို့ ပြောချင်ခဲ့သည်။

မင်းသမီးပိုင်လုံက အခြားသူများ၏ အမြင်တွင် မြင့်မြတ်သော်လည်း ရုတ်တရက် သခင်လေးယွမ်ယန်နဲ့ မထိုက်တန်ကြောင်း အဘွားကြီး နားလည်သွား​လေသည်။

ဧည့်သည်များ ထွက်ခွာသွားသည်နှင့်အမျှ မင်းသမီးပိုင်လုံ၏ မွေးနေ့ပွဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က ပျံ့နှံ့သွားခဲ့သည်။ သခင်လေး ယွမ်ယန်၏ ဓားသန့်စင်မှု ဇာတ်လမ်းသည် လူသိရှင်ကြား ပျံ့နှံ့သွားပြီး ပိုင်လုံမြို့ တစ်ခုလုံးတွင် အကြီးဆုံး ဒဏ္ဍာရီ ဖြစ်လာခဲ့သည်။

လူတိုင်းက လမ်းကြားထဲမှာ သခင်လေးယွမ်ယန် အကြောင်းကို အထပ်ထပ် ပြောဆို​နေကြသည်။ ရှေးဟောင်းပစ္စည်းရဲ့ ဒဏ္ဍာရီ၊ အရည်အချင်းရှိတဲ့ အမျိုးသမီး လေးယောက်ကို နင်းဖြတ်သွားကြောင်း၊ သခင်လေးယွမ်ယန်နဲ့ နှိုင်းယှဥ်ရင် ထိုအမျိုးသမီး လေးယောက်က သခင်လေး ယွမ်ယန်ရဲ့ အိပ်ရာကို နွေးထွေးစေဖို့တောင် အရည်အချင်း မပြည့်မီကြောင်း ပြောဆိုလာကြလေသည်။

ထျန်းလုံကျောင်းတော်သည် ဘယ်​သောအခါမှ နိမ့်ကျခဲ့ခြင်း မရှိပေ။ သခင်လေးယွမ်ယန်ရဲ့ လက်နက်သန့်စင်မှု ဒဏ္ဍာရီကို ကြားသိပြီးနောက် ဝမ်ဟေးလျန်သည် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

တံခါးပိတ် လေ့ကျင့်မည်ဟု တိုက်ရိုက်ကြေညာခဲ့ပြီး ပိုင်လုံမြို့ရှိ သာမန်ကိစ္စရပ် အားလုံးကို အနှောင့်အယှက် မပေးတော့ကြောင်း ကောလဟာလများ ထွက်လာခဲ့သည်။

မင်းသမီးပိုင်လုံသည် ပိုင်လုံမြို့တော်တွင် သူမ၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် အခွင့်အရေးယူကာ ထျန်းလုံကျောင်းတော်မှ ကျောင်းသားများကို ဖိနှိပ်ခဲ့ရာ နောက်ပိုင်းတွင် ဘယ်သူမှ ရုန်းမထွက်ရဲခဲ့ပေ။

လုရွှမ်ကတော့ မင်းသမီးပိုင်လုံရဲ့ အိမ်ကြီးထဲမှာပဲ ခေတ္တနေထိုင်ခဲ့သည်။ မင်းသမီးပိုင်လုံက လုရွှမ်ကို ကလေးမလေးကဲ့သို့ အမြဲတမ်း လိုက်နှောင့်ယှက်နေပြီး ရတနာမျိုးစုံကိုလည်း ပေးကမ်းနေ၏။

လုရွှမ် သူမရဲ့ စိတ်ရင်းစေတနာကို ပေါ့ပေါ့တန်တန် မြင်နေရသည်။ ဒါက အကျင့်စာရိတ္တ ကောင်းမွန်သော်လည်း နောက်ပိုင်းတွင် သူမဘာသာ ဆက်လက် ထိန်းသွားခဲ့၏။

"အစ်ကိုယွမ်ယန်... ကျွန်မရဲ့ ဘွားဘွားလေး အဖမ်းခံထားရပြီ... လူလိုချင်ရင် နဂါးဖြူဓားနဲ့ လာလဲလို့ ပြောတယ်"

မင်းသမီးပိုင်လုံက ဆိုလေသည်။

နောက်တစ်ကြိမ် တံခါးပိတ် ကျင့်ကြံပြီးနောက်တွင် လုရွှမ်၏ ခွန်အားသည် လျှပ်စီးနယ်ပယ်သို့ ရောက်ရှိသွားသည်။ သူ၏ ရက်စက်ကြမ်းကြုတ် ကြွယ်ဝသော ဝိညာဥ်ချီများက သူ့ကို တိုက်ရိုက် တွန်းပို့ခဲ့တာ ဖြစ်သည်။

ယခု သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ် အထွတ်အထိပ်ကာလ အထိကို ရောက်သွားပြီ။

လုရွှမ် သူ့ရဲ့ စုစည်းမှုကို ထိန်းချုပ်ထားလို့သာ မဟုတ်ပါက သူတော်စင်တစ်ပိုင်း အဆင့်၅ အထိတောင် ထိုးဖောက်သွားနိုင်သည်။ သူထွက်လာတဲ့အခါ မင်းသမီးပိုင်လုံက ငိုပြီး ပြေးလာလေ၏။

"နောက်ဆုံးတော့ သူတို့ မအောင့်အီးနိုင်တော့ဘူးကိုး!"

လုရွှမ် တိတ်တဆိတ် ပြောလိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဒီနေရာ သူတော်စင်နယ်ပယ်တွေ ရှိ​နေတယ်။ နဂါးဖြူဓားရှည် ထွက်ပေါ်လာတဲ့ သတင်းကို ကြားမှတော့ သူတို့ မလှုပ်ရှားတာကမှ ထူးဆန်းနေဦးမည်။

All Chapters