အဘိုးကြီးချန်းရွှင်
Vol. 42 Ch. 4.147
လုရွှမ် ယခင်က သူတော်စင်နယ်ပယ်ကို ခံစားမိခဲ့သော်လည်း ၎င်းက ထွက်ပေါ်မလာခဲ့ပေ။ ထင်ရှားသည်မှာ သူတို့သည် ထျန်းလုံကျောင်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိရမည်။ ယနေ့ ထျန်းလုံကျောင်းတော်မှ ကျောင်းသားများကို မင်းသမီးပိုင်လုံက ပညာပြလိုက်တာကြောင့် သူတို့ဘက်ကလည်း လှုပ်ရှားလာခဲ့သည်။
လူတော်တော်များများက ဒီအမှန်တရားကို နားလည်ကြသည်။ လုရွှမ်က မင်းသမီးပိုင်လုံရဲ့ အိမ်တော်မှ အခင်းအကျင်းကို ကူညီပြင်ဆင် ပေးခဲ့ပြီးနောက် ထိုသူတော်စင်က မင်းသမီးပိုင်လုံရဲ့ အိမ်ကြီးထဲကို ဖောက်ဝင်ချင်နေရင်တောင် အိပ်မက်တစ်ခုလိုသာ ဖြစ်နေလိမ့်မည်။
ထိုလူတွေ ဘယ်လောက်ပဲ သန်မာနေပါစေ အခင်းအကျင်းက ခိုင်မာနေတော့ သူတို့ ဘာမှ လုပ်လို့ မရဘူး။ ဒီကာလအတွင်း အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး အဘွားကြီးလည်း ဧကရာဇ်မြို့တော်သို့ ပြန်သွားရာ ထိုသူတော်စင်က ချက်ချင်း လှုပ်ရှားလိုက်တော့သည်။
လုရွှမ်လည်း ဤရက်များတွင် ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း မရှိသည့်အပြင် ထိုသူတော်စင်များကိုလည်း စိတ်ပူနေခဲ့သည်။ သူခန့်မှန်းတာသာ မှန်ကန်ပါက ပိုင်လုံမြို့တွင် ပုန်းနေသော သူတော်စင် သုံးဦးရှိသည်။ သူတို့အားလုံးသည် ပထမအဆင့်တွင် သူတော်စင်နယ်ပယ်များ ဖြစ်သည်။
သူတော်စင်တစ်ပိုင်းနဲ့ ဝေးကွာလွန်းသော တကယ့် သူတော်စင်များ ဖြစ်သည်။ ဘယ်လိုသန်မာတဲ့ သူတော်စင်တစ်ပိုင်းနှင့်မျှ မယှဉ်နိုင်လောက်အောင်ပင်။ လုရွှမ် ကိုယ်တိုင်ပင်လျှင် ထိုသူတော်စင်များနှင့် တိုက်ခိုက်ပါက နည်းလမ်းအကုန် သုံးလိုလျှင်ပင် အခြေအနေက အနည်းငယ် ဆိုးဝါးနေသေးသည်။
ထို့ကြောင့် ဘေးကင်းစွာ ထွက်ခွာလိုပါက မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းရှိရန် လိုအပ်ပါသေးသည်။
"ဒါက သူတို့ဘက်က ပြောလာတဲ့ စကားတွေလား?"
"ဝမ်ဟေးလျန်ဘက်ကပါ"
မင်းသမီးပိုင်လုံက ဖြေ၏။
လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်တွင် မင်းသမီးပိုင်လုံသည် သူ့လက်ထဲတွင် သတင်းများကို အဆက်မပြတ် စုဆောင်းနေပါသည်။ ပိုင်လုံမြို့ တစ်ခုလုံးတွင် သူတော်စင် သုံးဦးရှိပြီး တစ်ယောက်က ထျန်းလုံကျောင်းတော်က ကျောင်းသားဟောင်း ဟွမ်သွမ်းနှင့် နောက်တစ်ယောက်က မော့လင်က ဤမြို့ထဲ၌ နေထိုင်၏။
နောက်ဆုံးလူက အဘိုးကြီး ဖြစ်ပေမယ့် သူ့နာမည်ကို မသိရဘဲ အဘိုကြီးချန်းရွှင်လို့သာ ခေါ်ကြသည်။ သူသေတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပြီး သူ အသက်ရှင်ဖို့ ဆယ်နှစ်တောင် မကျန်တော့တဲ့ အတွက်ကြောင့် သူ့ရဲ့ နောက်ဆုံးခရီးကို အဆုံးသတ်ဖို့ ဒီကိုပြန်လာခြင်း ဖြစ်သည်။
ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းသားဟောင်း ဟွမ်သွမ်းက လှုပ်ရှားလာမှာ သံသယဖြစ်စရာ မလိုပေ။ မော့လင်ကို လှုပ်ရှားစေလိုပါက ငွေကြေးများစွာ အကုန်ကျခံရလိမ့်မည်။
ထို့အတူ လုရွှမ်သည် မင်းသမီးပိုင်လုံ၏ အိမ်ကြီးမှ ထွက်သွားလျှင် ဟွမ်သွမ်း နှင့် မော့လင်တို့ နှစ်ဦးစလုံး လှုပ်ရှားလာမှာ ဖြစ်သလို အဘိုးကြီးချန်းရွှင်လည်း ထွက်လာမှာ သေချာလေသည်။
မင်းသမီးပိုင်လုံကို စိတ်မပူဖို့ ပြောပြီး သူမအတွက် တချို့ကိစ္စတွေကို ထားခဲ့ပြီးတဲ့နောက် လုရွှမ် တိတ်ဆိတ်နေတဲ့ အခန်းထဲကို ပြန်ဝင်လာခဲ့သည်။
အခန်းထဲသို့ ဝင်ပြီးနောက် လုရွှမ်သည် သက်ကြီးပိုင်း အသွင် ပြောင်းလဲသွားပြီး အစည်ကားဆုံး ကုန်သွယ်လမ်းတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။ ဆိုင်လေးတစ်ခုကိုပါ ကျွမ်းကျင်စွာ တည်ထောင်လိုက်၏။
ပျက်စီးနေသော ဆိုင်းဘုတ်ပြားပေါ်တွင် ကြီးမားသော စာလုံးများသည် အလွန်ထင်ရှားစွာ ရေးသားထားသည်။
'ကောင်းကင်က မင်းကို သေစေချင်ရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်'
သူတော်စင်သုံးပါးက သူ့ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး ဆိုတာ လုရွှမ် သိထားပြီးသားပင်။ တကယ်လို့ သူထွက်သွားရင် မင်းသမီးပိုင်လုံ ဒုက္ခရောက်မှာ သေချာသည်။ ဒါကြောင့် လုရွှမ် ကြိုစီစဉ်ထားပြီး သူတော်စင်သုံးပါးရဲ့ အကြံကို နှောင့်ယှက်ရမည်။
သူတော်စင် သုံးယောက်ထဲမှာ အဘိုးကြီးချန်းရွှင်က မဲဆွယ်ဖို့ အကောင်းဆုံး လူပဲ။ သူသေတော့မှာ ဖြစ်သလို လူတိုင်းက သေရမှာကို အကြောက်ဆုံးပဲ မဟုတ်ဘူးလား။
ပိုင်လုံမြို့ရှိ လူများက အဘိုးကြီးချန်းရွှင်သည် အထီးကျန်စွာ တရားထိုင်ပြီး သေခြင်းတရားကို တိတ်တဆိတ် စောင့်ဆိုင်းနေကြောင်း ဆိုသော်လည်း လုရွှမ်ကတော့ ထိုအဘိုးအိုသည် မည်သည့်အခါမျှ ပျင်းရိနေမည် မဟုတ်ကြောင်း ယုံကြည်သည်။
သူက လှည့်ပတ်ပြေးလွှားကာ ဝိညာဥ်ဆေးပင်များနှင့် အခြားအဂ္ဂိရတ် ဆေးများကို စုဆောင်းကာ သူ့အသက်ကို ဆွဲဆန့်ထားမှာ သေချာလေသည်။
သူအခုလို လေကြီးလေကျယ်နဲ့ ရေးထားတဲ့ စာက ထိုအဘိုးကြီးကို ဆွဲဆောင်နိုင်မှာ သံသယပင် ဝင်စရာမလိုချေ။
တစ်လလောက် တိတ်တဆိတ် စောင့်ဆိုင်းပြီးနောက် တုတ်ကောက်နဲ့ အဘိုးအိုတစ်ယောက် ရောက်လာခဲ့လေသည်။
"ကောင်လေး... မင်း ဒီလောက် ပြောင်ပြောင်တင်းတင်း လုပ်နေတာ ကောင်းကင်က အပြစ်ပေးလာမှာကို မကြောက်ဘူးလား?"
လုရွှမ် သူ့ စိတ်ဝိညာဉ် စွမ်းအားသည် ထူးကဲသည်ဟု ကြွားဝါနိုင်သော်လည်း သူတော်စင်၏ စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာကို လျှော့မတွက်သင့်ပေ။ အထူးသဖြင့် ၎င်းတို့၏ ဝိညာဉ်ရေးအာရုံကို ရှာဖွေတွေ့ရှိနိုင်ခြေမှာ အလွန်မြင့်မားသည်။
အဘိုးကြီး အသွင်နဲ့ လုရွှမ်က တစ်ဖက်က အဘိုးကြီးကို ပြန်ကြည့်ရင်း
"အဘိုးကြီး... မင်းက ငါ့ထက် ဘယ်နှစ်နှစ်လောက်ကြီးလို့ ငါ့ကို ကောင်လေးလို့ ခေါ်နေတာလဲ?"
တုတ်ကောက်နဲ့ အဘိုးအိုက
"ကောင်လေး... ငါကမင်းထက် အသက်ကြီးတာ သေချာတယ်.... ဒီအဘိုးအိုက ကမ္ဘာကြီးကို အုပ်စိုးဖို့ လုပ်နေချိန်တုန်းက မင်း ဘောင်းဘီထဲ ဆီးသွားနေတုန်းပဲ ရှိဦးမယ်"
လုရွှမ် သူ့စိတ်ထဲ ပို၍သေချာလာခဲ့သည်။ ဒီလူပဲ။ နောက်ဆုံးတော့ လူဆိုတာ အသက်ကြီးလေ ပိုမရိုးသားလေပဲ။
"ဟမ့် ဒါဆို မင်းကို စောစောသေပြီး စောစောပြန်မွေးလာဖို့ ဆုတောင်းပေးပါတယ်!"
အဘိုးအိုသည် ချက်ချင်း ဒေါသပေါက်ကွဲကာ သူ့ဝတ်ရုံလက်ကို ဝေ့ယမ်းလိုက်တော့သည်။
"ကောင်လေး မင်းငါ့ဒေါသကို နှိုးဆော်ရဲတယ်ပေါ့... မင်းသေချင်နေတာလား?"
အားနည်းချက်ကို မပြဘဲ လုရွှမ် အဘိုးအိုကို လက်ညှိုးထိုးပြပြီး
"ကောင်းကင်က မင်းကို သေစေချင်ရင်"
ပြောပြီး သူ့ကိုယ်သူ ညွှန်ပြလျက်
"မင်းကို ငါအသက်ရှင်ခွင့်ပေးမယ်!"
"ဟားဟားဟား!"
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လုရွှမ်က သူ့အတွက် အလွန်ရယ်စရာ ကောင်းပုံရသော ဟာသများကို ပြောပြနေသည့် အတိုင်းပင်။
"ဟမ့်... မင်းအသက်ရှင်ဖို့ ငါးနှစ်ပဲ ရှိတော့တယ် ဒါဆို မင်းသူတော်စင် ဖြစ်ရတာ ဘာဂုဏ်ယူစရာ ရှိတော့မှာလဲ?"
အဘိုးအိုက အံ့အားသင့်သွားပြီး
"မင်းငါ့ကိုသိတယ်လား? ဒီအဘိုးကြီးကို သိရက်သားနဲ့ စော်ကားနေတယ်ပေါ့ ငါသေသွားရင် မင်းကိုပါ ငါနဲ့အတူ သင်္ဂြိုဟ်ခွင့်ပေးမှာပါ"
လုရွှမ်က အဘိုးအိုကို နောက်တစ်ကြိမ် ညွှန်ပြလိုက်ပြန်ပြီး အစောကစကားကို ပြန်ပြောလိုက်ပြန်သည်။
"ကောင်းကင်က မင်းကို သေစေချင်ရင် မင်းကို ငါအသက်ရှင်ခွင့်ပေးမယ်!"
ဤတစ်ကြိမ်တွင် အဘိုးအိုက တဟားဟား ရယ်မောနေတာကို ရပ်လိုက်ပြီး လုရွှမ်အား စေ့စေ့ကြည့်ကာ မေးလာ၏။
"ညီလေး... မင်းတကယ် ပြောနေတာလား?"
အဘိုးကြီးချန်းရွှင်ရဲ့ အမူအရာ ပြောင်းသွားတာကို မြင််တော့ လုရွှမ်လည်း ဒီအဘိုးကြီး နောက်ဆုံးတော့ သူ့ငါးစာကို လာဟပ်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
"ငါသိတယ် လွန်ခဲ့တဲ့ အနှစ်ငါးရာနဲ့ နောက်နှစ်ငါးရာထဲက အရာတွေ ငါမသိတာ မရှိဘူး!"
လုရွှမ်ရ အနည်းငယ် ကြွားလုံးထုတ်ပြီးနောက် အဘိုးအိုချန်းရွှမ်းကို လက်ညှိုး ထိုးပြလိုက်သည်။
"သူတော်စင်တစ်ပိုင်း နယ်ပယ်မှာ မင်းတောက်ကျင့်စဥ် ပုံစံတွေကို ပေါင်းစည်းတုန်းက အမှားလုပ်မိသွားခဲ့တယ်.... အဲဒီ တောက်ကျင့်စဥ်က ဓာတ်ငါးပါး မီးလျှံပဲ"
"ဒါပေမဲ့ သူတော်စင်နယ်ပယ်ကို ရောက်လာတော့ မင်းလောဘ မကြီးတော့ဘဲ ဓာတ်ငါးပါးထဲက မြေဓာတ်ကို ပေါင်းစည်းခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင် မကောင်းတဲ့ မြေဓာတ်ကို ပေါင်းစည်းမိရာကနေ ဓာတ်ငါးပါးက မကောင်းတဲ့ လေကိုပါ စုပ်ယူမိသွားလို့ အနှစ်၃၀၀ လောက် သူတော်စင်နယ်ပယ် အဆင့်၁မှာပဲ ကျင်လည်နေခဲ့တယ်... အဘိုးကြီး ငါပြောတာ မှန်ရဲ့လား?”
လုရွှမ် စကားဆုံးသော် အဘိုးကြီးချန်းရွှင်ရဲ့ အမူအရာက တဖြည်းဖြည်း အံသြသွားသည့် အရိပ်များ ဖြတ်ပြေးသွားကာ နောက်ဆုံးတွင် သူသည် မျက်ရည်များဖြင့် ခေါင်းညိတ်လာ၏။
“ငါ့ညီပြောတာ မှန်ပါတယ်... ဒီအစ်ကိုက တကယ် လောဘကြီးတာတော့ မဟုတ်ပါဘူး....ငါ သူတော်စင် ဖြစ်လာပေမယ့်လို့ ငါ့ဘ၀မှာ ဒီထက်ပိုပြီး တိုးတက်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမယ်လို့ တစ်ခါမှ မမျှော်လင့်ထားဘူး"
"အနှစ်သုံးရာ.... ဘဝမှာ အနှစ်သုံးရာတောင် အလကားသက်သက် အချိန် ဖြုန်းတီးခဲ့မိပြီ..."
ကျယ်လောင်စွာ ရယ်မောရင်း မျက်ရည်များကအာ ပါးပြင်ပေါ်မှ လိမ့်ဆင်းလာခဲ့သည်။ လုရွှမ်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ခြေတစ်လှမ်း မှားလိုက်တာက နောက်ထပ် ခြေလှမ်းတွေကိုပါ မှားသွားစေခဲ့သည်။
ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်သားတော် ပါရမီရှင်များသည် ၎င်းတို့၏ လက်တွေ့တွင် အရှိန်အဟုန်ဖြင့် တိုးတက် အောင်မြင်ကာ မဖြစ်နိုင်သော အရာများကို ဖြစ်နိုင်တာတွေ အဖြစ် ပြောင်းလဲကာ ဒဏ္ဍာရီဆန်ဆန် အထင်ကြီးစရာများ ဖြစ်လာခဲ့သည်။
ဒါပေမဲ့ လေ့ကျင့်မှုက ကောင်းကင်ကို ဆန့်ကျင်စေပြီး အမှားတစ်ခုက ထာဝရဆုံးရှုံးမှုကိုပါ ဖြစ်လာစေနိုင်သည်။ နောက်ပြီး လွန်ခဲ့တဲ့ အနှစ်တစ်ရာကို ပြန်သွားကြည့်ပါက အမှားလုံးဝ မရှိစေဘဲ အရာရာကို တစ်ဆင့်ချင််း တွေးကြည့်စေချင်၏။
အလျင်စလို ကျင့်ကြံတာက ရလဒ်ကောင်းကို မရလာနိုင်ပေ။ ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေပြီး တစ်သက်လုံး ခံစားနေရလိမ့်မည်။
ယခင်ဘဝက ကောင်းကင်ဧကရာဇ် ဖြစ်လာပြီးနောက် လုရွှမ် သူ့အနောက်ကို ပြန်ကြည့်လိုက်ရာ ၉၀%လောက်က သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလ၊ တချို့က သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုကာလနှင့် သူတော်စင်ကြီး ပြီးပြည့်စုံမှု ကာလ၌ ရပ်တန့် သွားခဲ့ကြတာကို တွေ့ရလေသည်။
သူတို့ ဒီထက်ပိုပြီး မသွားနိုင်တော့ပေ။
သူတော်စင်တစ်ပိုင်း ဖြစ်စအချိန်၌ပင် အနာဂတ် အလားအလာကို အဆုံးအဖြတ် ပေးပြီးသား ဖြစ်သည်။ ဒါကလည်း မုယန်ဖုန်း၊ မော့ကောင်းရွှမ်း၊ ဟန်ရွှယ်နဲ့ တခြားမိန်းကလေးများအား တောက်ကျင့်စဥ်ကို နားလည်ဖို့နဲ့ သူတို့ဘာသာသူတို့ လေ့ကျင့် ဆုံးဖြတ်လာနိုင်ဖို့ လုပ်ပေးခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်သည်။