အရှေ့ဘက် ပြည်နယ်သို့
Vol. 008 Ch. 731
ညစာ စားပွဲပြီးနောက် အားလုံးက ထွက်ခွာ သွားခဲ့ကြသော်လည်း ကိုယ်စီတိုင်း၏ စိတ်ထဲတွင် လှုပ်ရှားနေကြဆဲ ဖြစ်သည်။
ရီဖူရှင်းက နန်းတော်သခင် ဖြစ်လာပြီးနောက်ပိုင်း တော်ဝင်ကျဲနန်းတော်မှ တပည့်များစွာက ထိုနေရာနှင့် ရီဖူရှင်းက သင့်တော်ပြီဟု သိပ်မတွေးခဲ့ကြပေ။ သို့သော်လည်း ယခုပုံစံအရ ရီဖူရှင်းကား ထိုနေရာအတွက် ကောင်းကောင်း ပြင်ဆင်ပြီး ဖြစ်ပုံရသည်။ သူက အနာဂတ်အတွက် မြေရိုင်းပြည်နယ်ကို ပြန်လည် တည်ဆောက်ရန် အစီအစဉ်များ ရှိနေဟန်ရ၏။
တော်ဝင်ရှီနန်းဆောင်တွင် ယခု ရီဖူရှင်းနှင့် နန်းဆောင် သခင်များသာ ကျန်ရစ်သည်။
“ကျွန်တော်က နန်းတော်သခင် ဖြစ်လာပြီးနောက်ပိုင်း ကျွန်တော့်ကို ကူညီခဲ့သူတွေက အကြီးအကဲတွေနဲ့ ကျွန်တော့်မိတ်ဆွေတွေပဲ… စီမင်ဟန်ကျင့်က ဒီလိုတွေးတာလည်း သိပ်ထူးဆန်းတာတော့ မဟုတ်ဘူး… ဒါပေမဲ့ ကြည့်ရတာ အဲဒီလိုတွေးတဲ့လူတွေ အတော်များများ ရှိပုံရတယ်…” ရီဖူရှင်းက မသက်မသာပြုံးကာ ပြောသည်… “ပြောရရင် တော်ဝင်ကျဲနန်းတော်ကို ကိုယ်ပိုင်အဖွဲ့အစည်း ဖြစ်အောင် လုပ်ခဲ့တဲ့လူတွေလည်း ရှိခဲ့တာပဲ…”
“ငါတို့က စာအုပ်တောင်ကို သွားပြီး မင်းကို ခေါ်လာတာ အလကား မဟုတ်ဘူး.. ဘာဖြစ်နေလဲ ဆိုတာ ငါတို့သိတယ်… တကယ်လို့ နန်းတော်ကိုသာ အင်အားစုတွေအဖြစ် ခွဲထုတ်လိုက်ရင် ဒါက အရမ်းကို မှားယွင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်သွားပြီ… ငါတို့ လုပ်ရမယ့်ဟာကို လုပ်တယ်… ဒီအတွက် ငါတို့ အသိစိတ်ကလည်း ရှင်းလင်းနေတယ်… ဓားမိစ္ဆာက ပြောသည်… “အခု တော်ဝင်ကျဲနန်းတော်က တပည့်တွေကို သင်ပေးတဲ့နေရာမှာပဲ အာရုံစိုက်ထားရင် တခြားအရာတွေက အလိုလို ပျောက်ကွယ်သွားမှာပဲ… ငါတို့က အခု ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေလည်း ချမှတ်ပြီးပြီ ဆိုတော့ ဒီလမ်းအတိုင်း တစိုက်မတ်မတ် သွားရုံပဲ…”
ထောင်ကျန်း၊ ထို့ကျန်းနှင့် ဝမ်ရှင်းတို့ အားလုံးက ခေါင်းညိတ်ကြသည်။ ယခု တော်ဝင်ကျဲနန်းတော်က ရှန့်ထိုမွေးဖွားရန် ရှင်းလင်းသော ရည်မှန်းချက်ရှိကာ တခြား ပြည်နယ်များနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
“ကျွန်တော် ပြောထားတဲ့ကိစ္စကရော…” ရီဖူရှင်းက မေးသည်။
ထို့ကျန်းက များစွာသော မြေပုံများနှင့် စာရွက်များကိုထုတ်ယူကာ ဖြန့်ခင်းလိုက်ကာ ရီဖူရှင်းကို ကမ်းပေးလိုက်သည်။ သူက ပြောသည်… “ပြည်နယ်ကိုးခုရဲ့ ရှန့်ထိုမျိုးဆက်ရှိတဲ့ အင်အားစုတွေ၊ ပြည်နယ်ကိုးခု ရှန့်ထိုနဲ့ ရှီအဆင့်ဇယားတွေ အကုန် ဒီမှာပါတယ်...”
ရီဖူရှင်းက စာရွက်များကို ကြည့်ကာ ခေါင်းညိတ်သည်။ မြေရိုင်း ပြည်နယ်ကား ရှန့်ထိုမရှိသော တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ တခြားပြည်နယ်မှ ရှန့်ထိုများ အားလုံးက ရှန့်ထိုအဆင့်ဇယား၌ ပါဝင်ကြသည်။
ပြည်နယ်ကိုးခုဇယား၌ ရှန့်ထို၇၂ဦးနှင့် ရှီ၈၁ဦးတို့ ပါဝင်ကြသည်။ အဆင့်ဇယားမှ ရှန့်ထို၇၂ဦးမှာ ပြည်နယ်ကိုးခုလုံးမှ နာမည်အကြီးဆုံးသော သူများအား အဆင့်စီထားခြင်း ဖြစ်သည်။ မှန်သည်… အချို့သော ရှန့်ထိုများမှာ ထိုဇယား၌ ပါဝင်ခြင်း မရှိကြပေ။ အမှန်တကယ်အားဖြင့် ပြည်နယ် ကိုးခုလုံး၌ပင် ရှန့်ထိုအရေအတွက်က ရှစ်ဆယ်အောက်တွင် ရှိပေသည်။
ရှီ၈၁ဦးတို့မှာမူကား ပြည်နယ်ကိုးခုလုံးမှ စွမ်းအားအမြင့်ဆုံး လူများကို စီတန်းထားခြင်း ဖြစ်သည်။
ထို့အပြင် ပြည်နယ်ကိုးခုတွင် ယွီပြည်နယ်၌ ကျိရှမ်းကမ်းပါးက တစ်ခုတည်းသော ရှန့်ထိုမျိုးဆက်ကို ပိုင်ဆိုင်ထားသော အင်အားစုဖြစ်သည်။ တခြား ပြည်နယ်များတွင်ကား ရှန့်ထို အင်အားစု တစ်ခုထက်ပို၍ ရှိကြသည်။
“အင်ပါယာရှားက ဘယ်မှာနေတာလဲ…” ရီဖူရှင်က ကောက်ကာငင်ကာ မေးသည်။
နန်းဆောင်အရှင်များ အားလုံးက အံ့အားသင့် သွားကြသည်။ သူတို့အားလုံးက ထိုမေးခွန်းကို မမျှော်လင့်ထားကြပေ။
ဓားမိစ္ဆာက ခေါင်းယမ်းကာ ပြုံးလျက်ပြောသည်… “မင်းက မကြာခင် သိလာလိမ့်မယ်…” တော်ဝင်လမ်းကပင် သူတို့အတွက် လက်လှမ်းမမီသော အိပ်မက်တစ်ခု ဖြစ်နေချိန်တွင် ရန်ဟောင် အဆင့်၌ရှိသော အင်ပါယာရှားကား အလွန့်အလွန် ဝေးကွာသော အဆင့်တစ်ခု၌ ရှိသူဖြစ်သည်။
ရီဖူရှင်းက ထူးဆန်းသလို ဖြစ်သွားပြီးမှ ထပ်မံ၍ မမေးတော့ပေ။ သူက စာရွက်များအား သိမ်းဆည်းကာ မေးသည်… “ကျွန်တော် ပြောထားတာတွေရော ပြင်ဆင် ထားပြီးပြီလား…”
“လက်ရှိ ပြင်ဆင်နေတုန်းပဲ… တော်ဝင်ကျဲနန်းတော်က ပြည်နယ်ကိုးခုက သတင်းတွေကို မြန်မြန်ပဲ စုဆောင်းနေတယ်… ဒါပေမဲ့ ငါတို့သတင်းတွေက မြေရိုင်းပြည်နယ်က အိမ်နီးချင်း ပြည်နယ်တွေဖြစ်တဲ့ ယွီပြည်နယ်နဲ့ အရှေ့ဘက် ပြည်နယ်တို့ကို ကျော်ပြီး ရဖို့ တော်တော်ခက်ခဲတယ်… ”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ဒါဆိုလည်း ကျွန်တော် တခြားသတင်းတွေ စောင့်နေမယ်… ”
အားလုံးက ခေါင်းညိတ်ကာ ထွက်ခွာ သွားကြသည်။
တော်ဝင်ကျဲနန်းတော်၏ တပည့်များ အားလုံးက မြေရိုင်းပြည်နယ် အပြင်ဘက်ကို စွန့်စားသွားလာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ရီဖူရှင်းက နန်းတော်သခင် ဖြစ်လာကတည်းက ဤအစီအစဉ်အား စတင်၍ တိုင်ပင်ကာ ချမှတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့က စူးစမ်းလေ့လာခြင်း မရှိဘဲလည်း တပည့်များကို အန္တရာယ် ကြီးမားသော နေရာများအား စေလွှတ်မည် မဟုတ်ပေ။
သို့သော်လည်း ထိုလူငယ်များအား တော်ဝင်ကျဲ နန်းတော်ထဲ၌သာ လေ့ကျင့်စေခြင်းက အသိအမြင် ဗဟုသုတ နိမ့်ကျစေသလို တကယ့် အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်းအားနှင့် တွန်အားများ ရရှိစေမည် မဟုတ်ပေ။
လအနည်းငယ် ကြာပြီးနောက် တော်ဝင်ရှီနန်းဆောင်သို့ နန်းဆောင်အရှင်များ ရောက်လာကြကာ ကျေနပ်ဖွယ် သတင်း အချက်အလက် များအား ယူဆောင်လာကြသည်။
“ဒီနှစ်ပြည်နယ် ကိုးခုညီလာခံကို အရှေ့ဘက်ပြည်နယ်မှာ ကျင်းပမယ် ကြားတယ်…” ထို့ကျန်းက ပြောသည်။
“ပြည်နယ်ကိုးခုညီလာခံ…” ရီဖူရှင်းက နားမလည်စွာ မေးသည်။
“ငါတို့ တော်ဝင်ကျဲ နန်းတော်က နှစ်ကုန်တိုင်းမှာ လက်ရည်စမ်းပွဲ ရှိတယ်… ပြည်နယ်ကိုးခုက မကြာခဏ အချင်းချင်း အဆက်အဆံ လုပ်ကြတယ်… ပြည်နယ်ကိုးခု ညီလာခံကလည်း နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပြိုင်ပွဲတစ်ခုပဲ… ပြိုင်ပွဲမှာ ရှီအဆင့်အောက်က ထိပ်သီးပါရမီရှင်တွေ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်ကြတယ်… ဒီပြိုင်ပွဲက သုံးနှစ်တစ်ခါ ကျင်းပပြီးတော့ တစ်ကြိမ်မှာ ပြည်နယ်တစ်ခုစီက အိမ်ရှင်အဖြစ် လက်ခံကျင်းပတယ်… ဒါပေမဲ့ မြေရိုင်းပြည်နယ်က ဒီပြိုင်ပွဲမှာ ဝင်မပါဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ဒီနှစ် အရှေ့ဘက်ပြည်နယ်က လက်ခံကျင်းပမယ်…” ထို့ကျန်းက ဆက်ပြောသည်… “ဒါပေမဲ့ သူတို့က မြေရိုင်းပြည်နယ်ကို သတင်းပို့မှာ မဟုတ်ဘူး…”
ရီဖူရှင်းက ခေါင်းညိတ်သည်။ မြေရိုင်းပြည်နယ်က အလွန်နိမ့်ကျနေသော အခြေအနေဖြစ်ရာ တခြား ပြည်နယ်များက စာရင်းထဲ မသွင်းကြတော့သည်ကို ရီဖူရှင်းက ကောင်းကောင်း သိနားလည်သည်။
“ရှန့်ထိုတိုက်ပွဲက ပြည်နယ်ကိုးခုက ရှီတန်ခိုးရှင်တွေ ယှဉ်ပြိုင် တိုက်ခိုက်ကြတာပဲ… ဒီပြည်နယ်ကိုးခု ညီလာခံကတော့ လူငယ်မျိုးဆက် နိုဘယ်တွေ အချင်းချင်း တိုက်ခိုက်ကြတဲ့ပြိုင်ပဲ.. ဟုတ်တယ်မလား…” ရီဖူရှင်းက ပြုံးလျက် မေးသည်။
“ဒါ့အပြင် အရှေ့ဘက်ပြည်နယ်မှာ စစ်တုရင် ရှန့်ထိုလို့ခေါ်တဲ့ ပြည်နယ်ကိုးခုရဲ့ နံပါတ်၁စစ်တုရင် ပညာရှင်တစ်ယောက် ရှိတယ်… သူက စစ်တုရင်ပညာမှာ ပြိုင်ဘက်ကင်းပဲ… တစ်ချိန်တည်းမှာပဲ သူက ဝင်္ကပါပညာမှာလည်း ထူးချွန်တယ်… သူက အရမ်းကို ရှားပါးတဲ့ စစ်တုရင် သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်တယ်…” ထို့ကျန်းက ဆက်ပြောသည်… “အခု စစ်တုရင် ကျေးရွာကလာတဲ့ သတင်းတွေအရ စစ်တုရင်ရှန့်ထိုက နောက်ဆုံးအချိန်ကို ရောက်လာပြီဖြစ်လို့ လောကတစ်ခုလုံးက ပါရမီရှင်တွေကို ဖိတ်ခေါ်ခဲ့တယ်.. ပြောကြတာကတော့ သူက စစ်တုရင် ပညာရပ်တွေကို စစ်တုရင်ခုံပေါ်မှာ ရေးထွင်းပြီးတော့ သူ့ဆက်ခံသူအဖြစ် တစ်ယောက်ကို လက်ဆင့်ကမ်း ပေးခဲ့မယ်တဲ့…”
“နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ရှန့်ထို… သူက ဘာဖြစ်ခဲ့တာလဲ…” ရီဖူရှင်းက နားမလည်စွာ မေးသည်။
“ဒါတော့ မသိရဘူး…” ထို့ကျန်းက ခေါင်းယမ်းသည်။
“ရှန့်ထိုကိုယ်တိုင် ရေးထွင်းတဲ့ စစ်တုရင်ခုံက ရတနာဖြစ်မှာ သေချာတယ်… အနည်းဆုံး သူ့စွမ်းရည်က ရှန့်ထိုအဆင့်မှာ ရှိမယ်… ” ရီဖူရှင်းက ပြောသည်။
“ငါတို့က သေချာတော့ မသိဘူး.. ဒါပေမဲ့ လူတွေ အများအပြားက အရှေ့ဘက်ပြည်နယ် စစ်တုရင် ကျေးရွာကို သွားနေကြပြီ… တော်ဝင်ရတနာ ဖြစ်လို့ ဒါက ဘယ်လို အတန်းအစား ဖြစ်နေပါစေ မက်မောစရာပဲ…” ထို့ကျန်းက ပြောသည်… “ပြီးတော့ ရှန့်ထို ပညာရပ်ကလည်း မက်မောဖို့ ကောင်းတာပဲ… ဒါက ရှားပါး ပညာရပ်ထဲပါတော့ လူတွေကို ပိုပြီး ဆွဲဆောင်နိုင်တယ်…”
“ဒါဆို စစ်တုရင်ရှန့်ထိုမှာ တပည့်မရှိဘူးလား…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။ ရှန့်ထိုက သူ၏ရတနာအား သူ့တပည့် တစ်ယောက်ကို ဆက်ခံစေခြင်းက မရိုးရှင်းပေဘူးလား။
“ရှိတယ်… စစ်တုရင်ရှန့်ထိုမှာ တပည့်ကိုးယောက် ရှိတယ်… သူတို့အားလုံးရဲ့ ပါရမီတွေကလည်း အရမ်းမြင့်ပြီးတော့ ကျော်ကြားကြတယ်…” ထို့ကျန်းက ပြောသည်… “ဒါပေမဲ့ သတင်းတွေအရ သူတို့တွေ အကုန်လုံးက စစ်တုရင် သက်စောင့်ဝိညာဉ်ကို မပိုင်ဆိုင်ကြဘူး… ဘယ်လိုပြောပြော အဲဒီလို သက်စောင့်ဝိညာဉ်ကလည်း အရမ်းရှားပါးတယ်…” ထို့ကျန်းက ဆက်ပြောသည်… “စစ်တုရင် ရှန့်ထိုကလည်း တခြားအစီအစဉ်တွေ သူ့ခေါင်းထဲရှိမှာပဲ… အဓိက သူလိုချင်တာက သူ့ပညာရပ်တွေကို ဆက်ခံမည့်လူ ထင်တယ်…”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ကောင်းပြီ.. ပြည်နယ်ကိုးခုထဲမှာ အရှေ့ဘက်ပြည်နယ်က ပထမဆုံး ခရီးထွက်မည့် ပြည်နယ်ပဲ…” သူက ယခင်ကတည်းက တခြား ပြည်နယ်များကိုလည်း စတင်လေ့လာခဲ့ကာ ပြည်နယ်ကိုးခုကို စွန့်စားသွားလာရန် ကြိုတင် စဉ်းစားထားခဲ့သည်။
ရှီအဆင့်ကို လွယ်လင့်တကူ တက်ရောက်ခဲ့ပြီးနောက် မြေရိုင်းပြည်နယ်တွင် အရာအားလုံးက တည်ငြိမ်နေကာ သူကလည်း ပြင်ပလောကကို ထွက်သင့်နေပြီဟု မိမိကိုယ်ကိုယ် ယူဆသည်။
ယခု အရှေ့ဘက်ပြည်နယ်တွင် စိတ်ဝင်စားဖွယ် ကိစ္စတစ်ခုရှိနေမှတော့ သူက ထိုနေရာကို ဦးစွာ သွားရောက်ပေမည်။
“ကောင်းပြီ… ငါတို့ အဆင်သင့် လုပ်လိုက်မယ်…” ထောင်ကျန်းက ပြောသည်။ ရီဖူရှင်းကား ယခု တော်ဝင်ကျဲနန်းတော် သခင်ဖြစ်ရာ သူဘေးကင်းရန် ထိပ်သီး တန်ခိုးရှင်များက သေချာပေါက် လိုက်လံ ကာကွယ်ရန် လိုအပ်ပေသည်။
ရီဖူရှင်းတို့အဖွဲ့က နောက်တစ်နေ့ သိပ်မသိသာစေသော ပုံစံဖြင့် နန်းတော်မှ ထွက်သွားကြသည်။ မှန်သည်… သူတို့အား နန်းဆောင် အရှင်များနှင့် အကြီးအကဲအချို့ လိုက်ပါ ပို့ဆောင်ခဲ့ကြပေသည်။ ရီဖူရှင်းက သူနှင့်အတူ လူငယ်မျိုးဆက် အနည်းငယ်ကိုလည်း ခေါ်ဆောင်သွားကာ ပြည်နယ်ကိုးခု ခရီးစဉ်ကို စတင်ခဲ့သည်။ သူ့ရှေ့တွင် ဘာရှိမည်ကိုမူကား မည်သူမှ မပြောနိုင်။
“နောက်ထပ် ကိုးနှစ်လိုသေးတာပဲ… ခရီးက ရှည်ပါသေးတယ်… သူတို့က ဘယ်လိုဖြစ်မယ် တစ်ယောက်မှ မသိနိုင်ဘူး…” ထောင်ကျန်းက ပြောသည်။
“သဘာဝအတိုင်းပဲ ထားလိုက်ပါ… ကျုပ်တို့ လုပ်နိုင်တာက အပျံသင်စငှက်က ကောင်းကင်ပေါ်မှာ ကောင်းကောင်း ပျံနိုင်တော့တဲ့ တစ်နေ့ကိုပဲ… အဲဒီအချိန်ရောက်ရင် ဒီငှက်ကလေးက ကောင်းကင်ကိုတောင်မှ လှုပ်ယမ်းအောင် စွမ်းဆောင်နိုင်မှာ သေချာတယ်…” ဓားမိစ္ဆာက ရီဖူရှင်းတို့ ထွက်သွားရာ အဝေးကို လှမ်းကြည့်လျက် ပြောသည်။
ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်၏ သမိုင်းတွင် အထွန်းတောက်ဆုံး ပါရမီအမြင့်ဆုံး လူငယ်ဖြစ်ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နန်းတော်သခင်လည်း ဖြစ်၏။
သူ၏အနာဂတ်ကို မည်သူမှ မပြောနိုင်သော်လည်း အကယ်၍ သူသာ သက်ရှိထင်ရှား ရှိနေနိုင်လျှင် သူက ပြည်နယ်ကိုးခုကို လှုပ်ယမ်းစေရန်မှာ အနှေးနှင့်အမြန် ဖြစ်လာမည်သာ။
“သူနဲ့အတူ ဝမ်ရှင်း၊ ဓားသခင်နဲ့ ယန်ဟောင်တို့ ပါသွားတာပဲ… ငါတို့စိတ်ပူနေစရာ သိပ်မလိုပါဘူး…” ထောင်ကျန်းက ပြောသည်။ သူ့ဘေးမှ ထိုမျှ စွမ်းအားကြီးသူများ လိုက်ပါနေကြရာ မည်သူကမှ ရီဖူရှင်းကို အလွယ်တကူ ထိရဲကြမည် မဟုတ်ပေ။ ရှန့်ထိုများကလည်း တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်သော ရီဖူရှင်းကို ထိရန်မှာ အင်ပါယာရှား၏ အုပ်ချုပ်မှုယန္တရားကို ထိခြင်းနှင့် အတူတူဖြစ်၍ ထိုသို့လုပ်ရန် နှစ်ခါစဉ်းစား ကြမည်ဖြစ်သည်။
***
အရှေ့ဘက် ပြည်နယ်ကား မြေရိုင်းပြည်နယ်၏ တောင်ဘက်တွင် တည်ရှိပေသည်။ ထို့ကြောင့် အရှေ့ဘက်ပြည်နယ်ကို သွားရောက်ရန် ရီဖူရှင်းတို့က မြေရိုင်းပြည်နယ်၏ တောင်ဘက်ဒေသကို ဖြတ်သန်းရပြီး ထိုဒေသတွင် ရေခဲနန်းတော် တည်ရှိပေသည်။ ရီဖူရှင်းက ရေခဲနန်းတော်ကို သွားရောက် လည်ပတ်ခဲ့ကာ ရေခဲနန်းတော် သခင်အား သွားရောက် နှုတ်ဆက် လည်ပတ်ခဲ့၏။
နောက်တစ်လခန့် ကြာသောအခါ ရီဖူရှင်းတို့က အရှေ့ဘက်ပြည်နယ်၏ ယွီကျင့်မြို့ကို ရောက်လာခဲ့ကြသည်။
ထိုမြို့ကား အရှေ့ဘက် ပြည်နယ်တွင် အလွန်အမင်း နာမည်ကျော်ကြားပေသည်။ ထိုမြို့က အလွန်တရာ နာမည်ကျော်ကြားခြင်းမှာ ထိုမြို့က ရှန့်ထိုတစ်ပါး မွေးဖွားပေးခဲ့ပြီး ထိုရှန့်ထိုမှာလည်း စစ်တုရင် ရှန့်ထိုကိုယ်တိုင် ဖြစ်ပေသည်။
ပြည်နယ်ကိုးခုတွင် ရှန့်ထို၇၂ဦးသာ ရှိပေသည်။ ထို့ကြောင့် ရှန့်ထိုတစ်ပါးစီက ပြည်နယ် ကိုးခုလုံးတွင် နာမည် ကျော်ကြားပေသည်။
မြေရိုင်းပြည်နယ်ကား ပြည်နယ်တစ်ခု ဖြစ်ကာ ရှန့်ထိုတစ်ပါးကို အလွန်အမင်း လိုအပ်နေပေသည်။ ထိုအရာက ရှန့်ထိုတစ်ပါး၏ လွှမ်းမိုးနိုင်စွမ်လည်း ဖြစ်၏။
ရှန့်ထိုတည်ရှိသော နေရာက အလွန်အမင်း အဆင့်အတန်း မြင့်မားကာ ယွီကျင့်မြို့ကလည်း ခြွင်းချက်မရှိပေ။
ယွီကျင့်မြို့တော်ဝန် ရန်ရှောင်ကား စစ်တုရင်ရှန့်ထို၏ တပည့်ရင်း တစ်ယောက် ဖြစ်ကာ ပြည်နယ်ကိုးခု ရှီအဆင့်တွင် ထည့်သွင်းခံရသော စွမ်းအားမြင့် တန်ခိုးရှင်တစ်ဦးလည်း ဖြစ်သည်။
ရန်ရှောင်၏ ဇနီးကလည်း ယွီကျင့်မြို့၏ နံပါတ်၁အလှမယ် ဖြစ်ကာ စစ်တုရင်ရှန့်ထို၏ တတိယတပည့်လည်း ဖြစ်သည်။ စစ်တုရင်ရှန့်ထို၏ ဒုတိယတပည့်ကလည်း အလွန်အမင်း နာမည်ကျော်ကြားကာ မြင့်မားသော အရည်အသွေးများအား ပိုင်ဆိုင်သည်။ ပုံမှန်အားဖြင့် သူ၏တပည့် ကိုးယောက်လုံးက အလွန်အမင်း နာမည် ကျော်ကြား ကြပေသည်။
ရှန့်ထိုတန်ခိုးရှင်များက တပည့် ရွေးချယ်ခြင်းတွင် ပုံမှန်တန်ခိုးရှင်များ ထက်ပင် လိုအပ်ချက်များရာ ထိုအရည်အသွေးလည်း ပြည့်မီပြီး ရှန့်ထိုတန်ခိုးရှင် ကိုယ်တိုင်၏ လမ်းညွှန်ပြသခြင်း ခံရသူက မည်သို့ မထူးချွန် မပေါက်မြောက်ဘဲ နေမည်နည်း။
ယခု တခြားပြည်နယ်မှ အရည်အသွေး မြင့်မားသော တန်ခိုးရှင်များက ယွီကျင့်မြို့ကို ရောက်လာနေကြသည်။ အများစုမှာ သူတို့၏ကိုယ်ပိုင် ဒေသများတွင် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။
ထိုလူများ အဘယ်ကြောင့် ရောက်လာသည်ကို ယွီကျင့်မြို့မှ လူများ အားလုံး သိကြပေသည်။
ယခု ယွီကျင့်မြို့ အထက် ကောင်းကင်တွင် လူတစ်စုက ခရီးနှင်လာကြသည်။ သူတို့ကား ရီဖူရှင်းတို့ အုပ်စုဖြစ်သည်။
“ကျုပ်တို့ ရောက်ပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူတို့က ခရီးရှည်ကြီးကို ဖြတ်သန်းပြီးယခု နောက်ဆုံး ရည်ရွယ်ရာမြို့သို့ ရောက်လာကြပြီ ဖြစ်သည်။
ဝမ်ရှင်း၊ ဓားသခင်နှင့် ယန်ဟောင်တို့အပြင် ကျူးကော့မင်းယွီ၊ ဂူတုံးလျို၊ ဟွာဂျီယူ၊ ရီဝူချင်း၊ ယူချင်းနှင့် တခြား ပါရမီရှင်များလည်း သည်တစ်ခေါက်တွင် လိုက်ပါ လာကြသည်။
အမှန်တကယ်အားဖြင့် ရှီနန်းတော်ကို ဦးဆုံးဝင်ရောက်ခဲ့သော လက်ရွေးစင် အုပ်စုတစ်ခုလုံး သည်တစ်ခေါက် လိုက်ပါလာသည်ဟု ဆိုရပေမည်။
***