ပိုင်နက်သားရဲအလောင်းများ
Vol. 55 Ch. 760
နတ်အစေခံများသည် တိတ်ဆိတ်သော ဟင်းလင်းပြင်အတွင်း ရောက်လာသောအခါ ပတ်ဝန်းကျင်၌ ကြယ်သေများ မျောလွင့်နေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့၏ကြယ်ဝိညာဥ်များ သေဆုံးပြီးနောက် တောင်ကုန်းတစ်ခု အရွယ်အစားရောက်သည်အထိ ကျုံ့ဝင်သွားခဲ့သည်။ အရေအတွက်က များလွန်းသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် အဆုံးကို မမြင်ရချေ။ ကြယ်သေများအပြင် မရေမတွက်နိုင်သော အလောင်းများလည်း မျောလွင့်နေကာ အများစုက ကိုယ်လက်အင်္ဂါပြည့်စုံသော်လည်း တစ်ယောက်ယောက်မှ ထိလိုက်သည်နှင့် အမှုန်အမွှားများအဖြစ် ကြေမွသွားပေလိမ့်မည်။ ကောင်းကင်၌ အချိန်လေဟာနယ် တာအိုရုန်းများလည်း စီးဆင်းနေပြီး ၎င်းတို့က လူသားနတ်ဘုရားနယ်မြေ၏ သုံးလွှာကမ္ဘာအတွင်း ယဲ့ချန်ကြုံခဲ့ရသည်ထက် များစွာပို၍အစွမ်းထက်သည်။ နတ်အစေခံအချို့က ၎င်းတို့ကို မတော်တဆထိလိုက်မိချိန်တွင် ခန္ဓာကိုယ်၌ သွေးစီးကြောင်းတစ်ခု ချက်ချင်းဖြစ်ပေါ်လာကာ စုတ်ဖြဲခံလိုက်ရသည်။ ထာဝရကြယ်သင်္ချိင်းသည် သက်ရှိများ ရှင်သန်နေထိုင်နိုင်သော ပတ်ဝန်းကျင်မျိုးနှင့် များစွာကွာခြားလျက်ရှိသည်။
အုပ်စု၏နောက်ပိုင်းမှ လိုက်ပါလာသော ယဲ့ချန်သည် ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် မပြတ်ထောက်လှမ်းနေသည်။ သူက ရတနာများ ရှာဖွေချင်သော်လည်း အပြင်ပိုင်း၌ မရေမတွက်နိုင်သော ကျင့်ကြံသူများ လက်ဦးသွားပြီဖြစ်ရာ တန်ဖိုးရှိသည်များ မကျန်ရစ်ပေ။ ကြယ်သခင်များနှင့် နောက်လိုက်များက ဤနေရာကို စစ်ဆေးပြီး ရှိသမျှရတနာတိုင်းကို ယူဆောင်သွားပြီးဖြစ်သည်။
ကြယ်သေများကို ကျဥ်းကြပ်စွာ ကျော်ဖြတ်လာပြီးနောက် အဝေးတစ်နေရာ၌ ကောင်းကင်နတ်ဆိုးများ ထွက်ပေါ်လာသဖြင့် လူတိုင်း သတိကြီးသွားကြသည်။ သို့သော် ရန်သူများက များပြားလှသော နတ်အစေခံအဖွဲ့ကြီးကို မြင်သောအခါ တိုက်ခိုက်ရမည့်အစား လမ်းဖယ်သွားကြသည်။ ဤပတ်ဝန်းကျင်ရှိ ကြယ်သေများပေါ်တွင်လည်း နတ်ဆိုးမျိုးစေ့ ထည့်သွင်းခံထားရသော ကောင်းကင်နတ်ဆိုးများ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသည်။ တစ်ချိန်က သူတို့သည် အခြားမျိုးနွယ်ဝင်များဖြစ်သော်လည်း ကံဆိုးစွာနှင့် ကောင်းကင်နတ်ဆိုးများ၏ သားကောင်များ ဖြစ်ခဲ့ကြသည်။ နတ်အစေခံတစ်ယောက်၏ ကိုယ်တွင်းသို့ နတ်ဆိုးမျိုးစေ့ထည်ရန်အတွက် တစ်ဖက်လူက ကြယ်သခင်အဆင့် ဖြစ်ရပေလိမ့်မည်။ ထာဝရကြယ်သင်္ချိုင်း၏ အနက်ပိုင်းတွင် ကောင်းကင်နတ်ဆိုးများက ကြယ်သခင်အဆင့်များ ဖြစ်သောကြောင့် သာမန်နတ်အစေခံများက မသွားရဲပေ။ အားနည်းသော ကြယ်သခင်များပင်လျှင် အုပ်စုဖွဲ့ကာ သွားလာရသည်။
"ဘုန်း"
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာသောကြောင့် လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဧရာမကြယ်သေကြီးတစ်လုံးက သူတို့ထံ ဥက္ကာပျံကြီးပမာ အရှိန်ပြင်းပြင်း ဝင်ရောက်လာနေသည်။
"ဖျက်ဆီးလိုက်စမ်း"
ဝူရှချိုက အေးစက်စက် အမိန့်ပေးလိုက်သောအခါ အဆင့်တစ်ဆယ် နတ်အစေခံများ ရှေ့တက်လာပြီး ကြယ်သေကို အပိုင်းပိုင်းအစစဖြစ်အောင် လက်ဝါးချက်များ ထုတ်ဖော်လိုက်ကြသည်။ ထိုအခိုက်တွင် အနက်ရောင်အရိပ်များက ပတ်ဝန်းကျင်မှ ရုတ်တရက်ထွက်ပေါ်လာကာ သူတို့ကို အလစ်ဖမ်းတိုက်ခိုက်ခဲ့သည်။
"ဘန်း ဘန်း"
သတိလက်လွတ်ဖြစ်နေသူအချို့မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့သဖြင့် နာကျင်စွာ အော်ဟစ်ရင်း အသတ်ခံလိုက်ရသည်။
"သတ်ကြ"
နတ်အစေခံများက ချက်ချင်းစုစည်း၍ ကောင်းကင်နတ်ဆိုးများထံ လှိုင်းလုံးကြီးပမာ ဝင်ရောက်သွားခဲ့သည်။ ရန်သူအရေအတွက်က ရာချီသာဖြစ်သောကြောင့် ခဏအတွင်း သုတ်သင်ရှင်းလင်းပစ်လိုက်နိုင်သည်။ ယဲ့ချန်၊ ထန်းယွမ်နှင့် နဂါးဘုရင်သည် အမြော်အမြင်ကြီးစွာဖြင့် အဖွဲ့၏နောက်ပိုင်း၌ နေရာယူထားသည်။ သို့သော် ရတနာများကို အလစ်သုတ်လိုလျှင် လူခွဲပြီးချိန်အထိ စောင့်ဆိုင်းရပေလိမ့်မည်။ နတ်အစေခံများကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးနေသော ယဲ့ချန်သည် ယွမ်ချင်းယုကို တွေ့လိုက်ရသဖြင့် ဒေါသမီးဝင်းဝင်းတောက်နေခဲ့သည်။ ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ထက်စာလျှင် ထာဝရကြယ်သင်္ချိုင်းနှင့် နီးကပ်သဖြင့် သူမကိုတွေ့ရခြင်းက အဆန်းမဟုတ်ပေ။ သူမအနားတွင် သက်တော်စောင့်ဆယ်ယောက်ကျော်ရှိနေပြီး အများစုက အဆင့်တစ်ဆယ် နတ်အစေခံများ ဖြစ်ကြ၏။ သူက ကောင်းကင်မူလကြယ်ပေါ်တွင် ယွမ်ချင်းယု နှိပ်စက်ခဲ့သည်များကို လုံးဝမမေ့ချေ။
"ဒီခွေးမကို ထာဝရကြယ်သင်္ချိုင်းမှာ လာတွေ့ရမယ်လို့ မထင်ထားဘူး။ ကမ္ဘာကြီးက ရန်သူတွေအတွက်တော့ ကျဥ်းကျဥ်းလေးပါလား"
ယဲ့ချန်က စိတ်ထဲမှ ကြုံးဝါးလိုက်ရင်း နဂါးဘုရင်နှင့် ထန်းယွမ်ထံ အသိပေးလိုက်သည်။
"ယွမ်ချင်းယုလည်း ဒီကို ရောက်နေတယ်"
သူ၏စကားကြောင့် သူတို့က ပြိုင်တူမျက်မှောက်ကြုတ်လိုက်မိသည်။ အခြေအနေက ဘေးကျပ်နံကျပ်ဖြစ်နေပြီး တစ်ဖက်မှ သူတို့ကိုရှာတွေ့သွားလျှင် တိုက်ခိုက်ရပေလိမ့်မည်။ ယွမ်ချင်းယုကို သတ်လိုက်လျှင်လည်း သူတို့က ယွမ်တ၏ပြိုင်ဘက် မဟုတ်ပေ။
"လောလောဆယ်တော့ ရှောင်နေလိုက်ကြတာပေါ့။ ရုပ်ဖျက်ကြမယ်"
နဂါးဘုရင်က ခဏတာစဥ်းစား၍ အမိန့်ပေးလိုက်သည်။ ယွမ်ချင်းယု၌ သက်တော်စောင့်များရှိနေသဖြင့် တိုက်ခိုက်ရန် အချိန်ကောင်းမဟုတ်သည်ကို ယဲ့ချန်က နားလည်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူက လောလောဆယ်ရုပ်ဖျက်၍ ရှောင်တိမ်းရန် ဆုံးဖြတ်လိုက်သော်လည်း ပြဿနာကို ကြောက်တတ်သူမျိုး မဟုတ်ပေ။ တိုက်ဆိုင်စွာတွေ့ရသော အခိုက်တွင် သူက ထိုမိန်းမကို ကောင်းကောင်းကြီးသင်ခန်းစာပေးရန် ဆုံးဖြတ်ထားသည်။ သူက သက်လတ်ပိုင်းလူတစ်ဦးအဖြစ်၊ နဂါးဘုရင်က လူငယ်တစ်ဦးအဖြစ်နှင့် ထန်းယွမ်က ခါးကိုင်းကိုင်း ရုပ်ဆိုးဆိုး အဘွားအိုတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ကြသည်။ သူက ထန်းယွမ်၏အသွင်ကို မြင်သောအခါ တစ်ချက်ပြုံးလိုက်မိသည်။ ထန်းယွမ်က သက်တမ်းကုန်ဆုံးခါနီးသဖြင့် ထာဝရကြယ်သင်္ချိုင်းအတွင်း ဝင်ရောက်လာသော အဘွားအိုတစ်ယောက်နှင့် အမှန်တကယ် တူညီနေသည်။ ရုပ်ဖျက်ရာ၌ အခြားလူများ သံသယမဝင်စေရန်အတွက် သူတို့က နီယွမ်၊ ငရဲဝိညာဥ်စသူတို့နှင့် ခွဲထွက်လာပြီးဖြစ်သည်။ ပတ်ဝန်းကျင်ရှိ နတ်အစေခံအချို့က ထန်းယွမ်မှ အဘွားအိုအဖြစ် ပြောင်းလဲသွားသောအခါ စပ်စုဟန်ဖြင့် ကြည့်လာကြသည်။ ထန်းယွမ်ကမူ သွား၃၂ ချောင်းလုံးပေါ်အောင် ပြုံးပြ၍ ပြန်လည်နှုတ်ဆက်နေခဲ့သည်။
နတ်အစေခံအဖွဲ့ကြီးသည် အချိန်ကြာမြင့်စွာ ခရီးဆက်ပြီးနောက် ကောင်းကင်နတ်ဆိုးများနည်းပါးသော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်လာခဲ့ကြသည်။ လမ်းတလျှောက်တွေ့ခဲ့ရသော ရတနာများကို ဝူရှချိုက လက်ဝါးကြီးအုပ်ထားခဲ့သည်။ အဝေးသို့မျှော်ကြည့်လိုက်လျှင် မျိုးနွယ်ပေါင်းစုံမှ အရွယ်အစားပေါင်းစုံရှိသော အလောင်းများကို မြင်နိုင်သည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ အသက်ရှင်စဥ်က ကြယ်သခင်အဆင့်များဖြစ်ကြောင်း သိနိုင်သည်။ လူသားများနှင့် ကောင်းကင်နတ်ဆိုးများအပြင် ကြယ်တစ်လုံးပမာဏကြီးမားသော ပိုင်နက်သားရဲအလောင်းများလည်း မျောလွင့်နေကြသည်။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေပြီး ဤနေရာ၌ သန်းချီသော အလောင်းများ ပြည့်နှက်နေသော်လည်း မဟာစစ်ပွဲကြီးတွင် သေဆုံးခဲ့သော အရေအတွက်နှင့်ယှဥ်လျှင် တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
"ကြီးလိုက်တဲ့ အကောင်ကြီး။ ဒါလောက်ဆိုရင် သက်တမ်းက နှစ်တစ်သောင်းကျော်လောက်ပြီ"
နတ်အစေခံအချို့က သက်တမ်းရင့် ပိုင်နက်သားရဲတစ်ကောင်ကို သတိပြုမိလိုက်သည်။ စကြဝဠာအတွင်း ဝယ်နိုင်သော ပိုင်နက်သားရဲများ၏ သက်တမ်းမှာ နှစ်ရာချီသာဖြစ်ပြီး ထိပ်တန်းမဟာမိတ်အဖွဲ့၏ သားရဲများပင် သက်တမ်းနှစ်ခြောက်ထောင်ကျော်သာ ပိုင်ဆိုင်ထား၏။ ဤကား သူတို့အတွက် သက်တမ်းနှစ်သောင်းချီ ပိုင်နက်သားရဲတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"သားရဲအမြုတေ"
အံ့သြနေသူများက လောဘကြောင့် ချက်ချင်းသတိပြန်ဝင်လာကာ အလောင်းကြီးထံ ပြေးဝင်သွားကြသည်။ ပိုင်နက်သားရဲအမြုတေက အလွန်အဖိုးတန်ပြီး ကောင်းကင်လှေဆယ်စင်းကျော် ဝယ်ယူနိုင်သောကြောင့် သက်တမ်းရင့်အမြုတေဆိုလျှင် ပို၍အဖိုးတန်ပေလိမ့်မည်။
"အားကုန်ခံမနေနဲ့။ အမြုတေထုတ်ယူဖို့ မဖြစ်နိုင်ဘူး"
ထာဝရကြယ်သင်္ချိုင်းအတွင်း ဝင်ရောက်ဖူးသူများက တည်ငြိမ်စွာရပ်နေပြီး အေးစက်စက် သတိပေးလာကြသည်။ သို့သော်လည်း လောဘကြောင့် မျက်လုံးများပင် နီရဲနေသူများက ထိုစကားကို နားမဝင်ဘဲ လက်နက်ကိုယ်စီထုတ်ကာ အလောင်းကြီးကို ခုတ်ပိုင်းလိုက်သည်။
"ခလွမ် ခလွမ်"
လက်နက်များ ကျိုးပဲ့ကုန်သဖြင့် သူတို့က စိတ်ပျက်သွားကြသည်။ ထိုအခိုက်တွင်မှ သတိပြုလိုက်မိသည်မှာ ပိုင်နက်သားရဲ၏ခန္ဓာကိုယ်က သတ္တုချပ်ဝတ်တစ်ခုကဲ့သို့ အလွန်မာကျောပြီး အဆင့်တစ်ဆယ် တာအိုလက်နက်များပင် မထိုးဖောက်နိုင်ခြင်းဖြစ်သည်။ ၎င်းသေဆုံးသွားသည်မှာ အချိန်ကြာနေပြီဖြစ်သော်လည်း ရုပ်ခန္ဓာက မာကျောနေဆဲဖြစ်ပြီး ထက်ရှသော အချိန်လေဟာနယ်ချီများပင် မဖြတ်တောက်နိုင်ပေ။ လက်မလျှော့လိုသူများက ဦးခေါင်းပိုင်းကို တိုက်ခိုက်လိုက်သော်လည်း အရာမထင်ခဲ့ပေ။ အလောင်းတစ်ခုလုံးကို သယ်ယူသွားရန်အတွက် အလွန့်အလွန်ကြီးမားနေသောကြောင့် မဖြစ်နိုင်ပေ။
"ဒီအေလာင်းကြီးရဲ့ ခေါင်းမှာ ဒဏ်ရာရထားတယ်"
တစ်ယောက်ယောက်က အော်ဟစ်လိုက်ခြင်းဖြစ်သည်။ ထိုပိုင်နက်သားရဲ၏ ခေါင်းတွင် ထက်ရှသော လက်နက်တစ်ခုကြောင့် အပေါက်ကြီးဖြစ်နေပုံရသည်။ နတ်အစေခံတစ်ဖွဲ့က ချက်ချင်းသွားရောက်၍ အမြုတေကို ဦးခေါင်းအတွင်းမှ ဆွဲထုတ်ချင်သော်လည်း သူတို့၏လက်နက်များက ဦးနှောက်ကိုပင် တိုးမပေါက်ချေ။ ထို့ကြောင့် ဤပိုင်နက်သားရဲကြီးများ မည်သို့သေဆုံးခဲ့သည်ကို တွေးမိလိုက်သောအခါ အားလုံး တုန်လှုပ်ကုန်သည်။
"ကိုယ့်အဆင့်ကိုမသိတဲ့ အရူးတွေ။ ငါ မင်းတို့ကို သတိပေးသားပဲ။ ငါ့ကိုမှမယုံကြည်တာ"
သတိပေးခဲ့သူများက လှောင်ရယ်လိုက်ကြသည်။
"လူခွဲကြ။ ရက်သုံးဆယ်အတွင်း အရောက်ပြန်လာခဲ့။ အချိန်မီပြန်ရောက်မလာရင် ဒီမှာနေခဲ့ပြီး သေပေတော့"
ဝူရှချို၏ အေးစက်စက်စကားသံက စူးရှစွာ ထွက်ပေါ်လာသည်။ သူမသည်လည်း လက်ရှိခွန်အားဖြင့် ပိုင်နက်သားရဲအမြုတေကို ထုတ်ယူရန် မဖြစ်နိုင်ကြောင်း နားလည်သဖြင့် ဂရုမစိုက်ခဲ့ပေ။ ထို့နောက် နတ်အစေခံအများစုက ပိုင်နက်သားရဲအမြုတေကို လက်လျှော့ကာ ရတနာရှာဖွေရန်အတွက် လူစုခွဲလိုက်ကြသည်။ သို့သော် ပိုင်နက်သားရဲအလောင်းကို ထိုးဖောက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသူများလည်း ရှိသည်။ သို့သော် နည်းလမ်းမှန်သမျှ ကျရှုံးပြီးနောက် အမြုတေကို မရနိုင်ကြောင်း သူတို့လည်း လက်ခံလိုက်ရသည်။
ပိုင်နက်သားရဲအမြုတေ၏ တန်ဖိုးကို သိလိုက်ရသောအခါ ယဲ့ချန်က ပိုင်နက်သားရဲအလောင်းများကို စိတ်ဝင်စားလာခဲ့သည်။ ကောင်းကင်ဓားပျံက ထိုအလောင်းများကို ခွဲနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း အချိန်ကောင်းမဟုတ်ပေ။ ပတ်ဝန်းကျင်၌ ကျင့်ကြံသူများစွာရှိနေသဖြင့် သူသာ သားရဲအမြုတေကို အမှန်တကယ်ထုတ်ယူနိုင်ခဲ့လျှင် ၎င်းကို အသက်ရှင်လျက် ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။ ထာဝရကြယ်သင်္ချိုင်းအတွင်း၌ နောက်ထပ်ပိုင်နက်သားရဲအလောင်းများ ရှိနေမည်ဖြစ်ရာ စောင့်ဆိုင်းရပေလိမ့်မည်။ နဂါးဘုရင်နှင့် ထန်းယွမ်သည်လည်း တာအိုလက်နက်နှစ်ခု ပျက်စီးသွားသောအခါ ထိုရတနာအပေါ် လက်လျှော့လိုက်ကြသည်။
"သွားကြစို့"
ယဲ့ချန်က ထိုနှစ်ယောက်ကို အသံဖြင့် ဆက်သွယ်ပြီး ဦးတည်ရာတစ်ခုသို့ ရွေးချယ်ပျံသန်းသွားလေသည်။