← Chapters

နတ်လက်နက်

Vol. 55 Ch. 762

နတ်လက်နက်

Vol. 55 Ch. 762

ယွမ်ချင်းယုနှင့် နောက်လိုက်များသည် ဦးခေါင်းကို ထိုးဖောက်ခံထားရသော ပိုင်နက်သားရဲအလောင်းကြီးကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ သူတို့က ၎င်း၏မာကျောမှုကို သိထားသဖြင့် ဤမြင်ကွင်းက မယုံနိုင်စရာဖြစ်နေခဲ့သည်။

"ဘယ်သူလုပ်တာလဲ။ ဘယ်သူက ဒီလောက်အစွမ်းထက်နေတာလဲ။ ကြယ်သခင်တစ်ယောက် ရောက်လာတာများလား"

ယွမ်ချင်းယုက မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်သည်။

"ကြယ်သခင်တစ်ယောက်ဆိုရင်တောင် နတ်လက်နက်မရှိရင် ဒီလိုမျိုးမလုပ်နိုင်ဘူး။ ယေဘူယျသဘောပြောရရင် ကြယ်သခင်တွေက အတွင်းပိုင်းကို ရောက်နေတာဖြစ်လို့ ဒီမှာရှိစရာ အကြောင်းမရှိဘူး"

ကျိရင်က ခဏတာစဥ်းစား၍ သုံးသပ်ပြလိုက်သည်။

"နင်ပြောချင်တာက နတ်အစေခံတစ်ယောက်ဆီမှာ အစွမ်းထက်နတ်လက်နက်တစ်ခု ရှိနေတယ်ပေါ့။ ပိုင်နက်သားရဲအလောင်းကို ဖြတ်တောက်နိုင်ဖို့ ဘယ်လောက်အစွမ်းထက်နေမလဲ။ ဘယ်သူက ဒီလက်နက်ကိုပိုင်တာဖြစ်ဖြစ် ငါ အရယူမယ်"

ယွမ်ချင်းယု၏ မျက်လုံးများတွင် လောဘရောင်တောက်နေသည်။

"ကီရင် သူတို့ကို ရှာတွေ့ပြီလား"

သူမက နတ်အစေခံတစ်ယောက်ကို စိုက်ကြည့်၍ မေးလိုက်သည်။

"သူတို့က ဒီလမ်းကို သွားတယ်"

ကီရင်ဆိုသူက ဝက်တစ်ကောင်ကဲ့သို့ နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ အရှိန်အဝါကို အနံ့ခံလိုက်ပြီး ဦးတည်ရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"လိုက်ကြစမ်း"

သူမက ချက်ချင်းအမိန့်ပေးလိုက်သည်။ ကောင်းကင်မူလကြယ်တွင် အပြင်းအထန်ဒဏ်ရာရသွားပြီးနောက် ယွမ်တက လူတွေ့မခံဘဲ တံခါးပိတ်ကျင့်စဥ်ဝင်သွားသောကြောင့် သူမက ခိုးထွက်လာခြင်းဖြစ်သည်။ အကယ်၍ အစွမ်းထက်နတ်လက်နက်တစ်ခုကိုသာ ပြန်ယူသွားနိုင်လျှင် အပြစ်တင်ခံရမည့်အစား ချီးကျူးခံရပေလိမ့်မည်။ ဤအတွေး​ကြောင့် သူမက ဝမ်းသာမဆုံးဖြစ်နေသည်။ ကီရင်၏လမ်းပြမှုဖြင့် သူတို့က ယဲ့ချန်တို့ထွက်ခွာသွားသော ဦးတည်ရာသို့ ပျံသန်းလာကြသည်။

ယဲ့ချန်၊ နဂါးဘုရင်နှင့် ထန်းယွမ်သည် အမြုတေတစ်ခုကို ရယူပြီးနောက် အလောင်းအသစ်တစ်ခုကို လိုက်ရှာခဲ့သည်။ နှစ်ရက်အကြာတွင် ရှာတွေ့သွားချိန်၌ သူတို့က ၎င်း၏ခေါင်းခွံအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။ ပထမဆုံးအတွေ့အကြုံ မဟုတ်သောကြောင့် ယဲ့ချန်က ခေါင်းခွံကို အပြင်ဘက်မှ အပေါက်ဖောက်ပေးနေသဖြင့် အမြုတေကိုထုတ်ယူရန် ပို၍လွယ်ကူစေသည်။ ထိုအချိန်၌ အဝေးမှပုံရိပ်များ ပျံသန်းရောက်ရှိလာသဖြင့် သူက ချက်ချင်းသတိကြီးသွား၍ စစ်ဆေးတွေ့ရှိသွားသောအခါ ရင်ထိတ်သွားခဲ့သည်။

"တစ်ယောက်ယောက် လာနေတယ်"

သူက နဂါးဘုရင်နှင့် ထန်းယွမ်ထံ အသံပို့အကြောင်းကြားလိုက်သည်။ အချိန်ခဏအတွင်း ပုံရိပ်များက သူတို့ကို ဘက်ပေါင်းစုံမှ ချဥ်းကပ်လာကြသဖြင့် ယဲ့ချန်က ကောင်းကင်ဓားပျံကို ပြန်လည်သိမ်းဆည်းထားလိုက်၏။ တစ်ဖက်လူမှာ ရင်ယွမ်ကြယ်မှ အင်အားစုဖြစ်ကြောင်း သိလိုက်ရသောအခါ ကမ္ဘာကြီးက အမှန်တကယ်ကျဥ်းပေသည်ဟု ခံစားလိုက်ရသည်။ သူက ယွမ်ချင်းယုကို ပြဿနာသွားမရှာသော်လည်း ပြဿနာက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ သို့သော် သူက ရုပ်ဖျက်ထားသောကြောင့် ရန်သူများက မှတ်မိမည်မဟုတ်ပေ။ ယွမ်ချင်းယုသည် ဦးခေါင်းမှ သွေးများပန်းထွက်နေသော ပိုင်နက်သားရဲအလောင်းကြီးကို မြင်သောအခါ သူ့ကို စိုက်ကြည့်လာခဲ့သည်။ သူက အဆင့်တစ်နတ်အစေခံတစ်ယောက်သာဖြစ်သောကြောင့် နတ်လက်နက်မရှိလျှင် ဤသို့စွမ်းဆောင်နိုင်စရာ အကြောင်းမရှိချေ။ သူမ၏မျက်နှာထက်တွင် လောဘစိတ်များထိန်းမရအောင် ထွက်ပေါ်လာကာ ထိုလက်နက်ကသာ ပိုင်နက်သားရဲအမြုတေကို အမှန်တကယ်ထုတ်ယူနိုင်လျှင် ရင်ယွမ်ကြယ်၏ကြွယ်ဝမှုထက်ပင် အဖိုးတန်နေသောကြောင့်ဖြစ်သည်။ ထာဝရကြယ်သင်္ချိုင်းအတွင်း ပိုင်နက်သားရဲအလောင်းများက တွေးမရလောက်အောင်ပင် များပြားနေသည် မဟုတ်ပါလော။ ၎င်းတို့၏အမြုတေ ကို ကြယ်အမြုတေကဲ့သို့ အသုံးပြုနိုင်ပြီး မရေမတွက်နိုင်အောင် ပို၍အဖိုးတန်သောကြောင့် ရင်ယွမ်ကြယ်ပိုင်ဆိုင်ထားသမျှနှင့် ယှဥ်နိုင်ပေသည်။ ဤအကြောင်းကို တွေးမိသောအခါ သူမက စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမ၏အမြင်တွင် အဆင့်တစ်နတ်အစေခံတစ်ယောက်ကို သတ်ဖြတ်ရန် အလွန်တရာလွယ်ကူသောကြောင့် နတ်လက်နက်က သူမအပိုင် ဖြစ်နေပြီးသားပင်။

"မင်းသမီး အထဲမှာ နှစ်ယောက်ထပ်ရှိသေးတယ်"

ယွမ်ချင်းယုက ယဲ့ချန်ကို အထင်သေးစွာကြည့်နေစဥ် ကျိရင်က အလောင်းကိုစစ်ဆေး၍ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် သူတို့ဘက်တွင် အဆင့်တစ်ဆယ်ခြောက်ယောက်အပါအဝင် ၁၇ယောက်ရှိသောကြောင့် သူမက စိတ်ထဲမထည့်ဘဲ နှာခေါင်းရှုံ့လိုက်သည်။

"သူတို့ရဲ့နတ်လက်နက်ကို သတိထားပါ"

ဤသက်လတ်ပိုင်းလူ ပိုင်ဆိုင်ထားသော နတ်လက်နက်အမျိုးအစားကို မသိသောကြောင့် သတိထားရန် ကျိရင်က ပြောလိုက်ခြင်းဖြစ်သည်။ ပိုင်နက်သားရဲ၏အလောင်းကိုပင် ဖြတ်တောက်နိုင်သော လက်နက်၏အစွမ်းကို နတ်အစေခံများ ခုခံနိုင်မည်မဟုတ်ပေ။ နဂါးဘုရင်နှင့် ထန်းယွမ်က အလောင်း၏ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး တိုက်ခိုက်ရန် အချိန်အခါကောင်းကို စောင့်ဆိုင်းနေသည်။

"ယဲ့ချန် ငါတို့ထွက်ပြေးမလား။ တိုက်ခိုက်မလား"

နဂါးဘုရင်က စိတ်ချင်းဆက်သွယ်၍ အကြံတောင်းလိုက်သည်။ အကယ်၍ သူတို့က တိုက်ခိုက်လျှင် ရှုံးနိမ့်ရန်များပြီး ထွက်ပြေးလျှင်လည်း လက်ထဲရောက်နေသည့် အမြုတေကို လက်လွှတ်ရ​ပေလိမ့်မည်။

"ထွက်ပြေးလည်း အကြောင်းမထူးဘူး။ သူတို့ထဲကတစ်ယောက်မှာ ကျုပ်တို့အရှိန်အဝါကို ထောက်လှမ်းနိုင်တဲ့ စွမ်းရည်ရှိတယ်။ အနှေးနဲ့အမြန် ရှာတွေ့သွားလိမ့်မယ်။ ဒီသတင်းသာ ပေါက်ကြားသွားလို့ကတော့ ကျုပ်တို့တင် မဟုတ်ဘူး။ ကောင်းကင်မူလကြယ်ပါ အဆုံးသတ်သွားနိုင်တယ်"

ယဲ့ချန်က လေးနက်စွာ ရှင်းပြလိုက်သည်။

"တိုက်ခိုက်ရင်လည်း ငါတို့က သုံးယောက်တည်း။ အနိုင်ရဖို့ မလွယ်လောက်ဘူး"

ထန်းယွမ်က မျက်မှောင်ကြုတ်၍ ခေါင်းယမ်းလိုက်သည်။ တစ်ဖက်တွင် အဆင့်တစ်ဆယ်နတ်အစေခံများရှိနေသည့်အပြင် ကျန်လူများကလည်း ရိုးရှင်းပုံမရချေ။

"နင်တို့ ဘယ်ကလာတာလဲ။ ဘယ်သူတွေလဲ ပြောစမ်း။ ငါ့ကို နတ်လက်နက်ပေးရင် အသက်ချမ်းသာပေးမယ်"

ယွမ်ချင်းယု၏ညာလက်အတွင်း ကျာပွတ်တစ်ခုက မြွေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။ သူမသည် ကြောင်က ကြွက်ကိုကစားနေဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး မောက်မာစွာ ခြိမ်းခြောက်လိုက်သည်။ သူမ၏စကားကြောင့် တစ်ဖက်လူသည် ပိုင်နက်သားရဲ၏အလောင်းကို ထိုးဖောက်နိုင်သည်မှာ နတ်လက်နက်ကြောင့်ဟု အထင်မှားနေကြောင်း ယဲ့ချန်က နားလည်လိုက်သည်။

"နတ်လက်နက်ကိုပေးရင် ကျုပ်တို့ကို တကယ်လွှတ်ပေးမှာလား"

သူက ကြောက်လန့်ချင်ယောင်ဆောင်၍ အောက်ကျို့မေးလိုက်သည်။

"ငါက ရင်ယွမ်ကြယ်ရဲ့မင်းသမီးပဲ။ အမြဲတမ်း စကားတည်တယ်"

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ယွမ်ချင်းယုက မောက်မာစွာ ဖြေလိုက်သည်။ သူမ၏အပြင်ပန်းသွင်ပြင်က လှပသော်လည်း အကြောင်းသိသူများသည် သူမ၏စိတ်နှလုံးက မြွေတစ်ကောင်ပမာဖြစ်ကြောင်း နားလည်ကြသည်။

"နတ်လက်နက်ရပြီးရင် လွှတ်ပေးရမယ် ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ ဒီသုံးယောက်ကို လွှတ်ပေးလိုက်ရင် ရင်ယွမ်ကြယ်မှာ နတ်လက်နက်ရှိတဲ့အကြောင်း သတင်းပြန့်သွားမှာပေါ့။ ငါ ဒီလောက်မတုံးဘူး"

သူမက စိတ်ထဲမှ ဤသို့တွေးနေခြင်းဖြစ်သည်။

"ကောင်းပြီ။ ဒါဆိုရင် နတ်လက်နက်ကို ပေး...ပေးပါမယ်"

ယဲ့ချန်က စိတ်ထဲတွင် လွန်ဆွဲနေဟန်ဖြင့် အတွေးနက်နေဟန်ဆောင်လိုက်ပြီး အချိန်တစ်ခုအကြာတွင် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တုန်ရီစွာ ဖြေလိုက်သည်။ သူ၏ညာလက်အတွင်း တဖိတ်ဖိတ်တောက်ပ၍ သလင်းကျောက်ပမာ ဖောက်ထွင်းမြင်ရပြီး အလွန်လှပသော ကောင်းကင်ဓားပျံတစ်လက် ထွက်ပေါ်လာသည်။

"ဒါက နတ်လက်နက်မဟုတ်ဘူး။ ကောင်းကင်ချီနဲ့ဖန်တီးထားတာ မဟုတ်လား။ ငါ့ကို အရူးလုပ်ချင်နေတာလား"

ယွမ်ချင်းယုက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး အော်ဟစ်ငေါက်ငမ်းလိုက်သည်။

"မင်းသမီးကို ကျုပ်က ဘယ်လိုလုပ်လိမ်ရဲပါ့မလဲ။ ဒါက လောကဝိညာဥ်နဲ့ သက်ဆိုင်နေပါတယ်။ အထင်မသေးပါနဲ့။ လက်နက်ဝိညာဥ်က မင်းသမီးရဲ့စကားကိုကြားပြီး ဒေါသထွက်သွားရင် ပြဿနာတက်ပါလိမ့်မယ်"

ယဲ့ချန်က သူ့ကိုယ်သူ ရည်ရွယ်ချက်ရှိရှိနှိမ့်ချ၍ ဖြေလိုက်သည်။

"လောကဝိညာဥ်နတ်လက်နက် ဟုတ်လား။ ဒါဆိုရင် နင် ဘယ်လိုသက်သေပြမှာလဲ"

ယွမ်ချင်းယုက ယဲ့ချန်ကို သံသယဖြင့် စိုက်ကြည့်နေခဲ့သည်။ စိတ်ကူးမရနိုင်လောက်အောင် ဆန်းကျယ်သော လောကဝိညာဥ်များ အမှန်တကယ်တည်ရှိသဖြင့် ဤဓားပျံက နတ်လက်နက်ဖြစ်နိုင်သည်။ ထိုအချိန်တွင် ယဲ့ချန်က သိုလှောင်အိတ်အတွင်းမှ အဆင့်တစ်ဆယ်တာအိုလက်နက်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ကောင်းကင်ဓားပျံဖြင့် ပိုင်းချလိုက်သောအခါ ၎င်းက အသံတစ်ချက်ပင်မထွက်ဘဲ တိတိရိရိ ပြတ်ကျသွားသည်။ ပြတ်ရာကချောမွေ့နေသဖြင့် ကောင်းကင်ဓားပျံက အဆင့်တစ်ဆယ်တာအိုလက်နက်ကို တို့ဟူးပမာ လှီးဖြတ်နိုင်ကြောင်း သက်သေပြနေသည်။ ဤမြင်ကွင်းကြောင့် ရန်သူများက လောကတက်လာပြီး အမှန်တကယ် နတ်လက်နက်ဖြစ်နိုင်ကြောင်း လက်ခံလိုက်သည်။

"အစွမ်းထက်လိုက်တဲ့ လက်နက်ပါလား"

ယွမ်ချင်းယုက တအံ့တသြရေရွတ်လိုက်ပြီး ဓားပျံကို ကြည့်နေသော မျက်ဝန်းများတွင် လောဘအရောင် တောက်လာခဲ့သည်။

"ဒါကို မင်းသမီးဆီ ဆက်သပါမယ်။ ကျုပ်ကို အသက်ချမ်းသာပေးပါ"

ယဲ့ချန်က ဓားပျံကို မြှောက်ပြလိုက်သည်။

"ငါ့ကို အရူးထပ်လုပ်ချင်နေတာလား"

"မင်းသမီးက ဘာ​ပြောချင်တာပါလဲ"

"ပိုင်နက်သားရဲအလောင်းထဲမှာ နောက်ထပ်နှစ်ယောက်ရှိနေတယ်။ သူတို့က အသားတွေကို လှီးဖြတ်နေတာဆိုတော့ ဓားပျံက သေချာပေါက် သုံးလက်ရှိရမယ်။ ငါ့ကို အကုန်ပေးရင် အသက်ရှင်ရမယ်။ မဟုတ်လို့ကတော့ ထာဝရကြယ်သင်္ချိုင်းထဲမှာ သေရမယ်"

ယွမ်ချင်းယုက အေးစက်စက် သတိပေးလိုက်သည်။

"မင်းသမီးက ဉာဏ်ထက်လှပါတယ်။ ကျုပ်တို့မှာ ဓားပျံသုံးလက် တကယ်ရှိပါတယ်။ အကုန်ပေးမှာဖြစ်လို့ ကျေးဇူးပြုပြီး ညှာတာပေးပါ"

ယဲ့ချန်၏မျက်လုံးများတွင် အတုအယောင်ကြောက်စိတ်များ ထင်ဟပ်နေသည်။

"ဝှစ် ဝှစ်"

အလောင်းအတွင်းရှိနေသော နဂါးဘုရင်နှင့် ထန်းယွမ်က ပြိုင်တူပြုံးလိုက်ကြပြီး ဓားပျံနှစ်လက် ထွက်ပေါ်လာသည်။ ယဲ့ချန်က ၎င်းတို့ကိုဖမ်းယူလိုက်ပြီး လက်ဝါးဖြန့်လိုက်သောအခါ ဓားပျံသုံးလက်က လက်ဝါးအထက် လေထဲတွင် မျောလွင့်နေသည်။

"နင်ရဲ့ လူနှစ်ယောက်က မျက်နှာထွက်မပြရဲဘူးလား"

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ သူတို့က ရုပ်ဆိုးလွန်းလို့ မင်းသမီးထိတ်လန့်သွားမှာ စိုးရပါတယ်"

ယဲ့ချန်က ဓားပျံများကို နှမြောနေဟန်ဖြင့် စိတ်ဓာတ်ကျချင်ယောင်ဆောင်နေသည်။ ယဲ့ချန်၏စကားကို ကြားသောအခါ ယွမ်ချင်းယုက လှောင်ပြုံးပြုံးလိုက်သည်။ အလောင်းအတွင်းရှိနေသူများကို သူမ အန္တရာယ်ပေးမည်စိုးသဖြင့် ယဲ့ချန်က ကာကွယ်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သူမ၏အကြည့်က ဓားပျံများထံ ကျရောက်သွားပြီး ၎င်းတို့ကိုသာ ရင်ယွမ်ကြယ်သို့ ပြန်ယူသွားနိုင်လျှင် ယွမ်တက သေချာပေါက် ကျေနပ်ပေလိမ့်မည်။ ထို့အပြင် သူမကိုပင် လက်နက်တစ်ခုဆုချရန် ဖြစ်နိုင်လေသည်။

All Chapters