← Chapters

ဝိညာဥ်လင်းတသားရဲ

Vol. 55 Ch. 763

ဝိညာဥ်လင်းတသားရဲ

Vol. 55 Ch. 763

ကောင်းကင်ဓားပျံသုံးလက်ကို ကြည့်နေသော ယွမ်ချင်းယု၏မျက်လုံးများတွင် လောဘစိတ်များ အတောမသတ်နိုင်အောင် ထွက်ပေါ်လာသည်။ လောကဝိညာဥ်နှင့် ပတ်သက်နေသော နတ်လက်နက်တစ်ခုက သေချာပေါက် အစွမ်းထက်ပေလိမ့်မည်။

"မန်ရင် တန်ရင် တုရင် ဓားတွေကို သွားယူကြစမ်း"

သူမက နောက်လိုက်သုံးယောက်ကို အမိန့်ပေးလိုက်ပြီး မျက်လုံးအတွင်း၌ ကောက်ကျစ်မှုများ ရှိနေသည်။ သူမက နတ်လက်နက်များကို အရယူရန်အတွက် နောက်လိုက်များကို စေခိုင်းပြီးလျှင် ယဲ့ချန်တို့သုံးယောက်ကို သတ်ဖြတ်ပစ်မည်ဖြစ်သည်။ သူမ၏အမြင်တွင် တစ်ဖက်လူက အလွန်တုံးအပြီး အမှန်တကယ်အသက်ရှင်လိမ့်မည်ဟု ထင်မြင်နေခြင်းဖြစ်သည်။ နတ်လက်နက်များသာမရှိလျှင် သူတို့က သွားမပါသော ကျားများပမာဖြစ်သည်။ နတ်လက်နက်များကို လက်လွှဲမပေးလျှင်လည်း သူမက သတ်ဖြတ်ပေလိမ့်မည်။

"ရွံစရာပုရွက်ဆိတ်တွေ"

ယွမ်ချင်းယုသည် သူမရှေ့တွင် တုန်ရီ၍ ကြောက်လန့်ချင်ယောင်ဆောင်နေသော ယဲ့ချန်ကို စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ သူမက တစ်နည်းတစ်ဖုံရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသော်လည်း များစွာတွေးတောမနေခဲ့ပေ။ အဆင့်တစ်ဆယ် နတ်အစေခံသုံးယောက်က အမိန့်ကိုနာခံ၍ ရှေ့တက်လာကြပြီး သူ့ကို လှုပ်မရစေရန် အရှိန်အဝါများထုတ်ဖော်ကာ ဖိနှိပ်ထားကြသည်။ သူက မခုခံရဲဟန်ဖြင့် ဓားပျံများကို လက်လွှဲပေးလိုက်သော် မန်ရင်က ပထမဆုံးဆုပ်ကိုင်လိုက်ပြီး ဓားပျံက အပြင်းအထန်ရုန်းကန်နေကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် မန်ရင်က ကောင်းကင်ချီများကို အလျင်အမြန်လည်ပတ်ကာ ဓားပျံကို ဖိနှိပ်၍ ထိန်းချုပ်လိုက်သည်။ တန်ရင်ကလည်း နောက်ထပ်တစ်ချောင်းကို ဖိနိှပ်လိုက်ပြီး တုရင်က နောက်ဆုံးဓားပျံကို ထိန်းချုပ်ပြီးချိန်၌ ကောက်ကျစ်စွာပြုံး၍ ဓားပျံကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သောခဏတွင် ဘယ်ဘက်လက်ဝါး၌ စွမ်းအင်များစုစည်းပြီး ယဲ့ချန်ကို ရိုက်ချလိုက်သည်။ လက်ဝါးအလင်းက လေကို ဖြတ်သန်းထိုးဖောက်၍ တရွှီးရွှီးမြည်ကာ ကျဆင်းလာသည်။

ထိုအခိုက်၌ ယဲ့ချန်၏မျက်လုံးများ ချက်ချင်းအေးစက်သွားကာ တစ်ချက်ကြုံးဝါးလိုက်ပြီး ဓားပျံများကို ထိန်းချုပ်ကာ ကိုယ့်ကိုကိုယ်ကာကွယ်ရန် ကောင်းကင်ချီများ စုစည်းလိုက်၏။

"သေစမ်း"

မန်ရင်တို့သုံးယောက်၏လက်အတွင်း ရှိနေသော ဓားပျံများက ထိန်းချုပ်မှုကင်းလွတ်သွားကာ ရင်ဘတ်ထံ ဦးတည်ဝင်ရောက်လာကြသည်။ သူတို့က ခုခံချင်သော်လည်း နောက်ကျသွားပြီဖြစ်ကာ အလွန်ထက်ရှသော ဓားသွားများက အတွင်းချပ်ဝတ်များကို ထိုးဖောက်ကာ ကိုယ်တွင်းသို့ အလွယ်တကူ ကျူးကျော်လာကြသည်။

"ဘန်း"

သွေးများပန်းထွက်နေသော အပေါက်သုံးခုက သူတို့၏ရင်ဘတ်များတွင် တစ်ချိန်တည်းဖြစ်ပေါ်လာကာ သွေးများ ပြန့်ကြဲကုန်သည်။ သူတို့က မယုံနိုင်ဟန်ဖြင့် ကိုယ့်ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိကြသည်။ သူတို့လက်အတွင်းရောက်ရှိနေသော လက်နက်များက ထိန်းချုပ်မှုကင်းလွတ်သွားကာ တန်ပြန်တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ပေ။ သူတို့၏ကောင်းကင်ချီအကာအကွယ်နှင့် အတွင်းချပ်ဝတ်များပင် ၎င်းတို့ကိုမခုခံနိုင်ခြင်းအား ပို၍မမျှော်လင့်ထားချေ။ ဘန်းခနဲမြည်သံတစ်ချက်တွင် ဓားပျံများက သူတို့၏နှလုံးသားများကို အပိုင်းပိုင်းအစစဖြစ်အောင် ဖောက်ခွဲလိုက်ကာ စွမ်းအင်များက ခေါင်းကို ကြေမွသွားစေသည်။ အဆင့်တစ်ဆယ် နတ်အစေခံသုံးယောက်က ဤသို့အသတ်ခံလိုက်ရပြီး ဤမျှအလွယ်တကူသေဆုံးသွားမည်ကို မျှော်လင့်ထားခြင်း မရှိပေ။

"ဘုန်း"

တုရင်၏လက်ဝါးရိုက်ချက် ထိမှန်ခံလိုက်ရသော ယဲ့ချန်က လွင့်ထွက်သွားကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ တုရင်၏လက်ဝါး ကျဆင်းမလာခင် ဓားပျံက ဦးစွာတိုက်ခိုက်နိုင်ခဲ့သောကြောင့် လက်ဝါးချက်အင်အားက လျော့နည်းသွားသောကြောင့် သူက ကံကောင်းသွားခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ထိုလက်ဝါးချက်၌ သူက အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ သူက နှာခေါင်းတစ်ချက်ရှုံ့၍ ရန်သူသုံး​ယောက်၏ အလောင်းများကို ကြည့်နေရာမှ ယွမ်ချင်းယုထံ စိုက်ကြည့်လိုက်၏။ ဤတစ်ကွက်တွင် သူက အဆင့်တစ်ဆယ် နတ်အစေခံသုံးယောက်ကို ရှင်းပစ်နိုင်ခဲ့သောကြောင့် ကိစ္စများက ပို၍လွယ်ကူလာပြီဖြစ်သည်။

"ကောက်ကျစ်တဲ့လူယုတ်မာ နင် ငါ့ကို လိမ်ရဲတယ်ပေါ့။ နင် ဆိုးဆိုးဝါးဝါး သေစေရမယ်။ သတ်ကြစမ်း"

အရာရာက ရုတ်တရက်ပြောင်းလဲသွားပြီး ပုရွက်ဆိတ်ဟု ထင်ထားသူက အဆိပ်ပြင်းမြွေတစ်ကောင်ဖြစ်နေကာ သူမ၏နောက်လိုက်သုံးယောက် အသတ်ခံလိုက်ရသောအခါ ယွမ်ချင်းယုက ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ ကျန်နတ်အစေခံများ၏ပစ်မှတ်က ယဲ့ချန်ဖြစ်လာချိန်တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာကာ သူတို့၏လမ်း၌ ပိတ်ထားလိုက်သည်။

"အရမ်းကောင်းတယ်။ ဒီကောင်တွေကို ငါ့တာဝန် ထားလိုက်"

နဂါးဘုရင်က တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်လက်ချက်ဖြင့် အဆင့်တစ်ဆယ်သုံးယောက် သေဆုံးသွားသောအခါ အဆင့်တစ်ဆယ်သုံးယောက်နှင့် ပို၍အားနည်းသူများသာ ကျန်ရစ်သောကြောင့် ဖိအားများစွာ လျော့ကျသွားခဲ့သည်။ လက်ရှိအခြေအနေ၌ တိုက်ခိုက်လျှင် အလွယ်တကူရှုံးနိမ့်မည်မဟုတ်ကြောင်း နဂါးဘုရင်ရော ထန်းယွမ်ပါ နားလည်ထားကြသည်။ နဂါးဘုရင်က အဆင့်တူများထက် ပို၍သန်မာပြီး အဆင့်တစ်မျိုးနွယ်၏ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော ထန်းယွမ်က ပို၍သန်မာသည်။ ရန်သူများက ဒေါသတကြီးအော်ဟစ်၍ သူတို့ထံ ဝင်ရောက်လာသောအခါ နဂါးဘုရင်၏ကိုယ်က ရွှေရောင်တောက်ပလာကာ ဓားတစ်ချက်ယမ်းလိုက်ရုံဖြင့် မီတာတစ်ထောင်ရှည်သော ဓားအလင်း ထွက်ပေါ်လာသည်။

"ဝုန်း"

အဆင့်တစ်ဆယ် နတ်အစေခံများကြားမှ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်လေဟာနယ်က ဗြောင်းဆန်သွားကာ မန်ရင်တို့၏အလောင်းများ လွင့်ထွက်သွားကြသည်။ နဂါးဘုရင်က အဆင့်တူရန်သူနှစ်ယောက်ကို လက်ရည်တူတိုက်ခိုက်နေပြီး ကျန်ရန်သူအားလုံးကို ထန်းယွမ်က တာဝန်ယူထားသည်။ နတ်အစေခံငါးယောက်က တာအိုလက်နက်ကိုယ်စီဖြင့် ထိုးခုတ်လာချိန်တွင် သူက တစ်လက်မပင်မရွေ့ဘဲ ရပ်နေသောကြောင့် ဂရုမစိုက်ကြောင်း သိသာလှသည်။

"သေစမ်း"

လက်နက်ငါးခုက သူ့ကို ထိမှန်သွားသော်လည်း ဒင်ဒင်ဒေါင်ဒေါင်မြည်သံများသာ ထွက်ပေါ်လာကာ ကျိုးပဲ့ကုန်ပြီး သူက ဒဏ်ရာလုံးဝမရချေ။ လက်ရှိတွင် အဘွားအိုတစ်ယောက် ဟန်ဆောင်ထားသော သူ၏ရုပ်သွင်က ရန်သူများအတွက် ထူးဆန်းနေသည်။ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသော ရန်သူများမှာ ရုပ်ခန္ဓာ၏သန်မာမှုကြောင့် မယုံနိုင်ဖြစ်ကာ မင်သက်နေကြ၏။ သူက တစ်ချက်ပြုံး၍ လက်သီးတစ်ချက်ထိုးလိုက်သောအခါ အဆင့်ငါးနတ်အစေခံတစ်ယောက်ကို ထိမှန်သွားသည်။ ထိုလူ၏မျက်နှာက ရှုံ့မဲ့သွားကာ သွေးအန်ရင်း အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ အဆင့်တစ်မျိုးနွယ်၏ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီးနောက် သာမန်တိုက်ကွက်များက ထန်းယွမ်ကို မထိခိုက်နိုင်တော့ပေ။ အဆင့်ရှစ် နတ်အစေခံတစ်ယောက်၏ အားကုန်တိုက်ကွက်ပင်လျှင် သူ့ကို ဒဏ်ရာအနည်းငယ်သာ ရပေလိမ့်မည်။ သို့သော် သူက အရာရာကိုလျစ်လျူရှုထားပြီး လက်သီးများကို လက်နက်သဖွယ်အသုံးချကာ တိုက်ခိုက်လိုက်တိုင်း ရန်သူများ ဒဏ်ရာအပြင်းအထန် ရကုန်သည်။ ရန်သူများစွာကို တစ်ကိုယ်တော်တိုက်ခိုက်နေရသော်လည်း သူက များစွာထိခိုက်မှု မရှိချေ။

"မင်းတို့ ကစားထားလိုက်ကြဦး။ ငါ လုပ်စရာရှိတာ လုပ်ဦးမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ တိုက်ပွဲနှင့်ဝေးရာသို့ ခုန်ထွက်လိုက်သည်။ သူက အဆင့်တစ်နတ်အစေခံတစ်ယောက်ဖြစ်လာသည်မှာ အချိန်တိုတောင်းနေပြီး ဒဏ်ရာရထားသဖြင့် အဆင့်မြင့်ရန်သူများနှင့် တိုက်ခိုက်ရန် အခက်တွေ့နိုင်သည်။

"ငါ့မှာ မင်းလိုသစ္စာဖောက်သူငယ်ချင်းမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ"

ထန်းယွမ်က ရယ်ရယ်မောမောနှင့် စနောက်ရင်း ကျားတစ်ကောင်ပမာ ရက်ရက်စက်စက် တိုက်ခိုက်နေသည်။ ယဲ့ချန်ကြောင့်သာမဟုတ်လျှင် သူက အမြဲနာမကျန်းဖြစ်နေပြီး သန်မာသူတစ်ယောက်၏ခံစားချက်မျိုးကို နားလည်ရန် မဖြစ်နိုင်သောကြောင့် အလွန်ကျေးဇူးတင်နေခဲ့သည်။ သူက တိုက်ပွဲတစ်ခုကို ဆာလောင်နေသည်မှာ အလွန်ကြာနေခဲ့ပြီး လက်ရှိ၌ အဆုံးမရှိခွန်အားများ ပိုင်ဆိုင်ထားသည်။ လက်သီးများထိုးလိုက်တိုင်း ဖြစ်ပေါ်လာသော အင်အားကြီးက သူ့ကို တပ်မက်စွဲလန်းစေသည်။ တာအိုလက်နက်များပင် သူ့ကိုထိခိုက်အောင် မလုပ်နိုင်သောအခါ အလွန်ပျော်ရွှင်ရသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူက အစစ်အမှန်အစွမ်းထက်သူတစ်ဦး ဖြစ်လာခဲ့သည်။

ယဲ့ချန်သည် မီတာရာချီအဝေးသို့ ဆုတ်ခွာသွားကာ ဓားပျံများထုတ်ဖော်၍ ကိုယ့်ကိုကိုယ် လှည့်ပတ်ထားလိုက်သည်။ ရန်သူများက သူ မည်မျှသန်မာကြောင်း မသိသော်လည်း ဓားပျံများကို ရှိန်နေသဖြင့် လာရောက်တိုက်ခိုက်ရန် သတ္တိမရှိချေ။ ထိုလက်နက်များက အဆင့်တစ်ဆယ်နတ်အစေခံများကို အလွယ်တကူသတ်ဖြတ်သွားသည်မှာ သူတို့မျက်မြင်ဖြစ်သည်။ သူတို့၏ရုပ်ခန္ဓာများက ထိုသုံးယောက်အောက် နိမ့်ကျသည်ဖြစ်ရာ သေလမ်းရှာခြင်းကို မလုပ်ဝံ့ပေ။ နဂါးဘုရင်နှင့် ထန်းယွမ်သည်လည်း ယွမ်ချင်းယုထင်ထားသည်ထက် ပို၍သန်မာနေကာ သူမ၏နောက်လိုက်များကို တိုက်ခိုက်နိုင်စွမ်းရှိနေသည်။

ထိုအချိန်၌ သူမ၏စိတ်ထဲတွင် နောင်တအချို့ ဖြစ်ပေါ်လာသည်။ သူမက မောက်မာ၍ မာနကြီးသော ပင်တိုင်စံမင်းသမီးတစ်ပါးဖြစ်ကာ လောကကြီးအကြောင်း များစွာမသိချေ။ ယွမ်တ ဒဏ်ရာရနေသောကြောင့်သာ သူမက ခိုးထွက်လာနိုင်ခဲ့ပြီး လက်ရှိတွင် အပြင်လောကသည် ထင်ထားသည်ထက် များစွာပို၍အန္တရာယ်များကြောင်း နားလည်သွားခဲ့သည်။ ကြောက်လန့်ဟန်ဆောင်နေသော ကျင့်ကြံသူများက သူမမျက်စိရှေ့မှောက်မှာပင် ကြောက်စရာသားရဲကြီးများပမာ ပြောင်းလဲသွားကြသည်။

"ဝိညာဥ်လင်းတ ထွက်လာစမ်း"

သူမ၏မျက်ဝန်းများက စူးရှသွားပြီး ခပ်ဖြည်းဖြည်းမြည်သံတစ်ခုနှင့်အတူ ဧရာမလင်းတကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းက ဆယ်မီတာကျော်မြင့်ပြီး တောင်ပံအလျားက မီတာရာချီရှည်ကာ အလွန်အမင်းရုပ်ဆိုးပြီး မီးအိမ်ပမာ မျက်လုံးနီနီရဲရဲကြီးများကို ပိုင်ဆိုင်ထားသည်။ ၎င်းထွက်ပေါ်လာသည့်ခဏတွင်း သွေးဆာရက်စက်သော အရှိန်အဝါတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ၎င်းကို ယွမ်တက ယဥ်ပါးစေခဲ့ပြီး အစာကျွေးရန်အတွက် စစ်ဧကရာဇ်များ၊ နတ်အစေခံများနှင့် ရတနာများစွာကို စတေးခဲ့ရသဖြင့် အကုန်အကျအလွန်များခဲ့သည်။ နောက်ဆုံးတွင် ၎င်းက အဆင့်တစ်ဆယ်နတ်အစေခံဖြစ်လာပြီး အစစ်အမှန်ခွန်အားက အဆင့်တူများထက် သာလွန်ကာ ရင်ယွမ်ကြယ်ပေါ်၌ ယွမ်တပြီးလျှင် ဒုတိယလိုက်သူဖြစ်သည်။

"ဂီး"

လင်းတကြီးက ခေါင်းမော့၍ ကောင်းကင်သို့မြည်ဟီးလိုက်ရင်း အတောင်ပံများကို ဖြန့်လိုက်သောအခါ မီးများတောက်လောင်လာသည်။ အဝေးတစ်နေရာ၌ အသတ်ခံထားရသော မန်ရင်တို့၏ဝိညာဥ်သုံးခုမှာ ဟင်းလင်းပြင်အတွင်း မျောလွင့်နေဆဲဖြစ်ပြီး နားခိုရာ မရှိသေးပေ။ ၎င်းက ပါးစပ်ကိုဟ၍ ထိုဝိညာဥ်များကို စုပ်ယူလိုက်သောအခါ ခန္ဓာကိုယ်အတွင်းမှ အလွန်နာကျင်သဖြင့် အော်ဟစ်လိုက်သော အသံနက်ကြီးများ ထွက်ပေါ်လာသည်။ ထိုအော်သံများကြောင့် ယွမ်ချင်းယု၏နောက်လိုက်များမှာ ကြောက်လန့်သွားပြီး အစွမ်းကုန်တိုက်ခိုက်လာကြသည်။ သူတို့သာ အသတ်ခံလိုက်ရလျှင် ဝိညာဥ်များကို ၎င်းက ဝါးမျိုသွားပြီး ထာဝရနှိပ်စက်ခံရမည် ဖြစ်သောကြောင့်ပင်။

နဂါးဘုရင်နှင့် ထန်းယွမ်သည် ရန်သူများစွာကို တိုက်ခိုက်နေရသော်လည်း ရှုံးနိမ့်ခြင်းမရှိဘဲ လက်ရည်တူထိန်းထားနိုင်နေသည်။ အဝေးမှထွက်ပေါ်လာသော လင်းတကြီးကြောင့် သူတို့က စိုးရိမ်စပြုလာကြသည်။ ယွမ်ချင်းယု၌ အစွမ်းထက်ဝှက်ဖဲတစ်ခု ပါလာမည်ဟု သူတို့က လုံးဝမျှော်လင့်မထားပေ။

All Chapters