← Chapters

နတ်ခန္ဓာ ထွက်ပေါ်လာခြင်း

Vol. 55 Ch. 764

နတ်ခန္ဓာ ထွက်ပေါ်လာခြင်း

Vol. 55 Ch. 764

"လင်းတ သူ့ကို သတ်စမ်း"

ယွမ်ချင်းယုက ယဲ့ချန်ကို လက်ညှိုးညွှန်ပြ၍ မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် အမိန့်ပေးလိုက်သည်။ သူမကို လိမ်သွားပြီး အဆင့်တစ်ဆယ် နတ်အစေခံဆယ်ယောက်ကို သတ်ဖြတ်ခဲ့သောကြောင့် အရှက်ရခဲ့သဖြင့် ထာဝရနာကျင်ခံစားရစေရန် လိုချင်နေခဲ့သည်။ မျက်လုံးများနီရဲနေသော လင်းတသည် တောင်ပံများကို ခတ်လိုက်သောအခါ လေမုန်တိုင်းကြီးဖြစ်ပေါ်လာ၍ ၎င်းက လေဟုန်စီးကာ ပစ်မှတ်ထံ ထိုးသုတ်လိုက်သည်။ ယဲ့ချန်က ခွန်အားချင်းမမျှ၍ အဝေးသို့ခုန်ထွက်ကာ ရှောင်တိမ်းလိုက်သော်လည်း ၎င်းက အလွန်မြန်ဆန်နေပြီး သံမဏိကဲ့သို့ထက်ရှသော လက်သည်းများ ကျရောက်လာခဲ့သည်။ တိုက်ခိုက်ခံရကာနီးတွင် သူက ဆည်းဆာနတ်ဓားကိုဆွဲထုတ်၍ အေးစက်စက် စိုက်ကြည့်လိုက်၏။

"သေစမ်း"

သူက ကြုံးဝါး၍ ဓားကို လင်းတထံ လွှဲခုတ်လိုက်သောအခါ ဧရာမဓားအလင်း ထွက်ပေါ်လာ၏။ နေဝင်သွားသကဲ့သို့ ဆည်းဆာအချိန် ကျရောက်လာသကဲ့သို့ ဓားချီဖြတ်သန်းသွားသော နေရာတိုင်း၌ အဆုံးမဲ့အမှောင်ထု ကျရောက်လာသည်။

"ဘုန်း"

ဓားအလင်းက လင်းတကို ထိမှန်သွားသောအခါ ပေါက်ကွဲသံတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။ တန်ပြန်လှိုင်းများကြောင့် ယဲ့ချန်၏ အပေါ်ပိုင်းအဝတ်အစားများ စုတ်ပြဲသွားသကဲ့သို့ သွေးချင်းချင်းနီသွားကာ သွေးများအန်ထွက်၍ လွင့်ထွက်သွားခဲ့ရသည်။ လင်းတသည်လည်း ဓားချက်ကြောင့် ဒဏ်ရာရသွားပြီး နာကျင်စွာအော်ဟစ်၍ လေထဲတွင် လိမ့်ထွက်သွားခဲ့သည်။ ဆည်းဆာနတ်ဓားကြောင့် ၎င်း၏ရင်ဘတ်တွင် ကုသမရသော ဒဏ်ရာတစ်ခုဖြစ်ပေါ်လာပြီး မီးမြှိုက်ခံနေရသကဲ့သို့ နာကျင်စေသည်။ ၎င်းက ပို၍ဒေါသထွက်လာသောကြောင့် ယဲ့ချန်ကို ကြည့်နေသည့် အကြည့်များက ပိုမိုရက်စက်ကြမ်းကြုတ်လာပုံရသည်။ သူက ၎င်းကို ဒဏ်ရာရစေနိုင်ခဲ့သော်လည်း တန်ပြန်လှိုင်းများကြောင့် တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်​နေကာ ကောင်းကင်ချီများလည်း ​ဗြောင်းဆန်နေသည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးသည်လည်း ရိုက်ခတ်ခံလိုက်ရသောကြောင့် တုန်ခါနေကြသည်။

လင်းတက အော်မြည်၍ နောက်တစ်ကြိမ်တိုးဝင်လာပြီး ပါးစပ်အတွင်းမှ မီးတောက်တစ်ခုထုတ်ဖော်ကာ ထွေးထုတ်လိုက်၏။ မရေမတွက်နိုင်သော မီးတောက်များက ယဲ့ချန်ထံ ဘက်ပေါင်းစုံမှ ဝင်ရောက်လာချိန်တွင် အရှိန်အဝါဖြင့် ဖိနှိပ်ခံထားရသောကြောင့် မလှုပ်နိုင်ခဲ့ပေ။ ဤမြင်ကွင်းကြောင့် နဂါးဘုရင်နှင့် ထန်းယွမ်က စိုးရိမ်သွားကြပြီး ယဲ့ချန်ကို ကယ်တင်ပေးချင်သော်လည်း ရန်သူများနှင့် တိုက်ခိုက်နေရသည်။

"နင်တို့သုံးယောက်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်။ နင့်ကို သေတဲ့အထိ နှိပ်စက်ပြမယ်"

လင်းတ၏မီးတောက်များကို မြင်သောအခါ ယွမ်ချင်းယုက မောက်မာစွာပြုံး၍ ကဲ့ရဲ့လိုက်သည်။ မီးတောက်များနှင့် ရင်ဆိုင်နေရသော ယဲ့ချန်၏မျက်လုံးများ တင်းမာလာပြီး လက်ရှိတွင် သူ၏အတွေး၌ ထွက်ပြေးရမည့်အစား တိုက်ခိုက်ရန်တစ်ခုသာ ရှိနေသည်။

"သေစမ်း"

သူက အော်ဟစ်ကြုံးဝါး၍ ရာချီသော ကောင်းကင်ဓားပျံများကို ထုတ်ဖော်ကာ လင်းတထံ ပစ်ခတ်လိုက်သကဲ့သို့ ဆည်းဆာနတ်ဓားဖြင့်လည်း ခုတ်ပိုင်းလိုက်၏။

"ဘုန်း"

လင်းတ၏မီးတောက်များက သူ့ကို ဖုံးအုပ်သွားချိန်တွင် ထန်းယွမ်က စိုးရိမ်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူက ရုတ်တရက် ဒေါသထွက်သွားကာ ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ရန်သူသုံးယောက်က သူ၏လက်သီးတစ်ချက်တွင် ဘုန်းခနဲ လွင့်သွားသော်လည်း အဆင့်တစ်ဆယ်နတ်အစေခံက သူ့ကို လမ်းပိတ်ထားသည်။ သူက လက်သီးဖြင့် အားကုန်ထိုးချလိုက်သောအခါ ထိုရန်သူလည်း သွေးအန်၍ နောက်ဆုတ်သွားရသည်။ နဂါးဘုရင်သည်လည်း ဒေါသတကြီးဖြင့် ကိုယ့်ကိုကိုယ်ကာကွယ်ရန် အလေးမထားဘဲ တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် ရန်သူနှစ်ယောက် ဒဏ်ရာရသွားသကဲ့သို့ သူကိုယ်တိုင်လည်း ဒဏ်ရာရသွားခဲ့သည်။ မီးတောက်များအတွင်းမှ ဓားများ ထွက်ပေါ်လာကာ လင်းတ၏ခေါင်းအတွင်း ထိုးစိုက်သွားကြရာ ဖြူတစ်ကောင်ပမာ ဖြစ်သည်။ ၎င်းတို့က တပြိုင်နက်ပေါက်ကွဲသွားသောအခါ လင်းတ၏ဦးခေါင်းမှာ စုတ်ပြတ်သွားပြီး ဓားအလင်းကလည်း ရုပ်ခန္ဓာကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

ယဲ့ချန်၏ ရေကုန်ရေခမ်းတိုက်ခိုက်မှုက လင်းတကို အောင်မြင်စွာ သတ်နိုင်ခဲ့သော်လည်း မီးတောက်များ၏ လောင်ကျွမ်းခြင်းခံနေရသည်။ မြင့်မားလှသော အပူချိန်ကြောင့် ရုပ်ခန္ဓာက အရည်ပျော်ကျနေပြီး ခြေလက်များ လောင်ကျွမ်းခံနေရသည်။ ပြင်းထန်လှသော နာကျင်မှုထွက်ပေါ်လာကာ ထိုမီးတောက်သည် ရုပ်ခန္ဓာကိုသာမက ဝိညာဥ်ကိုပင် လောင်ကျွမ်းစေခဲ့သည်။ မီးတောက်များအတွင်း သူ၏ရုပ်ခန္ဓာ ပျောက်ကွယ်သွားသော်လည်း ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးက လည်ပတ်နေဆဲပင်ဖြစ်သည်။ ၎င်းတို့က နောက်တစ်ဖန်ပြောင်းလဲသွားပြီး သူ၏အတွေးများက စကြဝဠာနှင့် ပေါင်းစပ်သွားသကဲ့သို့ ထင်မှတ်ရသည်။

"သက်ရှိအရာအားလုံးက နာကျင်မှုကိုခံစားရပြီး ရုပ်ခန္ဓာက အခွံသာဖြစ်တယ်"

ယဲ့ချန်သည် စကြဝဠာအတွင်းပိုင်းမှ သက်တန့်အလင်းများကို မြင်လိုက်ရပြီး မည်သည့်နေရာဖြစ်ကြောင်း မသိရသော်လည်း နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက ထိုနေရာကို စပ်စုချင်သော်လည်း မျက်တောင်တစ်ခတ်အတွင်း အရာရာဝေဝါး ပျောက်ကွယ်သွားသည်။ ဒန်တန်အတွင်းရှိ ရွှေရောင်ပုံရိပ်ငယ်က ကြယ်ကိုးလုံးကို ဝါးမျိုလိုက်ပြီး သာမန်ရုပ်ခန္ဓာအရွယ်အစားအထိ ကြီးမားလာကာ စိတ်ဝိညာဥ်ကို ထိန်းသိမ်းလိုက်သည်။ ဤအရာက အစစ်အမှန်ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာဖြစ်ပြီး သူ စုပ်ယူခဲ့သော နတ်သစ်သီးများက ရုပ်ခန္ဓာကို အနည်းငယ်သာတိုးတက်စေခဲ့ပြီး ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကသာ ဆေးအာနိသင်အများစုကို စုပ်ယူသွားခဲ့သည်။ အမှန်တကယ်၌ နတ်ခန္ဓာကို ဒန်တန်က ပြုစုပျိုးထောင်နေခြင်းဖြစ်ပြီး အသိစိတ်မရှိသော အခွံသက်သပ်ဖြစ်ကာ သူ၏အဆင့်မြင့်တက်လာချိန်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ သူ၏နတ်ခန္ဓာက ခြင်္သေ့ကြီး၏နတ်ခန္ဓာထက် ပို၍သန်မာပြီး ကြယ်ကိုးလုံးက အကြောင်းအရင်းဖြစ်သည်။

ယဲ့ချန်သည် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ပြီးနောက် ခန္ဓာအတွင်းမှ အရှိန်အဝါတစ်ခု နိုးထလာကာ ဒန်တန်က အခြားလောကတစ်ခုပမာ အသွင်ပြောင်းသွားခဲ့သည်။ ကြယ်ကိုးလုံးကြားတွင် ရွှေရောင်ပုံရိပ်ငယ်အစား ခရမ်းရောင်နှင့် ရွှေရောင် ရောယှက်နေသော လူသေးသေးလေးတစ်ယောက် ထွက်ပေါ်လာကာ ကြယ်များထံ ခရမ်းရောင်ဟပ်စေခဲ့သည်။ ၎င်း၏ပတ်ဝန်းကျင်၌ အဆုံးမရှိ ဆန်းကျယ်မှုများ ပြည့်နှက်နေကာ မျက်လုံးမှိတ်ထားသော မျက်နှာက ယဲ့ချန်နှင့် တစ်ထေရာတည်းတူညီပြီး လောကတာအိုကို ဆင်ခြင်နေသည်။ ရွှေရောင်ပုံရိပ်က ယဲ့ချန်၏ရုပ်ခန္ဓာ ဖြစ်လာခဲ့သောကြောင့် ဤခရမ်းရောင်ပုံရိပ်ငယ်က ဒန်တန်အတွင်း ဖန်တီးခံလိုက်ရသော တတိယမြောက်ရုပ်ခန္ဓာ ဖြစ်ပုံရသည်။

ကြယ်ကိုးလုံးကြီးမားလာပြီး ဝိညာဥ်ကောင်များက ပို၍သန်မာလာကြောင်း ယဲ့ချန်က ခံစားနေရသည်။ ၎င်းတို့က ကြယ်များအပေါ်တွင် လေနှင့် မိုးကို ဆင့်ခေါ်၍ ရာသီဥတုဖြစ်ပေါ်လာစေကာ စွမ်းအင်စီးကြောင်းများစုစည်းရာမှ ကြယ်အမြုတေများပင် ဖြစ်ပေါ်လာသည်။ ထိုအချိန်၌ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ပိုမိုနားလည်ခဲ့ပြီး အဆင့်သုံးကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သကဲ့သို့ ကျင့်ကြံဆင့်ကလည်း နတ်အစေခံအဆင့်ငါးအထိ ဆက်တိုက်မြင့်တက်လာ၏။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက အဆင့်တစ်မျိုးနွယ်၏ခန္ဓာနှင့် အစွမ်းချင်းတူညီသော်လည်း ယဲ့ချန်၏နတ်ခန္ဓာက မပြည့်စုံသေးသဖြင့် အဆင့်တစ်ဆယ်အထိ မတက်သွားခြင်းဖြစ်သည်။ ၎င်းက အထွတ်အထိပ်အခြေအနေအထိ ပြောင်းလဲတိုးတက်လာရန် အချိန်တစ်ခု လိုအပ်နေပုံရသည်။

ထို့နောက် ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ် အဆင့်လေးကို စတင်ကျင့်ကြံနိုင်ပြီဖြစ်ကာ ခမ်းနားမြင့်မြတ်သော စာလုံးများက ဉာဏ်အလင်းပွင့်နေသော သူ၏စိတ်အတွင်း ဝင်ရောက်လာသည်။ ၎င်းက အချိန်နှင့် လေဟာနယ်ကို ကျင့်ကြံခြင်းဖြစ်သောကြောင့် အချိန်နှင့် လေဟာနယ်ကို ခြယ်လှယ်နိုင်ပေလိမ့်မည်။ ကြယ်သခင်များသာ ဤသို့စွမ်းဆောင်နိုင်ပြီး စိတ်ကူးမရလောက်အောင် မြင့်မားသော ကျင့်ကြံဆင့်ဖြစ်သည်။ သို့သော် ဤကျင့်စဥ်၏ အဆင့်လေး၌ပင် ကြယ်သခင်အဆင့်ခွန်အားကို ပိုင်ဆိုင်စေသောကြောင့် နောက်ထပ်ငါးဆင့်ကျန်​နေသည်ဖြစ်ရာ ကြယ်သခင်ထက် ပို၍မြင့်မားသော အဆင့်များ ရှိနေနိုင်သည်။ ကျန်ငါးဆင့်က ပိုမိုခက်ခဲနက်နဲပြီး ကျင့်ကြံရန် လွယ်ကူမည်မဟုတ်ကြောင်း သူက နားလည်လိုက်သည်။ နတ်ခန္ဓာအသက်ဝင်လာပြီးနောက် လင်းတ၏မီးတောက်များက သူ့ကို မနာကျင်စေနိုင်တော့သဖြင့် အပူချိန်ကို လုံးဝမခံစားရတော့ပေ။ ၎င်းတို့က အချိန်ခဏအတွင်း​ ငြိမ်းသွားသော်လည်း ယဲ့ချန်အဆင့်တက်နေစဥ်အတွင်း အချိန်က ရပ်တန့်နေပြီး လေးနာရီငါးနာရီခန့်က ဖြတ်ကျော်သွားခဲ့သည်။ ယဲ့ချန် ပြန်လည်ထွက်ပေါ်လာချိန်တွင် ရွှေရောင်အလင်းများက ဟင်းလင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး မည်သူမှ ရှင်းလင်းစွာမမြင်နိုင်ဘဲ မျက်စိများ ကျိန်းစပ်ကုန်သည်။ ခဏအကြာတွင် အလင်းများပျောက်ကွယ်သွားပြီး ရွှေရောင်အသားအရေမှ မူလအသားအရေသို့ ပြန်လည်ရောက်ရှိသွားကာ အစစ်အမှန်ခန္ဓာကိုယ် ပြန်လည်ထွက်ပေါ်လာသည်။

လင်းတ၏ မီးတောက်များကြောင့် ယဲ့ချန်က မသေသွားသည့်အပြင် အဆင့်တက်သွားသောကြောင့် ယွမ်ချင်းယုနှင့် နောက်လိုက်များမှာ ထိတ်လန့်တကြား ဖြစ်နေကြသည်။ ယွမ်တ မွေးမြူထားသော လင်းတက အသတ်ခံလိုက်ရသောအခါ သူမအတွက် ယုံကြည်ရန် အလွန်တရာခက်ခဲနေသည်။

"နင်...နင်...နင်"

ရွှေရောင်အလင်းများ ပျောက်ကွယ်၍ ယဲ့ချန်၏မျက်နှာ ထွက်ပေါ်လာသောအခါ ယွမ်ချင်းယုမှာ အံ့သြကြောက်လန့်သွားပြီး တုန်ရီစွာ အော်ဟစ်လိုက်မိလေသည်။

All Chapters