ရိုက်နှက်ခြင်း
Vol. 55 Ch. 765
"မင်းသမီး ငါတို့ တွေ့ကြပြန်ပြီ"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သော်လည်း ထိုအပြုံး၌ အေးစက်မှုများသာ ပါဝင်နေသည်။ သူက နေရောင်အောက်မှသူခိုးကျင့်စဥ်ကို ရုတ်သိမ်းလိုက်သောကြောင့် ယွမ်ချင်းယုက ချက်ချင်းမှတ်မိသွားခဲ့သည်။ သူအဆင်ပြေသည်ကို မြင်သောအခါ နဂါးဘုရင်နှင့် ထန်းယွမ်က စိတ်အေးသွားပြီး ပတ်ဝန်းကျင်မှ ရန်သူများကို တိုက်ခိုက်ရန် အာရုံစိုက်လိုက်ကြသည်။ လင်းတကို သူက သတ်လိုက်သောအခါ ယွမ်ချင်းယုက အလွန်ကြောက်လန့်နေပြီဖြစ်သည်။ သူက လင်းတ၏မီးတောက်များကြောင့် သေသွားရမည့်အစား အဆင့်တက်သွားခဲ့သည်။ အဆင့်မတက်ခင်က ခွန်အားဖြင့်ပင် ၎င်းကိုသတ်နိုင်ခဲ့ပြီး အဆင့်တက်ပြီးသွားသောအခါ ပို၍အစွမ်းထက်လာပေလိမ့်မည်။
"ယဲ့ချန် နင် မောက်မာနေပြန်ပြီလား။ ငါ့လူတွေကို ဒဏ်ရာရအောင် တိုက်ခိုက်ရဲတယ်ပေါ့။ ငါ့အဖေသာ သိသွားရင် ကောင်းကင်မူလကြယ်ကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်မယ်"
ယွမ်ချင်းယုက ခြိမ်းခြောက်လိုက်သည်။
"နင့်အဖေကို ဆွဲထည့်ပြန်ပြီလား။ နင်သာ ရင်ယွမ်ကြယ်ကို ပြန်မသွားနိုင်ရင် ဒီအကြောင်းကို ဘယ်သူက ပြန်ပြောဦးမှာလဲ။ နင်က ထာဝရကြယ်သင်္ချိုင်းထဲကို ခိုးထွက်လာပြီး အလောင်းမကျန်အောင် အသတ်ခံလိုက်ရတယ်လို့ သတင်းထွက်လာလိမ့်မယ်"
ယဲ့ချန်က လှောင်ရယ်လိုက်သည်။
"နင် ငါ့ကို သတ်မလို့လား"
ယွမ်ချင်းယု တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်ယင်သွားခဲ့သည်။ ယခင်ကဆိုလျှင် သူမက ယဲ့ချန်အား ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသည်ဟု လှောင်ရယ်မည်ဖြစ်သော်လည်း လက်ရှိ၌ သူက အထက်စီးသို့ ရောက်နေခဲ့သည်။
"နင်က ဘယ်လိုထင်နေတာလဲ။ နင် ငါ့ကိုသတ်ချင်နေတုန်းက ဒီရန်ကြွေးကို ဆယ်ဆပြန်ဆပ်ရမယ်လို့ ပြောခဲ့တယ်။ အစထဲက နင်က ငါ့ကိုသတ်ချင်နေမှတော့ ဘာကြောင့် အလွတ်ပေးရမှာလဲ"
ယဲ့ချန်၏ အေးစက်စက်အကြည့်က သူမထံ ကျရောက်လာသည်။
"ဒီကိစ္စကို ငါ့အဖေမသိအောင် ဖုံးထားနိုင်မယ် ထင်နေတာလား။ နင်တို့ အချိန်ခဏလောက် လိမ်ထားနိုင်ရင်တောင် သူက သေချာပေါက် စုံစမ်းလိမ့်မယ်။ အချိန်ကျရင် ကောင်းကင်မူလကြယ်တစ်ခုလုံး သုတ်သင်ခံရလိမ့်မယ်။ ယဲ့ချန် နင် အခုထွက်သွားမယ်ဆိုရင် ဘာမှမဖြစ်သလို သဘောထားပေးမယ်"
ယွမ်ချင်းယုက ကြောက်လန့်နေသော်လည်း မာန်တင်း၍ ခြောက်လှန့်လိုက်ပြီး ခါးတွင် ချိတ်ထားသော ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်၏။
"ယွမ်ချင်းယု နင်က ငါ့ကို သုံးနှစ်သား ထင်နေတာလား။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့ နင် သေရမယ်"
ယဲ့ချန်က သူမ၏စကားကို အလေးအနက်ထားမနေခဲ့ပေ။ ကောင်းကင်မူလကြယ်နှင့် ရင်ယွမ်ကြယ်က ရန်သူများဖြစ်နေပြီးသောကြောင့် သူမကို မသတ်လျှင်လည်း ယွမ်တက အလွတ်ပေးမည်မဟုတ်ချေ။ သူ၏စကားကြောင့် ယွမ်ချင်းယုက မျက်နှာပျက်သွားကာ အဆောင်တစ်ခုကို ချက်ချင်းချေမွ၍ ဓားပေါင်းရာချီကို ဆင့်ခေါ်လိုက်သည်။
"ခေါင်းမာတဲ့ကောင် နင့်ကို အသေသတ်မယ်"
သူမက လက်ထဲမှ ဓားဦးဖြင့် ယဲ့ချန်ကို ချိန်ရွယ်လိုက်၏။
"ဘယ်သူသေမယ်ဆိုတာ အတပ်ပြောနိုင်လို့လား။ ကြည့်ရသေးတာပေါ့"
ယဲ့ချန်က လှောင်ရယ်လိုက်သောအခါ သူမက ဓားရှည်ကို ပိုင်းချလိုက်သဖြင့် လေထဲမှ ဓားများက အလင်းတန်းများသဖွယ် တဖွဲဖွဲကျဆင်းလာသည်။ သူကလည်း ဆည်းဆာနတ်ဓားကိုမြှောက်၍ ယွမ်ချင်းယုထံ တဟုန်ထိုး ပြေးဝင်လာသည်။
"ဘန်း ဘန်း ဘန်း"
တန်ပြန်အားလှိုင်းများက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာသည်။ ယွမ်ချင်းယု၏ ဓားအစီအရင်ကို ယွမ်တ စီရင်ပေးထားခြင်းဖြစ်သောကြောင့် အလွန်အစွမ်းထက်ပြီး အသက်ကယ်ဝှက်ဖဲတစ်ချပ်ဖြစ်သည်။ သူမ၏ဓားအားလုံးက အဆင့်တစ်ဆယ် တာအိုလက်နက်များဖြစ်ကာ လက်ထဲရှိ ဓားရှည်က ကြယ်ဝိညာဥ် မဟာတာအိုလက်နက်ဖြစ်သည်။ သူမ၏ဆံပင်များက လေထဲတွင် တဖြတ်ဖြတ်လွင့်နေပြီး မောက်မာသော အရှိန်အဝါ ထွက်ပေါ်လာသည့်အပြင် ခွန်အားကလည်း လေးငါးဆတိုးတက်လာသည်။ ကြယ်သခင်တစ်ယောက်ကို အဖေတော်ထားရသဖြင့် သူမ၏ရတနာများကလည်း ပေါ့သေးသေး မဟုတ်ပေ။
ယဲ့ချန်က ရှေ့သို့ ဇွတ်တိုးဝင်လိုက်ပြီး ပတ်ဝန်းကျင်၌ ကောင်းကင်ဓားပျံရာချီကို ဖန်တီးထုတ်ဖော်လိုက်သောအခါ ကြောက်မက်ဖွယ်ဓားအလင်းများ အေးစက်စက် ထွက်ပေါ်လာ၏။ ဓားနတ်ဘုရားတစ်ပါးနှင့်ဆင်တူသော ယဲ့ချန်ထံမှ ဓားပျံများက ဓားအစီအရင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ၏အတွေးတစ်ချက်တွင် ဓားပျံများက လေးဘက်လေးတန်ပြန့်ထွက်သွားကာ ဓားအစီအရင်မှ ဓားများကို ချွင်ခနဲ နှစ်ပိုင်းပြတ်ထွက်သွားစေကာ ဖျက်ဆီးလိုက်သည်။ တစ်ကွက်တည်းဖြင့်ပင် သူက ရန်သူ၏ဓားအစီအရင်ကို ချေဖျက်ပစ်လိုက်ပြီး ဆက်လက်တိုးဝင်လာသောအခါ ယွမ်ချင်းယု၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်နေသည်။ သန်မာလွန်းသော ယဲ့ချန်ကို ရင်ဆိုင်ရန် မဟာတာအိုလက်နက်ရှိနေသောကြောင့် သူမက စိတ်တည်ငြိမ်စေရန် တင်းထားရသည်။ ထွက်ပြေးလျှင်လည်း သေလမ်းသာရှိသောကြောင့် တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိချေ။
"သေစမ်း"
သူမက ဓားကို ယမ်းလိုက်သောအခါ ဓားအလင်းတစ်ခုက ရွှေရောင်ရေတံခွန်ပမာ ယဲ့ချန်အပေါ် ဖြာကျလာခဲ့သည်။ ပြိုင်ဘက်ကင်းအလျင်ဖြင့် ချဥ်းကပ်လာသော ဓားအလင်းကြောင့် သူမ၏လက်နက်က မဟာတာအိုအဆင့်ဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ ဆည်းဆာနတ်ဓားက ၎င်းထက် ပို၍အဆင့်မြင့်သော်လည်း သူက အစွမ်းအနည်းငယ်ကိုသာ ထုတ်ဖော်နိုင်စွမ်းရှိနေသည်။ သို့သော် သူက နောက်မဆုတ်ဘဲ မားမားမတ်မတ်ရပ်၍ ဓားချင်းဆိုင်ခုတ်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
ဓားအလင်းချင်း ရင်ဆိုင်သွားချိန်၌ ကိုးကောင်းကင်မှ မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ ထစ်ချုန်းသွားသည်။ ထိုအချိန်၌ နဂါးဘုရင်နှင့် ထန်းယွမ်က တိုက်ပွဲတွင် အသာစီးရနေပြီး ထန်းယွမ်လက်ချက်ဖြင့် ရန်သူခြောက်ယောက် ဆက်တိုက်အသတ်ခံလိုက်ရသည်။ ပို၍သန်မာသော ရန်သူများမှာလည်း သူ၏လက်သီးချက်များတွင် အပြင်းအထန် ဒဏ်ရာရနေပြီဖြစ်သည်။
"သေစမ်း"
တိုက်ခိုက်ချိန်ကြာလေလေ ၊ထန်းယွမ်က ပို၍ရဲတင်းလေလေဖြစ်ကာ လက်သီးချက်ကို အားကုန်ထုတ်ဖော်လိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ အသန်မာဆုံးရန်သူဖြစ်သော အဆင့်တစ်ဆယ် နတ်အစေခံက ဇီဝိန်ချုပ်သွားခဲ့သည်။ အခြေအနေက တစ်ဖက်သတ်ဖြစ်သွားသောအခါ ယွမ်ချင်းယုက အလွန်စိုးရိမ်လာခဲ့သည်။ သူမ၏ခွန်အားဖြင့် မဟာတာအိုလက်နက်၏ အစွမ်းရာနှုန်းပြည့်ကို မထုတ်သုံးနိုင်သကဲ့သို့ ကောင်းကင်ချီများလည်း ကုန်ခမ်းတော့မည်ဖြစ်သည်။ ဤသို့ဆက်လက်ဖြစ်ပွားနေပြီး နဂါးဘုရင်နှင့် ထန်းယွမ်သာ သူမ၏နောက်လိုက်အားလုံးကို သတ်လိုက်လျှင် သူမက တစ်ကိုယ်တော်မတိုက်ခိုက်နိုင်သောကြောင့် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ သူမက စိတ်အခြေအနေပျက်ပြားနေစဥ် ယဲ့ချန်က ကောင်းကင်ဓားပျံတစ်စင်းကို ထုတ်ဖော်၍ အလစ်တိုက်ခိုက်လိုက်သည်။ ၎င်းက လေဟာနယ်ကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ပစ်မှတ်ထံ ခဏအတွင်း ရောက်ရှိသွားသည်။
ယွမ်ချင်းယုသည် ဓားပျံ၏စွမ်းအားကို မြင်ဖူးထားသောကြောင့် ရင်ထိတ်သွားကာ ခေါင်းငုံ့၍ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ ရွှေရောင်အလင်းများနှင့်အတူ ရွှေခေါင်းလောင်းချပ်ဝတ်က ကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ ၎င်းက အဆင့်တစ်ဆယ်နတ်အစေခံ၏ တိုက်ကွက်ကိုပင် ခုခံနိုင်သော ချပ်ဝတ်မျိုးဖြစ်သည်။ သို့သော် ယဲ့ချန်၏အတွေးတစ်ချက်တွင် ပစ်မှတ်မှ လွဲချော်သွားသော ဓားပျံက လေထဲတွင် လှပစွာ ကွေ့လာခဲ့သည်။ ဘန်းခနဲမြည်သံနှင့်အတူ ၎င်းက သူမ၏မျက်နှာကို ကာကွယ်ထားသော ချပ်ဝတ်ကိုထိုးဖောက်၍ ပါးထက်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်စေခဲ့သည်။
"အား"
သူမက နာကျင်စွာအော်ဟစ်၍ ရင်ထဲတွင် ကြောက်စိတ်များ ထိန်းချုပ်မရတော့ပေ။ ဓားပျံတစ်လက်ကြောင့် သူမက သေဆုံးလုနီးပါးဖြစ်ခဲ့ရ၏။ ယဲ့ချန်က အေးစက်စက်နှာခေါင်းရှုံ့၍ ဆည်းဆာနတ်ဓားဖြင့် ရေပက်မဝင် တိုက်ခိုက်လာပြန်သည်။ သူမက အခြေအနေမကောင်းတော့သဖြင့် ဓားချက်များကို ကာကွယ်ရင်း ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် ထိုအခိုက်တွင် ရန်သူအားလုံးကို ထန်းယွမ်က အပြတ်ရှင်းလိုက်ပြီး အသက်ရှင်နေသူများမှာလည်း ဒဏ်ရာများကြောင့် မတိုက်ခိုက်နိုင်တော့ပေ။ သူက ယွမ်ချင်းယု၏လမ်းကို အချိန်ကိုက် ပိတ်ဆို့လိုက်နိုင်သည်။
"နင်က ထွက်ပြေးချင်တာလား။ ဒီလောက်မလွယ်ဘူး ခွေးမ။ ငါ့လက်သီးကို မြည်းကြည့်စမ်း"
ထန်းယွမ်က ရုပ်ဖျက်ခြင်းကို ပယ်ဖျောက်၍ သူမ၏မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘန်း"
သူ၏လက်သီးက အစွမ်းထက်သောကြောင့် ချပ်ဝတ်က တုန်ခါသွားသော်လည်း သူမ၏မျက်နှာထံ မရောက်သွားခဲ့ပေ။ ထိုအချိန်တွင် ယွမ်ချင်းယု၌ ကောင်းကင်ချီများ ကုန်ခမ်းနေပြီဖြစ်ရာ မဟာတာအိုလက်နက်ကို အသက်မသွင်းနိုင်တော့သဖြင့် ဟင်းလင်းပြင်အတွင်း လွတ်ကျသွားခဲ့သည်။
"ပုရွက်ဆိတ်တွေ အဖေက ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်။ နင်တို့အရိုးတွေကို တစ်ချောင်းချင်းချိုးပြီး ပြာချပစ်မယ်"
သူမက နာကျင်စွာဖြင့် မတ်တပ်ရပ်နေရသော်လည်း ပါးစပ်မှ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေသည်။
"ခွေးမ ဘယ်လိုနှိမ့်ချရမလဲ မသိဘူးလား"
ထန်းယွမ်က ဒေါသထွက်သွားပြီး ဘယ်ညာလက်သီးအစုံဖြင့် တဘန်းဘန်းထိုးချလိုက်သောအခါ အချက်ရေတစ်ဒါဇင်ကျော်သောအခါ ရွှေခေါင်းလောင်းချပ်ဝတ်၌ အက်ကြောင်းများပေါ်လာကာ အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည်။ နောက်ဆုံးတွင် သူ၏လက်သီးက ဆံပင်များရှုပ်ပွ၍ အခြေအနေဆိုးနေသော ယွမ်ချင်းယု၏ မျက်နှာတည့်တည့်ကို ထိမှန်သွားရာ ချက်ချင်းယောင်ကိုင်းလာသည့်အပြင် သွားများပင် ဘုရားဖူးခရီးထွက်ကုန်သည်။
"ခွေးကောင်တွေ အဖေက နင်တို့ကို အနှေးနဲ့အမြန် သတ်ပစ်လိမ့်မယ်"
နှာခေါင်းမှ သွေးများယိုစီးကျလာသော ယွမ်ချင်းယုက နာကျင်မှုကြောင့် အော်ဟစ်ရင်း ဆဲဆိုလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ထန်းယွမ်က ထပ်ကာထပ်ကာထိုးချလိုက်သဖြင့် သူမ၏ပါးစပ်က တစ်ဖက်သို့ ရွဲ့စောင်းသွားသည်။ ရင်ယွမ်ကြယ်၌ အဆင့်မြင့်မြင့်နေခဲ့ရပြီး အခြားလူများကိုသာ အနိုင်ကျင့်တတ်သော ယွမ်ချင်းယုမှာ ဤသို့မဆက်ဆံခံရဖူးပေ။ သူမက ဆိုးဆိုးရွားရွား ရိုက်နှက်ခံနေရသော်လည်း ထန်းယွမ်ကို စူးရဲစွာစိုက်ကြည့်နေကာ အလစ်တွင် အပ်တစ်ချောင်းနှင့် ပစ်ခတ်လိုက်သည်။
"အဆိပ်လား"
ထန်းယွမ်က အနည်းငယ်စိုးရိမ်သွားသော်လည်း အဆိပ်က သူ၏ခန္ဓာကိုယ်အတွင်း ချက်ချင်းပျက်စီးသွားခဲ့သည်။ ၎င်းက အဆင့်တစ်မျိုးနွယ်၏ ရုပ်ခန္ဓာအဆင့်ဖြစ်သောကြောင့် သာမန်အဆိပ်များက ထိခိုက်အောင် မလုပ်နိုင်ပေ။ အဆိပ်က အလုပ်မလုပ်သောအခါ ယွမ်ချင်းယုက မင်သက်သွားပြီး ထန်းယွမ်အပေါ် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ သူက ပို၍ဒေါသထွက်လာပြီး မိန်းမတစ်ယောက်၏နှလုံးသားက အဆိုးယုတ်ဆုံးဖြစ်သည်ဟူသော ဆိုရိုးက မှန်ကန်ကြောင်း နားလည်သွားခဲ့သည်။ သူ၏ဘဝတလျှောက်တွင် မိခင်၊ ညီမ၊ နတ်မြေခွေးဘုရင်မကဲ့သို့ မိန်းမကောင်းမိန်းမမြတ်များကိုသာ မြင်တွေ့ဖူးခဲ့သည်။ ယွမ်ချင်းယုကဲ့သို့ မိန်းမယုတ်မျိုးက သူ့အတွက် ရွံရှာစက်ဆုပ်စရာ ဖြစ်နေခဲ့သည်။
"ဘန်း"
ထန်းယွမ်က ယွမ်ချင်းယု၏မျက်နှာကို ဖြတ်ကန်လိုက်သောအခါ လွင့်ထွက်သွားခဲ့သည်။ ဤကန်ချက်တွင် သူမ၏အရိုးအချို့ ကျိုးသွားကာ သွေးများအန်ထွက်လာ၍ လူသားတစ်ယောက်နှင့်ပင် မတူတော့ပေ။
"အဲ့ကောင်မကို သတ်ပစ်လိုက်"
ယဲ့ချန်က ပြတ်ပြတ်သားသား ညွှန်ကြားလိုက်၏။ သူက အဝေးတွင် အပြင်းအထန်ဒဏ်ရာရပြီး လဲကျနေသော ကျိရင်တို့လူစုကို တစ်ချက်ကြည့်လိုက်သည်။ ဤတိုက်ပွဲကြောင့် ပတ်ဝန်းကျင်မှ သတိထားသွားနိုင်သည်ဖြစ်ရာ အချိန်ကြာကြာဆက်ရှိနေရန် မသင့်ပေ။ အခြားကျင့်ကြံသူများသာ အာရုံစိုက်မိသွားလျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ သူ၏စကားကြောင့် လဲကျနေသော ကျိရင်၏မျက်နှာပျက်သွားကာ မျက်လုံးများ အေးစက်တင်းမာလာသည်။ သူက အံကြိတ်၍ မတ်တပ်ထရပ်လိုက်ပြီး ကောင်းကင်ချီများကိုလည်ပတ်ကာ ယွမ်ချင်းယုအနီးသို့ ပျံသန်းသွားလေသည်။