← Chapters

သတ်ဖြတ်ခြင်း

Vol. 55 Ch. 766

သတ်ဖြတ်ခြင်း

Vol. 55 Ch. 766

ထန်းယွမ်က နေရာတွင် ရပ်တန့်၍ ယွမ်ချင်းယုနှင့် ကျိရင်ကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။

"မင်းသမီးထွက်ပြေးနိုင်အောင် ကျုပ် ကာကွယ်ပေးပါမယ်"

ကျိရင်က သူမ၏မဟာတာအိုလက်နက်ကို ကောက်ကိုင်၍ ရှေ့မှ ကာကွယ်ထားလိုက်သည်။ သူမက တစ်ချက်ပင်မကြည့်ဘဲ နောက်လှည့်ထွက်ပြေးလိုက်သော ခဏတွင် နောက်ကျောဘက်မှ ဓားသွားက ရင်ဘတ်ကို ရုတ်တရက် ဖောက်ထွက်သွားသည်။ သူမက တုန်လှုပ်သွားကာ ကျိရင်ကို မယုံနိုင်ဟန်ဖြင့် ပြန်လှည့်ကြည့်လာခဲ့သည်။ သူမအပေါ် အမြဲတမ်းသစ္စာအရှိဆုံးဖြစ်ခဲ့သူက နောက်ကျော ဓားနှင့်ထိုးလိမ့်မည်ဟု ထင်မထားသဖြင့် မျက်လုံးများက မလိုလားစိတ်များနှင့်အတူ မှိန်ကျသွားခဲ့သည်။ ယွမ်ချင်းယု၏နောက်လိုက်များမှာ သေသူသေ၊ဒဏ်ရာရသူရ ဖြစ်နေသောကြောင့် ထွက်ပြေးရန်လည်း မဖြစ်နိုင်သောအခါ ဤလုပ်ရပ်၏ရည်ရွယ်ချက်ကို နားမလည်သော ယဲ့ချန်တို့ကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

"ဒီမိန်းမက အမြဲတမ်းမောက်မာပြီး အောက်တန်းကျတဲ့အတွက် သေဖို့ ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးရင် မင်းတို့အတွက် တာဝန်ထမ်းဆောင်ပေးပါမယ်"

ထို့နောက် ကျိရင်က ယဲ့ချန်ရှေ့မှောက်တွင် ဒူးထောက်ကာ ချက်ချင်းတောင်းပန်လာခဲ့သည်။ သခင်ကိုပြန်သတ်သော အစေခံတစ်ယောက်ကို ယဲ့ချန်က မယုံကြည်နိုင်သောကြောင့် နှာခေါင်းရှုံ့လိုက်သည်။ ကျိရင်၏လုပ်ရပ်က အလွန်ရှက်စရာကောင်းသောကြောင့် ထန်းယွမ်ကလည်း စိတ်ပျက်နေခဲ့သည်။

"သခင်တို့ ယွမ်တက ရက်စက်သွေးဆာပြီး ခန့်မှန်းရခက်ခဲပါတယ်။ သူ့လက်အောက်မှာ အလုပ်မလုပ်ချင်ပေမယ့် ထွက်ပြေးဖို့ အခွင့်မသာခဲ့ဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို အသက်ရှင်ခွင့်ပေးပါ။ ကျုပ်က ယွမ်ချင်းယုကို သတ်လိုက်တဲ့အတွက် အားနည်းချက်ရှိသွားပါပြီ။ ဒီအကြောင်းကို ယွမ်တ သိသွားရင် ကျုပ် သေပါလိမ့်မယ်။ ကျုပ်က ရင်ယွမ်ကြယ်မှာ သူလျှိုအဖြစ်လုပ်ပြီး ခင်ဗျားတို့ကို သတင်းပေးပါမယ်"

ကျိရင်က တောင်းပန်တိုးလျှိုးသော လေသံနှင့် ကမ်းလှမ်းလိုက်၏။ ဤစကားကြောင့် ထန်းယွမ်က စိတ်ဝင်စားစပြုလာသည်။ အကယ်၍ ရင်ယွမ်ကြယ်၌ သူလျှိုတစ်ယောက်ထားနိုင်လျှင် ကောင်းကင်မူလကြယ်အတွက် အလွန်အကျိုးရှိပေလိမ့်မည်။ ထိူအချိန်တွင် အဆင့်တစ်ဆယ်နတ်အစေခံ ရန်သူနှစ်ယောက်ကိုလည်း နဂါးဘုရင်က သတ်ဖြတ်လိုက်သည်။ လက်ရှိတွင် ကျိရင်မှလွဲလျှင် အသက်ရှင်နေသော ရန်သူခြောက်ယောက်က အပြင်းအထန်ဒဏ်ရာရ၍ လဲကျနေသည်။

"ကျိရင် သစ္စာဖောက်ကောင် မင်းက မင်းသမီးလေးကို တကယ်သတ်ရဲတယ်။ အသေဆိုးနဲ့ သေရလိမ့်မယ်"

ရန်သူတစ်ယောက်က အပြင်းအထန်ဒဏ်ရာရထားပြီး သွေးများအန်ချနေရာမှ အော်ဟစ်ဆဲဆိုလိုက်သည်။ ကျန်ငါးယောက်က တိတ်ဆိတ်နေပြီး အပြင်းအထန်ဒဏ်ရာရထားသောကြောင့် သေချာပေါက်ထွက်မပြေးနိုင်ပေ။ သို့သော် ယွမ်ချင်းယု သေဆုံးသွားသည့်အတွက် သူတို့က ဝမ်းနည်းမှုကို လုံးဝမခံစားခဲ့ရသည့်အပြင် သူမနှင့် ထိုက်တန်သည်ဟု ယုံကြည်ကြသည်။ သူမက ရင်ယွမ်ကြယ်တွင် အလွန်မောက်မာသူဖြစ်သောကြောင့် မကောင်းသတင်းဖြင့် ကျော်ကြားသည်။ သူတို့က ထွက်ပြေးလျှင်လည်း မလွတ်နိုင်မည်ဟု သေချာနေသောကြောင့် ယွမ်ချင်းယုကို သတ်လိုက်သူမှာ သူတို့ဖြစ်ပါစေဟု ဆုတောင်းမိလိုက်ကြသည်။ အနည်းဆုံး ကျိရင်ကဲ့သို့ အသက်ရှင်ရန် အခွင့်အရေးတစ်ခု တောင်းဆိုနိုင်သည် မဟုတ်ပါလော။

"နဂါးဘုရင် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ရန်သူနှစ်ယောက်ကို လက်စသတ်ပြီး ပျံသန်းလာသော နဂါးဘုရင်ထံ ကျိရင်က တောင်းပန်လိုက်၏။

"အဖေ သူပြောတာကို ဘယ်လိုသဘောရလဲ"

ထန်းယွမ်က ဖခင်ဖြစ်သူ၏သဘောထားကို မေးမြန်းလိုက်သည်။ နဂါးဘုရင်က တစ်ခွန်းမှပြန်မပြောဘဲ ဓားကိုဆွဲထုတ်ပြီး ကျိရင်၏လည်ပင်းကို ဟက်တက်ခွဲပစ်လိုက်သောကြောင့် သူက မျက်လုံးအပြူးသားနှင့် လဲကျသေဆုံးသွားခဲ့ရသည်။

"အဖေ ဘာလို့ သူ့ကို သတ်လိုက်ရတာလဲ"

ထန်းယွမ်က နားမလည်နိုင်ဖြစ်သွားရသည်။ ကျန်ရန်သူခြောက်ယောက်မှာလည်း ဤမြင်ကွင်းကြောင့် မျက်နှာပျက်သွားကြပြီး သေခြင်းတရားကို ကြောက်လန့်သောကြောင့် ထွက်ပြေးရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ ယဲ့ချန်သည် နဂါးဘုရင်၏သဘောထားကို နားလည်သောကြောင့် လက်တစ်ဖက်ယမ်း၍ ကောင်းကင်ဓားပျံခြောက်လက်ပစ်ခတ်ကာ ရန်သူခြောက်ယောက်ကို အဆုံးသတ်ပေးလိုက်သည်။ ဤသို့ဖြင့် ယွမ်ချင်းယုနှင့် နောက်လိုက်၁၇ယောက်မှာ သူတို့သုံးယောက်လက်ချက်နှင့် အသက်ထွက်သွားကြသည်။

"မင်းရဲ့အတွေးက ရိုးရှင်းလွန်းပြီး အလွယ်တကူ လှည့်စားခံရနိုင်တယ်။ ကျိရင်က ငါတို့အတွက် တကယ်သူလျှိုလုပ်ပေးမယ်လို့ ထင်နေတာလား"

နဂါးဘုရင်က သက်ပြင်းချ၍ ခေါင်းယမ်းပြလိုက်သည်။

"ကျုပ်တို့က သူ့အားနည်းချက်ကို ကိုင်ထားပြီး ဒီနတ်အစေခံတွေကို သက်သေအဖြစ်ဖမ်းထားရင် သူက သစ္စာမဖောက်လောက်ပါဘူး"

ထန်းယွမ်က သူ့အမြင်ကို ထုတ်ပြောလိုက်သည်။

"ကျင့်ကြံသူတွေရဲ့စိတ်ကို မင်းက လျှော့တွက်လွန်းတယ်။ ကျိရင်လိုကောင်မျိုးကို သတ်ပစ်တာက နားအေးတယ်။ တကယ်လို့ သူသာ ရင်ယွမ်ကြယ်ကို ပြန်ရောက်သွားရင် သူလျှိုလုပ်ပေးမယ့်အစား အမှန်တရားမပေါ်အောင် ငါတို့ကိုသတ်ဖို့ ကြိုးစားလိမ့်မယ်။ သူတစ်​ယောက်တည်းသာ သိထားရင် ဒီအမှန်တရားကို ထာဝရ ဖုံးထားနိုင်ပြီလေ"

နဂါးဘုရင်က ကျိရင်၏အလောင်းကို ရွံရှာစွာစိုက်ကြည့်ရင်း ရှင်းပြလိုက်၏။ ဤစကားကြောင့် ထန်းယွမ်လည်း သူ့အမှားကို သဘောပေါက်သွားကာ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဤလောကတွင် ကျင့်ကြံသူတစ်ယောက်၏စိတ်က ခန့်မှန်းရအခက်အခဲဆုံးဖြစ်ကာ ကျိရင်ကဲ့သို့ ကောက်ကျစ်သူမျိုးက သေခြင်းတရားနှင့်သာ ထိုက်တန်သည်။ ယဲ့ချန်သည် ရန်သူများကို ဝိညာဥ်ကောင်များဖြင့်ထိန်းချုပ်ရန် ကြိုးစားကြည့်ခဲ့သော်လည်း ၎င်းတို့က အစွမ်းထက်နတ်အစေခံများကို ထိန်းချုပ်ရာ၌ ခက်ခဲကြောင်း တွေ့ခဲ့ရသည်။ မလိုလားအပ်သော ပြဿနာများကို ရှင်းလင်းရန်အတွက် အားလုံးကို သတ်ပစ်လိုက်ခြင်းက ပို၍သင့်လျော်သည်။ ဤကိစ္စက ကောင်းကင်မူလကြယ်၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည် မဟုတ်ပါလော။

နဂါးဘုရင်သည် ယဲ့ချန်ထံမှ ကောင်းကင်ဓားပျံတစ်လက်ကို တောင်းယူကာ ပိုင်နက်သားရဲအလောင်းတွင် အပေါက်တစ်ခုဖန်တီးပြီး ရင်ယွမ်ကြယ်မှ ရန်သူအလောင်းများကို ဖုံးကွယ်ပိတ်ဆို့လိုက်သည်။ သူတို့က သားရဲအမြုတေကို ဆက်လက်ထုတ်ယူပြီးနောက် စုရပ်ထံ ပြန်လာခဲ့ကြသည်။ သူတို့က စုရပ်သို့ရောက်သောအခါ အချိန်၂၇ရက်ရှိနေပြီဖြစ်သောကြောင့် နတ်အစေခံသုံးထောင်နီးပါး ပြန်လည်ရောက်ရှိနေကာ ပြန်ရန်အတွက် အသင့်ဖြစ်နေခဲ့ကြသည်။ သူတို့က နီယွမ်တို့အဖွဲ့ကို မြင်သောအခါ မူလသွင်ပြင်သို့ ပြောင်းလဲပြီး နှုတ်ဆက်လိုက်ကြသည်။

"ညီအစ်ကိုတို့ မင်းတို့ ဘယ်ထွက်သွားလဲဆိုတာ ငါ မသိဘူး။ ငါ မင်းတို့ကို လိုက်ရှာပါသေးတယ်"

သူတို့ကိုမြင်သောအခါ နီယွမ်က ရိုးသားစွာပြုံး၍ ဖော်ဖော်ရွေရွေ နှုတ်ဆက်လာခဲ့သည်။ သူ၏အပေါင်းအဖော်များဖြစ်သော နတ်အစေခံနှစ်ဆယ်ကျော်လည်း ရှိနေခဲ့သည်။

"ထာဝရကြယ်သင်္ချိုင်းကနေ မင်းတို့ ဘာတွေရလာကြလဲ"

သားရဲမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သော တုယုဆိုသူက စပ်စုလိုက်ခြင်းဖြစ်သည်။

"ဘာမှမရခဲ့ပါဘူးကွာ။ သတ္တုအပိုင်းအစတွေလောက်ပါပဲ။ မင်းတို့ရော ဘာတွေရလာကြလဲ"

နဂါးဘုရင်က လိမ်၍ ဖြေလိုက်သည်။

"ငါတို့က ထာဝရကြယ်သင်္ချိုင်းရဲ့အနက်ပိုင်းကို ရောက်ခဲ့ပြီး ကောင်းကင်နတ်ဆိုးတွေစုဝေးနေတဲ့ ရှေးဟောင်းနယ်မြေတစ်ခုကို ဝင်ခဲ့တယ်။ ငရဲဝိညာဥ်ရဲ့ဦးဆောင်မှုနဲ့ ရတနာနှစ်ခု ရခဲ့တယ်။ ဒါတွေကို မှောင်ခိုစျေးမှာရောင်းချပြီး ငါတို့ တွေခွဲယူကြမယ်"

နီယွမ်က အလွန်ရိုးသားသူဖြစ်သောကြောင့် ဤအကြောင်းကို လုံးဝထိမ်ချန်မထားဘဲ အမှန်အတိုင်းဖြေခဲ့သည်။

"နီယွမ် ပါးစပ်ပိတ်ထားစမ်း"

ငရဲဝိညာဥ်က ချက်ချင်းအော်ဟစ်တားမြစ်၍ ယဲ့ချန်တို့ကို အေးစက်စက် စိုက်ကြည့်လာသည်။ သူက စိုးရိမ်နေသော်လည်း ဤကျင့်ကြံသူသုံးယောက်ကို အလေးအနက်ထားရန် မလိုဟု သတ်မှတ်ထားသည်။ နဂါးဘုရင်သည်လည်း အဆင့်ရှစ်နတ်အစေခံတစ်ယောက်က မောက်မာပြနေသဖြင့် အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။ နီယွမ်က သူတို့ကို တောင်းပန်ဟန်ဖြင့်ကြည့်ကာ နှုတ်ဆိတ်သွားခဲ့သည်။ စကြဝဠာအတွင်း လှည့်ပတ်သွားလာနေသော ကျင့်ကြံသူအုပ်စုတွင် ငရဲဝိညာဥ်က အာဏာအရှိဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့ကိုယ်သူတို့ လေ့လွင်ကျင့်ကြံသူများဟု ခေါ်ဆိုသော်လည်း အမှန်တကယ်၌ စကြဝဠာအတွင်းမှ ခြေသလုံးအိမ်တိုင်များသာ ဖြစ်သည်။ ထိုအချိန်၌ ဝူရှချိုနှင့် နောက်လိုက်နှစ်ယောက်က ထိုနေရာသို့ ရောက်ရှိလာကြသည်။ သူမကို မြင်သောအခါ ငရဲဝိညာဥ်တို့တစ်ဖွဲ့လုံး ထိတ်လန့်သွားကြသည်။ သူမက ရွှေခေါင်းလောင်းချပ်ဝတ်ကို ဝတ်ဆင်ထားပြီး စိတ်ပျက်ဖွယ်မောက်မာမှုမျိုးကို အဝေးမှပင် မြင်တွေ့နိုင်သည်။ သူမ၏မျက်နှာလေးက လှပသော်လည်း ယောကျ်ားတစ်ယောက်ပမာ တင်းမာနေပြီး ငရဲဝိညာဥ်တို့အဖွဲ့ထံ အကြည့်က အေးစက်စွာ ကျဆင်းလာသည်။

"သင်္ချိုင်းအတွင်းပိုင်းက ရှေးဟောင်းနယ်မြေကနေ ရတနာနှစ်ခု ရလာတယ်လို့ ကြားတယ်"

ဝူရှချို၏အသံက ရေခဲပမာ အေးစက်စွာထွက်ပေါ်လာပြီး ငရဲဝိညာဥ်ကို ဦးတည်ပြောလိုက်ခြင်းဖြစ်သည်။ ဤအုပ်စုတွင် ထိုကျင့်ကြံသူက အာဏာရှိကြောင်း သူမက ကြိုတင်သိရှိထားသည်။

"မင်းတို့ ဘယ်လိုသိတာလဲ"

ငရဲဝိညာဥ်က အေးစက်စက် တုံ့ပြန်လိုက်သည်။

"ငါဘယ်လိုသိတယ်ဆိုတာ နင့်အရေး မဟုတ်ဘူး။ ငါ့ကို ဒီရတနာတွေ ပြစမ်း။ ငါကြိုက်တယ်ဆိုရင် အခုဝယ်မယ်"

ဝူရှချိုက အထင်သေးစွာကြည့်၍ အထက်စီးမှ အမိန့်ပေးလိုက်သည်။ ဤရတနာများကို သူမအားပေးရန် မဖြစ်နိုင်သောကြောင့် ငရဲဝိညာဥ်က နှာခေါင်းရှုံ့လိုက်၏။ သူမက အမြဲတမ်းဖိအားပေး၍ ရတနာများကို အောက်ကြေးဖြင့် လုယူနေကျဖြစ်သည်။ သူမက အရုဏ်တက်ကြယ်နှင့် ထာဝရကြယ်သင်္ချိုင်းအတွင်း ဖျံကျနေသည်မှာ ကြာလှပြီဖြစ်သောကြောင့် မကောင်းသတင်းကို လူတိုင်း ကြားဖူးထားကြသည်။

"ဒီသတင်းက ဘယ်လိုပြန့်သွားတာလဲ။ ငါတို့ကြားမှာ သူလျှို ရှိနေတာလား"

ငရဲဝိညာဥ်၏အကြည့်က အဖွဲ့သားတိုင်းထံ ကျရောက်သွားပြီးနောက် နဂါးဘုရင်၊ ထန်းယွမ်နှင့် ယဲ့ချန်ကို ရန်လိုစွာ ကြည့်လာခဲ့သည်။ ၎င်းသတင်းကို သိထားသူများစွာရှိသောကြောင့် ပြန့်သွားရန် အလွန်လွယ်ကူနေသည်။

"စိတ်မကောင်းပါဘူး။ ကျုပ် မရောင်းချင်ဘူး"

သူက ချက်ချင်းငြင်းဆန်လိုက်သည်။

"နင်က မရောင်းချင်ရင်တောင် ငါ့ကို အနည်းဆုံး တစ်ခါတော့ ထုတ်ပြစမ်း"

ဝူရှချိုက မောက်မာစွာ ငေါက်ငမ်းလိုက်သည်။ ငရဲဝိညာဥ်တို့၏လှုပ်ရှားမှုကို သူမ၏နောက်လိုက်များက စောင့်ကြည့်နေခဲ့ပြီး ထူးခြားသော အရာနှစ်ခုရလာသည်ကို ကြိုသိထားသည်။ ထို့ကြောင့် သူမက ၎င်းတို့ကိုလုယူရန် ကြိုးစားနေခြင်းဖြစ်သည်။

"နင့်ကိုမပြရင်ရော ဘာဖြစ်လဲ။ ငါတို့ဆီကနေ ဖိအားပေးပြီး လုယူဖို့ ကြံစည်နေတာလား"

နီယွမ်က ဖြောင့်မတ်သူပီပီ ဝူရှချို၏လုပ်ရပ်ကို သဘောမတွေ့ပေ။

"နင်တို့ကို မျက်နှာသာပေးခဲ့ပေမယ့် မလိုချင်ဘူးပေါ့"

သူမ၏မျက်နှာက မည်းနက်သွားကာ နီယွမ်၏ရင်ဘတ်ကို လက်ဝါးဖြင့် ချက်ချင်းရိုက်ချ၍ လွင့်ထွက်သွားစေသည်။ နဂါးဘုရင်က သူ့ကိုဖမ်းဆီးပေးလိုက်ပြီး သူမကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ သူမ၏လုပ်ရပ်က ဘောင်ကျော်လွန်းနေပြီဖြစ်သည်။

"ငါ နောက်တစ်ခါ ထပ်ပြောမယ်။ နင်တွေ့လာတာကို ထုတ်ပြစမ်း"

ဝူရှချိုက နီယွမ်ကို အလေးမထားဟန်ဖြင့် လျစ်လျူရှုကာ အမိန့်ပေးလိုက်ပြန်သည်။ ငရဲဝိညာဥ်က မျက်နှာပျက်သွားသော်လည်း စကားနားမထောင်ခဲ့ပေ။

"ဟမ့် ဘာကကောင်းတယ်ဆိုတာကို မသိဘူးပေါ့"

ဝူရှချို၏မျက်နှာထားက အေးစက်သွားကာ တစ်ကိုယ်လုံး ရွှေရောင်တောက်ပလာ၍ အစွမ်းထက်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏နောက်လိုက်နှစ်ယောက်ကလည်း အရှိန်အဝါကိုယ်စီ ထုတ်ဖော်ခဲ့လေသည်။

All Chapters