ဝူရှချိုကိုပညာပေးခြင်း
Vol. 55 Ch. 767
အဆင့်တစ်ဆယ် နတ်အစေခံသုံးယောက်၏ အရှိန်အဝါများက အလွန်တရာကြောက်မက်ဖွယ်ကောင်းပြီး ငရဲဝိညာဥ်ကို ပူးပေါင်းဖိနှိပ်နေသောကြောင့် သူ၏မျက်နှာက ခရမ်းရောင်သန်းသည်အထိ ရောင်ကိုင်းလာသည်။ သူ၏အဖွဲ့ဝင်များက သူမကို ဒေါသတကြီးစိုက်ကြည့်နေကြသော်လည်း တစ်ချက်မှ မဟန့်တားရဲပေ။ သူမက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်သည့်အပြင် ရွှေခေါင်းလောင်းချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် သူတို့ ရင်ဆိုင်နိုင်သူမျိုး မဟုတ်ပေ။ ငရဲဝိညာဥ်က မလိုလားသော်လည်း အားမတန်၍ မာန်လျှော့လိုက်ရပြီး ခေါင်းငုံ့ခံရန်မှတစ်ပါး ရွေးချယ်စရာမရှိသောကြောင့် လက်ကို သိုလှောင်အိတ်ထံ လှမ်းလိုက်မိသည်။
"သူတို့ကို ပေးလိုက်လို့ မဖြစ်ဘူး"
နီယွမ်က နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်၍ အော်ဟစ်တားမြစ်လိုက်သည်။ သူတို့က ရှေးဟောင်းနယ်မြေအတွင်း ဝင်ရောက်ရန် အသက်စွန့်ခဲ့ရပြီး ဤရတနာနှစ်ခုကို ရရန်အတွက် ညီအစ်ကိုသုံးယောက် သေဆုံးသွားခဲ့ရ၏။ သူ၏စကားကိုကြားသောအခါ ဝူရှချို၏မျက်လုံးများက တင်းမာအေးစက်သွားပြီး ထက်ရှသော လွန်းတစ်ခုကို သူ၏လည်ပင်းထံ ပစ်ခတ်လိုက်၏။ (မှတ်ချက် လွန်းသည် ရက်ကန်းရက်ရာတွင်သုံးသော ဆူးပါသည့် အပ်သဏ္ဍာန်အရာတစ်ခု ဖြစ်သည်)
လွန်းက တရွှီရွှီမြည်သံပေး၍ သတ်ဖြတ်လိုစိတ်ဖြင့် ဝင်ရောက်လာသောကြောင့် နီယွမ်ကို တစ်ချက်တည်းသတ်ရန် ဆုံးဖြတ်ထားပုံရသည်။ သူ့ကို ၎င်းက ထိမှန်ခါနီးတွင် ဘန်းခနဲမြည်သံတစ်ချက် ထွက်ပေါ်လာကာ ထန်းယွမ်က ဖမ်းဆီးလိုက်သည်။ ပတ်ဝန်းကျင်မှ နတ်အစေခံများက ဤမြင်ကွင်းကြောင့် မင်သက်သွားကြသည်။ ဝူရှချို၏လွန်းလက်နက်က အလွန်ကြမ်းတမ်းသောကြောင့် နီယွမ်သေပြီဟု ထင်မှတ်ထားသော်လည်း ထန်းယွမ်က လက်ဗလာသက်သက်ဖြင့် တားမြစ်လိုက်သည်။ လွန်းအပေါ်သုံးထားသော ခွန်အားကို သိထားသော ဝူရှချိုကိုယ်တိုင်ပင် မင်သက်သွားသည်။ ၎င်းကို ခရမ်းရောင်ဥက္ကာခဲသတ္တုဖြင့် ပြုလုပ်ထားကာ အလွန်အဆိပ်ပြင်းသောကြောင့် သူမပင် မထိရဲချေ။ သို့သော် သူမရှေ့ရှိ လူငယ်က ၎င်းကို လက်ဗလာဖြင့်ဖမ်းဆီး၍ ပေါ့ပေါ့ပါးပါးရှိနေရာ အဆိပ်မိသွားပုံလည်း မပေါ်ချေ။ စကြဝဠာအတွင်း နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာနေသောကြောင့် သူမ၏အလိုလိုသိစိတ်က ထက်မြက်သောကြောင့် ထန်းယွမ်က ရိုးရှင်းသူမဟုတ်ကြောင်း ချက်ချင်းနားလည်လိုက်သဖြင့် လေးနက်သွားသည်။ သူမ၏နောက်လိုက်နှစ်ယောက်မှာလည်း သတိကြီးသွားကြစဥ် ယဲ့ချန်သည် လက်ဝါးထဲတွင် ဖန်တီးထားသော ကောင်းကင်ဓားပျံကို တိတ်တဆိတ် ထိန်းသိမ်းထားလိုက်သည်။
"သူတို့က မပြချင်မှတော့ ဘာကိစ္စ ဖိအားပေးနေရတာလဲ"
ထန်းယွမ်က လွန်း၏အဆိပ်ကို ဂရုမစိုက်ဟန်ဖြင့် ဆော့ကစားနေပြီး တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ဒါက နင့်ကိစ္စ မဟုတ်ဘူး။ သူများပြဿနာထဲကို ဝင်မရှုပ်ဘဲ ကိုယ့်အလုပ်ကို အာရုံစိုက်တာ ကောင်းမယ်"
ဝူရှချိုက ထိတ်လန့်နေသော်လည်း ခြိမ်းခြောက်လိုက်သည်။
"အခြားလူတွေမလုပ်ချင်တာကို ဖိအားပေးနေတာက ကောင်းတဲ့အလုပ်လို့ ထင်နေတာလား။ နင့်ရဲ့ဘိုးဘေးတွေက ကောင်းကောင်းသင်ကြားမပေးဘူး ထင်တယ်"
ထန်းယွမ်က သူမ၏သဘောထားကို လျစ်လျူရှုကာ ကဲ့ရဲ့လိုက်သည်။
"လောကကြီးမှာ လက်သီးက အရာရာပဲ။ ငါလုပ်ချင်တာ လုပ်မယ်၊ ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ။ နင်က ဆက်ပြီးဝင်ရှုပ်နေမယ်ဆိုရင် သတ်ပစ်မယ်"
ထန်းယွမ်၏စကားကို ဝူရှချိုက ပြက်ရယ်ပြုလိုက်သည်။
"မိန်းကလေးတစ်ယောက်က လူတွေကို လိုက်ပြီးငေါက်ငမ်းနေတာ မဟုတ်သေးပါဘူး။ သန်မာရင် ကြိုက်တာလုပ်လို့ရတယ်ဆိုရင် ငါက နင့်ထက်ပိုသန်မာရင် နင့်အဝတ်တွေကို ချွတ်ပြီး ကြည့်ချင်လို့ရလား"
ထန်းယွမ်က မေးကို လက်ဖြင့်ပွတ်သပ်၍ မျက်လုံးများက သူမ၏ရင်ဘတ်မှတဆင့် ခါးအောက်ပိုင်းသို့ ဖြည်းဖြည်းချင်း စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။
"သေချင်နေတာလား"
ပထမဆုံးအကြိမ် အရှက်ခွဲခံလိုက်ရသောကြောင့် သူမက မျက်နှာတစ်ခုလုံးနီရဲသွားအောင် ဒေါသထွက်လာကာ ထန်းယွမ်၏မျက်လုံးများကို ဖောက်ထုတ်ချင်စိတ်များ ဖြစ်ပေါ်နေသည်။ ဤဖြစ်ရပ်ကို နတ်အစေခံများစွာက စောင့်ကြည့်နေကြပြီး ထန်းယွမ်၏စကားကြောင့် တချို့က ကြိတ်ရယ်လိုက်ပြီး အချို့ထံမှ ရယ်သံများပင် ထွက်ပေါ်လာသည်။ သူမကို ပထမဆုံးအကြိမ် စိန်ခေါ်သူ ပေါ်ပေါက်လာပြီဖြစ်ရာ ဘေးထွက်နေသူများအလိုချင်ဆုံးမှာ နှစ်ဖက်လုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရန်ဖြစ်သည်။ သူမက ရေခဲကဲ့သို့ အေးစက်သောအကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ သူတို့က ခေါင်းငုံ့သွားကြသဖြင့် ဤအုပ်စုတွင် သူမ၏အာဏာက ပေါ့သေးသေးမဟုတ်ကြောင်း သိသာသည်။
"နင်က သူတို့ကို ဘာလို့စိုက်ကြည့်နေရတာလဲ။ ဒီလောက်ဒေါသကြီးနေမှတော့ လက်ထပ်မယ့် ယောကျ်ား ရှိပါ့မလား"
"ခွေးကောင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"
ဝူရှချိုက ဒေါသတကြီးအော်ဟစ်၍ လွန်းလေးငါးခုကို ဆွဲထုတ်ကာ ထန်းယွမ်အား ချက်ချင်းပစ်ခတ်လိုက်သည်။
"တကယ်တော့ ငါက မကြည့်ချင်ပေမယ့် နင်က လာစိန်ခေါ်နေမှတော့ ရွှေခေါင်းလောင်းချပ်ဝတ်ကို ဖျက်ဆီးရသေးတာပေါ့"
ထန်းယွမ်က ပခုံးတွန့်၍ ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး သူ့ထံ ဝင်ရောက်လာသော လွန်းတစ်ခုကို လက်သီးဖြင့် ထိုးချလိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ ၎င်းက အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့သည်။
"ထန်းယွမ် အဆင်ပြေပါ့မလား"
နီယွမ်က သူ့အတွက် စိုးရိမ်သောကြောင့် နဂါးဘုရင်ကို မေးလိုက်ခြင်းဖြစ်သည်။
"အဆင်ပြေပါတယ်"
နဂါးဘုရင်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ ထန်းယွမ်က လွန်းလက်နက်ကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးပြလိုက်သောအခါ ဝူရှချို၏နောက်လိုက်နှစ်ယောက်က အကြည့်ချင်းဖလှယ်၍ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် သူတို့မလှုပ်ရှားခင်မှာပင် ယဲ့ချန်နှင့် နဂါးဘုရင်က လမ်းပိတ်ထားပြီးဖြစ်သည်။
"တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့က အဖော်လုပ်ပေးမယ်လေ"
နဂါးဘုရင်က တစ်ချက်ပြုံး၍ ရွှေရောင်အရှိန်အဝါများထုတ်ဖော်ကာ ထိုကျင့်ကြံသူနှစ်ယောက်ကို ဖိနှိပ်လိုက်သကဲ့သို့ ယဲ့ချန်ကလည်း ဆည်းဆာနတ်ဓားကိုဆွဲထုတ်ပြီး အေးစက်စက် စိုက်ကြည့်နေသည်။ သူတို့ထံမှ ကြောက်မက်ဖွယ်အန္တရာယ်ကို အာရုံခံမိသောကြောင့် ဝူရှချို၏နောက်လိုက်နှစ်ယောက်က တုံ့ဆိုင်းနေပြီး မလှုပ်ရဲကြတော့ပေ။ ကျန်တစ်ဖက်တွင် ထန်းယွမ်နှင့် ဝူရှချိုက အပြင်းအထန်တိုက်ခိုက်နေပြီး ဘက်ပေါင်းစုံသို့ တန်ပြန်လှိုင်းများထွက်ပေါ်လာသဖြင့် စပ်စုနေသော နတ်အစေခံများမှာ မီတာထောင်ချီအဝေးသို့ ဆုတ်ခွာသွားရသည်။ နီယွမ်တို့လူစုမှာ မျက်လုံးများပြူးကျယ်လာပြီး ပေါ့ပေါ့ပါးပါးနေတတ်သော ထန်းယွမ်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေမည်ဟု ထင်မထားပေ။ သူက လွန်းလက်နက်ကို အသုံးပြု၍ တိုက်ခိုက်နေပြီး ရွှေခေါင်းလောင်းချပ်ဝတ်ကို ဝတ်ဆင်ထားသော ဝူရှချိုအား လက်ဗလာဖြင့် ရင်ဆိုင်နိုင်စွမ်းရှိနေသည်။ ငရဲဝိညာဥ်က ပို၍ထိတ်လန့်နေပြီး သာမန်ကျင့်ကြံသူများဟု ထင်ထားခဲ့သော နတ်အစေခံသုံးယောက်က အမှန်တကယ်အစွမ်းထက်နေကြသည်။ သူက ဝူရှချို၏ဖိအားပေးမှုကြောင့် ရတနာနှစ်ခုကို ထုတ်ပေးရလုနီးပါးအထိ ဖြစ်ခဲ့သည်ကို တွေးမိလိုက်သောအခါ ပါးဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ရသွားခဲ့သည်။ နီယွမ်တို့အဖွဲ့သာမက ပတ်ဝန်းကျင်မှ နတ်အစေခံများလည်း တုန်လှုပ်နေကြသည်။ သူတို့က ဝူရှချို၏ခွန်အားကို သိထားပြီး သူမက ကြယ်သခင်အဆင့်အောက်သာနိမ့်ကျပြီး ရွှေခေါင်းလောင်းချပ်ဝတ်နှင့် လွန်းလက်နက်ကို ပိုင်ဆိုင်ထားသောအခါ ကြယ်သခင်များသာ သူမကို ရင်ဆိုင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူမကို လက်ဗလာဖြင့် အမှန်တကယ်ရင်ဆိုင်နေသည့် ထန်းယွမ်တွင် ကြယ်သခင်အဆင့်နိမ့်တစ်ယောက်၏ ခွန်အားမျိုး ပိုင်ဆိုင်ထားနိုင်သည်။
"ဘန်း ဘန်း ဘန်း"
လွန်းများက ထန်းယွမ်ကို ဆက်တိုက်ထိမှန်နေသော်လည်း အလွန်ထက်ရှသည့် ၎င်းတို့က အသေးစားဒဏ်ရာလေးများသာ ဖြစ်စေခဲ့သည်။
"ဟေး နင့်မှာ ကျန်တဲ့စွမ်းရည်မရှိတော့ရင် ငါ အစွမ်းကုန် ထုတ်သုံးပြီ"
ထန်းယွမ်၏စကားက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။
"သေစမ်း"
ဝူရှချိုက မျက်နှာတစ်ခုလုံး ဒေါသကြောင့်နီရဲနေပြီး ကောင်းကင်ချီများထုတ်ဖော်၍ အပြင်းအထန် တိုက်ခိုက်နေသည်။ ထန်းယွမ်က ရယ်မောရင်း သူမ၏ရင်ဘတ်ထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်သောအခါ သူမက မျက်နှာပျက်သွားပြီး နောက်ဆုတ်ပေးလိုက်ရသည်။ ရွှေခေါင်းလောင်းချပ်ဝတ်သာ ကာကွယ်မပေးထားလျှင် ဤတစ်ကွက်က သူမ၏အသက်ကို နှုတ်ယူနိုင်စွမ်းရှိနေသည်။ ထိုအချိန်၌ ထန်းယွမ်က ရှေ့ဆက်တိုးလာပြီး လက်သီးချက်များအတွဲလိုက် ထုတ်ဖော်လိုက်သောအခါ ချပ်ဝတ်က တုန်ခါလာ၍ အက်ကြောင်းများ စတင်ဖြစ်ပေါ်လာ၏။ သူမက သတိကြီးကြီးထား၍ နောက်ဆုတ်ခုခံနေသော်လည်း သူ၏လက်သီးချက်များက အလွန်လျင်မြင်သောကြောင့် လုံးဝမရှောင်နိုင်ခဲ့ပေ။
ဘန်းခနဲမြည်သံနှင့်အတူ ဝူရှချိုသည် ပခုံးနေရာမှ အေးခနဲခံစားလိုက်ရပြီး စစ်ဆေးလိုက်သောအခါ ပခုံးကာနှင့် ရင်ဘတ်ကာများ ပျက်စီးပဲ့ကျသွားကြောင်း တွေ့လိုက်ရသည်။ သူမက ရွှေခေါင်းလောင်းချပ်ဝတ်အောက်၌ အတွင်းဝတ်များမခံထားသောကြောင့် အထက်ပိုင်းခန္ဓာကိုယ်က အတိုင်းသား ပေါ်ထွက်လာသည်။ သေးသွယ်သော လက်မောင်းလေးများနှင့် ပခုံးသားဖြူဖြူလေးများ ထွက်ပေါ်လာပြီး ယောကျ်ားများကို ရူးသွပ်သွားစေနိုင်သည့် ယုန်နှစ်ကောင်၏အထက်ပိုင်းက ရုန်းကြွထွက်ပေါ်လာသည်။
"ဟား ဟား ဟား"
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများက ဝါးခနဲရယ်မောလိုက်ကြပြီး ဝူရှချို၏အလှအပများကို မျက်စိအရသာခံနေကြသည်။ သူမက ရှက်စိတ်နှင့် ဒေါသစိတ်ကို တစ်ချိန်တည်းခံစားလိုက်ရပြီး ရှက်လွန်းသဖြင့် မျက်နှာကို မီးဖြင့်လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရကာ ရင်ဘတ်ကို လက်ဖြင့် ကာထားလိုက်သည်။
"ဟ ငါက ရွှေခေါင်းလောင်းချပ်ဝတ်ရဲ့ ခုခံနိုင်စွမ်းကို စမ်းသပ်ချင်ရုံလေးပါ။ နင်က အဝတ်တွေချွတ်ပြစရာ မလိုပါဘူး။ ဒါပေမယ့် နင့်ရဲ့ခန္ဓာကိုယ်က တော်တော်လေးတော့ မိုက်တယ်။ အသားအရေလေးကလည်း လှတယ်"
ထန်းယွမ်က တိုက်ခိုက်ခြင်းကို ရပ်တန့်၍ ခပ်ညစ်ညစ်ပြုံးကာ ဝူရှချိုကို လှောင်ရယ်လိုက်သည်။
"ဟား ဟား ဟား"
ပတ်ဝန်းကျင်မှ ရယ်သံများ နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"နင်....နင် ဒီကိစ္စကို မှတ်ထားစမ်း။ နင်နဲ့ ငါ မပြီးသေးဘူး"
ဝူရှချိုက ဒေါသထွက်လွန်းသဖြင့် မျက်လုံးတွင် မီးဝင်းဝင်းတောက်နေသည်။ ထို့နောက် သူမက ထန်းယွမ်ကို ခြိမ်းခြောက်၍ အလင်းတန်းတစ်ခုပမာ အဝေးသို့ ပြေးထွက်သွားခဲ့၏။ ဆက်လက်တိုက်ခိုက်နေလျှင် သူမက လူပုံအလယ်တွင် ကိုယ်လုံးတီးဖြစ်သွားနိုင်သည် မဟုတ်ပါလော။ အမြဲတစေ မောက်မာအနိုင်ကျင့်တတ်သော ဝူရှချိုက စကြဝဠာအတွင်း ဤသို့အရှက်ခွဲမခံရဖူးသဖြင့် ယနေ့ဖြစ်ရပ်ကို တစ်သက်မေ့နိုင်မည် မဟုတ်ပေ။ သူမ၏နောက်လိုက်နှစ်ယောက်ကလည်း ထန်းယွမ်ကို တစ်ချက်စိုက်ကြည့်ကာ ချက်ချင်းလိုက်ပါသွားကြသည်။ စောင့်ကြည့်နေသော နတ်အစေခံများ၏မျက်လုံးများတွင် ယဲ့ချန်၊ ထန်းယွမ်နှင့် နဂါးဘုရင်အပေါ် လေးစားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထန်းယွမ်၏ခွန်အားက သူတို့အားလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။
"အနာဂတ်မှာ ဂရုစိုက်ကြပါ။ ထာဝရကြယ်သင်္ချိုင်းထဲကို နောက်တစ်ခါမလာရင် အကောင်းဆုံးဖြစ်မယ်။ ဝူရှချိုက ငါတို့ကိုမတွေ့ရင် မင်းတို့အပေါ် ဒေါသတွေပုံချနိုင်တယ်"
ထန်းယွမ်သည် နီယွမ်တို့အဖွဲ့ကို တစ်ချက်ကြည့်၍ သတိပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့။ မင်းတို့သာမကူညီရင် ဒီနေ့ဘယ်လိုဖြစ်သွားမလဲ မပြောနိုင်ဘူး။ ငါတို့ရလာတဲ့ ရတနာနှစ်ခုထဲက တစ်ခုကို ပေးပါမယ်"
နီယွမ်က ကျေးဇူးဆပ်ချင်သဖြင့် ရိုးသားစွာ ပြောလာခဲ့
သည်။ သူက အပေါင်းအဖော်များကိုဝေ့ကြည့်၍ ယဲ့ချန်တို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
"သဘောတူတယ်"
နတ်အစေခံများက တစ်ယောက်ပြီး တစ်ယောက် သဘောတူလာကြသဖြင့် ရိုးသားပွင့်လင်းသူများ ဖြစ်ကြသည်။ ငရဲဝိညာဥ်သည်လည်း ယဲ့ချန်တို့ကို ကျေးဇူးတင်စွာကြည့်နေပြီး မွေးရာပါမောက်မာတတ်သော စရိုက်အရ ခေါင်းသာညိတ်ပြလိုက်၏။
"မလိုပါဘူး။ မင်းတို့ ယူထားကြပါ"
ထန်းယွမ်က ချက်ချင်းခေါင်းယမ်းလိုက်သည်။ သူက နီယွမ်တို့ရလာသော ရတနာက မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း ပိုင်နက်သားရဲအမြုတေလောက် အဖိုးတန်မည်မဟုတ်ပေ။ ထို့အပြင် သူတို့က အနာဂတ်၌ ဆက်လက်တူးဖော်နိုင်သောကြောင့် ကောင်းကင်မူလကြယ်က ဖြည်းဖြည်းချင်း ချမ်းသာလာပေလိမ့်မည်။ ဤရတနာနှစ်ခုက ငရဲဝိညာဥ်၊ နီယွမ်နှင့် အခြားလူများ အသက်စွန့်ယူခဲ့ရသော အရာများဖြစ်သောကြောင့် ယဲ့ချန်နှင့် နဂါးဘုရင်ကလည်း ငြင်းဆန်လိုက်လေသည်။