ကောင်းကင်မူလကြယ် မငြိမ်မသက်ဖြစ်ခြင်း
Vol. 55 Ch. 768
"ဘာရတနာလဲဆိုတာတောင် မကြည့်ချင်တော့ဘူးလား"
ယဲ့ချန်တို့သုံးယောက်က ရတနာကို မလိုချင်ကြောင်း ပြောသည်ကို မယုံသောကြောင့် နီယွမ်က မေးလိုက်သည်။
"ဘာရတနာဖြစ်ဖြစ်၊ ငါတို့က တကယ်မလိုချင်ပါဘူး။ မင်းတို့ ယူထားလိုက်ပါ"
ယဲ့ချန်က တစ်ချက်ပြုံး၍ နီယွမ်၏ပခုံးကိုပုတ်ကာ ငြင်းပယ်လိုက်၏။ နီယွမ်နှင့် အဖွဲ့သားများက ရိုးသားသူများဖြစ်ပြီး ငရဲဝိညာဥ်က အနည်းငယ်မောက်မာသော်လည်း ရင်ယွမ်ကြယ်မှ ကျင့်ကြံသူများကဲ့သို့ မကောက်ကျစ်တတ်ပေ။
"အခုကစလို့ မင်းတို့က ငါ့ညီအစ်ကိုတွေ ဖြစ်သွားပြီ။ မင်းတို့မှာ ပြဿနာတစ်ခုခုကြုံရရင် အသက်နဲ့ရင်းပြီး ကူညီပေးမယ်"
နီယွမ်က လေးနက်စွာ ကတိပေးလိုက်သည်။
"ကောင်းပြီ။ အခုကစပြီး ငါတို့က ညီအစ်ကိုတွေ ဖြစ်သွားကြပြီ"
ထန်းယွမ်က ရယ်ရယ်မောမောနှင့် ပြောလိုက်သကဲ့သို့ ယဲ့ချန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ စကြဝဠာက အလွန်ကျယ်ဝန်းပြီး ယခုတစ်ခေါက်ခွဲခွာပြီးလျှင် မည်သည့်အချိန်မှ ပြန်တွေ့ရမည်ကို မပြောနိုင်သော်လည်း နီယွမ်တို့က ရိုးသားသဖြင့် မိတ်ဆွေဖြစ်ရန် လုံလောက်သည်။ ထန်းယွမ်က ဝူရှချိုကို အနိုင်ယူလိုက်သောကြောင့် ထိုသုံးယောက်က ပျောက်ကွယ်နေသည်ဖြစ်ရာ ယဲ့ချန်၊ နဂါးဘုရင်နှင့် ထန်းယွမ်က နတ်အစေခံအဖွဲ့၏ခေါင်းဆောင်များ မမျှော်လင့်ဘဲ ဖြစ်သွားကြသည်။ ရက်အနည်းငယ်အကြာတွင် အချိန်ပြည့်သွားပြီဖြစ်သောကြောင့် စုရပ်တွင် နတ်အစေခံငါးထောင်နီးပါး ပြန်ရောက်လာကြသည်။ သင်္ချိုင်းအတွင်းသို့ ခြောက်ထောင်ကျော် အတူတကွဝင်ရောက်ခဲ့သဖြင့် ငါးထောင်သာ ပြန်ရောက်လာသောကြောင့် အယောက်တစ်ထောင်ကျော်က ဤနေရာတွင် ထာဝရပိတ်မိနေတော့မည်ဖြစ်သည်။ ဤနေရာက ထာဝရကြယ်သင်္ချိုင်း၏ အပြင်ပိုင်းသာဖြစ်ပြီး အတွင်းပိုင်း၌ ကြယ်သခင်အဆင့်များသာ ဝင်ရောက်နိုင်သော အမည်မသိနယ်မြေများစွာ ရှိနေသည်။ ထိုနယ်မြေများတွင် ကြယ်သခင်များပင် သေဆုံးရန်အတွက် ကိုးဆယ်ရာခိုင်နှုန်းရှိသည်။
"သွားကြစို့"
ယဲ့ချန်တို့သုံးယောက်က လေပေါ်သို့ခုန်တက်၍ ဦးဆောင်ပျံသန်းလိုက်သောအခါ ကျန်နတ်အစေခံများက ကပ်လျက်သား လိုက်ပါလာကြ၏။ လမ်းတလျှောက်တွင် ကောင်းကင်နတ်ဆိုးများကို ကြုံရသောကြောင့် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ အုပ်စုအတွင်းမှ နတ်အစေခံများက နောက်မှကပ်လိုက်လာသော ကောင်းကင်နတ်ဆိုးများကို သတိထားကာ ဆက်လက်ပျံသန်းနေကြသည်။ ထိုနေရာ၌ ကောင်းကင်နတ်ဆိုးနှစ်ထောင်ကျော် လိုက်ပါလာပြီး အချိန်မရွေး တိုက်ခိုက်နိုင်သောကြောင့် တစ်ယောက်တည်းကျန်ရစ်ခဲ့လျှင် သေချာပေါက် အသတ်ခံရပေလိမ့်မည်။ ထိုအချိန်၌ အစွမ်းထက်အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့် လူတိုင်း ရင်ထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာကာ မျက်နှာပျက်သွားကြသည်။ ၎င်းက အစွမ်းထက်လွန်းသဖြင့် အဆင့်မြင့်ကြယ်သခင် သို့မဟုတ် ကောင်းကင်ကြယ်သခင်ပင် ဖြစ်နိုင်သည်။ ၎င်း၏စွမ်းအားအရ တစ်ကွက်လောက် လှုပ်ရှားလိုက်ရုံဖြင့် အားလုံး အသတ်ခံလိုက်ရနိုင်သောကြောင့် လူတိုင်း တုန်ရီနေကြသည်။ နတ်အစေခံများက ထိုကြယ်သခင်၏ လာရင်းရည်ရွယ်ချက်ကို မသိသောကြောင့် အသက်ပင်ဝဝမရှူရဲချေ။ အကယ်၍ တစ်ဖက်လူက အဆင့်နိမ့်ကြယ်သခင်သာဖြစ်နေလျှင် သူတို့၏အရေအတွက်အရ ပြန်လည်တိုက်ခိုက်နိုင်သည်။ သို့သော် ထိုလူက ပို၍အဆင့်မြင့်နေသောကြောင့် သူတို့အားလုံးကို အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိနေသည်။ ယဲ့ချန်၊ နဂါးဘုရင်နှင့် ထန်းယွမ်သည် တစ်ဖက်လူက ယွမ်တထက် ပို၍အစွမ်းထက်ကြောင်း အာရုံခံမိသဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တိတ်တဆိတ် ရပ်နေလိုက်ကြသည်။ ယွမ်တထက် ပို၍အဆင့်မြင့်သူကို သွား၍ရန်စမိလျှင် သေလမ်းရှာခြင်းနှင့် မခြားပေ။
"ငါက ဖန်းမူပါ။ ကြယ်သခင်နတ်ဆိုးတစ်ယောက်ကို လိုက်သတ်ရင်း ဒီနေရာအထိ ရောက်လာခဲ့တယ်။ ငါနဲ့ဆုံရတာ မင်းတို့အတွက် ကံကောင်းမှုပါပဲ"
နတ်အစေခံများက ကြောက်စိတ်ကြောင့် နေရာတွင်ရပ်တန့်နေစဥ် ချိုသာကြည်လင်သော အသံတစ်ခု သိမ်မွေ့စွာ ထွက်ပေါ်လာ၏။ စကားအဆုံးတွင် ကျောက်စိမ်းပမာဖြူဖွေး၍ သွယ်လျလှပသော လက်တစ်ဖက်က အလွန်အမင်းလျင်မြန်စွာ ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ၎င်းက သူတို့ကို ကျော်ဖြတ်သွားချိန်တွင် အစွမ်းထက်ဖိအားက လူတိုင်းကို လှုပ်မရအောင် ထိန်းချုပ်ထားလိုက်သည်။ ထိုလက်က တစ်ချက်ယမ်းလိုက်သောအခါ ကောင်းကင်နတ်ဆိုးနှစ်ထောင်ကျော်က အသံတစ်ချက်ပင်မထွက်နိုင်ခင် အမှုန့်ဖြစ်သွားကြသည်။ လက်တစ်ဖက်ယမ်းရုံနှင့် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးနှစ်ထောင်ကျော်ကို သတ်ဖြတ်လိုက်သောအခါ နတ်အစေခံများ မင်သက်သွားပြီး ရင်တဒုန်းဒုန်းခုန်လာသည်။ ကောင်းကင်နတ်ဆိုးများကို သုတ်သင်ပြီးနောက် လက်က ဟင်းလင်းပြင်အတွင်း ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
"မင်းတို့အထဲမှာ ပါရမီရှင်နည်းနည်း ရှိတယ်။ မင်းတို့သာ ငါ့တပည့်ဖြစ်ချင်ရင် ချမ်ပိုကြယ်ဒေသကို လာခဲ့ကြ။ ငါက တပည့်တစ်ယောက်ရှာနေတာ အချိန်အတော်ကြာပြီ"
အသံရှင်က နောက်ဆုံးစကားတစ်ခွန်း ချန်ထားရစ်၍ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ၎င်းပျောက်ကွယ်သွားသော အချိန်တွင်မှ နတ်အစေခံများက သတိပြန်ဝင်လာပြီး ဆူဆူညံညံ ဆွေးနွေးလိုက်ကြသည်။ နတ်အစေခံ ကောင်းကင်နတ်ဆိုးနှစ်ထောင်ကျော်ကို ကြယ်သခင်ဖန်းမူက တစ်ချက်တည်းသတ်ပစ်လိုက်သောကြောင့် အမှန်တကယ် အစွမ်းထက်သူဖြစ်သည်။
"ကံကောင်းတာက သူမက ငါတို့အတွက်ရောက်လာတာ မဟုတ်ဘူး။ မဟုတ်ရင် ငါတို့ သေရလိမ့်မယ်"
"ကြယ်သခင်ဖန်းမူရဲ့ တပည့်သာ ဖြစ်လာရင် အနာဂတ်က အဆုံးမဲ့အောင်မြင်လိမ့်မယ်"
"ဘယ်သူ့ကို ကြယ်သခင်ဖန်းမူ ကမျက်စိကျနေတာလဲ မသိဘူး။ အတော်တော့ကံကောင်းတယ်"
နတ်အစေခံများ၏မျက်လုံးများ တောက်ပလာကာ ချမ်းပိုကြယ်ဒေသသို့သွားရောက် ကံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။ နဂါးဘုရင်နှင့် ထန်းယွမ်သည်လည်း စိတ်လှုပ်ရှားနေကြပြီး အကယ်၍ ကြယ်သခင်ဖန်းမူ၏ တပည့်ဖြစ်လာလျှင် သူတို့က ကြယ်သခင်တစ်ယောက်ဖြစ်လာရန် အခွင့်အရေးရှိသည် မဟုတ်ပါလော။ ယဲ့ချန်တစ်ယောက်တည်းသာ တည်ငြိမ်နေပြီး ဖန်းမူရည်ရွယ်သူကို သူက မသိသော်လည်း တပည့်ဖြစ်ရန်အတွက် ချမ်းပိုကြယ်ဒေသသို့ အရင်ဆုံး သွားရောက်ရပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူမက ကောင်းကင်နတ်ဆိုးများကို သူတို့အစား ကူညီသတ်ဖြတ်ပေးခဲ့သည်။ တစ်ဖက်လူက နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးများစွာကို အလွယ်တကူသတ်လိုက်ကြောင်း တွေးမိသောအခါ သူက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ကြယ်သခင်တစ်ယောက်က အလွန်အစွမ်းထက်ပြီး သူက ထိုအဆင့်သို့ရောက်ရန် အချိန်မည်မျှလိုအပ်မည်ကို မသိပေ။ ကြယ်တစ်လုံးတွင် ကြယ်သခင်တစ်ယောက်သာရှိပြီး ကျင့်ကြံသူများစွာက နတ်အစေခံထိပ်ဆုံးအဆင့်သို့ ရောက်လျှင်ပင် ရှင်းဟွမ်၏အကူအညီမရှိလျှင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
လက်ရှိတွင် ယဲ့ချန်အတွက် ဤအကြောင်းကိုတွေးနေရန် အချိန်မရှိပေ။ သူက ကောင်းကင်မူလကြယ် အင်အားတိုးတက်လာစေရန်အတွက် ပိုင်နက်သားရဲအမြုတေနှစ်ခုကို ရောင်းချရမည်ဖြစ်သည်။ သူတို့၏ဦးဆောင်မှုဖြင့် နတ်အစေခံအဖွဲ့ကြီးက ထာဝရကြယ်သင်္ချိုင်း၏ထွက်ပေါက်သို့ ဦးတည်ပျံသန်းလာကြသည်။ လက်ရှိတွင် သူတို့က ကောင်းကင်မူလကြယ်မှ ထွက်ခွာလာသည်မှာ အချိန်တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။ ယွမ်တသည် ကျောက်စိမ်းနန်းတော်ကို လုယူချင်သော်လည်း ရွှေရောင်အလင်း၏ တိုက်ခိုက်မှုကြောင့် အရှင်လတ်လတ်မီးတိုက်ခံရ၍ အပြင်းအထန်ဒဏ်ရာရခဲ့သည်။ ဒဏ်ရာမှ သက်သာလာချိန်တွင် ကောင်းကင်မူလကြယ်ကို လက်စားချေရန်အတွက် မြေအောက်ခံတပ်နှင့် ကျောက်စိမ်းနန်းတော်အကြောင်းကို စကြဝဠာအတွင်း သတင်းလွှင့်လိုက်သည်။ ဤသတင်းက ပတ်ဝန်းကျင်ကြယ်ဒေသများကို လှုပ်ခတ်သွားစေခဲ့ပြီး မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများက အညှီနံ့ရသော ယင်ကောင်များပမာ အုပ်လိုက်ရောက်ရှိလာကြသည်။ သူတို့က အစွမ်းထက်ပြီး နတ်အစေခံအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ မူလတွင် ထာဝရပြည်ထောင်၏ဥပဒေကြောင့် ကြယ်သခင်များက ရောက်ရှိမလာသော်လည်း နောက်လိုက်နတ်အစေခံများကို စုံစမ်းရန် စေလွှတ်လိုက်သည်။ နတ်မြေခွေးဘုရင်မက ကျိယွမ်ကြယ်မှ နတ်အစေခံများကို ပြန်လည်ဆင့်ခေါ်၍ အရေအတွက်ငါးဆယ်ကျော်အထိ စုစည်းကာ ကောင်းကင်မူလကြယ်၏အခြေအနေကို ထိန်းသိမ်းချင်ခဲ့သည်။ သို့သော် သတင်းကို အတည်ပြုပြီးနောက် ပိုမိုအစွမ်းထက်သူများ ရောက်ရှိလာကာ အဆင့်နိမ့်ကြယ်သခင်များပင် ပါဝင်လာကြသည်။ တိုက်ကြီးလေးခုတွင် ယာဥ်ပေါင်းစုံရောက်ရှိနေပြီး ကျင့်ကြံသူများစွာက မြေအောက်ခံတပ်နှင့် ကျောက်စိမ်းနန်းတော်ကို လိုက်လံရှာဖွေနေကြသည်။ တန်းအာ၏လုံခြုံရေးအတွက် သူ့ကို ထန်တိုက်လင်နှင့်အတူ ကျိယွမ်ကြယ်သို့ ပို့ဆောင်ထားခဲ့သည်။
ကောင်းကင်မူလကြယ်တွင် အခြေအနေက ဗြောင်းဆန်နေပြီး ကျူးကျော်လာသူများက ကြယ်သခင်မရှိကြောင်း သိသွားသောအခါ ဥပဒေမဲ့လုပ်ရပ်ပေါင်းစုံကို ကျူးလွန်လာကြသည်။ စစ်ဧကရာဇ်တစ်ယောက်က ထိုလူများကို စော်ကားမိခဲ့သဖြင့် မျိုးနွယ်တစ်ခုလုံး သုတ်သင်ခံလိုက်ရ၏။ နတ်အစေခံများက တရားမျှတမှုကို ရှာဖွေချင်သော်လည်း တရားခံ၏အင်အားစုတွင် နတ်အစေခံတစ်ရာကျော်ရှိနေသဖြင့် စစ်ပွဲဖြစ်လျှင် ကောင်းကင်မူလကြယ် ပျက်စီးသွားနိုင်သဖြင့် ဒေါသကို မျိုသိပ်ရုံသာ တတ်နိုင်သည်။ ကံကောင်းသည်မှာ အဆင့်နိမ့်ကြယ်သခင်များက နတ်အစေခံများကို တိုက်ခိုက်ရန် စိတ်မဝင်စားသောကြောင့် ကျောက်စိမ်းနန်းတော်ကိုသာ အာရုံစိုက်ထားကြသည်။ ထိုလူများပါ သောင်းကျန်းနေလျှင် ကောင်းကင်မူလတိုက်ကြီး၏ တားမြစ်အစီအရင်က သေချာပေါက် ပျက်စီးသွားနိုင်ကာ ရှေးဟောင်းတျန်းယွမ်မြို့လည်း ကာကွယ်နိုင်မည် မဟုတ်ပေ။
ကိစ္စအားလုံး၏တရားခံက ယွမ်တဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ခဲ့သောကြောင့် နတ်အစေခံများစွာ ရောက်ရှိလာခဲ့သည်။ ဤအကြောင်းကို ကောင်းကင်မူလကြယ်၏နတ်အစေခံများက သိထားသော်လည်း ရင်ယွမ်ကြယ်နှင့် တိုက်ခိုက်ရန် ခွန်အားမလုံလောက်ပေ။ လက်ရှိတွင် အခြေအနေက မငြိမ်မသက်ဖြစ်နေပြီး ဗြောင်းဆန်နေသော်လည်း သူတို့က အမိမြေကို မစွန့်ခွာရက်ပေ။
ကြယ်သခင်များက အချိန်ကြာမြင့်စွာ စစ်ဆေးခဲ့သော်လည်း ကျောက်စိမ်းနန်းတော်၏ဝင်ပေါက်ကို ရှာမတွေ့ခဲ့ပေ။ စမ်းသပ်ရန်အတွက် နတ်အစေခံများ စေလွှတ်ခဲ့သော်လည်း အားလုံးကို ရွှေရောင်အလင်းက သုတ်သင်ပစ်လိုက်သဖြင့် ကြောက်လန့်သွားစေသည်။ ထို့ကြောင့် သူတို့က ကျောက်စိမ်းနန်းတော်ကို ခပ်ခွာခွာနေလိုက်ပြီး မြေအောက်ခံတပ်အပေါ် အာရုံစိုက်လိုက်ကြ၏။ သို့သော် သူတို့က တည်နေရာကို ရှာမတွေ့သောကြောင့် ဒေါသတကြီး ဖြစ်လာကြသည်။ ကောင်းကင်မူလကြယ် ငြိမ်းချမ်းစေရန်အတွက် ရှင်းဟွမ်က ခံတပ်ကို ထုတ်ဖော်ပြသရန် ဆုံးဖြတ်လိုက်သည်။
အနောက်ပိုင်းတိုက်ကြီးနှင့် တောင်ပိုင်းတိုက်ကြီး၏အစပ် ပင်လယ်အတွင်းမှ မီးတဟုန်းဟုန်းတောက်လောင်နေသော ဧရာမခံတပ်ကြီးတစ်ခု မြင့်တက်လာ၏။ ၎င်းက ကီလိုမီတာဒါဇင်ချီကျယ်ဝန်းပြီး မီတာရာချီမြင့်မားသော နံရံများနောက်တွင် အဆောက်အအုံမျိုးစုံနှင့် ချွန်ထက်သော မျှော်စင်များ ရှိနေသည်။ ၎င်းက ကြီးကျယ်ခမ်းနားပြီး မည်သည့်ကုန်ကြမ်းဖြင့် တည်ဆောက်ထားကြောင်းမသိရဘဲ အနီရောင်တောက်ပနေကာ မီးတောက်များ လွှမ်းခြုံနေသည်။ ပင်လယ်ရေမျက်နှာပြင်ထက်သို့ ခံတပ်ကြီး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်မှရေများ ပွက်ပွက်ဆူလာသည့်အပြင် အဖြူရောင်ရေငွေ့များအဖြစ် စတင်အငွေ့ပျံလာကြလေသည်။