သွေးစတေးခြင်း
Vol. 55 Ch. 769
ဆန်းကျယ်သော ခံတပ်ဟောင်းကြီး ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျူးကျော်သူများ၏အာရုံကို ဆွဲဆောင်သွားပြီး အတွင်း၌ မည်သည့်အရာများရှိနေမည်ကို လူတိုင်းက သိချင်နေသဖြင့် ကောင်းကင်မူလကြယ်က ယာယီငြိမ်းချမ်းနေသည်။ ခံတပ်ဟောင်းကြီးကို မီးတောက်များဖြင့် လွှမ်းခြုံထားသော်လည်း အစွမ်းထက်ကျင့်ကြံသူများ ဝင်ရောက်နိုင်သောကြောင့် ကျောက်စိမ်းနန်းတော်လောက် အန္တရာယ်မများပေ။ ကျင့်ကြံသူများက အတွင်းသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်သွားသကဲ့သို့ အလျင်စလိုမလုပ်ဘဲ စောင့်ကြည့်နေသူများလည်း ရှိသည်။ ကောင်းကင်မူလကြယ်က ငြိမ်းချမ်းသယောင်ရှိသော်လည်း နေရာတိုင်း ဗြောင်းဆန်နေပြီး ပြဿနာရှနေသူများစွာ ရှိနေခဲ့သည်။
အချိန်ကြာမြင့်သောအခါ ကြယ်ပေါ်သို့ရောက်ရှိလာသော နတ်အစေခံအရေအတွက်က ငါးထောင်အထိ များပြားလာပြီး အများစုက ရတနာရှာဖွေရန်အတွက် ခံတပ်ဟောင်းအတွင်း ဝင်ရောက်သွားကြသော်လည်း ရှေးဟောင်းတျန်းယွမ်မြို့အတွင်း နေထိုင်ရင်း သတင်းစောင့်နေကြသူများလည်း ရှိသည်။ မြို့လယ်ရင်ပြင်အနီး စားသောက်ဆိုင်တစ်ခုတွင် နတ်အစေခံအုပ်စုတစ်ခု ရောက်ရှိနေပြီး အများစုက လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤပတ်ဝန်းကျင်ကို နတ်မြေခွေးဘုရင်မ၊ ဖီးနစ်ဘုရင်မနှင့် အခြားနတ်အစေခံများက စစ်ဧကရာဇ်နန်းတော်အတွင်းမှ စောင့်ကြည့်နေပြီး သတိကြီးကြီးထားနေကြသည်။ စစ်ဧကရာဇ်မျိုးနွယ်တစ်ခု သုတ်သင်ခံရပြီးနောက် တျန်းယွမ်မြို့မှ ကျင့်ကြံသူအားလုံးကို အလယ်ပိုင်းတိုက်ကြီးထံ ပို့ဆောင်ပေးလိုက်ပြီး တည်နေရာပြောင်းအစီအရင်ကို ပိတ်ဆို့ထားလိုက်၏။ ထိုအစီအရင်ကို အပြင်လူများမသုံးနိုင်စေရန်အတွက် ကောင်းကင်မူလကြယ်၏ နတ်အစေခံသုံးဆယ်ကျော်က စောင့်ကြပ်နေကြသည်။ စားသောက်ဆိုင်အတွင်း နွားရိုင်းတစ်ကောင်ပမာ တုတ်ခိုင်သန်မာပြီး မျက်နှာတစ်ခုလုံး အမာရွတ်များပြည့်နှက်နေသော ကျင့်ကြံသူတစ်ယောက်က သေရည်ကို ပါးစပ်အပြည့် မော့သောက်နေသည်။ ထိုလူ၏အမည်က တုတန်းဖြစ်ပြီး အနီးအနားရှိ ကြယ်ဒေသများတွင် သောင်းကျန်းနေသူဖြစ်ကာ လက်အောက်ခံ နတ်အစေခံတစ်ရာကျော်ကို စုစည်းထားနိုင်သည်။ သူက လုယက်သတ်ဖြတ်တတ်သောကြောင့် ကြယ်သခင်များပင် အလိုရှိနေသော်လည်း မည်သူမှ လိုက်လံမဖမ်းဆီးနိုင်ခဲ့ပေ။ သူက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်ဖြစ်ပြီး သွေးဆာတတ်သူဖြစ်ကာ မိခင်ကြယ်ကို သစ္စာဖောက်ခဲ့၍ လေလွင့်သူတစ်ယောက်ဖြစ်လာကာ ရင်ဆိုင်တိုက်ခိုက်ရခက်ခဲသော နတ်ဆိုးဓားတစ်လက်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူက သေရည်ခွက်ကို မော့သောက်ပြီးနောက် ခွက်ကို ကြမ်းပြင်ထံ ရုတ်တရက် ပစ်ပေါက်ကာ နံရံထံ သေရည်များ ထွေးထုတ်လိုက်၏။
"ခွေးမသားတွေ ကောင်းကင်မူလကြယ်ရဲ့ ကျင့်ကြံသူတွေက တားမြစ်အစီအရင်ထဲမှာ ပုန်းနေကြတယ်။ ဘယ်ကြယ်သခင်က ဒီသောက်အစီအရင်ကို ဖန်တီးခဲ့လို့မို့ ဖျက်ဆီးရခက်ခဲနေတာလဲ။ ငါက ပျော်ပါးဖို့ မိန်းမတစ်ယောက်တောင် ရှာလို့မရတော့ဘူး"
သူက စားပွဲကိုရိုက်ချ၍ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏စကားကြောင့် နောက်လိုက်များကလည်း သေရည်ခွက်များကို အသီးသီးပစ်ခွဲလိုက်ကြသည်။
"ငါတို့က ကောင်းကင်မူလကြယ်ကို ရောက်နေတာတောင် ဒီခွေးကောင်တွေက ထွက်မကြိုဘူး"
"သူတို့အမှားကိုသိအောင် သင်ခန်းစာပေးရမယ်"
ဤလူများက ရုန့်ရင်းကြမ်းတမ်းသဖြင့် ပြဿနာရှာချင်နေကြောင်း သိသာသည်။
"ခေါင်းဆောင် ကျုပ်တို့ အလယ်ပိုင်းတိုက်ကြီးကို တည်နေရာပြောင်းအစီအရင်ကနေ သွားကြမလား"
ကောက်ကျစ်ပုံရသော နောက်လိုက်တစ်ဦးက အကြံပေးလိုက်သည်။
"ခေါင်းဆောင် ကောင်းကင်မူလကြယ်မှာ နတ်မြေခွေးဘုရင်မနဲ့ ဖီးနစ်ဘုရင်မဆိုတဲ့ မိန်းမလှနှစ်ယောက်ရှိတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒီကောင်မတွေက အရမ်းလှလွန်းလို့ ဘယ်လောက်ပျော်ပါးလို့ကောင်းလိုက်မလဲ"
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်ပြန်သည်။
"သွားစမ်း။ ငါတို့အတွက် တည်နေရာပြောင်းအစီအရင်ကို အသက်သွင်းဖို့ ပြောလိုက်။ မဟုတ်ရင် ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ အကုန်သတ်ပစ်မယ်"
ထိုစကားကို ကြားသောအခါ တုတန်း၏မျက်လုံးများတွင် တဏှာမီးတောက်လောင်လာ၍ အော်ဟစ်အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
သူ၏အမိန့်ကြောင့် နတ်အစေခံတစ်ရာကျော်က ပြိုင်တူအော်ဟစ်လိုက်ပြီး လေပေါ်သို့ပျံတက်ကာ စစ်ဧကရာဇ်နန်းတော်ထံ ဦးတည်လိုက်သည်။ ထိုအချင်းအရာကြောင့် စားသောက်ဆိုင်ကို စောင့်ကြည့်နေသော နတ်အစေခံများမှာ သူတို့အစိုးရိမ်ရဆုံးကိစ္စ ဖြစ်လာသောကြောင့် ကွက်ခနဲ မျက်နှာပျက်သွားကြသည်။ ဤလေလွင့်သူများက ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရန် အစီအစဥ်ရှိပုံမရချေ။
"ကောင်းကင်မူလတိုက်ကြီးရဲ့ တည်နေရာပြောင်းအစီအရင်ကို ဖျက်ဆီးပစ်လိုက်"
ရွှယ်ယွမ်က ပြတ်သားစွာဖြင့် ဆုံးဖြတ်ကာ အမိန့်ပေးလိုက်သည်။
"ဒေါ်လေးရွှယ် နင်အာက အတူတူတိုက်ခိုက်ပါမယ်"
နင်အာက ပြိုင်ဘက်ကင်းလောက်သော အလှမျိုးနှင့် သူမနံဘေးတွင် ထွက်ပေါ်လာသည်။ သူမ၏မျက်နှာထားက အလွန်အမင်းတည်ငြိမ်နေပြီး ထက်ရှသော အရှိန်အဝါထွက်ပေါ်နေသဖြင့် အမြဲတမ်းချစ်စရာကောင်းနေသော အသွင်အပြင်နှင့် ကွဲပြားနေသည်။ ဤပြဿနာက ကြမ်းတမ်းသော တိုက်ပွဲတစ်ခုဖြစ်နိုင်ကြောင်း သူမ နားလည်ထားသည်။ လက်ရှိတွင် သူမက နတ်အစေခံအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ပုံရိပ်ယောင်ပညာ၌ အလွန်ထူးချွန်သူဖြစ်လာခဲ့သည်။
"နင်အာ မင်း ဝင်မပါသင့်ဘူး"
ရွှယ်ယွမ်က သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်၏။ နင်အာ ရောက်လာသည့်အချိန်ကိုပင် သူမက မသိလိုက်ပေ။နင်အာက ကောင်းကင်မူလကြယ်တွင် အလားအလာအရှိဆုံး ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် သူမက စိုးရိမ်နေခဲ့သည်။ ပိုလင်းသည်လည်း ရောက်ရှိလာပြီး သူမကို နင်အာက အနည်းငယ်မကျေနပ်သော်လည်း အရေးကြုံလာသောအခါ ဘေးထွက်ရပ်မနေခဲ့ပေ။ သူမက နင်အာကို ပြုံးပြလိုက်ပြီး အမြဲတစေရှိနေတတ်သော ညှို့ငင်အားများ ပျောက်ကွယ်နေကာ မြင့်မြတ်မှုတို့ အစားထိုးဝင်ရောက်နေသည်။ အားနည်းပုံပေါ်သော ယဲ့လော့သည်လည်း အလွန်ခေါင်းမာတတ်သော ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ထားသဖြင့် မျက်လုံးများက တင်းမာနေသည်။ သူတို့အားလုံးက အဆင့်တစ်နတ်အစေခံများဖြစ်ကာ ကောင်းကင်မူလကြယ်ဘက်တွင် အယောက်သုံးဆယ်သာရှိသောကြောင့် ကျူးကျော်လာသူများကို အနိုင်ရရန် မဖြစ်နိုင်ပေ။ နဂါးဘုရင်မရှိသောကြောင့် ရွှယ်ယွမ်၏မျက်ဝန်းများ အနည်းငယ်မှိန်ကျသွားသော်လည်း ဖြတ်ခနဲ ထွက်ပေါ်လာခြင်းသာဖြစ်၍ ခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
"အစ်ကိုကြီး ဘယ်ရောက်နေတာလဲ သိချင်မိတယ်"
ယဲ့လော့သည် ယဲ့ချန်ကို သတိရနေမိသည်။ သူမနံဘေးတွင် ယဲ့ချန်ရှိနေလျှင် ထောက်တိုင်ကြီးတစ်ခုရှိနေသည်ဟု စိတ်ထဲမှ ခံစားရတတ်သည်။ သို့သော် လက်ရှိတွင် ကျယ်ပြောလှသော စကြဝဠာအတွင်း ယဲ့ချန် မည်သည့်နေရာရောက်နေကြောင်း မသိရပေ။
"ကောင်းကင်မူလကြယ်ရဲ့ ခွေးကောင်တွေ ထွက်လာစမ်း။ မဟုတ်ရင် စစ်ဧကရာဇ်နန်းတော်ကို ပြားနေအောင် ဖျက်ဆီးပစ်မယ်"
စစ်ဧကရာဇ်နန်းတော်၏အပြင်ဘက်မှ တုတန်းသည် နတ်ဆိုးဓားကိုဝင့်ကာ မောက်မာစွာစိန်ခေါ်လိုက်ပြီး သွေးဆာရက်စက်သော အရှိန်အဝါကို ထုတ်ဖော်လိုက်၏။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများက စစ်ဧကရာဇ်နန်းတော်အထက် ကောင်းကင်၌ ထွက်ပေါ်လာသည်။
"တုတန်း ကောင်းကင်မူလကြယ်က နင်မောက်မာရမယ့် နေရာ မဟုတ်ဘူး"
ရွှယ်ယွမ်က မျက်မှောင်ကြုတ်၍ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
"ဟား ဟား ရယ်စရာကောင်းလိုက်တာ။ ငါ ဘယ်ကြယ်ကိုရောက်ရောက် ကြယ်သခင်မဟုတ်ရင် ကြောက်စရာမလိုခဲ့ဘူး။ မင်းတို့မှာ ကြယ်သခင်တစ်ယောက်မရှိတာတောင် ငါ့ကို အော်ငေါက်ရဲတယ်ပေါ့။ နတ်မြေခွေးဘုရင်မ နင်သာ ငါ့မိန်းမဖြစ်လာရင် ကောင်းကောင်းမွန်မွန်ထားမယ်လို့ ကတိပေးတယ်"
တုတန်းက မောက်မာစွာရယ်မော၍ ရွှယ်ယွမ်ကို တဏှာမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"အရုပ်ဆိုးလိုက်တဲ့ ခွေးကောင် နင်က ငါ့ဖိနပ်ကိုလျက်ဖို့တောင် မတန်ဘူး"
သူမ၏စကားသံက ဒေါသထွက်လွန်းသဖြင့် အလွန်အေးစက်တင်းမာနေသည်။
"ဒီကြယ်ပေါ်မှာ မိန်းမလှတွေ အများကြီးရှိနေမယ်လို့ မထင်ထားဘူး။ ကြယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးရင် ငါ့ကိုပြုစုဖို့ ပြင်ထား"
တုတန်းက ရမ္မက်ကြီးစွာရယ်မော၍ ဖီးနစ်ဘုရင်မနှင့် ကျန်မိန်းမပျိုများကိုပါ ဝေ့ကြည့်ကာ လျှာသပ်လိုက်သည်။ ထို့နောက် သူက နတ်ဆိုးဓားကို ခုတ်ချလိုက်သောအခါ မီတာထောင်ချီရှည်လျားသော ဓားအလင်းတစ်ခုက စစ်ဧကရာဇ်နန်းတော်ထံ တိုးဝင်လာသည်။ ရွှယ်ယွမ်နှင့်ဖီး နစ်ဘုရင်မက ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်ပြီး သစ်သားစိမ်းဘုရင်ကလည်း အလုံးစုံဓားအစီအရင်ကို ခင်းကျင်းလိုက်၏။
"ဘုန်း ဘုန်း ဘုန်း"
တိုက်ပွဲစသောအခါ ရှေးဟောင်းတျန်းယွမ်မြို့တွင်း၌ ပေါက်ကွဲသံများ အတွဲလိုက် ထွက်ပေါ်လာသည်။ တုတန်း၏နောက်လိုက်များကလည်း ကောင်းကင်မူလကြယ်၏ကျင့်ကြံသူများထံ ခုန်ဝင်လာကြစဥ် ရွှယ်ယွမ်က အမြှီးဆယ်ချောင်းမြေခွေးအဖြစ် ပြောင်းလဲသွားကာ ဖီးနစ်ဘုရင်မကလည်း ဖီးနစ်အဖြစ် အသွင်ပြောင်းလိုက်၏။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများကလည်း ရန်သူများထံ ဝင်ရောက်သွားကြသဖြင့် စွမ်းအားချင်းရင်ဆိုင်မိချိန်တွင် မိုးချုန်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ကောင်းကင်မူလကြယ်သို့ နတ်အစေခံငါးထောင်ကျော် ရောက်ရှိနေသောကြောင့် ဤတိုက်ပွဲထံ ဘက်ပေါင်းစုံမှ ရောက်လာကြသော်လည်း အေးစက်စက်ရပ်ကြည့်နေကြသည်။ သူတို့အတွက် ကောင်းကင်မူလကြယ်ဘက်မှ အနိုင်ရသည်ဖြစ်စေ၊ တုတန်းဘက်မှ အနိုင်ရသည်ဖြစ်စေ အရေးမကြီးပေ။ နတ်အစေခံများကြားမှတိုက်ပွဲက ကြည့်ရှုရန် ထိုက်တန်သောကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ သစ်သားစိမ်းဘုရင်၏ မျက်လုံးများက တင်းမာနေကာ ထိန်းချုပ်ရေးဓားကို လွှဲယမ်းလိုက်သောအခါ ဓားအစီအရင်၏ ဓားများစွာက မုန်တိုင်းပမာကျဆင်းလာ၍ ရန်သူလေးငါးယောက်ကို သုတ်သင်လိုက်၏။
နင်အာ၊ ယဲ့လောနှင့် ပိုလင်းသည်လည်း တိုက်ပွဲအတွင်း ခုန်ဝင်လာကြသည်။ ရန်သူအရေအတွက်က များလွန်းသောကြောင့် ရွှယ်ယွမ်၏ကိုယ်ထက်တွင် အရိုးပေါ်လောက်သော ဒဏ်ရာကြီးများ ချက်ချင်းဖြစ်ပေါ်လာသည်။ သူမက ဒဏ်ရာကို လုံးဝလျစ်လျူရှုထားပြီး ပုံရိပ်ယောင်ပညာကို အသုံးချကာ ရန်သူတစ်ယောက်ကို သတ်ပစ်လိုက်သည်။ သို့သော် ရန်သူများက အရေအတွက်သာလွန်းနေသဖြင့် အခြားနတ်အစေခံများက သူမကိုကူညီရန်အတွက် ခက်ခဲနေသည်။ ကျန်တစ်ဖက်တွင် သစ်သားစိမ်းဘုရင်က အလုံးစုံဓားအစီအရင်ဖြင့် ရန်သူဆယ်ယောက်ကျော်ကို ဇီဝိန်ချုပ်ပေးနိုင်ခဲ့သည်။ ၎င်းက အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်နေသောအခါ တုတန်းက နတ်ဆိုးဓားဖြင့် ခုတ်ပိုင်းကာ ဖျက်ဆီးရန် ကြိုးစားလာသည်။ သူ၏ဓားအလင်းများက အစီအရင်ထံ တဘုန်းဘုန်း ကျရောက်လာသည်။
ရန်သူ၁၆ယောက်က အစီအရင်တစ်ခု ဖန်တီးခင်းကျင်း၍ ရွှယ်ယွမ်ကိုချောင်ပိတ်ကာ ဓားချီများက သူမကိုယ်တွင်း ထိုးဖောက်သွားကြသည်။ သူမက နာကျင်စွာအော်ဟစ်လိုက်ရသော်လည်း ပုံရိပ်ယောင်များထုတ်ဖော်ကာ ရန်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပစ်လိုက်သည်။
"ဒေါ်လေးရွှယ်"
ဤမြင်ကွင်းကြောင့် နင်အာက မျက်ရည်ဝဲသွားပြီး ပုံရိပ်ယောင်ပုလဲကို သူမအားကူညီရန်အတွက် ထွေးထုတ်ပေးလိုက်သည်။ ထိုအချိန်၌ သူမက နင်အာကို ဆွေးမြည့်လွမ်းဆွတ်စွာ ကြည့်လိုက်သည်။ ထိုအကြည့်က နင်အာတစ်ယောက်တည်းကို ရည်စူးသည်မဟုတ်ဘဲ စကြဝဠာအတွင်း ထွက်ခွာနေသော နဂါးဘုရင်နှင့် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူတိုင်းအတွက် ရည်ရွယ်သည်။ သူမက သက်ပြင်းတစ်ချက်ချ၍ ပုံရိပ်ယောင်ပုလဲကို နင်အာထံ ပြန်သွားစေလိုက်၏။
"ဒေါ်လေးရွှယ် မလုပ်ပါနဲ့"
နင်အာက မင်သက်နေရာမှ သတိပြန်ဝင်လာပြီး အသံကုန်အော်ဟစ် တားမြစ်လိုက်သည်။ ထိုအချိန်၌ ဓားဖျားဆယ်ခုကျော်က ရွှယ်ယွမ်၏ကိုယ်တွင်း ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်သည်။
"မသတ်ကြနဲ့"
ဤမြင်ကွင်းကို မြင်သောအခါ တုတန်းက အော်ဟစ်တားမြစ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ရွှယ်ယွမ်၏အလှက ပြိုင်ဘက်ကင်းဖြစ်သောကြောင့် ထူးခြားသည်ဟု သတ်မှတ်နိုင်သောအခါ မပျော်ပါးလိုက်ရသည်ကို သူက နောင်တရနေခြင်းဖြစ်သည်။
ဓားသွားများကြား ထိုးစိုက်ခံထားရသော ရွှယ်ယွမ်ထံမှ အဖြူရောင်အလင်းများ တဖိတ်ဖိတ်တောက်ပလာသည်။ ၎င်းအလင်းက အလွန်မြင့်မြတ်သောကြောင့် အင်မော်တယ်ကမ္ဘာသို့ တံခါးတစ်ချပ် ပွင့်ဟလာသည်နှင့် တူညီနေသည်။ အဖြူရောင်အလင်းများကြားတွင် ဝိညာဥ်တစ်ခုနှင့်ဆင်တူသော ပုံရိပ်တစ်ခုက ကျက်သရေရှိရှိလှပစွာ ထွက်ပေါ်လာသည်။ သူမက နတ်မြေခွေးဘုရင်မဖြစ်ကာ ဓားချက်များကျဆင်းလာချိန်တွင် နတ်မြေခွေးမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ် သွေးစတေးခြင်းကို အသုံးချနိုင်ခဲ့လေသည်။