ဘုရင်ချင်၏ အပြောင်းအလဲ
Vol. 55 Ch. 771
"ဒါက ဘာလဲ"
"ရှင်းဟွမ်လား"
"ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်"
ဝမ်းနည်းစိတ်နှင့် ဒေါစိတ်များ ရောယှက်နေသော သက်ပြင်းချသံတစ်ခုက ကောင်းကင်မူလကြယ်တစ်ခွင် ထွက်ပေါ်လာသည်။ လူတိုင်းက ရင်ထိတ်သွားကြသော်လည်း အချိန်က ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ မည်သူမှ မလှုပ်နိုင်တော့ပေ။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများ၊ ကျူးကျော်လာသူများ၊ ကြယ်သခင်များနှင့် သာမန်လူများအားလုံးပင် တွေဝေမိန်းမောသည့် စိတ်အခြေအနေသို့ ရောက်ရှိသွားသဖြင့် ကြယ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ရှင်းဟွမ်က စကြဝဠာအတွင်း နေထိုင်ရန် အလွန်အစွမ်းထက်ရမည်ဖြစ်သော်လည်း တင်းကျပ်လှသော စည်းကမ်းများကြောင့် ကျင့်ကြံသူများ၏အရေးကိစ္စကို မစွက်ဖက်နိုင်ပေ။ ထို့ကြောင့် သူတို့၏အမြင်တွင် ရှင်းဟွမ်များက အစွမ်းထက်မလှသော်လည်း အမှန်တကယ်၌ ကြောက်မက်ဖွယ်စွမ်းရည်များ ပိုင်ဆိုင်ထားသည်။
အချိန်သုံးရက်အကြာတွင် တိုက်ပွဲက မသိလိုက်ဘာသာဖြင့် ဆက်လက်ဖြစ်ပွားခဲ့ပြီး ရွှယ်ယွမ်နှင့် တုတန်းကြားမှ တိုက်ပွဲကလည်း သွေးအပူဆုံးအချိန်သို့ ရောက်လာခဲ့သည်။ နတ်အစေခံများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသောကြောင့် မျှော်လင့်ချက်များ ဝေဝါးလာကာ ယဲ့ချန်၏ဇနီးသုံးယောက်သည်လည်း အပြင်းအထန်ဒဏ်ရာရထားပြီး မျက်ဝန်းများ မှိန်ကျလာသည်။ သို့သော်လည်း သူတို့က လဲကျမသေဆုံးခင်အချိန်အထိ မာန်တင်း၍ တိုက်ခိုက်နေကြပေလိမ့်မည်။ သေရေးရှင်ရေးအချိန်တွင် သူတို့သုံးယောက်က အချင်းချင်းဆက်နွယ်နေကြပြီး အကြောင်းအရင်းက ယဲ့ချန်ဖြစ်ကြောင်း နားလည်သွားကြသည်။ သူတို့၏အသက်များက အချင်းချင်းဆက်နွယ်နေသည်ဖြစ်ရာ အချင်းချင်းကြားမှ မကြေလည်မှုများက အရေးမပါစွာ ပျောက်ကွယ်သွားကြသည်။
"သတ်ကြ"
ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက ရွှယ်ယွမ်ကဲ့သို့ အသက်အားများကို လောင်ကျွမ်း၍ တိုက်ခိုက်နေကြသည်။ ရှေးဟောင်းတျန်းယွမ်မြို့ အပြင်ဘက်တွင် နှစ်ဖက်လုံး ထိခိုက်သွားပါက အခွင့်ကောင်းယူရန် ချောင်းမြောင်းနေသော မြေခွေးကဲ့သို့ ကျင့်ကြံသူများ စောင့်နေကြသည်။ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများအတွက် မိတ်ဆွေများနှင့် မိသားစုဝင်များထံမှသာ နွေးထွေးမှုကိုခံစားခဲ့ရပြီး စကြဝဠာနှင့် ထိတွေ့မိချိန်၌ ရက်စက်မှုများကိုသာ ကြုံခဲ့ရသည်။ ဤအရာကား ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းဖြစ်ကာ ထာဝရပြည်ထောင်၏ စက်ဆုပ်ဖွယ်အမှန်တရားလည်း ဖြစ်ပေသည်။ သူတို့က ဤလူယုတ်မာများထက်စာလျှင် ရန်သူအဖြစ် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲသော ကောင်းကင်နတ်ဆိုးများကိုသာ ရင်ဆိုင်လိုက်ချင်သည်။ ရန်သူက ရန်သူဟုကွဲပြားသော်လည်း ဤလူယုတ်မာများက လူသားအရေခွံခြုံထားပြီး ကောင်းကင်နတ်ဆိုးများထက်ပင် ပို၍အောက်တန်းကျ ရိုင်းစိုင်းကြသည်။
"သေစမ်း"
ကောင်းကင်မူလကြယ်သည် နောက်ဆုံးတစ်ယောက်ကျန်သည်အထိ လက်မလျှော့ဟု ဆုံးဖြတ်ကာ တိုက်ခိုက်နေကြသည်။ သူတို့က စကြဝဠာအတွင်း အမေ့လျော့ခံများဖြစ်နေလျှင်ပင် သို့မဟုတ် နှစ်ပေါင်းများစွာအကြာ၌ မျိုးဆက်များက မေ့လျော့သွားလျှင်ပင် အနည်းဆုံး ဤလူယုတ်မာများကဲ့သို့ မကောက်ကျစ်ခဲ့ကြပေ။
"ငါ သူတို့ကို ကယ်နိုင်မယ်ဆိုရင် ငါ့ကိုယ်ငါ နတ်ဆိုးအဖြစ်ခံလိုက်မယ်"
သစ်သားစိမ်းဘုရင်က အခြားကျင့်ကြံသူများကို ဝေ့ကြည့်နေစဥ် သွေးနှင့်ရောသော မျက်ရည်များ ကျဆင်းလာသည်။ သူက အော်ဟစ်ကြုံးဝါးလိုက်ပြီး နတ်ဆိုးချီများကို ထိန်းချုပ်ရာမှ ထုတ်လွှတ်ပေးလိုက်သည်။ လွန်ခဲ့သောနှစ်တစ်ရာက ကောင်းကင်နတ်ဆိုးများနှင့် တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ကိုယ်တွင်းသို့ နတ်ဆိုးချီများ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ သူက သစ်သားစိမ်းမီးလျှံဖြင့် ၎င်းကိုသန့်စင် ဖျက်ဆီးချင်သော်လည်း ကျရှုံးခဲ့ရသည်။ သူ၏ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေခဲ့သော နတ်ဆိုးချီက စိတ်ဓာတ်အကျဆုံးအချိန်၌ ပေါက်ကွဲထွက်ပေါ်လာပြီဖြစ်သည်။ အလုံးစုံဓားအစီအရင်က သူ၏နတ်ဆိုးချီများ သက်ရောက်ခံလိုက်ရသဖြင့် မည်းနက်သွားကာ ဓားနက်များစွာက တုတန်း၏လူများထံ မုန်တိုင်းပမာ ဝင်ရောက်သွားသည်။ ၎င်း၏စွမ်းအားက ငါးဆအထိ တိုးလာသောကြောင့် နတ်အစေခံဆယ်ယောက်မှာ ကြက်ကလေးငှက်ကလေးများပမာ သတ်ဖြတ်ခံလိုက်ရသည်။
သစ်သားစိမ်းဘုရင်၏ နတ်ဆိုးချီ ထွက်ပေါ်လာသောအခါ ကျင့်ကြံဆင့်ကလည်း တဟုန်ထိုးမြင့်တက်လာ၍ အဆင့်တစ်ဆယ်အထိ ရောက်ရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က နတ်ဆိုးတစ်ကောင်ပမာ ပြောင်းလဲလာပြီး ကိုယ်တိုင်လိုလားမှုကြောင့် ကောင်းကင်နတ်ဆိုးတစ်ယောက် စတင်မွေးဖွားလာသည်။
"သတ်ရမယ် သတ် သတ်"
သစ်သားစိမ်းဘုရင်၏ မျက်လုံးများက သွေးနီရောင်တောက်ပလာပြီး သွေးဆာရက်စက်နေသော်လည်း အသိစိတ်ကို ပုံမှန်အတိုင်း ထိန်းချုပ်ထားနိုင်သည်။ သူ၏သတ်ဖြတ်မှုကြောင့် ရန်သူများမှာ နောက်ဆုတ်သွားချိန်၌ ရပ်ကြည့်နေသူများပါ နတ်ဆိုးအရှိန်အဝါကို ခံစားလိုက်ရသည်။ သူက ကောင်းကင်နတ်ဆိုးတစ်ကောင်အဖြစ် ဆင့်ကဲတိုးတက်လာပြီးနောက် ခွန်အားက ကြယ်သခင်နီးပါး အစွမ်းထက်လာခဲ့သည်။
"နတ်အစေခံတစ်ယောက်က ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီ။ ငါတို့တောင်ပံကြယ်က မိစ္ဆာကို သုတ်သင်ပြီး လောကကြီးကို အကျိုးပြုမယ်"
တျန်းယွမ်မြို့အပြင်ဘက်ရှိ ကျင့်ကြံသူတစ်ယောက်က လေပေါ်သို့ခုန်တက်လာကာ ဧရာမဓားကြီးတစ်လက်ကို သယ်ဆောင်၍ သစ်သားစိမ်းဘုရင်အား ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လိုက်သည်။
"လောကကြီးအတွက် နတ်ဆိုးကိုသုတ်သင်ပြီး တာအိုကို ကာကွယ်ကြ"
"ကောင်းကင်နတ်ဆိုးတစ်ကောင်က လာမောက်မာချင်နေတယ်"
"ကျောက်စိမ်းသစ်တောကြယ်ရဲ့ နတ်အစေခံတွေ ဒီကောင်က နတ်ဆိုးလမ်းစဥ်ကို ကျရောက်သွားပြီ။ သူ့ကိုသတ်ပြီး လောကကြီးကို ကာကွယ်ကြ"
ကောင်းကင်မူလကြယ်ကို အမဲဖျက်ရန် စောင့်ဆိုင်းနေသော ကြယ်အသီးသီးမှ ကျင့်ကြံသူပေါင်းခြောက်ရာကျော်က သူတော်ကောင်းစကားများ ကြွေးကျော်ကာ တိုက်ခိုက်လာကြသည်။
"နတ်ဆိုးကို သုတ်သင်ပြီး တာအိုကို ကာကွယ်မယ် ဟုတ်လား။ တော်တော်ရယ်ရတဲ့ ခွေးကောင်တွေ"
သစ်သားစိမ်းဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး နတ်ဆိုးချီများကို အတားအဆီးမရှိ ထုတ်လွှတ်လိုက်သည်။
"ကောင်းကင်မူလကြယ် အနိုင်ကျင့်ခံနေရတုန်းက မင်းတို့တွေ ဘယ်ရောက်နေကြတာလဲ။ ကောင်းကင်နတ်ဆိုးတွေ ငါတို့ကို လာတိုက်ခိုက်တော့ရော ဘယ်ရောက်နေကြတာလဲ။ အခု ငါက ငါ့လူတွေကိုကာကွယ်ဖို့အတွက် နတ်ဆိုးလမ်းစဥ်လျှောက်တော့မှ မင်းတို့က ရောက်လာပြီး တာအိုကို ကာကွယ်မယ်တဲ့လား။ ထွီ ရွံစရာကောင်းလိုက်တာ မင်းတို့တွေ ငါ့ကိုသတ်ချင်ရင် စောက်ပိုတွေမပြောနေနဲ့။ ကောင်းကင်မူလကြယ်ကို အနိုင်ကျင့်ချင်တဲ့လူတိုင်းကို ငါ သတ်ပေးမယ်"
သူက ဒေါသတကြီးဖြင့် အလုံးစုံဓားအစီအရင်ကို ဖြန့်ထုတ်ကာ ရန်သူများအား ကြိုဆိုလိုက်သည်။
"ငါ ဘုရင်ချင်ရဲ့လက်ထဲက ဓား မလွတ်ကျသရွေ့ မင်းတို့အားလုံးကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်"
သစ်သားစိမ်းဘုရင် ခေါ် ဘုရင်ချင်၏စကားသံက ခေါင်းလောင်းကြီးတစ်ခု ထိုးလိုက်သည့်ပမာ လောကတစ်ခွင် တုန်ယင်သွားစေသည်။ နေရာတိုင်း၌ နတ်ဆိုးချီများ ထွက်ပေါ်လာသောကြောင့် အရာရာ အမှောင်ကျသွားခဲ့သည်။ ကျူးကျော်လာသူများကို ရင်ဆိုင်နေသော သူ၏မျက်ဝန်းများတွင် ရွှယ်ယွမ်အတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။
"အစ်ကိုချင် ငါ့ကို စိတ်မပူပါနဲ့။ တုတန်းကို သတ်လိုက်"
ရွှယ်ယွမ်က ထိုအကြည့်ကို ခံစားလိုက်ရသဖြင့် လှပစွာပြုံးပြကာ ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ ဘုရင်ချင်၏ဓားချက် ကျဆင်းလာလျှင် တုတန်းနှင့် တိုက်ခိုက်နေသော သူမပါ အသတ်ခံရပေလိမ့်မည်။
"မင်းအစား ငါပဲ သေလိုက်ချင်ပါတယ်ကွာ"
သူ၏မျက်လုံးများတွင် နာကျင်မှုကြောင့် ဝေခွဲရခက်နေသော်လည်း ရန်သူကို သတ်ဖြတ်ခြင်းက ရှောင်လွှဲမရပေ။ ထို့ကြောင့် သူ့အား တိုက်ခိုက်လာသူများကို နတ်ဆိုးချီဖြင့်တွန်းလှန်ကာ လက်ထဲမှဓားရှည်ဖြင့် အားကုန်ပိုင်းချလိုက်သည်။ ထိုအခိုက်တွင် ရွှယ်ယွမ်ကို ကြည့်နေသော သူ၏မျက်လုံးများတွင် တောင်းပန်စိတ်တို့ထင်ဟပ်နေကာ မျက်ရည်များ ပြည့်နှက်နေသည်။
အလုံးစုံဓားအစီအရင်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို ခံစားလိုက်ရသော တုတန်းမှာ တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်။ တျန်းယွမ်မြို့၌ အလွန်အစွမ်းထက်သော ဓားအစီအရင်တစ်ခုရှိနေပြီး သူ့ကိုသတ်ရန်အတွက် ဘုရင်ချင်က နတ်ဆိုးအဖြစ်ခံလိမ့်မည်ဟု ထင်မထားခဲ့ပေ။ နောက်ဆုံးတွင် သူက ကြောက်လန့်နေပြီဖြစ်ကာ ဘုရင်ချင်၏အစွမ်းကို လျှော့တွက်ထားသော ကျူးကျော်သူများမှာလည်း အလန့်တကြား နောက်ဆုတ်သွားကြသည်။ ဓားချက်ကျဆင်းလာလျှင် ရွှယ်ယွမ်ရော တုတန်းပါ သေဆုံးရမည်ဖြစ်သောကြောင့် ဘုရင်ချင်၏ရင်ထဲတွင် မီးလောင်နေသည့်ပမာ နာကျင်ခံစားနေရသည်။
"နှုတ်ဆက်ပါတယ် ရွှယ်ယွမ်"
သူက နတ်မြေခွေးဘုရင်မကို ကြင်နာစွာကြည့်လိုက်ပြီး သွေးနီရောင်မျက်ဝန်းများမှ မျက်ရည်များ လိမ့်ဆင်းလာသည်။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများမှာလည်း မျက်ရည်များစီးကျလာကာ နင်အာက ကလေးတစ်ယောက်ပမာ သည်းထန်စွာ ငိုကြွေးနေခဲ့သည်။
"အားလုံးကို နှုတ်ဆက်တယ်နော်"
ရွှယ်ယွမ်က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး ကောင်းကင်မူလကြယ်အတွက် အလှဆုံးအပြုံးတစ်ခု ချန်ထားရစ်ခဲ့သည်။ ကောင်းကင်က မည်းနက်လာပြီး လေပြင်းများ တိုက်ခတ်လာကာ ကောင်းကင်မူလကြယ်က ကာကွယ်သူများအတွက် ဝမ်းနည်းပူဆွေးနေခဲ့သည်။
ထိုအချိန်၌ ရန်သူခြောက်ရာကျော်က ဘုရင်ချင်ကို အလယ်၌ပိတ်ဆို့ထားကြပြီး လက်ထဲရှိလက်နက်များက အရောင်တလက်လက် ထွက်ပေါ်နေသည်။ ဘုရင်ချင်၌ ဟာကွက်တစ်ခုခုပေါ်သွားလျှင် သူတို့က တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သတ်ဖြတ်ပေလိမ့်မည်။ သူ၏နတ်ဆိုးချီများက ပို၍သိပ်သည်းလာသဖြင့် အံ့လောက်ဖွယ်ရာ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။ သူ၏အရှိန်အဝါက အဆင့်နိမ့်ကြယ်သခင်များကိုပင် ထိတ်လန့်စေခဲ့ပြီး သူတို့အောက် နိမ့်ကျသူတစ်ယောက်က ကောင်းကင်နတ်ဆိုးဖြစ်လာသောအခါ အလွန်အစွမ်းထက်လာမည်ဟု မျှော်လင့်မထားပေ။
ဓားချက် ကျဆင်းလာသောအခါ ဘုရင်ချင်က မမြင်ရက်ဟန်ဖြင့် မျက်လုံးများ မှိတ်ထားလိုက်ပြီး ဓားအစီအရင်က ရွှယ်ယွမ်နှင့် တုတန်းထံ ဝင်ရောက်သွားခဲ့သည်။ မရေမတွက်နိုင်သော ဓားများ ထိမှန်ခံလိုက်ရသော တုတန်းက နာကျင်စွာ အော်ဟစ်နေစဥ် ရွှယ်ယွမ်က အလှပဆုံးပြုံး၍ တည်ငြိမ်နေခဲ့သည်။ သူမ၏ခန္ဓာကိုယ်ပတ်လည်မှ အဖြူရောင်အလင်းများ ဖြည်းဖြည်းချင်းမှိန်ကျသွားကာ ခန္ဓာကိုယ်က လေထဲတွင် ပျောက်ကွယ်သွားသည်။ သူမ၏အပြုံးက ကောင်းကင်မူလကြယ်အတွက် ထာဝရ တည်ရှိနေပေလိမ့်မည်။ အရာရာကို မြင်တွေ့နေရသော ရှင်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ထဲ၌ အဖြူရောင်ပုလဲနှစ်လုံးကို ထုတ်ယူလိုက်သည်။ ဆန်းကျယ်သော စွမ်းအားတစ်ရပ်က ပုံရိပ်နှစ်ခုကို ရစ်ပတ်ခေါ်ဆောင်ကာ ပုလဲတစ်ခုစီအတွင်း သွတ်သွင်းပေးလိုက်၏။
"ရွှယ်ယွမ်"
ကောင်းကင်မူလကြယ်ထံ အလျင်အမြန်ပျံသန်းလာသော နတ်ဆိုးယာဥ်အတွင်းမှ ယူကြုံးမရအော်သံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ နဂါးဘုရင်သည် သူမသေဆုံးသွားသည်ကို မျက်မြင်တွေ့လိုက်ရသောကြောင့် နှလုံးသားတစ်ခုလုံး စို့နင့်တင်းကျပ်နေသည်။ သူ၏ဇနီးသည် သေဆုံးသွားပြီးနောက် ရွှယ်ယွမ်နှင့် သူ့ကြားတွင် စကားဖြင့်ဖော်ပြမရသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ သူ၏နှလုံးသားအတွင်း ဇနီးသည်ကိုယ်စား နောက်တစ်ယောက်အစားထိုးရန် ခက်ခဲသောကြောင့် ခံစားချက်များကို ဖိနှိပ်ထားခဲ့သည်။ လက်ရှိအချိန်တွင် သူသည်ရွှ ယ်ယွမ်မရှိလျှင် မဖြစ်ကြောင်း သဘောပေါက်သွားသော်လည်း နောက်ကျသွားခဲ့သည်။ သူတို့က ကောင်းကင်မူလကြယ်အတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့ရင်း မရေမတွက်နိုင်သော သေရေးရှင်ရေးအခြေအနေများကို ကျော်ဖြတ်ခဲ့သောကြောင့် နက်နက်ရှိုင်းရှိုင်း မေတ္တာသက်ဝင်မိခဲ့ကြသည်။ ထို့ကြောင့် သူ၏ရင်ထဲရှိ နာကျင်မှုကို စကားလုံးဖြင့်ဖော်ပြခြင်းငှာ မဖြစ်နိုင်ချေ။
နဂါးဘုရင်သည် ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ရွှယ်ယွမ်၏သေခြင်း၊ ဘုရင်ဝမ် ကိုယ့်ကိုကိုယ်ဖောက်ခွဲရာမှ ကျန်ရစ်သော သဲလွန်စနှင့် ဘုရင်ချင်၏မျက်ရည်စများကို မြင်လိုက်ရသဖြင့် အရာရာကို သဘောပေါက်သွားခဲ့သည်။ သူ၏အသည်းနှလုံးများက ကြေကွဲမတတ် နာကျင်သွားပြီး ဒေါသူပုန်ထနေခဲ့လေသည်။