ရူးသွပ်သွားကြသူများ
Vol. 55 Ch. 772
"ယွမ်တ ငါ မင်းကို လုံးဝအလွတ်မပေးဘူး။ ပြီးတော့ မင်းတို့အားလုံး သေရမယ်"
နဂါးဘုရင်က နတ်ဆိုးယာဥ်ပေါ်မှအော်ဟစ်ရင်း ရန်သူများထံ ခုန်ချသွားခဲ့သည်။ မိခင်အရင်းသဖွယ် ဂရုစိုက်ပေးခဲ့သော ရွှယ်ယွမ် အသတ်ခံလိုက်ရသော မြင်ကွင်းက ထန်းယွမ်ကို အလွန်အေးစက်သွားစေကာ ဖခင်နှင့်အတူ လိုက်ပါသွားခဲ့သည်။ ယဲ့ချန်သည် ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့်စစ်ဆေး၍ မျက်နှာတစ်ခုလုံး မည်းနက်နေသည်။ ကောင်းကင်မူလကြယ်၌ ကျူးကျော်သူများစွာ ရောက်နေသော အကြောင်းအရင်းက အလွန်ရှင်းလင်းပြီး ယွမ်တမှ ကျောက်စိမ်းနန်းတော်အကြောင်း တမင်သတင်းလွှင့်လိုက်ခြင်းဖြစ်ပေလိမ့်မည်။ ရွှယ်ယွမ်နှင့် ဘုရင်ဝမ် သေဆုံးသွားပြီး ဘုရင်ချင်က ကောင်းကင်နတ်ဆိုးတစ်ယောက်ဖြစ်လာကာ ကျန်ကျင့်ကြံသူများလည်း သေသူသေ ဒဏ်ရာရသူရ ဖြစ်နေကြသည်။ သူ၏ဇနီးသုံးယောက်မှာလည်း ရန်သူများကြားတွင် အပြင်းအထန်ဒဏ်ရာရထားသောကြောင့် လုံးဝဒေါသထွက်သွားခဲ့သည်။
"သေစမ်း"
သူ၏မျက်လုံးများက သွေးနီရောင်ပြောင်းလဲသွားကာ ကြယ်ကိုးလုံးလည်ပတ်လာပြီး ခန္ဓာကိုယ်ပတ်လည်၌ ကောင်းကင်ဓားပျံရာချီ ထွက်ပေါ်လာ၏။ ထိုအချိန်၌ သူ၏ဆံပင်က လေထဲတွင် လွင့်ပျံနေပြီး မျက်နှာထားက အေးစက်နေကာ လူ့ဘုံသို့ဆင်းသက်လာသော သေမင်းနတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။ သူက နတ်ဆိုးယာဥ်ပေါ်မှခုန်ချ၍ ရှေးဟောင်းတျန်းယွမ်မြို့ထံ ကြယ်တံခွန်ပမာ ပြေးဝင်သွားခဲ့သည်။ တုတန်း အသတ်ခံလိုက်ရသည်ကို မြင်သောအခါ သူ၏နောက်လိုက်များက ကြောက်လန့်တကြား နောက်ဆုတ်သွားကြသဖြင့် နောက်ဆုံး၌ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများ အသက်ရှူချောင်သွားခဲ့သည်။
ကောင်းကင်ဓားပျံများက ဘက်ပေါင်းစုံသို့ မုန်တိုင်းတိုက်သကဲ့သို့ ပြန့်ထွက်သွားပြီး ပစ်မှတ်က ကျူးကျော်လာသူများဖြစ်သည်။ ယဲ့ချန်၏ခန္ဓာကိုယ်က ရွှေရောင်တောက်ပပြီး ပေါက်ကွဲစွမ်းအင်များ ထွက်ပေါ်လာကာ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ အသက်ဝင်လာသည်။ ဓားပျံများကို ခုခံရန်အတွက် ရန်သူများက လက်နက်ကိုယ်စီ ကာထားလိုက်ကြသော်လည်း ချက်ချင်းထက်ပိုင်းပြတ်ကျသွားကာ မတားမြစ်နိုင်ခဲ့ပေ။ ရန်သူများက ဓားပျံများအောက်တွင် အတုံးအရုံးလဲကျသေဆုံးသွားကာ သွေးချောင်းစီးနေပြီး သူ၏မျက်လုံးများတွင် ဒေါသမီးဝင်းဝင်းတောက်နေသဖြင့် မြေပြင်သို့ ဆင်းသက်လိုက်သောအခါ မြို့တစ်ခုလုံး တုန်ခါသွားသည်။ ကောင်းကင်ဓားပျံများ ထပ်မံထွက်ပေါ်လာကာ ရန်သူများ၏အသက်များကို နှုတ်ယူနေစဥ် တုတန်း၏အလောင်းမှ အနက်ရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားခဲ့သည်။
"ဒီလောက်လွယ်လွယ်နဲ့ ထွက်ပြေးလို့ရမလား"
ယဲ့ချန်က သတ်ဖြတ်လိုစိတ်ဖြင့် ကြုံးဝါးလိုက်ပြီး ဝိညာဥ်အသိစိတ်ကို ဘီလူးအသွင်ပြောင်းကာ စေလွှတ်လိုက်၏။
"ဘုန်း"
၎င်းက သံမဏိခက်ရင်းကြီးကို ပစ်ခတ်လိုက်သောအခါ အနက်ရောင်အလင်းကိုထိမှန်သွား၍ မြေပြင်၌ သံမှိုစွဲထားလိုက်၏။ အနက်ရောင်အလင်းက တုတန်း၏ဝိညာဥ်ဖြစ်ကာ ဖရိုဖရဲဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးချင်ခဲ့သော်လည်း ဖော်ထုတ်ခံလိုက်ရသည်။ ဘီလူးက ထိုဝိညာဥ်ကို ဆွဲမ၍ ပါးစပ်ကိုဟကာ တကျွတ်ကျွတ်မြည်အောင် ဝါးစားလိုက်၏။
"အား"
တုတန်းသည် အရှင်လတ်လတ်စားသောက်ခံနေရသောကြောင့် အဆုံးမရှိသော နာကျင်မှုကို ခံစားနေရပြီး နောင်တရနေခဲ့သည်။ သေခြင်းတရား ရောက်လာသော အချိန်တွင်မှ ကောင်းကင်မူလကြယ်ကို ပြဿနာရှာမိခြင်းအပေါ် နောင်တရသွားသော်လည်း နောက်ကျသွားခဲ့သည်။ ဘီလူးက သွေးဆာရက်စက်စွာဖြင့် ဝိညာဥ်ကို ဝါးစားပြနေသဖြင့် သူ၏နောက်လိုက်များမှာ သွေးထွက်မတတ် ကြောက်လန့်၍ ထွက်ပြေးလိုက်ကြသည်။ သို့သော် ယဲ့ချန်က ဓားပျံများဆက်တိုက်ပစ်ခတ်နေကာ တစ်လက်က အသက်တစ်သက်ကို ဇီဝိန်ချုပ်ပေးနေခဲ့သည်။ ယဲ့ချန်ကိုမြင်သောအခါ သူ၏ဇနီးသည်များ မျက်နှာထက်တွင် မျက်ရည်များ ကျဆင်းလာ၏။
"အစ်ကိုကြီး ဒေါ်လေးရွှယ် အသတ်ခံလိုက်ရပြီ"
နင်အာက ပင့်သက်ရှိုက်ငိုနေရင်း တိုင်တန်းလာသည်။ မှောင်ခိုစျေးသို့ အတူတကွသွားဖူးပြီး ညှင်သာသိမ်မွေ့သော အကြီးအကဲဖြစ်သူ ရွှယ်ယွမ်၏သတင်းဆိုးကြောင့် ယဲ့ချန်က ရင်နာသွားရသည်။ သူက အသက်ကိုပြင်းပြင်းရှူ၍ စိတ်ထဲမှ အဆုံးမဲ့ဒေါသများကို ဖောက်ခွဲဖော်ထုတ်ချင်နေသည်။
"ဒေါ်လေးရွှယ်အတွက် တရားမျှတအောင် လုပ်ပေးမယ်"
သူ၏မျက်နှာထားက အေးစက်တင်းမာနေပြီး တုတန်း၏နောက်လိုက်များကို အသက်ရှင်ခွင့်မပေးရန် ဆုံးဖြတ်လိုက်၏။
"ဒီခွေးမသားတွေ"
"ကောင်းကင်မူလကြယ်ကို အနိုင်ကျင့်ချင်တဲ့ ခွေးကောင်တွေ"
"ယွမ်တ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်။ မင်းတို့အားလုံးကို ဒေါ်လေးရွှယ်၊ ဘုရင်ဝမ်တို့နဲ့အတူ မြေမြုပ်ပစ်မယ်"
ယဲ့ချန်က ဓားပျံများပစ်ခတ်၍ ရန်သူခြောက်ယောက်ကို ထပ်သတ်လိုက်သည်။ သူက အဆင့်ငါးနတ်အစေခံသာဖြစ်သော်လည်း ဒေါသထွက်နေသဖြင့် အဆင့်တစ်ဆယ်များကိုပင် မှုမနေတော့ပေ။ အဆင့်ရှစ်ရန်သူနှစ်ယောက်က သူ့ထံခုန်ဝင်လာ၍ တိုက်ခိုက်လိုက်သော်လည်း လက်နက်များ ဒေါင်ခနဲ ပြန်ကန်ထွက်လာကြသည်။ ရွှေရောင်တောက်ပနေသော ခန္ဓာကိုယ်က သံမဏိထက် ပို၍မာကျောနေသောကြောင့် ၎င်းတို့က ပျက်စီးသွားကာ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ၏ အစွမ်းအောက်တွင် ထိုနှစ်ယောက်က နှစ်ပိုင်း ဆွဲဖြဲခံလိုက်ရ၏။
"သေစမ်း"
အချိန်ခဏအတွင်း ယဲ့ချန်က နတ်အစေခံခြောက်ဆယ်ကျော်ကို သတ်ဖြတ်ကာ နဂါးဘုရင်တို့နှင့်ပူးပေါင်းရန် ပြေးထွက်သွားခဲ့သည်။ မြို့ပြင်ဘက်တွင် နဂါးဘုရင်၊ ထန်းယွမ်နှင့် ဘုရင်ချင်က ရန်သူခြောက်ရာကျော်ကို ရင်ဆိုင်နေကာ အထူးသဖြင့် ထန်းယွမ်က လက်ဗလာဖြင့် ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်နေသည်။ နဂါးဘုရင်၏ဓားအောက်တွင် ရန်သူခြောက်ဆယ်ကျော် ခေါင်းပြတ်သွားသွားသဖြင့် အဆင့်တစ်ဆယ်များပင် အနားမကပ်ရဲချေ။ ကောင်းကင်နတ်ဆိုးအသွင်ဖြစ်နေသော ဘုရင်ချင်ထံ ဝင်ရောက်တိုက်ခိုက်နေသူများမှာလည်း ကံကောင်းလျှင် လွင့်ထွက်သွားကာ ကံဆိုးလျှင် အသက်နှင့်ကိုယ် အိုးစားကွဲကုန်သည်။ သူတို့အားလုံးက ရူးရူးမိုက်မိုက်သတ်ဖြတ်နေသဖြင့် ရန်သူများက နောက်ဆုတ်ပေးနေရပြီး ပုံမှန်ဆိုလျှင် အရေအတွက်ချင်းမယှဥ်သာသော်လည်း လက်ရှိ၌ ရူးသွပ်နေကြပြီး အသက်ကိုပဓာနမထားဘဲ တိုက်ခိုက်နေသောကြောင့် ရန်သူတို့က တစ်ကိုယ်လုံးတုန်ရီသွားအောင် ကြောက်လန့်နေကြသည်။
"ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံတွေ မင်းတို့ရူးသွားကြပြီလား။ နတ်ဆိုးကိုသတ်ပြီး တာအိုကို ကာကွယ်ရမယ်။ မင်းတို့ဖယ်မပေးရင် အသတ်ခံရမယ်"
ကျောဘက်တွင် တောင်ပံများရှိပြီး ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်က သတိပေးလိုက်သည်။ သူက နဂါးဘုရင်နှင့် ထန်းယွမ်ကို ဓားဖြင့် ချိန်ရွယ်ထားသည်။
"ဟား ဟား နတ်ဆိုးကိုသတ်ပြီး တာအိုကိုကာကွယ်မယ် ဟုတ်လား။ ကောင်းကင်မူလကြယ်ရဲ့ ကျင့်ကြံသူတွေ အသတ်ခံရတုန်းက မင်းတို့ ဘယ်မှာလဲ"
ရွှယ်ယွမ်သေဆုံးသွားပုံကို အမှတ်ရလိုက်သော နဂါးဘုရင်၏မျက်လုံးများက တင်းမာနေသည်။ တုတန်းနှင့် နောက်လိုက်များ သေဆုံးသွားသော်လည်း မလုံလောက်သေးပေ။ ကျူးကျော်လာသူတိုင်းကို ရွှယ်ယွမ်အဖော်ရစေရန် ငရဲပြည်သို့ပို့ပေးရန် သူက ဆုံးဖြတ်ထားသည်။
"ကောင်းကင်မူလကြယ်နဲ့ တုတန်းရဲ့ ပြဿနာက ငါတို့နဲ့ မဆိုင်ဘူး။ ဒါပေမယ့် ဒီကောင်းကင်နတ်ဆိုးကို သတ်ရမယ်"
ထိုလူက စောဒကတက်လိုက်သည်။
"ကောင်းကင်မူလကြယ်ရဲ့ ဘယ်သူ့ကိုမှ မင်းတို့ မထိရဘူး။ မင်းက သူတို့ကိုထိရဲရင် မင်းကိုလည်း သတ်မယ်"
နဂါးဘုရင်က ဓားကိုဝင့်ကာ ထိုရန်သူထံ ခုန်ဝင်သွားခဲ့သည်။
"ခေါင်းမာတဲ့ ခွေးကောင်"
ထိုလူကလည်း တောင်ပံများခတ်၍ နဂါးဘုရင်ထံ ပျံသန်းဝင်ရောက်လာသည်။
"သေစမ်း"
နဂါးဘုရင်က ထိုလူ၏ဓားချက်ကိုမရှောင်ဘဲ သူသေကိုယ်သေတိုက်ကွက်မျိုး ထုတ်ဖော်လိုက်သည်။ ထို့ကြောင့် သူရဲဘောကြောင်သော ရန်သူက တုံ့ဆိုင်းနေစဥ် နဂါးဘုရင်၏ဓားချက်ဖြင့် နှစ်ပိုင်းပြတ်သွားကာ သွေးများပြန့်ကြဲသွားသည်။
"ဘယ်ကောင် ကျန်သေးလဲ"
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော နဂါးဘုရင်၏အကြည့်က ကျူးကျော်လာသူများ၏စိတ်ကို တုန်ရီသွားစေသည်။ ထန်းယွမ်၊ ဘုရင်ချင်နှင့် ယဲ့ချန်သည်လည်း နဂါးဘုရင်နှင့်အတူ ရင်ဘောင်တန်း၍ ရပ်တည်လိုက်သည်။ ကျူးကျော်လာသူများက အရေအတွက် အဆမတန်များပြားသော်လည်း သားရဲကြီးများပမာ ကြောက်စရာကောင်းလှသော ဤကျင့်ကြံသူလေးယောက်ကို စတင်မတိုက်ခိုက်ရဲပေ။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများ အသတ်ခံလိုက်ရခြင်းက ထိုလေးယောက်၏ဒေါသကို အဆုံးအစွန်အထိ ပေါက်ကွဲသွားစေသည်။
"ကောင်းကင်နတ်ဆိုးကို လက်လွှဲပေးရင် မင်းတို့ကြယ်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် ကောင်းကင်မူလကြယ်က လူတိုင်းကို သတ်ပစ်မယ်"
"ကောင်းကင်မူလကြယ် အနိုင်ကျင့်ခံရတာက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ကောင်းကင်နတ်ဆိုးကိုတော့ သတ်ပစ်ရမယ်။ နတ်ဆိုးသတ်ပြီး တာအိုကိုကာကွယ်တာက မှန်ကန်တဲ့ လမ်းစဥ်ဖြစ်တယ်"
နတ်အစေခံခြောက်ရာကျော်က အော်ဟစ်ခြိမ်းခြောက်နေသော်လည်း သေရမည်ကို ကြောက်သောကြောင့် တစ်ယောက်မှ ရှေ့မတက်လာရဲပေ။
"တော်တော်ရယ်ရတဲ့ ပြက်လုံးပါလား။ ကောင်းကင်မူလကြယ်ရဲ့ ကျင့်ကြံသူတွေ အသတ်ခံရတာက မင်းတို့နဲ့မဆိုင်ဘူး ဟုတ်လား။ မင်းတို့သာ ကျူးကျော်မလာရင် သူတို့က ဘယ်လိုလုပ် အသတ်ခံရမှာလဲ။ မင်းတို့ရဲ့လောဘကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့နဲ့မဆိုင်ဘူးလို့ ပြောရဲသေးတယ်ပေါ့ ။ တုတန်းသာနိုင်သွားရင် မင်းတို့က ရတနာတွေကို ခွဲမယူဘူးဆိုတာကို ငါ မယုံဘူး။ နတ်ဆိုးကိုသတ်မယ် ဟုတ်လား။ ဒါက မင်းတို့ရဲ့လောဘအတွက် အကြောင်းပြချက်သက်သက်ပဲ။ မင်းတို့လို ကြောင်သူတော်ကြွက်သူခိုးတွေ အများကြီးကို ငါ မြင်ဖူးခဲ့ပြီးပြီ"
နဂါးဘုရင်၏စကားကြောင့် ကျူးကျော်လာသူများ၏ မျက်နှာများ မည်းနက်ကုန်သည်။
"မင်းတို့က မောက်မာလှချည်လား"
ရန်သူအချို့က မကျေမနပ် အော်ဟစ်လိုက်ကြသည်။
"ဒီနေ့ မင်းတို့နဲ့ မှန်ကန်တဲ့လမ်းစဥ်တွေဘာတွေ စကားများနေဖို့ အချိန်မရှိဘူး။ လက်ထဲကဓားနဲ့ ဖြေရှင်းကြတာပေါ့။ ငကြောက်တွေ သတ္တိရှိရင် တက်လာစမ်း။ အကုန်သတ်ပေးမယ်"
ယဲ့ချန် ကဆည်းဆာနတ်ဓားကို ဆွဲထုတ်၍ သူတို့ကို ချိန်ရွယ်လိုက်သည်။
"ငမိုက်သားတွေ"
"မင်းတို့ ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ရသေးတာပေါ့"
ကျူးကျော်လာသူများက မာန်တင်း၍ ပြေးဝင်လာကြသောကြောင့် တိုက်ပွဲက နောက်တစ်ဖန် အသက်ဝင်လာခဲ့သည်။ ယဲ့ချန်တို့လေးယောက်တွင် သုံးယောက်က အဆင့်တစ်ဆယ်ဖြစ်ပြီး သူက အဆင့်ငါးဖြစ်သော်လည်း ခွန်အားက သာမန်အဆင့်တစ်ဆယ်များထက် သာလွန်သည်။ ဓားချီများ၊ ဓားပျံများ၊ လက်သီးအလင်းများနှင့် နတ်ဆိုးစွမ်းအားများအောက်တွင် ရန်သူများက စိစိညက်ညက်ကြေအောင် ချေမှုန်းခံလိုက်ရပြီး နာကျင်စွာအော်သံများနှင့် သွေးချင်းချင်းနီသွားသည်။ သေမင်းလေးပါးက ဝင်ရောက်လာသူတိုင်းကို ဇီဝိန်ချုပ်ပေးနေသဖြင့် ကောင်းကင်ပင် သွေးရောင်သန်းသွားလေသည်။