ခွန်တောင်စည်း
Vol. 55 Ch. 773
တျန်းယွမ်မြို့အထက်ရှိ ကောင်းကင်ယံတွင် လက်နက်ချင်းထိခတ်သံများနှင့် အော်သံများ ဆူညံနေကာ တိုက်ပွဲရေချိန်က အမြင့်ဆုံးသို့ ရောက်နေခဲ့သည်။ ယဲ့ချန်၏ ရွှေရောင်တောက်ပနေသော ခန္ဓာကိုယ်မှ လက်သီးချက်နှင့် ကန်ချက်များက ရန်သူများကို အပြင်းအထန် ဒဏ်ရာရစေသည်။ ထို့အပြင် ထပ်ကာထပ်ကာ ခုတ်ချလိုက်သော ဆည်းဆာနတ်ဓားကလည်း အသက်များကို တစ်သက်ပြီးတစ်သက် ဖျက်ဆီးနေသည်။ နဂါးဘုရင်က နေမင်းပမာ တောက်ပနေပြီး သူ၏ဓားတစ်ချက်တိုင်းတွင် သွေးများ နီရဲသွားသည်။ ပြိုင်ဘက်ကင်းသန်မာသော ခန္ဓာကိုယ်ပိုင်ရှင် ထန်းယွမ်၏လက်သီးများက ထိပ်တန်းတာအိုလက်နက်များကို ယှဥ်ချနိုင်နေပြီး အရေပြားပေါ်ကျရောက်သွားလျှင် ထိမှန်သူတိုင်း သေဆုံးသွားကြသည်။ ဘုရင်ချင်ကလည်း အလုံးစုံဓားအစီအရင်အတွင်း နတ်ဆိုးချီများပေါင်းစပ်ကာ ရန်သူများကို ရက်စက်စွာ ရှင်းလင်းနေသည်။
ရန်သူတစ်ရာကျော်က ကျင့်ကြံသူလေးယောက်ထံ အော်ဟစ်ကြုံးဝါး၍ ပြေးဝင်လာကြသော်လည်း အယောက်သုံးဆယ်ကျော် ချက်ချင်းအသတ်ခံလိုက်ရ၏။
"လူတိုင်း တိုက်ခိုက်ကြ။ ကောင်းကင်နတ်ဆိုးကို ကာကွယ်ပေးချင်နေတဲ့ ပြစ်မှုက ခွင့်လွှတ်လို့မရဘူး"
"ကောင်းကင်နတ်ဆိုးကို ရှင်းလင်းပြီး တာအိုကို ကာကွယ်ကြ"
ယဲ့ချန်တို့က ရက်စက်ပြတ်သားစွာ သတ်ဖြတ်နေသော်လည်း ရန်သူများက ထပ်ကာထပ်ကာဝင်ရောက်လာနေပြီး သူတို့ကို သတ်ချင်နေကြသည်။
"ကျောက်စိမ်းသစ်တောကြယ်ရဲ့ ကျင့်ကြံသူတွေ နားထောင်ကြ။ ငါနဲ့အတူ ဒီကောင်တွေကို သတ်ကြမယ်"
အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်သောအခါ သူ၏နောက်မှ ပုံရိပ်နှစ်ဆယ်ကျော်ထွက်ပေါ်လာကာ ငါးယောက်က အဆင့်တစ်ဆယ်ဖြစ်သည်။ ထိုလူ၏နာမည်က ရှရီဟုခေါ်ပြီး ကျောက်စိမ်းသစ်တောကြယ်၌ ကြယ်သခင်ပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်ကာ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း နောက်လိုက်များကို ဦးဆောင်ကာ ကျက်စားနေသူဖြစ်သည်။ သူက ထာဝရကြယ်သင်္ချိုင်းအနက်ပိုင်း၊ ထာဝရပြည်ထောင်၊ နတ်ဆိုးဘုရင်ပြည်ထောင်နှင့် သွေးပြည်ထောင်၏ နယ်စပ်များသို့ပင် ရောက်ဖူးသောကြောင့် သက်တမ်းနှစ်ထောင်ချီအတွင်း မရေမတွက်နိုင်သော သေရေးရှင်ရေးတိုက်ပွဲများကို အတွေ့အကြုံရှိသည်။ ဤတိုက်ပွဲအတွင်း သူက ဘေးထွက်နေခဲ့ပြီး နောက်လိုက်များကို ဒဏ်ရာမရစေလိုသဖြင့် တားမြစ်ထားသည်။ သို့သော် ကောင်းကင်မူလကြယ်၏ အစွမ်းထက်ပုံကို မြင်သောအခါ မနာလိုခြင်းကြီးစွာဖြစ်၍ တိုက်ခိုက်ချင်ခဲ့သည်။
ကျင့်ကြံသူလေးယောက်က နတ်အစေခံခြောက်ရာကျော်ကို ရင်ဆိုင်နိုင်နေသဖြင့် သူက ဒေါသတကြီးဖြစ်လာပြီး နောက်လိုက်နှစ်ဆယ်ကျော်ကို ဦးဆောင်ကာ ရှေ့တက်လာခဲ့သည်။ ကျောက်စိမ်းသစ်တောကြယ်က စတင်ဦးဆောင်လိုက်သောအခါ အစွမ်းထက်ရန်သူများလည်း ရှေ့တန်းသို့ ရောက်ရှိလာကာ အကြည့်ချင်းဖလှယ်၍ စတင်တိုက်ခိုက်လိုက်ကြသည်။
"ယဲ့ချန် ငါ မင်းကို ကူညီမယ်"
ထွန်းလင်းတောက်ပနေသော ခရမ်းရောင်မီးလျှံများနှင့်အတူ အပူချိန်တစ်ခုက ကောင်းကင်သို့ ပျံတက်လာသည်။ ဧရာမခြင်္သေ့ကြီးတစ်ကောင်က အံ့လောက်ဖွယ်ခွန်အားမျိုး ထုတ်ဖော်၍ မီးလုံးများ မှုတ်ထုတ်တိုက်ခိုက်လိုက်၏။ ခြင်္သေ့ကြီးသည် နတ်သစ်သီးများ၏ ဆေးအာနိသင်ကို စုပ်ယူပြီးနောက် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို အသက်သွင်းနိုင်ခဲ့ပြီး ခွန်အားက ကြီးမားစွာ တိုးတက်လာသည်။ ယဲ့ချန်ခရီးသွားနေစဥ် အတောအတွင်း သူက နတ်အစေခံအဆင့်ခြောက်အထိ တိုးတက်လာပြီး မျိုးရိုးအရ လျှို့ဝှက်ကျင့်စဥ်များကိုလည်း အမွေရလိုက်သဖြင့် အဆင့်တစ်ဆယ်အောက် အားမနည်းပေ။ တိုက်ပွဲအတွင်း သူက ကာကွယ်ပေးထားသဖြင့် ယဲ့ချန်၏ဇနီးသည်များ အသက်အန္တရာယ်ကင်းနေခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့၏အဆင့်ဖြင့် ဤတိုက်ပွဲအတွင်း သေဆုံးသွားပေလိမ့်မည်။
နောက်ဆုံးတွင် ခြင်္သေ့ကြီးက တိုက်ပွဲအတွင်း ဝင်ရောက်လာခဲ့ပြီး ရန်သူများက သူ့ကိုတိုက်ခိုက်လိုက်ကြသော်လည်း ခန္ဓာကိုယ်ထက်၌ တောက်လောင်နေသော ခရမ်းရောင်မီးတောက်များအကြား တာအိုလက်နက်များ အရည်ပျော်ကျကုန်သည်။ သူ၏ရုပ်ခန္ဓာကို အဆင့်တစ်ဆယ် နတ်အစေခံသုံးယောက်က ဆက်တိုက်တိုက်ခိုက်နေသော်လည်း ခုခံနိုင်ခဲ့ပြီး ခရမ်းရောင်မီးများ မှုတ်ထုတ်လိုက်သောအခါ အားနည်းသည့်ရန်သူခြောက်ယောက် ဆက်တိုက်သေဆုံးသွားခဲ့သည်။ ရှရီနှင့် အဖွဲ့က တိုက်ပွဲအတွင်း ဝင်ရောက်လာသောအခါ ယဲ့ချန်တို့အတွက် ဖိအားကြီးမားလာသော်လည်း မျက်လုံးများနီရဲနေပြီး မည်သည်ကိုမှဂရုမစိုက်ဘဲ ရက်ရက်စက်စက် သတ်ဖြတ်နေဆဲပင်ဖြစ်သည်။
"မင်းတို့က အစွမ်းထက်တယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် ငါတို့အားလုံးကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"
ရှရီက အေးစက်စက်နှာခေါင်းရှုံ့၍ လက်ဟန်တစ်ခုပြုလုပ်လိုက်သောအခါ ကောင်းကင်ချီများက တောင်တစ်လုံးသဏ္ဍာန်စုစည်း၍ ယဲ့ချန်တို့ငါးယောက်အပေါ် ကျဆင်းလာသည်။ ၎င်းက အစစ်အမှန်နှင့်တူလွန်းနေပြီး မီတာတစ်ထောင်ကျော်မြင့်မားကာ ရေတံခွန်များနှင့် သစ်တောများပိုင်ဆိုင်ထားပြီး ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခုနှင့် အံ့လောက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။ သူ၏လုပ်ရပ်ကို မြင်သောအခါ နောက်လိုက်များက သူတို့၏ကောင်းကင်ချီများဖြင့် ထောက်ပံ့ပေးလိုက်သောကြောင့် တောင်ကြီးက ပို၍ကြီးမားခမ်းနားလာကာ အစွမ်းထက်ဖိအားတစ်ရပ် ကျဆင်းလာသည်။
"ဒါက ခွန်တောင်စည်းကျင့်စဥ်ပါလား"
ရှရီ၏ကျင့်စဥ်ကို ကြားဖူးနားဝရှိထားသော နတ်အစေခံတစ်ယောက်က တအံ့တသြ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ရှရီက အဆင့်မြင့်လျှို့ဝှက်ကျင့်စဥ်တစ်ခု တတ်မြောက်နေမည်ဟု သူတို့ ထင်မထားပေ။
"လူတိုင်း ငါ့ကို ကူညီစမ်း။ မင်းတို့ရဲ့ကောင်းကင်ချီတွေ ပို့ပေးကြ"
ရှုပ်ထွေးသော လက်ဟန်များ ဆက်တိုက်ဖန်တီးနေသည့် ရှရီက အော်ဟစ်အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် ကြယ်အသီးသီးမှ ကျင့်ကြံသူများက ကောင်းကင်ချီများကို တောင်ကြီးအတွင်း လှိုင်းလုံးများပမာ ပေါင်းစပ်ပေးလိုက်ကြ၏။ နတ်အစေခံခြောက်ရာကျော်၏ ထောက်ပံ့မှုဖြင့် ၎င်းက လေးငါးဆအထိ ရုတ်တရက်ကြီးမားလာကာ ကောင်းကင်တစ်ခွင် ဖုံးအုပ်သွားသဖြင့် နေနှင့်လပင် ပျောက်ကွယ်သွားရ၏။ ၎င်းက အောက်သို့ နိမ့်ဆင်းလာသောအခါ တဝုန်းဝုန်းမြည်ဟီးနေပြီး လေထုထဲတွင် မီးပွားများ ဘက်ပေါင်းစုံသို့ လွင့်ထွက်လာကြသည်။ ပေါင်သန်းထောင်ချီသော ဖိအားတစ်ရပ်က ခန္ဓာကိုယ်ထက်သို့ ချက်ချင်းကျဆင်းလာသောကြောင့် ယဲ့ချန်တို့၏လှုပ်ရှားမှုများ နှေးကွေးသွားကာ ခန္ဓာကိုယ်များ ကွဲကြေမတတ် နာကျင်သွားကြသည်။
"ယဲ့ချန် ဒါက လူတိုင်းရဲ့ခွန်အားကို စုစည်းနိုင်တဲ့ ခွန်တောင်စည်းကျင့်စဥ်ပဲ။ မြန်မြန်ထွက်ပြေး"
ခြင်္သေ့ကြီးက စိုးရိမ်တကြီးသတိပေးလာသဖြင့် ကျန်လေးယောက်က စိုးရိမ်သွားကြသော်လည်း လှုပ်ရှားရန်ပင် မဖြစ်နိုင်သောကြောင့် ရပ်နေသည့်နေရာ၌ပင် ခြေချုပ်မိသွားကြသည်။ တောင်ကြီးက ဖြည်းဖြည်းချင်းကျဆင်းလာနေပြီး ပို၍နိမ့်ဆင်းလာလေလေ သူတို့အပေါ် ဖိအားများလေလေဖြစ်သည်။ ယဲ့ချန်တို့ငါးယောက်လုံး နာကျင်မှုကြောင့် တုန်ရီနေသော်လည်း အကောင်းဆုံးကြိုးစား၍ ခုခံနေကြသည်။ သူတို့ကိုတိုက်ခိုက်နေသူများမှာ နောက်ဆုတ်ရန် အချိန်မမီသောကြောင့် ခွန်တောင်စည်း၏ စက်ကွင်းအတွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူတို့၏ရုပ်ခန္ဓာက အလွန်အားနည်းသောကြောင့် အချို့က ဆက်လက်တောင့်မခံနိုင်သဖြင့် မျက်နှာတစ်ခုလုံး ကြောက်စိတ်ကြောင့် ဖြူရော်သွားကြသည်။
"ငါတို့ကို မြန်မြန်ထုတ်ပေး"
"ငါတို့က ကောင်းကင်မူလကြယ်ကို တိုက်ခိုက်ပေးနေတာလေ။ ငါတို့ကို မသတ်ပါနဲ့"
တစ်ကိုယ်လုံး အက်ကြောင်းများဖြစ်ပေါ်နေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ရန်သူတစ်ယောက်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"ကောင်းကင်နတ်ဆိုးကိုသတ်ဖို့ မင်းတို့ကို စတေးရမယ်။ လူတိုင်းက မင်းတို့အတွက် ဂုဏ်ယူနေမှာပါ"
သို့သော် ပြင်ပမှကျင့်ကြံသူများက သူတို့၏စကားများကို လျစ်လျူရှုကာ ခွန်တောင်စည်းအတွင်း ကောင်းကင်ချီများ ဆက်လက်ပေါင်းစပ်ပေးလိုက်ကြသည်။
"မင်း.....မင်းတို့ ဒီလိုလုပ်လို့မဖြစ်ဘူး"
ခွန်တောင်ကြီးအောက် ရောက်နေသူများက အလန့်တကြားအော်ဟစ်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ကြောက်မက်ဖွယ်ဖိအားအောက်တွင် တဘုန်းဘုန်း ပေါက်ကွဲသွားကြသည်။ တောင်ကြီးက ဆက်၍နိမ့်ဆင်းလာသောအခါ နောက်ထပ်နတ်အစေခံများ ထပ်မံသေဆုံးသွားပြီး နောက်ဆုံးတွင် ယဲ့ချန်တို့ငါးယောက်သာ အသက်ရှင်လျက်သား ကျန်ရစ်ခဲ့သည်။ သူတို့၏တစ်ကိုယ်လုံး အကြောအပြိုင်းပြိုင်းထနေပြီး ရှရီနှင့် ရန်သူများကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ရှရီ၏ညာလက်က အောက်သို့ဖိချလိုက်ပြီး ဤတစ်ကြိမ်က အလွန်အစွမ်းထက်သော ခွန်တောင်စည်းကို သူက ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းဖြစ်သည်။ ၎င်းတွင်ပါဝင်နေသော စွမ်းအင်ပမာဏက ကြီးမားလွန်းသဖြင့် ကျဆင်းသည့်နှုန်းက အလွန်နှေးကွေးနေသည်။
"ခွန်တောင်စည်းအောက်မှာ ကြယ်သခင်မဟုတ်ရင် သေရမယ်"
သူက အေးစက်စက်ရေရွတ်၍ အစွမ်းကုန်အသုံးချကာ တိုက်ခိုက်လိုက်သည်။ သူတစ်ယောက်တည်း ဖန်တီးထားသော တောင်ကြီးကို အဆင့်တစ်ဆယ်နတ်အစေခံများပင် မခုခံနိုင်သောကြောင့် နတ်အစေခံခြောက်ရာကျော်၏ အင်အားများမှ ဖြစ်ပေါ်လာသော တောင်ကြီးကြောင့် ယဲ့ချန်တို့က သေချာပေါက်သေလိမ့်မည်ဟု တွက်ထားသည်။ သူတို့၏အရိုးများက တကျွတ်ကျွတ်မြည်၍ အက်ကြောင်းထင်လာကာ ကောင်းကင်ချီများဖြင့် ခုခံနေသော်လည်း ပြိုလဲလုနီးပါးဖြစ်လာသည်။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ငါးယောက်လုံးအတွက် အန္တရာယ်ရှိသည်။ ဘုရင်ချင်၏ နတ်ဆိုးချီများက ပို၍သိပ်သည်းလာပြီး မျက်လုံးများက အနီရောင်တောက်ပနေသည်။ ထန်းယွမ်၏ရုပ်ခန္ဓာက အသန်မာဆုံးဖြစ်သောကြောင့် ဖိအားကို ခုခံနေရင်း တောင်ကြီးကို လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ပင့်ထိုးနေသည်။
"ဘုန်း"
သူ၏လက်သီးချက်တိုင်းတွင် ကောင်းကင်ကို ဖုံးအုပ်ထားသော တောင်ကြီးက တုန်ခါသွားသော်လည်း ပျက်စီးသွားခြင်း မရှိပေ။ ယဲ့ချန်က နတ်အစေခံအဆင့်ငါးသာဖြစ်သော်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ရုပ်ခွန်အားက အလွန်သန်မာသည်။ ဖိအားအောက်တွင် အရိုးများဖျစ်ညှစ်ခံနေရပြီး နာကျင်မှုက လူမဆန်သော်လည်း အံကြိတ်၍ သည်းခံနေသည်။ ကံကောင်းသည်မှာ နတ်ခန္ဓာက သူထင်ထားသည်ထက် ပို၍အစွမ်းထက်နေကာ အရိုးများကျိုးသွားတိုင်း ၎င်းတို့က လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာသည်။ ထပ်ကာထပ်ကာ သန့်စင်ခံနေရသည်နှင့် တူညီသောကြောင့် အရိုးများ၏မာကျောမှုက ဆယ်ဆကျော် ပို၍တိုးတက်လာသည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကလည်း ပို၍အစွမ်းထက်လာပြီး ဆန်းကျယ်သော စွမ်းအားတစ်ရပ်က ဒန်တန်ကိုဗဟိုပြု၍ သွေးကြောများအတွင်း စီးဝင်လာခဲ့သည်။ ရန်သူ၏ဖိအားအောက်တွင် သူက သေဆုံးသွားရမည့်အစား ရုပ်ခန္ဓာက အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ဆင့်ကဲပြောင်းလဲနေသည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာတွင် ဤသို့စွမ်းရည်မျိုးရှိကြောင်းကို ရန်သူများက အိပ်မက်ပင်မက်ဖူးမည်မဟုတ်ပေ။ ဖိအားပိုများလေလေ ၎င်းက ပို၍တိုးတက်ရန် အခွင့်အလမ်းများလေလေဖြစ်သည်။
"ဘုန်း"
ပေါက်ကွဲသံတစ်ချက်က ခြင်္သေ့ကြီးထံမှ ထွက်ပေါ်လာကာ ခန္ဓာကိုယ်ထက်မှ ခရမ်းရောင်မီးတောက်က တောင်ကြီး၏အောက်ခြေကို ဧရာမအပေါက်ကြီးဖြစ်အောင် လောင်ကျွမ်းလိုက်သည်။ သူကလည်း ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ပြင်းထန်သော ဖိအားအောက်တွင် ပထမဆုံးအဆင့်တက်သူဖြစ်လာကာ နတ်အစေခံအဆင့်ခုနစ်သို့ ရောက်ရှိသွားသည်။
"ဘာ။ သူက ဘယ်လိုလုပ် အဆင့်တက်သွားတာလဲ"
ဤမြင်ကွင်းကြောင့် ခွန်တောင်စည်းကို ကောင်းကင်ချီများပေါင်းစပ်ပေးနေသော ရန်သူများက မယုံနိုင်ဖြစ်သွားကြသည်။ ခြင်္သေ့ကြီး အဆင့်တက်သွားသောအခါ ရှရီ၏ကျောရိုးတလျှောက် ကြောက်စိတ်များ စိမ့်တက်လာသည်။ ခွန်တောင်စည်း၏ ကြောက်မက်ဖွယ် ဖိအားအောက်တွင် တစ်ဖက်လူက အဆင့်တက်သွားမည်ဟု လုံးဝထင်မထားခဲ့ပေ။
"မင်း အဆင့်တက်သွားရင်ရော ဘာဖြစ်သေးလဲ။ အဆင့်ခုနစ်နတ်အစေခံတစ်ယောက်က ခွန်တောင်စည်းကို ဖျက်ဆီးနိုင်မှာလား"
ရှရီက သူ့ကိုယ်သူအားပေးလိုက်ပြီး ခွန်တောင်စည်းကို အောက်သို့ ဆက်လက်ကျဆင်းစေခဲ့၍ ယဲ့ချန်တို့ငါးယောက်အပေါ်ရှိ ဖိအားပမာဏကို ပို၍များပြားစေခဲ့လေသည်။